ပုဂ္ဂလိကကျောင်းများကို လာမယ့်ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ခွင့်ပေးမည်
အံ့ဘုန်းမြတ် ၁၈ နိုဝင်ဘာ ၂၀၀၉
http://burmese.dvb.no/news.php?id=9036
လာမယ့်ပညာသင်နှစ်ကနေစတင်ပြီး လက်ရှိဖွင့်လှစ် ပညာသင်ကြားနေတဲ့ ဘော်ဒါဆောင်အချို့ကို အခြေခံပညာ ပုဂ္ဂလိကကျောင်းတွေအဖြစ် ဖွင့်လှစ်ဖို့အတွက် ပညာရေးဝန်ကြီးဌာနကနေ ပြင်ဆင်ခွင့် ပေးထားတယ်လို့ သိရပါတယ်။ ပညာရေးဝန်ကြီးဌာနကနေ ပုဂ္ဂလိကကျောင်းတွေ ဖွင့်လှစ်ခွင့်ပေးဖို့အတွက် ဘော်ဒါဆောင်အချို့ကို စီမံချက်တင်ခိုင်းပြီး ပြင်ဆင်ထားကြဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက လတ်တလော ညွှန်ကြားတဲ့အထဲမှာ နာမည်ကြီး ဘော်ဒါဆောင်တွေဖြစ်တဲ့ မေမြို့အတွက် (စာပန်းအိမ်)၊ နေပြည်တော်အတွက် (စိုးစံ)၊ ရန်ကုန်မြို့အတွက် (ACA) စတဲ့ ဘော်ဒါဆောင်တွေနဲ့ မန္တလေးမြို့အတွက် VEC ၊ CAE ၊ KMC ၊ ELC နဲ့ သူရိန်နန်းစတဲ့ ဘော်ဒါဆောင်တွေ ပါတယ်လို့ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနကို တင်ပြတဲ့နေရာမှာ ကျောင်းနေရာ အကျယ်အ၀န်း၊ အဆောက်အအုံ၊ သင်ကြားမယ့် ဆရာ ဆရာမအင်အား၊ သင်ထောက်ကူပစည်း လုံလောက်မှုရှိမရှိ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အုပ်ချုပ်ရေးစနစ်စတာတွေကို အသေးစိတ် တင်ပြကြရမှာဖြစ်ပါတယ်။
ပုဂ္ဂလိကကျောင်းတွေ ဖွင့်လှစ်ခွင့်ပေးမှာနဲ့ ပတ်သက်လို့မေမြို့က စိုးစံဘော်ဒါဆောင်ပိုင်ရှင် ဗိုလ်မှူးမောင်လတ်က
“ကျနော်တို့ ပရိုက်ဗိတ်စကူးလ်ပေးဖို့ဆိုတာ လာမယ့်မတ်လကုန် ဒါမှမဟုတ် ဧပြီ နောက်ဆုံးဖြစ်မယ် ထင်တယ်။ ကိုယ်ပိုင်ရှိတဲ့လူတွေ၊ လုပ်နိုင်တဲ့လူတွေ စမ်းသပ်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဒေတာကော်လက်ရှင်း အဆင့်ပါ။ ဒေတာကော်လက်ရှင်းပြီးမှလာမှာပါ။ နောက်တနှစ်လောက် သူတို့ကြည့်ပြီးရင် အစိုးရကျောင်းတွေထဲ က ပိတ်သွားတဲ့ကျောင်းတွေကို သူတို့ပိတ်ပြီးတော့ လေလံဆွဲဘာညာ ဒီလိုရှိမယ်ထင်တယ်။ အခု တိတိကျကျ ဘာမှ ပြောလို့မရဘူး။”
ပုဂ္ဂလိကကျောင်းတွေ ပေါ်ပေါက်လာရင် ဘယ်လို အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်မယ်ဆိုတာကိုလည်း သူကဆက်ပြောပါတယ်။
