Archive for

ပုဂ္ဂလိကကျောင်းများကို လာမယ့်ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ခွင့်ပေးမည်


ပုဂ္ဂလိကကျောင်းများကို လာမယ့်ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ခွင့်ပေးမည်

အံ့ဘုန်းမြတ် ၁၈ နိုဝင်ဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=9036

လာမယ့်ပညာသင်နှစ်ကနေစတင်ပြီး လက်ရှိဖွင့်လှစ် ပညာသင်ကြားနေတဲ့ ဘော်ဒါဆောင်အချို့ကို အခြေခံပညာ ပုဂ္ဂလိကကျောင်းတွေအဖြစ် ဖွင့်လှစ်ဖို့အတွက် ပညာရေးဝန်ကြီးဌာနကနေ ပြင်ဆင်ခွင့် ပေးထားတယ်လို့ သိရပါတယ်။ ပညာရေးဝန်ကြီးဌာနကနေ ပုဂ္ဂလိကကျောင်းတွေ ဖွင့်လှစ်ခွင့်ပေးဖို့အတွက် ဘော်ဒါဆောင်အချို့ကို စီမံချက်တင်ခိုင်းပြီး ပြင်ဆင်ထားကြဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက လတ်တလော ညွှန်ကြားတဲ့အထဲမှာ နာမည်ကြီး ဘော်ဒါဆောင်တွေဖြစ်တဲ့ မေမြို့အတွက် (စာပန်းအိမ်)၊ နေပြည်တော်အတွက် (စိုးစံ)၊ ရန်ကုန်မြို့အတွက် (ACA) စတဲ့ ဘော်ဒါဆောင်တွေနဲ့ မန္တလေးမြို့အတွက် VEC ၊ CAE ၊ KMC ၊ ELC နဲ့ သူရိန်နန်းစတဲ့ ဘော်ဒါဆောင်တွေ ပါတယ်လို့ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနကို တင်ပြတဲ့နေရာမှာ ကျောင်းနေရာ အကျယ်အ၀န်း၊ အဆောက်အအုံ၊ သင်ကြားမယ့် ဆရာ ဆရာမအင်အား၊ သင်ထောက်ကူပစည်း လုံလောက်မှုရှိမရှိ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အုပ်ချုပ်ရေးစနစ်စတာတွေကို အသေးစိတ် တင်ပြကြရမှာဖြစ်ပါတယ်။

ပုဂ္ဂလိကကျောင်းတွေ ဖွင့်လှစ်ခွင့်ပေးမှာနဲ့ ပတ်သက်လို့မေမြို့က စိုးစံဘော်ဒါဆောင်ပိုင်ရှင် ဗိုလ်မှူးမောင်လတ်က

“ကျနော်တို့ ပရိုက်ဗိတ်စကူးလ်ပေးဖို့ဆိုတာ လာမယ့်မတ်လကုန် ဒါမှမဟုတ် ဧပြီ နောက်ဆုံးဖြစ်မယ် ထင်တယ်။ ကိုယ်ပိုင်ရှိတဲ့လူတွေ၊ လုပ်နိုင်တဲ့လူတွေ စမ်းသပ်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဒေတာကော်လက်ရှင်း အဆင့်ပါ။ ဒေတာကော်လက်ရှင်းပြီးမှလာမှာပါ။ နောက်တနှစ်လောက် သူတို့ကြည့်ပြီးရင် အစိုးရကျောင်းတွေထဲ က ပိတ်သွားတဲ့ကျောင်းတွေကို သူတို့ပိတ်ပြီးတော့ လေလံဆွဲဘာညာ ဒီလိုရှိမယ်ထင်တယ်။ အခု တိတိကျကျ ဘာမှ ပြောလို့မရဘူး။”

ပုဂ္ဂလိကကျောင်းတွေ ပေါ်ပေါက်လာရင် ဘယ်လို အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်မယ်ဆိုတာကိုလည်း သူကဆက်ပြောပါတယ်။

