စာရေးဆရာ အီကြာကွေး ကွယ်လွန်
အံ့ဘုန်းမြတ် ၁၆ ဒီဇင်ဘာ ၂၀၀၉
http://burmese.dvb.no/news.php?id=9306
(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ ဟာသစာရေးဆရာအီကြာကွေး မနေ့ညနေ ၆ နာရီမှာ ကွန်လွန်သွားပါပြီ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွား တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပါပြီ။ ဆရာဟာ ဘ၀တသက်တာလုံး စာပေအလုပ်တခုတည်းနဲ့ပဲ အသက်မွေးခဲ့သူပါ။
ဆရာအီကြာကွေးရဲ့ နာမည်ရင်းကတော့ ဦးကျော်ထွန်းဖြစ်ပြီး သူ့ကို ၁၉၃၈ ခုနှစ်မှာ အဖ ဦးမောင်နှစ်၊ အမိ ဒေါ်ညွန့်မေတို့က ဓနုဖြူမြို့၊ မင်းပိုင်ရပ်မှာ မွေးဖွား ခဲ့ပြီး တဦးတည်းသောသားဖြစ်ပါတယ်။
၁၉၅၄ ခုနှစ်၊ ဇန်န၀ါရီကနေ မကွယ်လွန်မီအချိန်အထိ နှစ်ငါးဆယ်ကျော် စာပေတာဝန်တွေကို ထမ်းဆောင်ခဲ့ရာမှာ ဓနုဖြူကျော်ထွန်း ကလောင်အမည်နဲ့ ကဗျာပေါင်း ၁၂၀၀ ကျော်၊ ၀တ္ထုတို ၈၀ ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် ၃ ပုဒ် အပါအ၀င် အီကြာကွေး ကလောင်အမည်နဲ့ လုံးချင်းစာအုပ် ၂၀ ကျော်ရေးသားခဲ့ပါတယ်။ သောကြာမဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သလို အခြားကလောင် အမည်တွေနဲ့လည်း စာပေအမျိုး အစားများစွာ ရေးသားခဲ့ပါတယ်။

ကဗျာဆရာကနေ သရော်စာရေးတဲ့သူအဖြစ် ပြောင်းလဲသွားတဲ့ ဆရာအီကြာကွေးရဲ့ စာပေဘ၀ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမောင်စိမ်းနီက
“သူကကဗျာဆရာဗျ။ ကျနော်တို့ကတော့ ကဗျာဆရာဆိုတော့နှမျောတာပေါ့။ သူရေးခဲ့တာတွေက ကောင်းခဲ့တာကိုး” လို့ အမှတ်တရ ပြောကြားပါတယ်။
“တိုင်းရင်းမေတို့ ဘာတို့တုန်းက သူရေးခဲ့တာတွေ တော်တော်များများကောင်းခဲ့တယ်။ ကဗျာ အနေနဲ့တုန်းကတော့ ဓနုဖြူကျော်ထွန်းအနေနဲ့ ဖြစ်တာပေါ့လေ။ နောက်ပိုင်းကျမှ အီကြာကွေး ဖြစ်ပြီးတော့ ပျော့စိကုန်တာတွေ ဖြစ်ကုန်တာပေါ့။”
ဆရာဟာ မြန်မာ့စာပေလောကအတွက် လိုအပ်နေတဲ့ သရော်စာပေနဲ့ ဟာသစာပေတွေကို ကလောင်သွား ထက်ထက်မြက်မြက်နဲ့ ရေးသားနိုင်ခဲ့သူလို့လည်း ဆရာမောင်စိမ်းနီက သုံးသပ် ချီးကျူးပါတယ်။ သရော်စာတွေကို ထိထိမိမိရေးနိုင်စွမ်းတဲ့ အီကြာကွေး ဆုံးပါးသွားတာဟာ မြန်မာစာပေအတွက် နှမျောစရာပါလို့လည်း မောင်စိမ်းနီက ပြောပါတယ်။
ကာတွန်းအော်ပီကျယ်နဲ့ ဆရာအီကြာကွေးရဲ့ မိတ်ဆွေရင်း စာရေးဆရာတကသိုလ်စိန်တင်တို့ ကလည်း ဒီနှစ်ထဲမှာ ဟာသစာရေးဆရာ နီကိုရဲကွယ်လွန်သွားပြီးနောက် အခုလည်း ဆရာအီကြာကွေး ဆုံးပါး သွားပြီဖြစ်လို့ နှမျောပါတယ်လို့ ပြောပါတယ်။
ဆရာအီကြာကွေးဟာ ကွန်လွန်တဲ့အချိန်အထိ လူပျိုကြီးဘ၀နဲ့ တကိုယ်တည်းနေထိုင်ခဲ့တဲ့ ကျိုကဆံ ဘုရားအနီး အမှတ် ၂၆၅၊ မင်္ဂလာလမ်း၊ ၁၂ ရပ်ကွက်၊ တောင်ဥကလာပနေအိမ်ကို မကွယ်လွန်မီကတည်းက လှူဒါန်းခဲ့တယ်လို့လည်း ရန်ကုန်စာပေလောက သားတွေဆီက သိရပါတယ်။
ဆရာ့ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် မနက်ဖြန် ရေဝေးသုသာန်မှာ ဆောင်ရွက်မှာဖြစ်ပြီး ဆရာ့ရုပ် အလောင်းကို နာရေးကူညီမှု အသင်းက သယ်ဆောင်ပေးမှာပါ။
http://burmese.dvb.no/news.php?id=9306
=================================================================
ဆရာအီကြာကွေး ကိုယ်ရေးအကျဉ်း
ဆရာအီကြာကွေး လက်ရာစာပေများ
- Myanmar Books Shop (အိုင်ဖြစ်သွားသောအင်းနှင့် အခြားဟာသ၀တ္ထုတိုများ)
- Myanmar EBooks (ဆရာအီကြာကွေးလက်ရာ စာပေစုစည်းမှု)
- နေ့သစ် (နမူနာပေးခြင်း သည်းခံပါ)
- နေ့သစ် (ဒီဆိုင်းဘုတ်ဘဲရေးနေရတယ်)
ဆရာအီကြာကွေး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို နာရေးကူညီမှုအသင်း က တာဝန်ယူ၍ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ ကြာသပတေးနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်ဆေးရုံးကြီး ရေခဲတိုက်မှ တဆင့် ရေဝေး သုသာန်သို့ သယ်ဆောင်ကာ မီးသင်္ဂြိုဟ်ခဲ့သည်။ ဆရာအီကြာကွေး၏ နောက်ဆုံးခရီး ဓါတ်ပုံများကို FACE BOOKမှ ကူးယူပြီး ဆရာ့ စာဖတ်ပရိသတ် များအတွက် မျှဝေလိုက်ပါသည်။






စိတ်မကောင်းဖြစ်ရပါကြောင်း
LikeLike
ဆရာကွေးအတွက် ကောင်းရာသုဂတိလားစေဖို့ ဆန္ဒပြုပါသည်။
LikeLike
ဆရာ့စာတွေကို ငယ်ငယ်က အရမ်းသဘောကျခဲ့တာ။ စိတ်မကောင်းပါဘူး။ ဆရာကြီး ကောင်းရာသုဂတိလားပါစေ။
LikeLike