ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်လျှင် ရွေးကောက်ပွဲဝင်မည် မဟုတ်ဟုပြော
အံ့ဘုန်းမြတ် ၂၈ အောက်တိုဘာ ၂၀၀၉
http://burmese.dvb.no/news.php?id=8840
ဖွဲ့စည်းပုံအခြေခံဥပဒေကို အစိုးရဘက်က ပြင်ဆင်ပေးဖို့ သဘောတူမယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းသားပါတီတခု အနေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မယ် လို့ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီအကြောင်းကို ဒီလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ ထူထောင်ခြင်း နှစ် ၂၀ ပြည့် ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားတာပါ။ ၂၀၀၈ ခုနှစ်မှာ နအဖ အစိုးရ ရေးဆွဲအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လူနည်းစုဖြစ်တဲ့ တပ်မတော်သားတွေကို အကာအကွယ်ပေးထားပြီး တပ်မတော် အုပ်ချုပ်ရေးစနစ်ကို အဒွန့်ရှည်အောင်စီမံထားပြီး ဒီမိုကရေစီစနစ်နဲ့ ကွဲလွဲနေတာကြောင့် ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီက ပြင်ဆင်ပေးဖို့ ဒီကြေညာချက်ကနေ တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ နအဖ အစိုးရဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ လက်ခံနိုင်လောက်အောင် ပြင်ဆင်မပေးဘူးဆိုရင် ရွေးကောက်ပွဲ မ၀င်ဘူးလို့လည်း အဲ့ဒီ ကြေညာချက်ကဆိုပါတယ်။
ဇိုမီးအမျိုးသားကွန်ဂရက်ပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တသဘောတည်း ရှိပြီး ရွှေဂုံတိုင်ကြေညာချက်ကို ထောက်ခံထားပါတယ်။ တိုင်းရင်းသားပါတီတခု အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တောင်းဆိုထားပေမယ့် နအဖအစိုးရဘက်က ပြင်ဆင်ဖွယ်မရှိတဲ့ အခြေအနေမျိုးလည်းဖြစ်နေတယ်လို့ ဇိုမီးအမျိုးသားကွန်ဂရက် ပါတီ ဥက္ကဌပူကျင့်ရှင်းထန်က ပြောပါတယ်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်မှုထမ်းဟောင်းနေ့မှာ ပြောတဲ့စကားအတိုင်းဆိုရင် ဒါအထိမခံဘူး၊ ဒီအတိုင်းပဲလုပ်မယ်၊ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ဟာမျိုး ဖြစ်နေတော့ လက်မခံတဲ့သဘော ဖြစ်နေပါတယ်။ လူတွေက မပြောပေမယ့် ဒီဟာကို မကျေနပ်တာအများစုပါ။ တကယ်လို့များ ပြုပြင်မယ်ဆိုရင် ကျနော်တို့ ၀မ်းသာတာပေါ့။”
ဇိုမီးအမျိုးသားကွန်ဂရက်ပါတီဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ် နှစ်နေ ရာစာ အနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသားပါတီတစ်ခုဖြစ်သလို ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှာလည်း ပါဝင်ထားပါတယ်။ တိုင်းရင်းသား ၁၂ ပါတီ ပူးပေါင်းထားတဲ့ ယူအန်အေခေါ် ပြည်တောင်စုတိုင်းရင်းသားများ တပ်ပေါင်းစုမှာလည်း အဖွဲ့ဝင်ပါတီတခု ဖြစ်ပါတယ်။
Leave a Reply