“ဒီလိုပေးရင်တော့ ပိုကောင်းလာမှာပေါ့။ အခု အစိုးရကျောင်းတွေမှာ ဘော်ဒါတွေ လုပ်နိုင်တယ်ဆို တာလည်း အစိုးရကျောင်းမှာ ပြီးပြည့်စုံရင် ဘယ်လုပ်မတုန်း။ တချိန်းတုန်းက အောင်ချက် အကောင်းဆုံးက ရန်ကုန်၊ မန္တလေးနဲ့ မေမြို့က မစ်ရှင်ကျောင်းတွေက ရတာကိုး။ အဲလိုပုံစံပဲ သွားမယ်ထင်တယ်။”

လတ်တလောမှာ ဘော်ဒါဆောင်နေတဲ့ ကျောင်းသားတွေဟာ အစိုးရနေ့ကျောင်းတွေကိုလည်း ကျောင်း ခေါ်ချိန်ပြည့်အောင်တက်ရ၊ ဘော်ဒါဆောင်မှာလည်း တက်နေကြရပါတယ်။ ဒါကြောင့် ပုဂ္ဂလိကကျောင်းတွေ ဖြစ်လာရင် နေ့ကျောင်းတက်တဲ့အချိန် နည်းသွားမှာဖြစ်ပြီး ဘော်ဒါတွေအတွက် စာသင်ချိန်ပိုလာမှာလို့လည်း သူကဆက်ပြောပါတယ်။ အခြား ဘော်ဒါဆောင်ဖွင့်လှစ်ထားတဲ့ ကျူရှင်ဆရာတစ်ဦးက အရင်တုန်းကလို အစိုးရကျောင်း အုပ်ချုပ်မှုစနစ်အောက်ကနေ ပုဂ္ဂလိကကျောင်းမှာ သင်ကြားပြီး စာမေးပွဲဖြေရင် အဆင်ပြေလာမယ်လို့ ပြောပါတယ်။

“ကိုယ့်ဘာသာကိုယ် အပြင်မှာ သင်ကြပေါ့။ ပုဂ္ဂလိကကျောင်းတွေမှာသင်ပြီးတော့ အစိုးရက ကျင်းပပေးတဲ့ စာမေးပွဲတွေဝင်ဖြေ အဲလိုမျိုးတွေ ဖြစ်လာမယ် ထင်တာပဲ။”

ကျောင်းသားတဦးကို တစ်နှစ်စာ ပညာသင်စရိတ်၊ နေစရိတ်၊ စားစရိတ်တွေဟာ နယ်မြို့တွေက ဘော်ဒါဆောင်တွေမှာ ၁၀ သိန်းဝန်းကျင်နဲ့ မြို့ကြီးတွေက နာမည်ကြီး ဘော်ဒါတွေမှာ ၁၅ သိန်းကနေ သိန်း ၂၀ ၀န်းကျင်ကုန်ကျနေပါတယ်။

ဒီလိုကုန်ကျနေရတာကလည်း ခွင့်ပြုချက် လိုင်စင်ကိစ၊ အဆောင်နေ ကျောင်းသားတွေအတွက် ဧည့်စာရင်းခအပါအ၀င် အာဏာပိုင်အဖွဲ့အစည်း အသီးသီးက ကောက်ခံတဲ့ငွေကြေးတွေကိုလည်း ပေးဆောင် နေကြရတာကြောင့်လို့ ဘော်ဒါဆောင်ပိုင်ရှင်အချို့ကပြောပါတယ်။

ဘော်ဒါဆောင်ပညာရေးဟာ ငွေကြေးတက်နိုင်တဲ့သူတွေရဲ့ သားသမီးတွေသာ ထားနိုင်ကြတာမို့ ပုဂ္ဂလိကကျောင်းတွေ ပေါ်ပေါက်လာမယ်ဆိုရင်လည်း အခြေခံပြည်သူလူထုအတွက်တော့ အကျိုးထူး သိပ်မရှိနိုင်ဘူးလို့ အခြေခံကျောင်းသားမိဘတွေကြားမှာ ပြောဆိုနေကြပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကကျောင်းတွေ ပေါ်ပေါက်လာရင် ပညာရေးကိုအခြေပြုတဲ့ စီးပွားရေးလုပ်ငန်းတွေကို ငွေအင်အား အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်မယ့်သူတွေ ပေါ်ပေါက်လာနိုင်တယ် လို့လည်း ပညာရေးလောကသားတွေကြား သုံးသပ်မှုတွေရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက် ပြည်သူပိုင်သိမ်းအပြီးမှာ ပုဂ္ဂလိကကျောင်းတွေ စတင်ပျောက်ကွယ်ခဲ့ရတာဖြစ်ပြီး နှစ် ၄၀ ကျော် အကြာမှ နအဖအစိုးရက ပြန်လည်ဖွင့်လှစ်ဖို့ စတင်ညွှန်ကြားလာတာ ဖြစ်ပါတယ်။

