ဆရာမြို့မငြိမ်း ရာပြည့်အခမ်းအနား မန္တလေးတွင် ပြုလုပ်မည်
အံ့ဘုန်းမြတ် ၂၂ ဒီဇင်ဘာ ၂၀၀၉
http://burmese.dvb.no/news.php?id=9375
ဆရာမြို့မငြိမ်းရဲ့ ရာပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ မန္တလေးမြို့မ တူရိယာတီးဝိုင်းက အမှတ်တရ ဂီတဖျော်ဖြေပွဲကို မန္တလေမြို့မတူရိယာ အသင်းတိုက်ရှေ့မှာ ကျင်းပပြုလုပ်မယ် လို့သိရပါတယ်။
ဆရာမြို့မငြိမ်းရာပြည့်မွေးနေ့ အထိမ်းအမှတ်ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မန္တလေမြို့မတူရီယာအသင်းတိုက်တည်ရှိတဲ့ ၂၁-လမ်းနဲ့ ၈၆-လမ်းထောင့်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ဂီတဖျော်ဖြေပွဲမှာတော့ မြို့မဂီတ၀ိုင်းတော်သားတွေအပြင် မန္တလေးမြို့ခံ စာပေအနုပညာရှင်တွေလည်း ပါဝင်တင်ဆက်ကြမှာဖြစ်ပါတယ်။ ဆရာမြို့မငြိမ်းရာပြည့်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ရွှေမန္တလေးဂျာနယ် အယ်ဒီတာချုပ် ဆရာသိုက်ထွန်းသက်က အခုလိုပြောပါတယ်။
“မန္တလေးစာပေအနုပညာရှင်တွေနဲ့ မြို့မတူရိယာအဖွဲ့တို့ တွဲပြီးတော့လုပ်မယ့်အစီအစဉ်ပါ။ ဆရာမြို့မငြိမ်းရဲ့ ထင်ရှားကျော်ကြားတဲ့ သီချင်းတွေ တီးကြ၊ မှုတ်ကြမယ့်သဘောရှိတယ်။ ရန်ကုန်က ဆရာကြီး စန္ဒရားဦးသိန်းမောင်၊ ဒေါ်ရီရီသန့်၊ မန္တလေးက အငြိမ့်ပညာရှင်တွေဖြစ်တဲ့ ဒေါ်ဌေးဌေးမြင့်၊ ဒေါ်မြင့်မြင့်သန်းတို့ မန္တလေးကိုလာမယ် လို့သိရတယ်။ သီးချင်းတိုက်တာတွေကတော့ ၂၃၊ ၂၅ လောက်မှ လုပ်မယ်လို့ ကြားတယ်။”

ဆရာညီပုလေးကတော့ ဆရာမြို့မငြိမ်းလိုပုဂ္ဂိုလ်မျိုးတွေရဲ့ အမှတ်တရအခမ်းအနားတွေကို အခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သင့် တယ်လို့ ပြောပါတယ်။
“အနုပညာ အထူးသဖြင့် တေးဂီတနဲ့ပတ်သက်လို့ ၂ ယောက်မရှိတဲ့ ပုဂ္ဂိုလ် တွေရဲ့ပွဲလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ထွန်းထွန်းကားကား လုပ်ရမှာ။ ရန်ကုန်မှာလည်း လုပ်ရမှာပေါ့။ ဆရာငြိမ်းကို ရိုသေ၊ ချစ်ခင်၊ လေးစားတဲ့လူတွေ လက်ဖက်ရည်ဝိုင်းကလေးပဲဖြစ်ဖြစ်၊ စကားဝိုင်းကလေး ပဲဖြစ်ဖြစ် ကျင်းပရမှာ ကျင်းပကျလိမ့် မယ်လို့လည်း ထင်ပါတယ်။”
ဂီတစာဆို ဆရာမြို့ငြိမ်း အမှတ်တရအနေနဲ့ မြို့မအသင်းတိုက်ရှေ့မှာ အထိမ်းအမှတ်ကြေးရုပ် သွန်းလုပ်ပြီး ဆရာကိုဂုဏ်ပြုသင့်တယ်လို့လည်း ဆရာညီပုလေးက ဆက်ပြောပါတယ်။
“ကျနော် အစောကြီးကတည်းက စာထဲလည်း ထည့်ရေးဘူးတယ်၊ မြို့မအ သင်းတိုက်ရှေ့မှာ ဆရာငြိမ်းအမှတ်တရ ကြေးရုပ်ရှိသင့်တယ်လို့၊ အဲဒီလို ထားရမယ့် ပုဂ္ဂိုလ်လို့ ခံယူတာပါ။ ဆရာ့မိသားစုတွေ ဆွေးမျိုးတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေရှိတုန်းမှာ ကြေးရုပ်ရှိရင်ကောင်းမယ်။ ကျနော် အဲဒီလိုခံယူတဲ့လူပါ။”
ဆရာမြို့မငြိမ်းကို ၁၉၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက် တနင်္လာနေ့မှာ အဘဦးညီ၊ အမိဒေါ်ချစ်ဦးတို့က မန္တလေးမြို့မှာ မွေးဖွားခဲ့ပြီး အမည်ရင်းကတော့ ဦးကျော်ငြိမ်းဖြစ်ပါတယ်။ ဆရာဟာ ၁၉၂၈ ခုနှစ် မြို့မတူရိယာတီးဝိုင်းကို စတင်ထူထောင်ချိန်မှာ ပါဝင်ခဲ့ပြီး ၁၉၃၁ မှစတင်ကာ သီချင်းတွေကိုရေးခဲ့ပါတယ်။ ဆရာရေးသားခဲ့တဲ့ သီချင်းအပုဒ် ၂၀၀ ကျော်ရှိပြီး လူချွန်လူကောင်း၊ နတ်သျှင်နောင်၊ မေ့ပါနိုင်၊ ပျို့မှာတမ်း စတဲ့သီချင်းတွေက ထင်ရှားလှပါတယ်။ ဆရာ သီချင်းစတင်ရေးသားချိန်က မြန်မာဂီတလောကမှာ အနောက် တိုင်းဂီတတေးသွားတွေကို မြန်မာစကားလုံးသွင်း စပ်ဆိုလေ့ရှိတဲ့အလေ့အထ ခေတ်စားနေချိန်ဖြစ်ပါတယ်။ ဆရာဟာ အနောက်တိုင်းဂီတက သီချင်းစပ်နည်းကို မှီငြမ်းခဲ့ပေမယ့်လည်း တေးသွားတွေကိုတုပခြင်းမရှိပဲ မြန်မာ့ကိုယ်ပိုင်ဟန် ဂီတတေးသွားတွေအဖြစ် ဖန်တီးခဲ့သူတယောက်ဖြစ်ပါတယ်။ ဆရာဟာ ဂီတဘက်တွင် သာမကပဲ ပန်းချီပန်းပုစတဲ့ အနုပညာဘက်တွေမှာလည်း ထူးချွန်ခဲ့သူ တယောက်ဖြစ်ခဲ့ပြီး ၁၉၅၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဆရာမြိ့မငြိမ်းအကြောင်း
ဆရာမြို့မငြိမ်းရေးသားပြီး ကိုအံ့ကြီးသီဆိုခဲ့တဲ့ “လူချွန်လူကောင်း” သီချင်းလေးကို နားဆင်နိုင်ကြပါတယ်
Leave a Reply