၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်နိုင်ရန် စစ်မှုထမ်းဟောင်းအဖွဲ့ပြင်ဆင်ဖွဲ့စည်း
အံ့ဘုန်းမြတ် ၁၀ အောက်တိုဘာ ၂၀၀၉ (ဒီဗွီဘီ)
http://burmese.dvb.no/textonly/news.php?id=8681
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေကို ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီတစ်ရပ်အနေနဲ့ ရွေးကောက် ပွဲဝင်နိုင်စေဖို့ ပြည်သူလူထုတွင်း စည်းရုံးလှုပ်ရှားဖို့ ညွှန်ကြားထားပါတယ်။ ပြင်ဆင်ဖွဲ့စည်းတဲ့နေရာမှာ အရင်က အသက်ခြောက်ဆယ်ကျော်အရွယ်တွေကို အဖွဲ့အတွင်းရေးမှူး၊ ဥကဌတို့လို ရာထူးမျိုးတွေ ပေးခဲ့ရာက အသက် လေးဆယ်ကျော် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေနဲ့ ကျန်းမာရေးအရ တပ်ထဲ က နှုတ်ထွက်ထားတဲ့ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးကြီးစတဲ့ အရာရှိတွေနဲ့ ပြင်ဆင်ဖွဲ့စည်းနေပါတယ်။ စစ်မှုထမ်းဟောင်းတွေနဲ့ နီးစပ်သူ တစ်ဦးကအခုလိုပြောပါတယ်၊
“မြို့နယ်စစ်မှုထမ်းဟောင်းတွေမှာ နဂိုရှိတဲ့ လူကြီးပိုင်းတွေကို လူလတ်ပိုင်းတွေနဲ့ ချိန်းပစ်တယ် ဗိုလ်မှုးကြီးအဆင့်တွေပေါ့။ ဒီဖက်ခေတ်မှာ တခုခု အကြောင်းပြပြီး ကျန်းမာရေးနဲ့ ထွက်ထားတဲ့သူတွေကို ပြန်ပြီးခေါ်တယ်။ ဘာလုပ်ခိုင်းလဲဆိုတော့ မြို့နယ်တွေအတွက် အမတ်တနေရာ အမတ်လုပ်ဖို့အတွက် ပြောပါတယ်။ အမတ်လုပ်ဖို့အတွက်ကို ကြိုပြီး ပြင်ဆင်လေ့လာထားဖို့ စစ်မှုထမ်းဟောင်းတွေကနေပြီးတော့ မဖြစ်မနေ မြို့နယ်အမတ်တွေ လုပ်ခိုင်းဖို့အတွက် အစီအစဉ်လုပ်ထားတာ ဖြစ်ပါတယ်။”
လတ်တလောမှာတော့ အရာရှိမဟုတ်တဲ့ စစ်မှုထမ်းဟောင်းတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဘ၀အခက် အခဲတွေကိုတော့ စစ်တပ်အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတစ်ဦးက အခုလိုပြောပါတယ်။
“ဘာနဲ့ရပ်တည်ကြသလဲဆိုရင် အသင်းဝင်ကြေးတွေရှိတယ်၊ လိုင်းကားတွေကို အစုအဖွဲ့အစည်းနဲ့ ထောင်တယ်၊ စည်ပင်သာယာနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေမှာ လုပ်ကြတာတွေရှိတယ်။ ဒါကြောင့် လစဉ်ကြေး သူတို့မှာရှိတယ်။ ဒါပေမဲ့ ပင်စင်သမားမှမဟုတ်ဘူး လက်ငင်းသမားလည်း အဆင်မပြေဘူး။ အရင်တုန်းက ပေးစကေးနဲ့ဆိုရင် ၄၀၀၊ ၆၀၀ လောက်ရတဲ့သူရှိတယ်။ ဒီနှစ်ထဲမှာ ယူတဲ့သူတွေက နဂိုလစာအတိုင်း ၂ သောင်း ရပေမယ့်လို့ ဆန်ကြမ်းတအိပ်စာ နီးနီးလောက်ပဲ ခံနိုင်ရည်ရှိပါတယ်။”
အရာရှိအဆင့် စစ်မှုထမ်းဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ဦးပိုင်ကုမ္ပဏီလို စီးပွားရေးလုပ်ငန်းကြီးတွေက အခြားအရာရှိမဟုတ်တဲ့ စစ်မှုထမ်းဟောင်း တွေကို စီးပွားရေးလုပ်ကိုင်ခွင့်ပေးတာ ရန်ပုံငွေလှူဒါန်းတာမျိုးတွေ ရှိတယ်လို့လည်းပြောပါတယ်။ စစ်မှုထမ်းဟောင်းအဖွဲ့ ရွေးကောက်ပွဲဝင်ခဲ့ရင် ပြည်သူတွေ သူတို့အပေါ် ယုံ ကြည်မှုရှိလာနိုင် မရှိနိုင်ဆိုတာကတော့ သူ့အမြင်ကို အခုလိုဆက်ပြောပါတယ်။
“ဘယ်ပါတီ၊ ဘယ်သူဘယ်ဝါဆိုတာ ပြည်သူလူထုက သိပါတယ်။ အဲဒီပွဲကျမှသူတို့ အဖြေပေးကြမှာပါ။ အရင်တုန်းက မင်္ဂလာဒုံမြို့နယ်မှာ ဗိုလ်ချုပ်မှုးကြီး စောမောင်လက်ထက်က အသံလွင့်မီဒီယာကနေ ဗိုလ်ချုပ်ကြီး ဘယ်ဖက်ထည့်မှာလဲဆိုတာကို အင်တာဗျူးတော့ ကျနော့်သဘော ဆန္ဒပါတဲ့။ အမှန်တကယ် မဲထွက်လာတော့ အကုန်ခမောက်တွေ ပဲထည့်ပစ်လို့ ရှက်ဖာတွေလုပ်ပစ်ခဲ့ပါတယ်။ တကယ့်စစ်သားတွေပါ။ ပင်စင်စားတွေ တောင်မဟုတ်သေးဘူး။”
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံရဲ့ ဒုတိယနေ့မှာ နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။ အဲ့ဒီလို ပြောကြားခဲ့ရာမှာလည်း ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြည်သူတရပ်လုံးက တခဲနက်ထောက်ခံ အတည်ပြုခဲ့တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာဖို့လိုအပ်သလို ပါတီစည်းရုံးရေး ဆောင်ရွက်ရာမှာ လည်း နိုင်ငံအကျိုးစီးပွား ထိခိုက်ပျက်ပြားစေမယ့် အပြုအမူတွေကို ရှောင်ရှားရမယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။ ဒီအချက်ကို ကြည့်ချင်းအားဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေအပါအ၀င် ဒီမိုကရေစီအင်အားစုတွေက တောင်းဆိုနေကြတဲ့ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးကို လက်မခံနိုင် ကြောင်း ပြသလိုက်တာဖြစ်ပါတယ်။
အံ့ဘုန်းမြတ် ၁၀ အောက်တိုဘာ ၂၀၀၉ (ဒီဗွီဘီ)
Leave a Reply