http://burmese.dvb.no/news.php?id=9036

Advertisements

အားကစားဂျာနယ်များ စိစစ်ရေးတင်ရန်မလိုဘဲ ထုတ်ခွင့်ရမည်ဟု သတင်းထွက်ပေါ်


အားကစားဂျာနယ်များ စိစစ်ရေးတင်ရန်မလိုဘဲ ထုတ်ခွင့်ရမည်ဟု သတင်းထွက်ပေါ်

အံ့ဘုန်းမြတ် ၁၅ နိုဝင်ဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=9009

အားကစားဂျာနယ်တွေ စာပေစိစစ်ရေးကို တင်ပြဖို့မလိုတော့ဘဲ ထုတ်ဝေခွင့်ရရှိတော့မယ်လို့ ရန်ကုန်စာနယ်ဇင်းလောကထဲမှာ သတင်းတွေထွက်ပေါ်နေပါတယ်။ စာပေစိစစ်ရေးကနေ တရားဝင်စာထွက်ပြီး ကြေညာတာမျိုး မရှိသေးပေမယ့် ဒီနှစ်ကုန်ကနေစပြီး အားကစားဂျာနယ်တွေ စိစစ်ရေးတင်ဖို့ မလိုတော့ဘဲ ထုတ်ဝေခွင့်ရရှိတော့မယ်လို့ စာပေစိစစ်ရေးဝန်ထမ်း အသိုက်အ၀န်းမှာ ပြောဆိုနေ ကြတာပါ။ ဒီအကြောင်းကို ရန်ကုန်က သတင်းဂျာနယ်အယ်ဒီတာတဦးက အခုလိုပြောပြပါတယ်။

“အားကစားဂျာနယ်တွေကို ၂၀၀၉ ခုနှစ် ကုန်တာနဲ့ စိစစ်ရေးနဲ့ မဆိုင်တော့ဘူး။ ကိုယ့်ဟာနဲ့ကိုယ် လုပ်လို့ရသွားမယ်။ ဒါပေမဲ့ ဒီအကြောင်းကို စာကြိုထုတ်ပြီးတော့ ပြောတာမဟုတ်ဘူး။ သတင်းဂျာနယ်က ဆက်ကိုင်ထားမယ်လို့ အသံထွက်နေတယ်။ တစ်ခုရှိတယ် သူတို့ ဘယ်လောက်အထိ အခွင့်အလမ်းပေးမလဲဆို တာတခုပဲ။”

ဒီလို စိစစ်ရေးကို တင်စရာမလိုဘဲ ထုတ်ဝေခွင့်ရရှိတော့မယ်ဆိုပေမယ့် ပြည်တွင်း အားကစားပွဲတွေမှာ ခိုက်ရန်ဖြစ်ပွားတဲ့ သတင်းမျိုးတွေကို ဖော်ပြလာမယ်ဆိုရင်တော့ ပုံနှိပ်ဥပေဒအရ အရေးယူခံရမှာမျိုးတွေ ရှိတယ်လို့ အခြားအယ်ဒီတာတဦးက ပြောပါတယ်။ အားကစားဂျာနယ်တွေနဲ့ စာပေစီစစ်ရေးရဲ့ လက်ရှိအခြေအနေကိုလည်း အဲဒီအယ်ဒီတာက အခုလိုပြောပါတယ်။

