ဦးတေဇဦးဆောင်သော ကျောက်မျက်လုပ်ငန်းရှင်များအသင်းတွင် မ၀င်မနေရ
အံ့ဘုန်းမြတ် ၈ နိုဝင်ဘာ ၂၀၀၉
http://burmese.dvb.no/news.php?id=8941
နအဖအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဦးဆောင်ပြီး ပြင်ဆင်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်းကို ကျောက်မျက်ရတနာ လုပ်ငန်းလုပ်ကိုင်သူတွေ မ၀င်မနေရ ပုံစံမျိုးနဲ့ ၀င်နေရပါတယ်။ ဒီအကြောင်းကို ကျောက်မျက်လုပ်ငန်းရှင် တဦးက အခုလိုရှင်း ပြပါတယ်။
“အသင်းဝင် ဖောင်ဝယ်ရတာက သုံးသောင်း၊ အသင်းဝင်ကြေးက တသိန်းခုနှစ်သောင်း၊ အသင်းမ၀င်ရင် ရောင်းဝယ်ခွင့်၊ အက်ဖ်အီးစီ ဒေါ်လာကိုင်ဆောင်ခွင့်တွေ အကုန်လုံးကို သက်တမ်းမတိုးပေးတော့ဘူး။ ကျောက်မိရင်လည်း အသင်းကိုမ၀င်ထားဘူးဆိုရင် ဖမ်းမယ်ဆီးမယ်၊ ကျောက်လုပ်တဲ့လူမှန်သမျှ အသင်းအဖွဲ့ကို ၀င်ရမှာဖြစ်ပါတယ်။”
အသင်းဝင်တွေအနေနဲ့ အသင်းဝင်လိုက်ရပေမယ့် လုပ်ငန်းလုပ်ကိုင်ရာမှာ အာမခံချက်တွေရှိလာနိုင်မှာ မဟုတ်ဘူးလို့လည်း ကျောက်မျက်လုပ်ငန်းရှင်တဦးက အခုလိုဆက်ပြောပါတယ်။
“သူ့ကို ကြောက်လို့သာဝင်ရတယ် ဘာမှလည်း အကျိုးအမြတ်လည်းမရှိဘူး။ သူ့ဆီမှာ အသင်းဝင် ထားလို့ တရားဝင်မလား တရားမ၀င်ဘူးလား မသိဘူး။ အသင်းကဒ်ရှိတဲ့အတွက် ပြည်တွင်းမှာ ကျောက်ကို လွတ်လပ်စွာ သယ်ဆောင်ခွင့် မပြုထားဘူး။ အသင်းဝင်ထားတဲ့ လူတွေဆီက ပိုက်ဆံယူပြီးတော့ စီးပွားရေး လုပ်ငန်းတနေရာမှာ သုံးလိုက်မယ်သဘော၊ လူထုအတွက် ဘာမှလုပ်ပေးတာကိုမရှိဘူး။”
အခုလို အသင်းအဖွဲ့တွေ ဖွဲ့စည်းထားပေမယ့် အသင်းသားတွေ အကျိုးမရှိပဲ အလှူငွေ ရံပုံငွေကောက် ခံတာက ပိုများနေတယ်လို့လည်း အခြားကျောက်မျက်ရတနာ လုပ်ငန်းရှင်တဦးကလည်း ပြောပါတယ်။ “ရန်ပုံငွေတွေ လိုနေတဲ့အတွက်ကြောင့် လုပ်ငန်းအကြီးကြီးတွေလုပ်နေတဲ့ ရွှေဆိုင်ကြီးတွေဆိုရင် လေးငါးသိန်း တောင်းတယ်။ အလှူငွေအတွက်တော့မဟုတ်ဘူး။”
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းကို ဦးတေဇဦးဆောင်တဲ့ အလုပ်အမှုဆောင်အဖွဲ့က ဦးနေ၀င်းထွန်း (ကျောက်စိမ်းနဂါး) အလုပ်အမှုဆောင်အဖွဲ့ ဆီက ၂၀၀၇ ခုနှစ်၊ ဇွန်လကစတင်ပြီး လွဲပြောင်းယူလိုက်ပြီးနောက်ပိုင်း အခုလို အသင်းဝင်ခိုင်းခဲ့တာ ဖြစ်ပါတယ်။
ဒီအသင်းကနေ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာစတဲ့ အာရှဒေသတွင်း နိုင်ငံတွေက ကျောက်မျက် လုပ်ငန်းရှင်အသင်းတွေနဲ့ ပူးပေါင်းပြီး မြန်မာကျောက်မျက် ရတနာတွေကို ကမ္ဘာ့ဈေးကွက်ကို ရောက်ရှိအောင် ကြိုးစားလာတဲ့ ခြေလှမ်း ဖြစ်နိုင်တယ်လို့လည်း ကျောက်မျက်လောကသားအချို့က သုံးသပ်ကြပါတယ်။
လတ်တလောအခြေအနေမှာ နအဖအစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို အမေရိကန်အပါအ၀င် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အရေးယူပိတ်ဆို့ ထားဆဲဖြစ်ပါတယ်။
Leave a Reply