နအဖအကြီးအကဲက တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးမည်ဟုပြော
အံ့ဘုန်းမြတ် ၂၈ နိုဝင်ဘာ ၂၀၀၉
http://burmese.dvb.no/news.php?id=9142
(၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် ဒီမိုကရက်တစ်မြန်မာ့အသံ ညနေအပိုင်းအစီအစဉ် ကိုရွှေအောင် ဖတ်ကြားထားခြင်းဖြစ်ပါတယ်။)
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ပြီးခဲ့တဲ့သောကြာနေ့က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည်အစည်းဝေးမှာ ပြောကြားလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုတရပ်လုံးရဲ့ ဆန္ဒနဲ့အတည်ပြုပြီးဖြစ်တဲ့အတွက် မူဝါဒလမ်းစဉ်တွေ အတိုင်း ဆက်လက်ဖော်ဆောင်သွားမယ် လို့ဆိုပါတယ်။
ဒီလိုပြောကြားတဲ့အပေါ် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက အခုလို ပြောကြားလိုက်ပါတယ်။
“ဒီမိန့်ခွန်းက သူတို့ရဲ့ ရပ်တည်ချက်ကို ထပ်ပြီးတော့ပြောတယ်။ ပြောတဲ့နေရာမှာ တင်းတင်းမာမာ ပြောတယ်လို့မမြင်ဘူး။ ပုံမှန်အားဖြင့် ရပ်တည်သင့်တဲ့ သဘောထားတခုလို့မြင်တယ်။ ဒီမိန့်ခွန်းဟာ နိုင်ငံအတွက် အကျိုးရှိစွာ ဆောင်ရွက်နိုင်မယ့် လမ်းတွေကို ပိတ်ထားတာမရှိဘူးလို့မြင်တယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ခုနှစ်က ပြဌာန်းအတည်ပြုခဲ့တဲ့ နအဖအစိုးရရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမှသာ ကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှုရှိနိုင်မယ်လို့ တောင်းဆိုနေချိန်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောကြားလိုက်တာဖြစ်ပါတယ်။
“တိုင်းပြည်အတွက် အကျိုးရှိအောင် ဆောင်ရွက်မယ်ဆိုရင် ဒီမိန့်ခွန်းဟာ အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ထင်ပါတယ်။ နအဖအနေနဲ့လည်း တင်းမာတဲ့သဘောထားမရှိဘူး။ စေတနာနဲ့ အလုပ်လုပ်မယ် ဆိုတဲ့သဘောကိုပြောတယ်။ ဒီမိန့်ခွန်းဟာ တိုင်းပြည်ကောင်းကျိုးအတွက် အနှောင့်အယှက် အဟန့်အတားဖြစ် မယ့် မိန့်ခွန်းမဟုတ်ဘူးလို့ အဲလိုဘဲမြင်တယ်။”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောကြား သွားတာဖြစ်ပါတယ်။
Leave a Reply