“လောင်းကြေးတွေ၊ ဘော်လုံးလောင်းကစားနည်းတွေမထည့်ရဘူး။ ထည့်ရင် အရေးယူမယ်ဆိုတာမျိုး လောက်ပဲရှိတယ်။ အရင်ကတည်းက အားကစားဂျာနယ်က တင်းတင်းကျပ်ကျပ်သိပ်မရှိဘူး။ ဖြစ်ရင် ကိုယ့်ဟာကိုယ်တာဝန်ယူရမယ်။ အဆင်ပြေတဲ့ လူဆိုရင် ဒီလိုပဲ ပြီးသွားပြီး အဆင်မပြေတဲ့ လူဆိုရင်လည်း အချိန်ယူရင်ယူရမယ်။ သူတို့ လုပ်နေကြအတိုင်းဘဲ။”

အားကစားဂျာနယ် အယ်ဒီတာ အချို့ကတော့ စာပေစိစစ်ရေးကို တင်စရာမလိုဘဲ ထုတ်ဝေခွင့် ရရှိတော့မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေလာစေနိုင်မယ်လို့ သုံးသပ်ကြပါတယ်။ မြန်မာပြည်မှာ ပုံနှိပ်ထုတ်ဝေခွင့် ပြုထားတဲ့ ဂျာနယ် ၂၀၀ ကျော်ရှိတဲ့ထဲမှာ အားကစားဂျာနယ်တွေက ထက်ဝက်ကျော်ပါနေပြီး စောင်ရေအများဆုံး ပုံနှိပ်ထုတ် ဝေနေရတဲ့ ဂျာနယ်တွေလည်းဖြစ်ပါတယ်။

http://burmese.dvb.no/news.php?id=9009

အရက် ဘီယာကြော်ငြာများကို ပုံနှိပ်မီဒီယာများတွင် ပိတ်တော့မည်


အရက် ဘီယာကြော်ငြာများကို ပုံနှိပ်မီဒီယာများတွင် ပိတ်တော့မည်

အံ့ဘုန်းမြတ် ၁၄ နိုဝင်ဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=9000

လာမယ့်နှစ် ဇန်န၀ါရီ တစ်ရက်နေ့ကနေပြီး အရက် ဘီယာ ကြော်ငြာတွေကို ဂျာနယ်မဂ္ဂဇင်းတွေမှာ ဖော်ပြခွင့်မရှိတော့ဘူးလို့ အောက်တိုဘာ ၂၃ ရက်စွဲနဲ့ စာပေစီစစ်ရေးက တရားဝင် စာထုတ်လိုက်ပါတယ်။ ဒီအကြောင်းကို ဂျာနယ်အယ်ဒီတာတဦးက အခုလို ပြောပြပါတယ်။

“ပြန်ကြားရေးက ၂၃ ရက်နေ့မှာ စာတစ်စောင်ထုတ်ပြီးတော့ အရက်၊ ဘီယာ၊ ဆေးလိပ်ဖော်ပြခွင့် ပိတ်ပင်လိုက်ကြောင်းနဲ့ အတိအကျလိုက်နာဖို့ တရားဝင်စာထွက်ထားတယ်။”

လတ်တလောမှာတော့ ဂျာနယ်တွေဟာ စောင်ရေရောင်းအား ကျဆင်းနေတာကြောင့် အရက်ကြော်ငြာ တွေကို မှီခိုအားပြုနေကြရပါတယ်။ ဒီလိုအခြေအနေမှာ အခုလို ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်မယ့် အကျိုးဆက်တွေကိုလည်း ဂျာနယ်အယ်ဒီတာက အခုလိုသုံးသပ်ပြောဆိုပါတယ်။

“ဂျာနယ်တွေအနေနဲ့က ကြော်ငြာအပေါ်မှာ မှီခိုတယ်၊ ကြော်ငြာသမားကလည်း ဂျာနယ်တွေအပေါ်မှာ မှီခိုတယ်။ အခုလို ပိတ်ပင်လိုက်တယ်ဆိုတော့ အနည်းနဲ့အများတော့ ဆိုက်အဖက်တွေဖြစ်မှာပဲ။ နောက်တခု စဉ်းစားစရာရှိတာက ကုမ္ပဏီတွေက ဒီလိုကြော်ငြာလို့မရရင် တခြားနည်းလမ်းတွေနဲ့ လှည့်ကြော်ငြာတော့မယ်။”