“ဒီလိုပေးရင်တော့ ပိုကောင်းလာမှာပေါ့။ အခု အစိုးရကျောင်းတွေမှာ ဘော်ဒါတွေ လုပ်နိုင်တယ်ဆို တာလည်း အစိုးရကျောင်းမှာ ပြီးပြည့်စုံရင် ဘယ်လုပ်မတုန်း။ တချိန်းတုန်းက အောင်ချက် အကောင်းဆုံးက ရန်ကုန်၊ မန္တလေးနဲ့ မေမြို့က မစ်ရှင်ကျောင်းတွေက ရတာကိုး။ အဲလိုပုံစံပဲ သွားမယ်ထင်တယ်။”
လတ်တလောမှာ ဘော်ဒါဆောင်နေတဲ့ ကျောင်းသားတွေဟာ အစိုးရနေ့ကျောင်းတွေကိုလည်း ကျောင်း ခေါ်ချိန်ပြည့်အောင်တက်ရ၊ ဘော်ဒါဆောင်မှာလည်း တက်နေကြရပါတယ်။ ဒါကြောင့် ပုဂ္ဂလိကကျောင်းတွေ ဖြစ်လာရင် နေ့ကျောင်းတက်တဲ့အချိန် နည်းသွားမှာဖြစ်ပြီး ဘော်ဒါတွေအတွက် စာသင်ချိန်ပိုလာမှာလို့လည်း သူကဆက်ပြောပါတယ်။ အခြား ဘော်ဒါဆောင်ဖွင့်လှစ်ထားတဲ့ ကျူရှင်ဆရာတစ်ဦးက အရင်တုန်းကလို အစိုးရကျောင်း အုပ်ချုပ်မှုစနစ်အောက်ကနေ ပုဂ္ဂလိကကျောင်းမှာ သင်ကြားပြီး စာမေးပွဲဖြေရင် အဆင်ပြေလာမယ်လို့ ပြောပါတယ်။
“ကိုယ့်ဘာသာကိုယ် အပြင်မှာ သင်ကြပေါ့။ ပုဂ္ဂလိကကျောင်းတွေမှာသင်ပြီးတော့ အစိုးရက ကျင်းပပေးတဲ့ စာမေးပွဲတွေဝင်ဖြေ အဲလိုမျိုးတွေ ဖြစ်လာမယ် ထင်တာပဲ။”
ကျောင်းသားတဦးကို တစ်နှစ်စာ ပညာသင်စရိတ်၊ နေစရိတ်၊ စားစရိတ်တွေဟာ နယ်မြို့တွေက ဘော်ဒါဆောင်တွေမှာ ၁၀ သိန်းဝန်းကျင်နဲ့ မြို့ကြီးတွေက နာမည်ကြီး ဘော်ဒါတွေမှာ ၁၅ သိန်းကနေ သိန်း ၂၀ ၀န်းကျင်ကုန်ကျနေပါတယ်။
ဒီလိုကုန်ကျနေရတာကလည်း ခွင့်ပြုချက် လိုင်စင်ကိစ၊ အဆောင်နေ ကျောင်းသားတွေအတွက် ဧည့်စာရင်းခအပါအ၀င် အာဏာပိုင်အဖွဲ့အစည်း အသီးသီးက ကောက်ခံတဲ့ငွေကြေးတွေကိုလည်း ပေးဆောင် နေကြရတာကြောင့်လို့ ဘော်ဒါဆောင်ပိုင်ရှင်အချို့ကပြောပါတယ်။
ဘော်ဒါဆောင်ပညာရေးဟာ ငွေကြေးတက်နိုင်တဲ့သူတွေရဲ့ သားသမီးတွေသာ ထားနိုင်ကြတာမို့ ပုဂ္ဂလိကကျောင်းတွေ ပေါ်ပေါက်လာမယ်ဆိုရင်လည်း အခြေခံပြည်သူလူထုအတွက်တော့ အကျိုးထူး သိပ်မရှိနိုင်ဘူးလို့ အခြေခံကျောင်းသားမိဘတွေကြားမှာ ပြောဆိုနေကြပါတယ်။
ဒါ့အပြင် ပုဂ္ဂလိကကျောင်းတွေ ပေါ်ပေါက်လာရင် ပညာရေးကိုအခြေပြုတဲ့ စီးပွားရေးလုပ်ငန်းတွေကို ငွေအင်အား အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်မယ့်သူတွေ ပေါ်ပေါက်လာနိုင်တယ် လို့လည်း ပညာရေးလောကသားတွေကြား သုံးသပ်မှုတွေရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက် ပြည်သူပိုင်သိမ်းအပြီးမှာ ပုဂ္ဂလိကကျောင်းတွေ စတင်ပျောက်ကွယ်ခဲ့ရတာဖြစ်ပြီး နှစ် ၄၀ ကျော် အကြာမှ နအဖအစိုးရက ပြန်လည်ဖွင့်လှစ်ဖို့ စတင်ညွှန်ကြားလာတာ ဖြစ်ပါတယ်။
Leave a Reply