ယဉ်ကျေးမှု ဖတ်သူအတွေး ရေးသူအမြင် (၃)
ကျွန်တော်ဘလော့ခ်ပေါ်မှာ တင်ခဲ့တဲ့ (ယဉ်ကျေးမှု ဖတ်သူအတွေးရေးသူအမြင်မှာ ၂) မှာ ရန်ကုန်က ကိုသန့်ဇင်ပြောကြားလာတာတွေနဲ့ ကွဲပြားခြားနားတဲ့ အမြင်တွေကို ကိုတေဇ လရောင်လမ်း က ပြန်လည် ရေးသားလာတာကိုတွေ့ရပါတယ်။ အခုပြောဆို ရေးသားနေကြတဲ့ အကြောင်းအရာတွေဟာ ကျွန်တော်တို့လူငယ်တွေအတွက် အရေးကြီးတဲ့ အချက်တွေဖြစ်နေတာမို့ ကျွန်တော့်ဘလော့်ကနေ ပြန်လည်တင်ပြပေး လိုက်ရပါတယ်။ ရေးသားမှုတွေနဲ့ ပတ်သက်လို့ကတော့ ပထမဆောင်းပါးကိုရေးသားတဲ့ ကိုသန့်ဇင်နဲ့ ဒုတိယဆောင်းပါးကို ရေးသားတဲ့ ကိုတေဇတို့ရဲ့ သဘောထားအမြင်တွေသာ ဖြစ်တယ်ဆိုတာ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။
လေးစားစွာဖြင့် (အံ့ဘုန်းမြတ်)
==================================================
တေဇာ October 5, 2009 at 11:26 am
“သမ္မတဘွတ်ရှ်နဲ့ အီရတ်ဂျာနယ်လစ်ငနဲ” “ဗြိတိန်စီးပွားရေးဝန်ကြီးနဲ့ သဘာဝပတ်ဝန်းကျင်သမား” ဒီဥပမာတွေနဲ့ “ဦးသိန်စိန်၊ ဦးဉာဏ်ဝင်းနဲ့ ကိုမိုးသီးဇွန်တို့အုပ်စု” ကိစ္စကို ထပ်တူချလို့ရမရ စဉ်းစားစရာရှိပါတယ်။ (“ငနဲ့” သို့သုံးထားခြင်းကို သတိထားမိပါတယ်) ဖိနပ်နဲ့ပစ်ပေါက်ခြင်းဟာ လူကြီးလူကောင်းဆန်တဲ့၊ နိုင်ငံကြီးသားပီသတဲ့ လုပ်ရပ်ဟုတ်မဟုတ်ငြင်းခုန်ချင်တယ်ဆိုရင် ၀ါးရင်းတုတ်နဲ့ အသက်သေသည်အထိ စိမ်ပြေနပြေ ရိုက်သတ်ခြင်းဟာလည်း ဥပဒေနှင့်ညီသော လုပ်ရပ်ဖြစ်ပါသလား စဉ်းစားဖို့ရှိပါတယ်။
ဗြိတိန်ဝန်ကြီးအပေါ်မှာ ထားရှိတဲ့ သဘာဝပတ်ဝန်းကျင်သမားတစ်ယောက်ရဲ့ အမျက်ဒေါသနဲ့ ကျည်ဆန်တွေ ၀ါရင်းတုတ်တွေကို လက်တွေ့ကျကျခံစားခဲ့ရဖူးတဲ့ ပြည်သူတစ်ယောက်ရဲ့ နာကျည်းမှုပမာဏ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ ဒီလို အာဏာနဲ့အနိုင်ကျင့်မှုတွေကို တစ်ဘက်သတ်ခေါင်းငုံခံခဲ့၊ ခံနေရဆဲ၊ ခံနေရဦးမယ့် ပြည်သူတစ်ယောက်ဟာ သူဖိနပ်နဲ့ပြန်ပစ်ပေါက်ဖို့အခွင့်အရေးလေး ရခိုက်မှာ ပေါက်တဲ့ကိစ္စဟာ မဆန်းပါဘူး။
ဒီပို့စ်မှာ လူတန်းစားဆိုတဲ့စကားလုံးတွေ ထပ်နေတာတွေ့ရတယ်။ ဖိနပ်နဲ့ပစ်ပေါက်သူများကို အဆင့်မရှိသူများအဖြစ် ဆိုချင်ပုံရတယ်။ တက္ကသိုလ်ဝန်း ထဲမှာ ဖ်ြပွားတဲ့ကိစ္စကို ကျောင်းသားတွေ Shame on you အော်တာ မဆန်းပါဘူး။ မိန့်ခွန်းပြောကြားနေစဉ်မှာ ရုတ်တရက်ဒေါသနဲ့ ဖိနပ်နဲ့ပစ်ပေါက်မိတဲ့ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ အရမ်းကြီးမားတဲ့ နာကျည်းမုန်းတီးမှုတွေအတွက် အနည်းငယ်မျှသော ထွက်ပေါက်လေးကို ဘောင်ထဲကရယူတာဖြစ်ပါတယ်။ ပညာရေးရေချိန်တွေ၊ ယဉ်ကျေးမှုရေချိန်တွေဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ လက်လွတ်စပယ်တွေးနေလို့မရ ပါဘူး။