ဒီ့ပြင် သတင်းဂျာနယ် အယ်ဒီတာတဦးကတော့ အရက်ကုမ္ပဏီတွေက မီဒီယာတွေမှာထက် အပြင်မှာ ပိုပြီးကြော်ငြာနေကြတာကြောင့် ပိတ်ပင်လိုက်လို့လည်း ထူးလာနိုင်ခြေ မရှိပါဘူးလို့ပြောပါတယ်။

“အဓိက ဆိုင်တွေမှာ ကိုယ့်ဟာကိုယ်လုပ်ပြီး တိုက်ရိုက်ကပ်ကြတာများတယ်။ သုံးနေတဲ့ပုံတွေက မလုံမလဲပုံတွေများတော့ စီစစ်ရေးကို တင်လည်းမတင်ဘူး။”

မီဒီယာတွေမှာ ပိတ်ပင်လိုက်တာကြောင့် အရက်သေစာတွေကို အမြင်နည်းသွားမှာမို့ လူငယ်တွေအတွက် ကောင်းတဲ့အလားအလာပါပဲလို့လည်း အဲ့ဒီအယ်ဒီတာကပြောပါတယ်။ ဒါပေမယ့် တဖက်မှာလည်း အရက်ကုမ္ပဏီတွေက ဈေးကွက်ထဲ တိုက်ရိုက်ဆင်းပြီး အရက်အမြည်း အခမဲ့တိုက်တဲ့နည်းမျိုးတွေနဲ့ အရောင်းမြှင့်တင်တာတွေ လုပ်လာနိုင်တယ်လို့လည်း တွက်ပြပါတယ်။

အရက်ကုမ္ပဏီတွေထဲမှာ ပီအမ်ဂျီ၊ ဂရမ်းရွိုင်ယယ်စတဲ့ ကုမ္ပဏီတွေက ကြော်ငြာအသုံးနိုင်ဆုံး ကုမ္ပဏီတွေဖြစ်ပြီး အစိုးရပိုင် ရုပ်မြင်သံကြားဌာနတွေက ထုတ်လွှင့်နေတဲ့ ဘော်လုံးပွဲတွေမှာတောင် ကြော်ငြာခွင့်ရရှိနေကြပါတယ်။ ပုံနှိပ်မီဒီယာတွေမှာ အရက်ကြော်ငြာတွေကို ပိတ်ပင်လိုက်ပေမယ့် အသံ လွှင့်ဌာနတွေ၊ ရုပ်မြင်သံကြားဌာနတွေနဲ့ ကြော်ငြာဘီလ်ဘုတ်တွေမှာ ကြော်ငြာခွင်ရနေအုံးမယ်ဆိုရင်တော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခုလိုပိတ်ပင်မှုဟာ ထိရောက်မှု ရှိနိုင်မှာမဟုတ်ဘူးလို့လည်း ပုံနှိပ်မီဒီယာ လောက သားအချို့က ပြောကြပါတယ်။

http://burmese.dvb.no/news.php?id=9000

အကြိမ် ၂၀ မြောက် ဗုဒ္ဓဗုဒ္ဓညီလာခံတွက် မြန်မာ့အရေးထည့်သွင်းဆွေးနွေး


အကြိမ် ၂၀ မြောက် ဗုဒ္ဓဗုဒ္ဓညီလာခံတွက် မြန်မာ့အရေးထည့်သွင်းဆွေးနွေး

အံ့ဘုန်းမြတ် ၁၃ နိုဝင်ဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=8982

