မြန်မာနိုင်ငံမြို့ကြီးအတော်များများမှာ ဘောလုံး လောင်းကစားမှုတွေ
ပိုမိုများပြားလာ
အံ့ဘုန်းမြတ် ၂၅ အောက်တိုဘာ ၂၀၀၉
http://burmese.dvb.no/news.php?id=8814
ကမ္ဘာနဲ့အ၀ှမ်းမှာ သြဂုတ်လလယ်က စတင်ခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘောလုံးပွဲကြောင့် ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံမြို့ကြီးအတော်များများမှာ ဘောလုံး လောင်းကစားမှုတွေ ပိုမိုများပြားလာသလို ဘောလုံး လောင်းကစားနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ လူတန်းစားတစ်ခုအနေနဲ့တောင် ပေါ်ပေါက်နေပြီလို့ ရန်ကုန်မြို့က ဘောလုံးပွဲ လောင်းကစားပြုလုပ်သူ တစ်ဦးကပြောပါတယ်။
“ဘောလုံးတွေချည်းပဲ လောင်းတဲ့သူ၊ နှစ်လုံး သုံးလုံး လောင်းတဲ့သူ အဲဒီလိုလူမျိုးတွေရှိတယ်။ ထိုးတဲ့သူတွေကလည်း ပိုက်ဆံအချောင်လိုချင်တယ်။ အချောင်လိုချင်တော့ ရင်းနှီးရတာပေါ့ စွန့်စားရတာပေါ့။ ရှုံးရင်ပေးလိုက်ရမှာ၊ နိုင်ရင်တော့ရမှာပေါ့။ ပိုက်ဆံရှာရတာ ခက်ခက်ခဲခဲ ဖြစ်နေတော့ ထိုးတဲ့သူတွေကလည်း ရမလား ဆိုပြီး ထိုးတယ်၊ ဒိုင်ကလည်း ပိုက်ဆံမြတ်လို့ရောင်းတယ်။ ဒီလိုဖြစ်နေတယ်။”
ရန်ကုန်မြို့ပေါ်က ဘောလုံးဒိုင်တွေ အများအားဖြင့် တယ်လီဖုန်းနဲ့တဆင့် လောင်းကြေးတင်တာတွေကို လက်ခံကြပြီး ဆင်ခြေပုန်းရပ်ကွက်တွေနဲ့ နယ်မြို့တွေမှာ ဒေသခံအာဏာပိုင်တွေကို လာဘ်ငွေပေးပြီး ဘောလုံးပွဲဒိုင်အဖြစ် ထင်ထင်ပေါ်ပေါ် ပြုလုပ်နေကြတာတွေလည်းရှိတယ်လို့ အခြားဘောလုံးပွဲ လောင်းသူ အချို့က ပြောပါတယ်။ ဒါအပြင် ရန်ကုန်မြို့က ဘောလုံးပွဲဒိုင်ကြီးတွေရဲ့ လောင်းကစားပုံစံကိုလည်း သူကအခုလိုရှင်းပြပါတယ်။
“ဒိုင်ကြီးတွေက ဘောလုံးပွဲတစ်ပွဲကို ငါးရာခိုင်နှုန်း အကောက်ယူတယ်။ ထိုးတဲ့သူက ၁၀၀ ထိုးရင် ၉၅ ကျပ်အတွက်ပဲရတယ်၊ နိုင်လို့ရှိရင် သိန်းတစ်ထောင်မှာ အကောက်အတွက်က ငါးသိန်းဖြစ်နေပြီ။ လက်ကြီးထိုးမဲ့လူ တကယ်သူဌေး အစစ်ဆိုရင် ဒိုင်တွေကသိတယ်၊ လက်မလွှတ်ချင်ဘူးဆိုရင် ပြည်တွင်း တရုတ်တန်းမှာရှိတဲ့ ဒိုင်အချင်းချင်း မလုပ်နိုင်လို့ရှိရင် သူတို့က ယိုးဒယားဘက် ဒါမှမဟုတ်ရင် စင်္ကာပူဘက် အင်တာနက် ဒါမှမဟုတ် ဖုန်းဆက်ပြီး လှမ်းတင်တယ်။”
နိုင်ငံတကာပွဲတွေရော ပြည်တွင်းပွဲတွေကိုပါ MRTV-4 နဲ့ MOVIES-5 လို ရုပ်သံလိုင်းတွေက အချိန်နဲ့တပြေးညီ ပြသနေတာကြောင့် လက်ဖက်ရည်ဆိုင်တွေမှာ အမျိုးသားတော်တော်များများ ဘောလုံးပွဲတွေ ကို အာရုံစိုက်နေကြတဲ့အပေါ် စာရေးဆရာမတစ်ဦးက အခုလိုသုံးသပ်ပြောကြားလိုက်ပါတယ်။
“ရန်ကုန်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တော်တော်များများမှာ ပြတဲ့အခါ လူအတော်များများက စိတ်ဝင်စားကြတယ်၊ လောင်းကြတယ်။ နိုင်ငံရေး တက်ကြွမှုဖြစ်မဲ့ အင်အားစုများကို ဘောလုံးနဲ့ဖမ်းယူ ဆွဲငင်ထားပြီးတော့ ဘာနိုင်ငံရေးတရားမှ မဟောဘဲနဲ့ လူတွေကို ငြိမ်သွားအောင် ဘောလုံးပွဲတွေနဲ့ ဆွဲသွင်းထားတယ်လို့ ယူဆတယ်။”
အားကစားဂျာနယ်ကနေ ဘောလုံးပွဲကြိုတင် ခန့်မှန်းချက်တွေ ကြိုတင် ထည့်သွင်းဖော်ပြနေတာကြောင့် ဒီဂျာနယ်တွေဟာ မြန်မာနိုင်ငံ စာနယ်ဇင်းလောကမှာ ရောင်းအားအကောင်းဆုံးဂျာနယ် စာဆောင်တွေ ဖြစ်နေတယ်လို့လည်း မြန်မာစာနယ်ဇင်း လောကသားတွေက ပြောပါတယ်။
Leave a Reply