ဖိနပ်နဲ့ပေါက်လို့ နိုင်ငံရေးစနစ်ကြီးပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ထို့အတူ ပစ်ပေါက်တဲ့လူကလဲ “ကဲကွာ… ပြောင်းတော့ နိုင်ငံရေးစနစ်” လို့ ရည်ရွယ်ပြီး ပေါက်လိုက်တာ မဟုတ်ပါဘူး။ မပစ်ပေါက်ဘဲ ဥပေက္ခာပြုထားလဲ ပြောင်းလဲမှာမဟုတ်ပါဘူး။ ဦးသိန်းစိန်ဟာ ဒီကိစ္စကြုံပြီးတဲ့နောက် မိန့်ခွန်းပြောကြားရာမှာ တုန်နေတယ်လို့ ဖတ်ရပါတယ်။ ဖိနပ်နဲ့ထိလို့ နာကျင်တာထက် ဂုဏ်သိက္ခာညှိုးနွမ်းသွားစေတဲ့ သေရာပါစိတ်ဝေဒနာတစ်ခု သူ့မှာ ပါသွားမှာဖြစ်ပါတယ်။ (ဒီလိုမခံစားရလောက်အောင် အရည်ထူချင်လည်း ထူနေနိုင်ပါတယ်)ဒါဟာ ထိုသူတွေရဲ့ ရာဇ၀တ်ပြစ်မှု၊ တာဝန်ရှိမှု၊ ယုတ်မာမှုတွေနဲ့စာရင် အရမ်းသေးငယ်လှတဲ့ တုန့်ပြန်မှုလေးမျှသာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်စာရင်းထဲပါပြီဆိုပြီး ထောင်ဗူးဝရောက်မှ “မှားသွားတာ.. မပါဘူး၊ ထောင်ထဲပြန်ဝင်…” ဒီလိုမျိုး “စိတ်ဓာတ်ရေးရာ နှိပ်စက်ညှင်းပမ်းမှုတွေ” နဲ့ယှဉ်ရင် ပန်းနဲ့ပေါက်သလောက်တောင်မရှိပါဘူး။ ဒီကိစ္စအတွက် မြန်မာတွေ သောက်ဆင့်မရှိဘူး ပြောနေခြင်းဟာ “အဆင့်အတန်းပဓာန” သဘောထားတွေရဲ့ ရေလိုက်လွဲနေခြင်းတစ်ခုမျှ ဖြစ်ပါတယ်။ “အမှန်တရားဟာ ခါးတယ်ဆိုပြီး အမှားတရားတွေကို ခံနေမယ်ဆိုရင်တော့ မိမိသဘောသာ ဖြစ်ပါတယ်” နယူးယောက်က မြန်မာတချို့ ဖိနပ်နဲ့ပေါက်ကြပါတယ်။ အများစု မပေါက်ကြပါဘူး။ ပေါက်တဲ့သူတွေမှန်ပါတယ်၊ မပေါက်တဲ့သူတွေလည်း မှန်ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာပြည်သူတွေရဲ့ အဆင့်အတန်းကို နည်းနည်းမျှကိုယ်စားပြုခြင်းမရှိပါဘူး။ သူတို့ဆီက ဘောလုံးပွဲများမှာ ယဉ်ယဉ်ကျေးကျေးရှုတ်ချတာရှိသလို မြို့ခံပြိုင်ဘက်တွေဆိုရင် ရိုက်ကြနှက်ကြတာတွေလည်း ထုနဲ့ဒေးပါ။ လိုရာလေးတွေပဲ ဆွဲထုတ်၊ ဗုဒ္ဓဘာသာလေကလေးနဲ့လှည့်ကိုင်ပြီး ထင်ရာမြင်ရာကောက်ချက်တွေ ဆွဲနေလို့ မဖြစ်နိုင်ပါဘူး။
လင်ကွန်းကွယ်လွန်ခဲ့တာ ကြာပါပြီ။ မိမိနဲ့ထိုက်တန်တဲ့အစိုးရကိုသာ ပြည်သူများရရှိကြတယ်လို့ လင်ကွန်းပြောခဲ့ရာမှာ သူပြောခဲ့တဲ့ စေ့ဆော်မှုနဲ့ ရည်ရွယ်ချက်ကို သိဖို့လိုပါလိမ့်ဦးမယ်။ Absolute Truth လိုသဘောထားပြီး နှောင်းလူများက တဖက်သားကို အပြစ်တင်ရာမှာ ကိုးကားလို့ရပါစေတော့ရယ်လို့ လင်ကွန်းရည်ရွယ်ခဲ့ပုံတော့မပေါ်ဘူး။ ကြိုးစားနိုင်ပါစေ…။
Leave a Reply