အိုင်နက်ဖ်လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာလက်တွေ့အသုံးချရေးကွန်ယက်ရဲ့ အကြိမ် ၂၀ မြောက် နိုင်ငံတကာဗုဒ္ဓဘာသာညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ မဲ့ကျိုတက္ကသိုလ်မှာ ကျင်းပပြုလုပ်နေပြီး မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာလက်တွေ့ အသုံးချရေးကွန်ယက်ရဲ့ အကြိမ် ၂၀ မြောက် နိုင်ငံတကာ ဗုဒ္ဓဘာသာညီလာခံကို နိုဝင်ဘာလ ၁၀ ရက် နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပပါတယ်။ ဒီညီလာခံကို ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ သီရိလင်္ကာ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အမေရိကန်၊ ဂျာမဏီစတဲ့ နိုင်ငံပေါင်း ၄၀ ကျော်က ဗုဒ္ဓဘာသာ ရဟန်းရှင်လူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီညီလာခံမှာ ဗုဒ္ဓဘာသာကို လူမှုအဖွဲ့အစည်းအတွင်း လက်တွေ့အသုံးချနိုင်ရေး၊ တိုင်းပြည်အစိုးရတွေရဲ့ အုပ်ချုပ်ရေးစနစ် တွေကြောင့် ဘာသာရေးအပေါ် သက်ရောက်မှုတွေရှိနေတာနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေးတရား ပိုမိုပျံ့ပွားဖို့နဲ့ လူမှုရေး၊ ကျန်းမာရေနဲ့ ပညာရေလုပ်ငန်းတွေမှာ သာသနာ့ဝန်ထမ်းတွေအနေနဲ့ လွတ်လပ်စွာ လုပ်ကိုင်ခွင့်မရှိတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်းကို အခမ်းအနားတက်ရောက်နေတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာရဟန်း တော်များအဖွဲ့ချုပ်က ဆရာတော်အရှင်သောပါက မိန့်ကြားပါတယ်။

“ဒီငြိမ်းချမ်းရေး လှုပ်ရှားကြတဲ့ မြန်မာသံဃာတွေ ဒီလိုဒုကရောက်ရင် ဘယ်လိုမျိုး ၀ိုင်းဝန်း ကာကွယ်စောင့်ရှောက်ကြမလဲဆိုတဲ့ အပိုင်းရယ်၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ပြည်တွင်းသံဃာတွေရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ လုပ်နေတာရှိတယ်။ နိုင်ငံတကာက ဘယ်လိုဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်နိုင်သလဲ။ ငြိမ်းချမ်းရေး လုပ်တဲ့နေရာမှာ ဘာတွေ အဓိကလိုအပ်သလဲ။ ငြိမ်းချမ်းရေးဟာ ဘာကြောင့် ပျက်ဆီးနေသလဲ ဆိုတော့ တယောက်ပေါ်မှာ တယောက် မုန်းတဲ့စိတ်တွေ လူမျိုးရေးခွဲခြားမှုတွေရှိနေမယ်ဆိုရင် မုန်းနေကြမှာပေါ့။ လူ့အခွင့်အရေးတွေ တယောက်အပေါ် တယောက် မလေးစားကြဘူးဆိုရင် ငြိမ်းချမ်းရေးကို ဖျက်ဆီးရာ ရောက်တယ်။ အဲဒါတွေကို တဖြည်းဖြည်းနဲ့လျော့ပြီး ငြိမ်းချမ်းရေးပိုပြီး တိုးတက်အောင် လုပ်လို့ရတယ်ဆိုတဲ့ နည်းလမ်းတွေ ရှာဖွေတာပေါ့။”

ညီလာခံကို ပြည်တွင်းပြည်ပက မြန်မာရဟန်းသံဃာတော် ၂၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ ဒီညီလာခံက မြန်မာပြည်သူတွေအတွက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ ဆိုတာကို ဆရာတော် အရှင်သောပါက ဆက်လက်မိန့်ကြားပါတယ်။

