ပုဂ္ဂလိကဆေးရုံများတွင် ပေါ့ဆမှုကြောင့် လူနာသေဆုံးမှုများဖြစ်ပေါ်
အံ့ဘုန်းမြတ် ၂၆ နိုဝင်ဘာ ၂၀၀၉
http://burmese.dvb.no/news.php?id=9122
လာမယ့်နှစ်က စတင်ပြီး မြန်မာတနိုင်ငံလုံးမှာ ပုဂ္ဂလိက ဆေးရုံတွေ ဖွင့်လှစ်ခွင့်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက လျှောက်လွှာတွေ လက်ခံနေချိန်မှာ ဖွင့်လှစ်ပြီးဖြစ်တဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာ ပေါ့ဆမှုတွေကြောင့် လူနာသေဆုံးမှုတွေ ဖြစ်ပေါ်နေရပါတယ်။ ပုဂ္ဂလိကဆေးခန်းအချို့မှာ တာဝန်ယူထားတဲ့ အထူးကုဆရာဝန်ကြီးတွေ လူနာတွေအပေါ် အချိန်ပေးမှု နည်းပါးတာရယ်၊ ကုန်ကျစရိတ် ကြီးမားပေမယ့် ဆေးရုံ၊ ဆေးခန်းတွေက ၀န်ဆောင်မှုအပိုင်းတွေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် လူနာတွေ မသေဆုံး သင့်ပဲ သေဆုံးနေကြရတာပါ။
ဒီလိုကိစရပ်တွေနဲ့ ပတ်သက်ပြီး ဒီတပတ်ထဲမှာ ထုတ်ဝေလာတဲ့ ၀ီးကလီးအလဲဗင်းနဲ့ လျှပ်တပြက်ဂျာနယ်တွေမှာ တရားဝင်ရေးသား ဖော်ပြလာတာ တွေ့ရပါတယ်။ အဲ့ဒီသတင်း နောက်ဆက်တွဲတွေနဲ့ ပတ်သက်လို့ ထပ်မံဖော်ပြခွင့်ကိုတော့ စာပေစီစစ်ရေးက ဒီနေ့ပဲ စတင်ပိတ်ပင် လိုက်ပြီလို့ ရန်ကုန်စာနယ်ဇင်း လောကသားတွေကပြောပါတယ်။ လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ လူနာသေဆုံးမှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က အဲ့ ဒီ ပုဂ္ဂလိကဆေးခန်းကို ဆက်သွယ်မေးမြန်းရာ အုပ်ချုပ်ရေးအဖွဲ့တွေ အပြင်သွားလို့ ဒီကိစတွေ သူတို့ မသိကြောင်း တာဝန်ကျ ၀န်ထမ်းတဦးကပြောပါတယ်။
လက်ရှိပုဂ္ဂလိကဆေးရုံတွေမှာ အထူးကုဆရာဝန်ကြီးတွေဟာ လူနာတွေကို ကြည့်ရှုစစ်ဆေးချိန် အလွန်နည်းပါးနေတာကြောင့် ဒီလို မဖြစ်သင့်တာ ဖြစ်ရတာလို့ ဆေးပညာဆောင်းပါးတွေ ရေးသားနေတဲ့ ဆရာဝန်တဦးကပြောပါတယ်။
“သူတို့ကြည်တဲ့ လူဦးရေ အရေအတွက်က အင်မတန်မှများနေတာ။ လူနာတယောက်ကို အနည်းဆုံး ၁၀ မိနစ်၊ ၁၅ မိနစ်လောက် စမ်းမယ်ဆိုရင် မဆိုဘူးပေါ့။ အခုဟာက ၁ မိနစ်တောင် မစမ်းဘူးဆိုတဲ့ အချက်က မှန်ကန်တဲ့ရောဂါ ဘယ်တွေမလဲ။ ဘယ်လိုဘဲဖြစ်ဖြစ် မနိုင်မနင်း ဖြစ်တာပေါ့။ အဲ့တော့ အခုမှအောင်တဲ့ ဆရာဝန် တစ်ယောက် သိမယ့်ဟာမျိုးတခုတောင် သူတို့မှာ လွဲချော်သွားတဲ့ အပိုင်းတွေရှိတာပေါ့။”
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အထူးကုဆရာဝန်တဦးက သူ့အမြင်ကိုပြောပါတယ်။
“ဆရာဝန်က ငါက အထူးကုဆရာဝန် တယောက်ဖြစ်တယ်။ ဒါ ငါလုပ်ရင် ကောင်းသွားမှာဘဲ ဆိုပြီး ယူနီလက်စင်လုပ်တဲ့ ဆရာတွေကျတော့လည်း အဲဒီလိုတွေ မှားကုန်ရော။ အဲဒီလို ဆရာဝန်တွေက အရင်ကလည်း ရှိတာပဲ၊ အခုလည်း ရှိတာပဲ၊ နောင်လည်း ရှိဦးမှာပဲ။”
“အဲဒီလို ယုံကြည်ချက်လွန်ကဲတဲ့ ဆရာဝန်ရှိရင် ဒီပြသနာတွေရှိနေဦးမှာပဲ။ ဆရာဝန်ကျင့်ဝတ်နဲ့ မညီရင် လည်း ဒါတွေ ဖြစ်မှာပဲ။ ဆွေးနွေးပွဲမှာတော့ ဆွေးနွေး လိုက်ကြတာ အကြီးအကျယ်ပဲ။ ဟိုက်ဖလိုးတွေနဲ့ ပြောကြပေမယ့် တကယ်တမ်း လုပ်တဲ့အခါကျတော့ တခါတခါ ချိုမိုင်မိုင် ဖြစ်ဖြစ်သွားတယ်။”
