ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ၁၄ နှစ် ပြည့်


ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ၁၄ နှစ် ပြည့်

အံ့ဘုန်းမြတ် ၂၄ အောက်တိုဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=8804

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့တာ ၁၄ နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ် ပေးပြီး တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ နအဖစစ်အစိုးရကို စဉ်ဆက်မပျက် တိုက်တွန်းနေပေမယ့် လွှတ်မပေးသေးပဲ နေအိမ် အကျယ်ချုပ် တစ်နှစ်ခွဲ ထပ်မံချမှတ်ထားခြင်းဖြစ်ပါတယ်။

ဒီလိုချမှတ်ထားတာဟာ နအဖအစိုးရအနေနဲ့ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကို မသွားဘူးဆိုတာ ဖော်ပြနေခြင်းသာဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောပါတယ်။

“နိုင်ငံတကာနဲ့ ကုလသမဂ္ဂက အကြိမ်ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ လွှတ်ပေးဖို့ ယနေ့အထိတောင်း ဆိုနေတယ်။ တဖက်ကလည်း ဒီနေ့ထိ လွှတ်မပေးဘူး။ အဲ့ဒါက ဘာပြလည်းဆိုတော့ ဒီမိုကရေစီရှေ့က စည်းမျဉ်းစည်းကမ်း လမ်းညွှန်မှုတွေ သတ်မှတ်ထားပေမယ့် ဒီမိုကရေစီကို မသွားဘူးဆိုတဲ့ လက္ခဏာကို နိုင်ငံတကာက ထင်ထင်ရှားရှား မြင်စေတယ်လို့ပဲယူဆတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုကာလကြာရှည်စွာ နေအိမ်အကျယ်ချုပ် ချမှတ်ထားခြင်းဟာ မြန်မာ ပြည်သူလူထု တစ်ရပ်လုံးအတွက် ဆုံးရှုံမှုတစ်ရပ်ပဲလို့လည်း ဦးဥာဏ်ဝင်းက ဆက်ပြောပါတယ်။

“အားလုံး စုစုပေါင်း ၁၄ နှစ်တာ ထိန်းသိမ်းခံနေရတဲ့ ကာလတလျှောက်မှာ လူပုဂ္ဂိုလ်တဦးချင်း အနေနဲ့တော့ ပြောမကုန်အောင်နစ်နာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဒီမိုကရေစီအရေးမှာ မပါမဖြစ် ပါကိုပါရမည့် ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရမှုက ပြည်သူလူထုက ပိုမိုကြီးမားတဲ့ ဆင်းရဲဒုက္ခတွင်းကို ဆက်ပြီး နစ်ဆင်းနေတဲ့ အဖြစ်မျိုး ရောက်တယ်လို့ ပြောချင်ပါတယ်၊”

နေအိမ်အကျယ်ချုပ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီကို လက်တွေ့ကျကျ ဦးမဆောင်နိုင် ပေမယ့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးအရ လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက် လုပ်ဆောင်နေဦးမှာပဲလို့လည်း ဦးဥာဏ်ဝင်းကပြောပါတယ်။

ဒါ့အပြင် နအဖစစ်အစိုးရအနေနဲ့လည်း အဖွဲ့ချုပ်က တောင်းဆိုနေတဲ့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေ မပါဝင်တဲ့ တွေ့ဆုံဆွေနွေးမှု အမြန်ဆုံးပြုလုပ်ပေးဖို့ကို လည်း ထပ်မံတောင်းဆိုလိုက်ပါတယ်။

“တိုင်းပြည်နဲ့ပြည်သူလူထုအကျိုးကို ရှေးရှု့ပြီးတော့ အန်အယ်လ်ဒီ တောင်းဆိုနေတဲ့ အန်ကွန်ဒီရှင်နယ်ဒိုင်ယာလော့ ကြိုတင်စည်းကမ်းချက်မထားသော တွေ့ဆုံဆွေး နွေးမှုမျိုး လိုအပ်နေပါပြီလို့ လက်ရှိအစိုးရကို ပြောချင်တယ်။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ်ချ မှတ်ခဲ့တာ ၁၄ နှစ် ပြည့်မြောက်တဲ့ဒီနေ့မှာပဲ မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေတဲ့ ယူကေနိုင်ငံအခြေစိုက် ဘားမားကမ်ပိန်း-ယူကေကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက် ရေးအတွက် နည်းလမ်းသစ်တွေနဲ့ ကြိုးပမ်းဆောင်ရွက်ကြပါလို့ ကုလသ မဂ္ဂအပါအ၀င် နိုင်ငံတကာကို တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

http://burmese.dvb.no/news.php?id=8804

Leave a comment