“အခု ဗမာပြည်အရေးက နိုင်ငံတကာအရေး ဖြစ်နေတယ်။ ဒီနေ့ ဦးဇင်းတို့ ဆွေးနွေးတဲ့ အကြောင်းအရာ တွေက ဗမာပြည်ထဲမှာ ငြိမ်းချမ်းရင် တကမ္ဘာလုံး ငြိမ်းချမ်းမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးဖြစ်တယ်။ ဆိုလိုတာက ဗမာပြည်သာ ငြိမ်းချမ်းရင် တကမ္ဘာလုံးကလည်း စိတ်ချမ်းသာကြမယ်။ အခု ဗမာပြည်အရေးကို တကမ္ဘာလုံးက ၀မ်းနည်းနေကြတယ်။ ဒီကိုတက်ရောက်တဲ့ လူတော်တော်များများက ဗမာပြည်အကြောင်းသိနေကြတယ်။ ဒီအပေါ်မှာ သူတို့အနေနဲ့ ဘာများလုပ်ဆောင်ပေးနိုင်သလဲလို့မေးရင် ဦးဇင်းတို့က ဘာတွေလုပ်လို့ရတယ်ဆိုတာ ပြောပြလို့ရတယ်။ သူတို့ ဗမာပြည် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘာတွေလုပ်လို့ရတယ်ဆိုတာကို ဆွေးနွေးလို့ ရတာပေါ့။ အဲဒီအတွက် အားလုံးက ၀ိုင်းဝန်းဆောင်ရွက် လိမ့်မယ်လို့ မျှော်လင့်တယ်။”

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာလက်တွေ့အသုံးချရေးကွန်ယက် INEB ဟာ ၁၉၈၉ ခုနှစ်က စတင်ထူထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့အစည်းတခုဖြစ်ပြီး ဗုဒ္ဓတရားတော်တွေကို လူမှုအဖွဲ့အစည်းအတွင်း ပျံ့ပွားအောင် ဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတခု ဖြစ်ပါတယ်။

http://burmese.dvb.no/news.php?id=8982

ကဗျာဆရာ၊ စာရေးဆရာ ဗန်းမော်ညိုနွဲ့ ကွယ်လွန်


ကဗျာဆရာ၊ စာရေးဆရာ ဗန်းမော်ညိုနွဲ့ ကွယ်လွန်

အံ့ဘုန်းမြတ် ၁၂ နိုဝင်ဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=8971

ခေတ်အဆက်ဆက်မြန်မာ့နိုင်ငံရေးလောကနဲ့ စာပေလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာ ဆရာကြီးဗန်မော်ညိုနွဲ့ ဒီနေ့ ဗန်မော်မြို့ သာစည်ရပ်ကွက်ရှိ နေအိမ်မှာ မနက် ၁၀ နာရီခွဲက ကွယ်လွန်သွားပါတယ်။

ကွယ်လွန်ချိန်မှာ ဗန်းမော်ညိုနွဲ့ဟာ အသက် ၈၈ နှစ် ရှိပြီဖြစ်ပြီး အာရုံကြော အားနည်းတဲ့ရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို သူ့မိသားစုဝင်တဦးက ပြောပါတယ်။

“အခု အိမ်မှာပဲ သဂြိုလ်ဖို့ လုပ်နေပါတယ်။ ၁၄ ရက်နေ့ နေ့လည် ၁ နာရီပါ။ နာရေးကို အဘိုးရဲ့ တပည့်တွေ လာပါတယ်။ အသက် ၈၀ ကျော် ၉၀ ထဲမှာ ဆိုတော့ အာရုံကြောတွေ အားနည်းပြီး ဖြစ်တာပါ။”

ဗန်းမော်ညိုနွဲ့ ကွယ်လွန်တဲ့အပေါ် သူ့ရဲ့တပည့်လည်းဖြစ် ဗန်မော်မြို့ရဲ့ မြို့မိမြို့ဖတဦးလည်း ဖြစ်သူက

“ဘယ်လိုမှ အစားထိုးလို့ မရတဲ့ ဆရာကြီးတယောက် ဆုံးရှုံးခြင်းအတွက် ကျနော်တို့ အင်မတန်မှ ၀မ်းနည်းရပါတယ်။ ဗမာပြည်တပြည်လုံးရဲ့ သင်ရိုးညွှန်းတမ်းမှာ လက်ဖက်ရည်ကြမ်းဝိုင်းဆိုတဲ့ ကဗျာနဲ့ ဆရာရဲ့ ဂုဏ်ပုဒ်က အင်မတန် ကျော်ကြားခဲ့တဲ့ ဆရာတယောက်ဖြစ်ပါတယ်။ ကျနော်တို့ အင်မတန်မှ ၀မ်းနည်းပူဆွေး ရပါတယ်လို့ ပြောကြားလိုပါတယ်။ မြို့အနေနဲ့ သူ့ကို အောက်မေ့ဖွယ်တွေလုပ်မယ်။ မလုပ်ဘူး ဆိုတာကတော့ နောက်မှပဲ အစီအစဉ် ရှိပါလိမ့်မယ်။”