ဒီလိုဖြစ်ပေါ်လေ့ရှိပေမယ့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေနဲ့ ဆရာဝန်တွေဘက်က တာဝန်ယူမှုအပိုင်းမှာ အားနည်းနေတဲ့အပေါ် တရားချုပ်ရှေ့နေတဦးက သုံးသပ်ထားပါတယ်။
“မြန်မာနိုင်ငံမှာက ခက်နေတာက အဲဒီလိုဖြစ်နေတာ အများကြီးပဲ။ သို့သော် ဒီလိုဖြစ်သွားတဲ့ အမှားကို ဆရာဝန် ဒါမှမဟုတ် ဆေးခန်း၊ ဆေးရုံက ဘယ်လိုတာဝန်ယူရမယ် ဆိုတဲ့အပိုင်း ထည့်သွင်း ဆွေးနွေးထား တဲ့အပိုင်း မရှိဘူး။ ဥပဒေမှာတော့ ပြဌာန်းထားမှာပဲ။ ဒီမှာက ထိခိုက်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ နင့်နာမှုတွေနဲ့ ပတ် သက်လို့ ဆရာဝန်အပိုင်းကို ပြန်ပြီး အရေးယူတယ်ဆိုတဲ့ဟာနည်းတယ်။”
အစိုးရအနေနဲ့ ပြဌာန်းထားတဲ့ ကျန်းမာရေးဆိုင်ရာ ဥပဒေတွေကို ကြပ်မတ် ဆောင်ရွက်သင့်တယ် လို့လည်းသူကပြောပါတယ်၊ လူနာ၊ ဆရာဝန်နဲ့ ဆေးရုံတို့အကြားရှိနေတဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး အခြားရှေ့နေကြီး တဦးကလည်း
“ကျန်းမာရေးဆိုတာက ဆရာဝန်နဲ့ ကိုယ်နဲ့အကြားမှာရှိတဲ့ ဘေခုူေ့် ခသာာကညငခေအငသည ဆိုတော့ များသောအားဖြင့် လူမှုရေးကိုထောက်ထာပြီး လူတွေက တရားဆွဲတာတွေ မရှိသလောက်ပါ။ ဆွဲမယ်ဆိုရင်တော့ ဆွဲလို့ရတာပေါ့။ တစ်ချို့ကတော့ ပေါ့ဆတာပေါ့။”
ဒီလိုပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ အထူးကုဆရာဝန်ကြီးတွေကို ရရှိတဲ့ အချိန်ထက် လူနာတွေကို ပိုမို စစ်ဆေးကုသပေးနေတာတွေ ဆေးရုံဝန်ဆောင်မှုအပိုင်း အားနည်းချက်တွေ ရှိနေတာတွေနဲ့ ပတ်သက်ပြီး နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ ညွှန်ကြားရေးမှူးတစ်ဦးက
“ကျနော်တို့ အကြမ်းဖျင်း ပြောရရင် ၂၀၀၇ ခုနှစ် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေဆိုတာ ရှိပါတယ်။ အဲဒီ ဥပဒေအထဲမှာ ပါတဲ့အတိုင်း ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ဒီအထဲမှာ ရှိရမယ့် အင်္ဂါရပ်တွေက ဘာတွေရှိသလဲ၊ သူ့ရဲ့ ဘယ်အချက်တွေ ပြည့်စုံရမယ်ပေါ့။ အဲဒီအတိုင်း ကျနော်တို့က သူ့ရဲ့ အမျိုးအစားအလိုက် ဥပဒေအရ သတ်မှတ်ထားပါတယ်။ အဲဒီ ဥပဒေအရ သတ်မှတ်ထားချက်တွေ အတိုင်း ရှိမရှိကို ကျနော်တို့က လိုအပ်တဲ့ စိစစ်မှုတွေ ဆက်လက်ဆောင်ရွက်ရတယ်။ ဒါနဲ့ ပတ်သက်လို့ လက်ရှိပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေအားလုံးကို အခုလက်ရှိ ဖွင့်နေသည်ဖြစ်စေ၊ အသစ်ဖွင့်သည်ဖြစ်စေ လုပ်ဆောင်ခွင့် လိုင်စဉ် ပြန်လည်လျှောက်ထားဖို့ ကျနော်တို့ ကြေညာထား ပြီးပါပြီ။”
ပြည်သူတွေအနေနဲ့ ကိုယ်ခံစားနေရတဲ့ ရောဂါနဲ့ ပတ်သက်ပြီး အထူးကု ဆရာဝန်တွေကို တိုက်ရိုက် မပြသသင့်ဘဲ ဆရာဝန်တွေရဲ့ အဆင့်ဆင့်ညွှန်ကြားမှုတွေကိုသာ လိုက်နာပြီး လိုအပ်မှ ပြသသင့်တယ်လို့ ဆေးပညာ လောကသားတွေက ပညာပေး ပြောဆိုကြပါတယ်။
Leave a Reply