ဗန်မော်ညိုနွဲ့ကို ၁၉၂၂ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဦးစုနဲ့ ဒေါ်ရင် တို့က ဗန်မော်မြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၅ ဦးအနက် အငယ်ဆုံးသား ဖြစ်ပါတယ်။

သူဟာ ၁၉၃၉ မှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်း ဆရာအတတ်သင်ကို တက်ရောက်ခဲ့ပြီး ၁၉၄၀ မှာ ဇာတိဗန်မော်မြို့မှာ ကျောင်းဆရာအဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။ မြို့ခံတွေကြားမှာ ဆရာဦးပုထွေးလို့ လူသိများခဲ့ပါတယ်။

သူဟာ ၁၃၀၀ ပြည့်အရေးတော်ပုံ ကာလမှ စတင်ကာ ကဗျာနဲ့ စာပေတွေ စတင်ရေးသားခဲ့ပြီး ၁၉၆၈ မှာ အရုဏ်ဦးကဗျာများ စာအုပ်နဲ့ အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။ သူ့ ကဗျာတွေကို မူလတန်း၊ အထက်တန်းနဲ့ တကသိုလ်အဆင့်ဆင့်က ကျောင်းသူ ကျောင်းသားတွေအတွက် ပြဌာန်းခဲ့ပါတယ်။

သူဟာ စစ်ကြိုခေတ်၊ စစ်တွင်းကာလ၊ စစ်ပြီးခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ် ရေးရပြီးခေတ် စတဲ့ ခေတ်အဆက်ဆက်ကနေ နောက်ဆုံး မျက်မှောက်ခေတ် နိုင်ငံရေးတွေမှာ စာပေသင်ကြားတဲ့ ကျောင်းဆရာ၊ ကလောင်လက်နက်ကိုင်ဆွဲတဲ့ စာရေးဆရာ၊ ကဗျာဆရာတယောက်အနေနဲ့ ကွယ်လွန်ချိန်အထိ တက်တက် ကြွကြွဆောင်ရွက်ခဲ့သူ တဦးလည်းဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးမှာလည်း ဦးဆောင်သူအဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်၊ ဗန်မော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အနိုင်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

၂၀၀၇ သံဃာတော်တွေ ဦးဆောင်းတဲ့ ရွှေဝါရောင်လှုပ်ရှားမှုမှာလည်း သူနဲ့အတူ အဖွဲ့ချုပ်ဝင်တွေက သံဃာတော်တွေကို ပူဇော်ကန်တော့ခဲ့တာကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို အသက် ၈၅ နှစ်အရွယ်အထိခံခဲ့ရပါတယ်။

ကွယ်လွန်ချိန်အထိ ဗန်းမော်ညိုနွဲ့ကလောင်အမည်နဲ့ စာရေးသားခွင့်ကို ပိတ်ပင်ထားတာကို ခံခဲ့ရပေမယ့် ပြည်သူတွေရဲ့ နိုင်ငံရေးစိတ်ဓာတ် နိုးကြားလာစေဖို့ အသံလွှင့်ဌာနတွေကတဆင့် ကျန်းမာအခြေအနေ ဆိုးဝါးမလာခင် အချိန်အထိ ကဗျာတွေ ရွတ်ဆိုဆော်သြနေခဲ့ပါတယ်။

သူရေးသားခဲ့တဲ့ ကဗျာတွေထဲက ‘လက်ဖက်ရည်ကြမ်းဝိုင်း’ ကဗျာကို သူ့တပည့်ရင်းလည်းဖြစ် ဗန်မော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် တဦးလည်းဖြစ်တဲ့ ဦးဇော်သင်းက ဖတ်ကြားဂုဏ်ပြုပါတယ်။

http://burmese.dvb.no/news.php?id=8971

Categories

%d bloggers like this: