စာနယ်ဇင်း, အနုပညာ, ဆောင်းပါး

မြန်မာဝတ္ထုရှည်များနှင့် နောက်ကွယ်မှ ရေးသားခြင်း


(ကျွန်တော် မြန်မာစာပေနဲ့ပတ်သက်လို့ ဒီရက်ပိုင်း ဖတ်ဖြစ်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ဘလော့ခ်ပေါ်ကနေ ထပ်ပြီး ဝေငှလိုက်ရပါတယ်။ ဒီဆောင်းပါးကတော့ ရွှေအမြုတေမဂ္ဂဇင်းမဂ္ဂဇင်းမှာ ဖော်ပြပါရှိခဲ့တဲ့ ဆရာကေမြူးရဲ့ “မြန်မာဝတ္ထုရှည်များနှင့် နောက်ကွယ်မှ ရေးသားခြင်း” ဆိုတဲ့ ဆောင်းပါးပဲဖြစ်ပါတယ်။ မြန်မာစာပေကို လေ့လာလိုသူတွေအတွက် တန်ဘိုးရှိလိမ့်မယ်လို့ ယုံကြည်စွာဖြင့် ထပ်မံဖော်ပြလိုက်ရပါတယ်။)

NONမြန်မာဝတ္ထုရှည်များနှင့် နောက်ကွယ်မှ ရေးသားခြင်း

ကေမြူး

ရသစာပေတွင် ၀တ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ ပြဇာတ်၊ ၀တ္ထုဆောင်းပါး၊ စာတမ်း စသည်တို့ ပါဝင်ကြသည့်အနက် ခေတ်အဆက်ဆက်တွင် ၀တ္ထုရှည်မှာ စာဖတ်ပရိသတ်ကြားသို့ အတွင်ကျယ်ဆုံး ပျံ့နှံ့လျက်ရှိပါသည်။ စာရေး ဆရာများသည် ၀တ္ထုရှည်များအား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့် နယ်ပယ်စုံနှင့် ဘ၀အဖုံဖုံကို နောက်ခံထား၍ အချစ်၊ အိမ်ထောင်ရေး၊ လျှို့ဝှက်သည်းဖို၊ စုံထောက်၊ စွန့်စားခန်း၊ ဟာသနှင့် ဂမ္ဘီရ စသည်တို့မှ အားသန်ရာအကြောင်းအရာကို ရွေးချယ်ဖွဲ့နွဲ့ ဖန်တီးလေ့ရှိကြသည်။ ၀တ္ထုရှည်မှ ပေးသည့်ရသကို စာဖတ်ပရိသတ်မှ နှစ်သက်ခံစားမှုအများဆုံးဖြစ်၍ ၀တ္ထုရှည်မှာ ခေတ်အဆက်ဆက် တွင်တွင်ကျယ်စွာ နေရာရနေခြင်း ဖြစ်သည်။ ဂျိမ်းလှကျော်ရေးသားသော ” မောင်ရင်မောင် မမယ်မ” ၀တ္ထုအား သတ်မှတ်ထားကြပါသည်။ စာရေးဆရာကြီး ဂျိမ်းလှကျော်မှာ အနောက်တိုင်းကာလပေါ်ဝတ္ထုများကို ဖတ်ရှုလေ့လာမှု ရှိခဲ့ရာမှ ပြင်သစ်စာရေးဆရာကြီး Alexandere Dumas ရေးသားသည့် Count of Monte Cristo ၀တ္ထုအား အခြေခံ၍မြန်မာယဉ်ကျေးမှုနှင့် ဓလေ့စရိုက်နှင့် ညီအောင် ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ မောင်ရင်မောင် မမယ်မ၀တ္ထု အောင်မြင်ပြီးနောက် အခြားဝတ္ထုရှည်ရေးသည့်စာရေးဆရာများ ပေါ်ပေါက်လာပြီး ၀တ္ထုရှည်များရေးသားထုတ်ဝေခဲ့ကြရာ ၁၉၀၄ ခုနှစ်မှ ၁၉၀၆ ခုနှစ်အတွင်း ၁၂ နှစ်ကာလတွင် ၀တ္ထုရှည် ၅၀ ပုဒ်ခန့်ထုတ်ဝေနိုင်ခဲ့သည်ဟု သိရှိရပါသည်။ မြန်မာဝတ္ထုရှည် ခေတ်ဦးကာလမှ ထုတ်ဝေမှုမှာ မျက်မှောက်ကာလထုတ်ဝေမှုထက် အဆများစွာ နည်းပါးလှပါသည်။ မြန်မာဝတ္ထုရှည် ထုတ်ဝေခဲ့သည် သက်တမ်းနှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ၂၀၀၄ ခုနှစ်တွင် သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း အဆောက်အအုံ၌ ပြန်ကြားရေး ၀န်ကြီးဌာန ကြီးမှူးကျင်းပခဲ့သည်။ နိုင်ငံတော်အစိုးရမှလည်း ၀တ္ထုရှည်စာပေ ဖွံ့ဖြိုးစည်ပင်ရေးနှင့် နိုင်ငံနှင့်ပြည်သူအကျိုးပြုဝတ္ထုရှည်များ ပေါ်ထွန်းရေးအတွက် ၁၉၄၈ ခုနှစ်မှ စတင်လျက် နိုင်ငံတော်၏ အမြင့်ဆုံးစာပေဆုအဖြစ် စာပေဗိမာန်ဆု၊ အနုပညာစာပေဆုနှင့် အမျိုးသားစာပေဆုတို့အားအသွင်အမျိုးမျိုးဖြင့် ချီးမြှင့်လျက် ရှိသည်။ အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေခွင့် မရသည့် စာရေးဆရာများ၏ ၀တ္ထုရှည်စာမူများ ထုတ်ဝေခွင့်ရရှိရေးအတွက် စာပေဗိမာန် စာမူပြိုင်ပွဲနှင့် တပ်မတော်နေ့ အထိမ်းအမှတ် စာမူပြိုင်ပွဲများ ကျင်းပပြီး ဆုချီးမြှင့်ထုတ်ဝေပေးလျက် ရှိသည်။ ထို့ပြင် စာပေမြတ်နိုးသူများမှလည်း ရသစာပေထွန်းကားရေးနှင့် စာကောင်းပေမွန်များ ပေါ်ထွန်းရေးကိုရည်ရွယ်၍ ပခုက္ကူဦးအုန်းဖေ စာပေဆုနှင့် ရွှေအမြုတေစာပေဆု ချီးမြှင့်ရာတွင် ၀တ္ထုရှည်များကို ထည့်သွင်း စဉ်းစားချီးမြှင့်လျက် ရှိကြသည်။မြန်မာ စာရေးဆရာများစွာမှလည်း လွတ်လပ်ရေးကြိုးပမ်းမှု၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ အတွေးအမြင် မှန်ကန်ရေး စသည့် မွန်မြတ်သော ဦးတည်ချက်များ ဖော်ဆောင်သည့် နိုင်ငံနှင့် ပြည်သူအကျိုးပြု ၀တ္ထုရှည် အများအပြားကို ရေးသားခဲ့ကြသည်။ ထို့ပြင် မြန်မာဝတ္ထုရှည်အချို့မှာ နိုင်ငံတကာ စာအုပ်ထုတ်ဝေသူများမှ သက်ဆိုင်ရာ နိုင်ငံ၏ ဘာသာသို့ ပြန်ဆိုထုတ် ဝေမှုပင် ရှိခဲ့ကြသည်။

၂။ ၁၉၇၀ ပြည့် ၀န်းကျင်နှစ်များတွင် မြန်မာစာပေလောက၌ ၀တ္ထုရှည်များ အား စာရေးဆရာတစ်ဦးမှ အခြား စာရေးဆရာတစ်ဦးအတွက် အခကြေး ငွေဖြင့် နောက်ကွယ်မှ ရေးပေးသည့် စနစ် ကျယ်ပြန့်စွာ ထွန်းကားလာသည် ဟု ခန့်မှန်းကြသည်။ အခကြေးငွေဖြင့် နောက်ကွယ်မှ ရေးပေးသူ (Ghost Writer ) အား ရှဲဒိုး(Shadow) ရေးသူ အဖြစ်လည်း ကင်ပွန်းတပ်ကြသည်။ ထိုသို့ အကြောင်းအမျိုးမျိုးနှင့် အခက် အခဲ အထွေထွေကြောင့် အခကြေးငွေ ဖြင့် နောက်ကွယ်မှ ရေးပေးမှုနှင့် ကိုယ် တိုင်မရေးသားဘဲ သူတစ်ပါးရေးသား သည့် စာမူဝတ္ထုရှည်အား အမည်ခံ ထုတ်ဝေမှုအား စာရေးဆရာတချို့က နှစ်မြို့ခြင်း မရှိကြချေ။ စာရေးဆရာ တချို့မှ အခါအားလျော်စွာ စာနယ်ဇင်း စာမျက်နှာများ၌ ဝေဖန်ရေးသားမှုများ ပြုနေကြသည်။

ဒေါင်းမြန်မာဂျာနယ် (၁.၂.၈၈) တွင် ၁၉၈၇ ခုနှစ် နိုဝင်ဘာလ မဟေသီမဂ္ဂဇင်းမှ စာရေးဆရာကိုထူး၏ ဆောင်းပါးအား အကျဉ်းချုပ်၍ “ရှဲဒိုး ရှဲဒိုး ဘာရှဲဒိုးလဲ” အမည်ဖြင့် ဖော်ပြခဲ့သည်။ ဆောင်းပါးမဖော်ပြမီ အယ်ဒီ တာ (တက္ကသိုလ်စိန်တင်)က “ယနေ့ မြန်မာစာပေလောကတွင် ရှဲဒိုးပြဿနာ ကြီးထွားနေသည်။ နာမည်ကျော်စာရေးဆရာ သို့မဟုတ် စာရေးဆရာမ တစ်ဦးသည် လုံးချင်းဝတ္ထုတစ်အုပ်ကို ကိုယ် တိုင်မရေးဘဲ ရှဲဒိုးရေးပေးသူထံမှ ၀ယ် ယူပြီး မိမိနာမည်ဖြင့် ထုတ်ဝေနေသော ပြဿနာဖြစ်သည်။ ရှဲဒိုးပြဿနာမှာ ယနေ့ထိအဖြေရှာမရသေးသော စာပေကင်ဆာရောဂါ ဖြစ်နေသည်”ဟု နိဒါန်း ပျိုးပေးပြီး ရှဲဒိုးရေးသားမှု ပြဿနာကို မီးမောင်းထိုးပြခဲ့သည်။ စာရေးဆရာကိုထူးမှ အကြောင်းအားလျော်စွာ စာပေ ဆွေးနွေးပွဲများတွင် ရှဲဒိုးရေးသူ၏ ၀တ္ထု ရှည်စာမူကို ၀ယ်ယူပြီး အမည်ခံ ၀တ္ထု ရေးသူအဖြစ် နာမည်ရနေသူများနှင့် ကိုယ်တိုင်ရေးသော်လည်း စာပေဗဟုသုတနှင့် အနှစ်သာရမပါသည့်မည် ကာမတအပေါစားအပျော်ဖတ် ၀တ္ထုရေးသူများ ဖြင့် ကြုံတွေ့ခဲ့ရာမှ ကမောက်ကမ ဖြစ်ရပ်မှန်များအား အကျယ်တ၀င့်တင်ပြပြီး ကောက်ချက်ချသွားပုံမှာ မချင့်မရဲဖြစ် ဖွယ်ပင်။

သူတို့အားလုံးသည် မြင်းစီးပြီး အထီးမှန်း အမမှန်း မသိကြသူများသာ ဖြစ်ပါသည်။ ၀တ္ထုကို ကိုယ်တိုင် မရေးဘဲ ရှဲဒိုးကို ရေးခိုင်း၏။ ပြီးတော့ နာမည်ခံ၏။ နာမည်ခံပြီးထုတ်သည့် ၀တ္ထုကို ပြန်၍မဖတ်ဘဲ ရှဲဒိုးက ရေး ပေးသည့်အတိုင်း ထုတ်ဝေခြင်းသာ ဖြစ်ရာ တေ့တေ့ဆိုင်ဆိုင် တွေ့ကြဆွေး နွေးကြသည့်အခါ အိုးနင်းခွက်နင်း အမြီး အမောက်မတည့်သော အဖြေများကို အရှက်မရှိ၊ သိက္ခာမရှိ ဖြေကြ ပြောကြ လေတော့သည်။

အားမာန်သစ်စာပေမှာ ၀တ္ထုရှည်၊ ၀တ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ် နှင့် အခြားသုတရသ စာပေလက်ရာစုံ စာကောင်းပေမွန်များကို ထုတ်ဝေလျက် ရှိသည့်ပြင် ရင်ခုန်ပွင့်ဝတ္ထုတိုမဂ္ဂဇင်း နှင့် မြန်မာစာပေလောကအတွက် အထူး လိုအပ်သော စာပေဂျာနယ်တို့ကို ကာလ ကြာမြင့်စွာ ထုတ်ဝေခဲ့သည့် အစဉ် အလာရှိ စာအုပ်တိုက်ကြီး ဖြစ်ပါသည်။ ထို့ပြင် အားမာန်သစ်စာပေနှင့် ချယ်ရီ ပန်းစာပေတို့ ပူးပေါင်း၍ ခေတ်ဂျာနယ် ကို ထုတ်ဝေစဉ်က ခေတ်ဂျာနယ် (၁.၉.၉၁) တွင် အယ်ဒီတာအဖွဲ့မှ “အပျော်ဖတ်စာအုပ်များ များပြားလာ မှု” ဆောင်းပါးကို ဖော်ပြခဲ့ပါသည်။ ထိုဆောင်းပါး၌လည်း မြန်မာစာပေ လောက၏ နောက်ကွယ်မှ ၀တ္ထုရှည် များ ရေးသားခြင်းအား တစေ့တစောင်း တင်ပြမှု ပါဝင်ခဲ့ပါသည်။

ယနေ့ မြန်မာလုံးချင်း ၀တ္ထုများ သည် အချစ်ဝတ္ထုများသာ ဖြစ်သည်။ လုံးဝ စိတ်ကူးယဉ်ဝတ္ထုများသာ ဖြစ် သည်။ မည်သည့်အခြေအနေကိုမှ ကိုယ် စားမပြု၊ ရေးနေသော စာရေးဆရာ အမည်ခံများသည် အမျိုးသမီးများသာ ဖြစ်သည်။ အမျိုးသမီး စာရေးဆရာ အချို့တို့၏ စာအုပ်တို့သည် တစ်လကို တစ်အုပ်ခန့် ထွက်ခဲ့သော်လည်း အနှစ် သာရပိုင်း မရှိသလောက် နည်းပါးပြီး မြန်မာ့ယဉ်ကျေးမှုကို ကိုယ်စားမပြု၊ မိမိတို့လူမျိုး ဓလေ့စရိုက်နှင့် မကိုက်ညီ သည့် ဇာတ်လမ်းဇာတ်ကွက်တို့ကိုသာ အလေးပေး၍ ဖော်ပြသည်ဟု ဝေဖန် သူတို့က ဝေဖန်လျက် ရှိကြသည်။

ဒေါင်းမြန်မာဂျာနယ်နှင့် ခေတ် ဂျာနယ်တို့နည်းတူ မြန်မာစာပေလောက မှ ၀တ္ထုရှည်များအား အခကြေးငွေဖြင့် နောက်ကွယ်မှ ရေးသားခြင်းနှင့် စပ် လျဉ်း၍ ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ်များ တွင် အရိန္ဒမာမဂ္ဂဇင်းနှင့် ရွှေအမြုတေ မဂ္ဂဇင်းများ၌ မြတ်ခိုင်က တစ္ဆေဆီ ဆောင်းပါးများဖြင့် ဖွင့်ချခဲ့သည်။ ဖဆ ပလ တိုက်ခန်းမှ နိုင်ငံသိ စာရေးဆရာ ကြီးတစ်ဦးအတွက် အခကြေးငွေဖြင့် နောက်ကွယ်မှ ၀တ္ထုရှည်ရေးသားပေးခဲ့ ပုံ ကိုယ်တွေ့ အတွေ့အကြုံများကို ရဲဝံ့ စွာ ရေးသားခဲ့ပြီးနောက် မြတ်ခိုင်မှ နိုင်ငံကျော် စာရေးဆရာများနှင့် စာရေး ဆရာမများအတွက် အခကြေးငွေဖြင့် နောက်ကွယ်မှ ၀တ္ထုရှည်များ ရေးသား ပြီး အသက်မွေးဝမ်းကျောင်း ပြုခဲ့သူ စာရေးဆရာ ညွန့်တင်ကျော် (ကျော်မင်း နိုင်)နှင့် တွေ့ဆုံမေးမြန်း ဖော်ပြခဲ့သည်။ ထို့နောက် စာပေလောကကို ဖြတ်သန်း ကျင်လည်ရင်း အကြောင်းအားလျော်စွာ နောက်ကွယ်မှ ၀တ္ထုရှည်များ ရေးသား ပေးဖြစ်ခဲ့ကြသည့် ကဗျာဆရာ မြင့်ဦး ဦးမြင့်၊ စာရေးဆရာ၊ ကဗျာဆရာ နောင် ၀င်းထွန်း စသူတို့နှင့်လည်း ဆက်လက် တွေ့ဆုံမေးမြန်းဖော်ပြခဲ့သည်။ မြတ်ခိုင် ၏ တစ္ဆေ ဆောင်းပါးများတွင် ပါဝင် သည်ကို မတွေ့ရှိရသော်လည်း ၂၀၀၆ ခုနှစ် မေလ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း မှ စာရေးဆရာကောင်းထက် (မောင်မိုး ဦး)၏ “ရှေ့နောက် စကားမညီ ပလီ တတ်ပါရဲ့” ဆောင်းပါး၌ အခကြေးငွေ ဖြင့် နောက်ကွယ်မှ ၀တ္ထုရှည်များ ရေး သားပုံ ကိုယ်တွေ့ အတွေ့အကြုံကို ဖော် ပြထားပါသည်။

ကျွန်တော့်စာပေဘ၀ကို မိုးဦးနဲ့ စခဲ့တယ်။ လုံးချင်းဝတ္ထုတွေ ရေးခဲ့ တယ်။ ကိုယ်ပိုင်လုံးချင်းတွေ မထွက် နိုင်တဲ့အခါ အငှားစာရေးဆရာအဖြစ် တခြားလူတွေအတွက် ရေးတယ်၊ ရှဲဒိုး ဘ၀နဲ့ လုံးချင်းအုပ်တစ်ထောင်ကျော် ရေးခဲ့တယ်၊ အဲဒါ မကောင်းမှုလုပ်တာ မဟုတ်ပါဘူး။ ခိုးစားလာဘ်စားတာ ခေါင်းပုံဖြတ်စားတာ မဟုတ်ပါဘူး။ ဒီအလုပ်ဟာ သန့်ရှင်းတဲ့အလုပ်လို့ ကျွန်တော် ခံယူပါတယ်။ ဒါကြောင့် စိတ်ရှင်းရှင်းနဲ့ လုပ်ခဲ့ပါတယ်။ ကနေ့ အထိ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ကျွန်တော် ရေးမယ်ဆိုရင် ကျွန်တော့် စာမူလိုချင်သူ အဆင်သင့်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အလုပ်ကို အလုပ်နဲ့တူအောင် လုပ်လို့ ပါပဲ။ အလုပ်သဘောအရ သူ့အတွက် ရေးပေးတာဆိုပြီးရင် ကိုယ်နဲ့မဆိုင်တော့ဘူးလို့ သဘောထားတယ်။

မျက်မှောက်ကာလတွင် မဂ္ဂဇင်း၊ ဂျာနယ်များစွာ၏ အယ်ဒီတာချုပ်အဖြစ် စာနယ်ဇင်းလောကတွင် ခိုင်မာစွာ ရပ် တည်နေသူ မြတ်ခိုင်မှ စာနယ်ဇင်း လောက ခြေချစက နောက်ကွယ်မှ ၀တ္ထုရှည်ရေးသားခဲ့ပုံကို ဖွင့်ဟသည့် သတ္တိကို တွေ့နိုင်ကြသလို နောက်ကွယ် မှ ၀တ္ထုရှည်များ ရေးသားပြီး အသက် မွေးဝမ်းကျောင်းမှုပြုသူ စာရေးဆရာ ကောင်းထက်(မောင်မိုးဦး)၏ သဘော ထားနှင့် ခံယူချက်ကို မြင်ကြရပါသည်။

၃။ ယခုအခါ စူလာနဖာဆေးနည်း ပဒေသာစာအုပ်များဖြင့် ရောင်း အကောင်းဆုံး စာရေးဆရာ စာရင်းဝင် နေသော စာရေးဆရာ၊ သတင်းစာဆရာ ကြီး သာဂဒိုးမှာ ဒါရိုက်တာအဖြစ် မေတ္တာပေါင်းကူး၊ ပျားစွဲသောမုတ် ဆိတ်၊ ဘုရားပေးသောလက်နှင့် မေတ္တာ စိမ်းစိမ်း စသော ရုပ်ရှင်ကားများကို ရိုက်ကူးခဲ့သည်။ မေတ္တာစိမ်းစိမ်း ရုပ်ရှင် ကားမှာ အမျိုးသားသရုပ်ဆောင် လုံးဝ မပါဘဲ အမျိုးသမီး သရုပ်ဆောင်များ သာ ပါဝင်၍ မြန်မာ့ရုပ်ရှင်သမိုင်း၏ ထူးခြားသော ရုပ်ရှင်ကားများတွင် ပါဝင်လျက်ရှိပါသည်။ ပေါ်ပြူလာ ဂျာနယ် (၆.၁၁.၂၀၀၁)တွင် စာရေး ဆရာ ဒါရိုက်တာ တင်သန်းဦးမှ ရုပ်ရှင် အတွေ့အကြုံ ဆောင်းပါးရေးသားရာ တွင် ပျားစွဲသောမုတ်ဆိတ် ရုပ်ရှင်ဇာတ် ညွှန်းအား စာရေးဆရာငွေမောင်း (တင် သန်းဦး၏ဖခင်) ရေးသားခဲ့သည်ဟု ဖော်ပြခဲ့ခြင်းကို အကြောင်းပြု၍ စာရေး ဆရာ၊ သတင်းစာဆရာ ဒါရိုက်တာ သာဂဒိုးမှ ပေါ်ပြူလာဂျာနယ် (၂၇.၁၁. ၂၀၀၁)တွင် “စာပေတွေ၊ ရုပ်ရှင်တွေ ရှုပ်ရှုပ်ပွေပွေလား” ဆောင်းပါးဖြင့် ရှင်း လင်းတုံ့ပြန်ခဲ့ပါသည်။

“စာပေတွေ၊ ရုပ်ရှင်တွေ ရှုပ်ရှုပ် ပွေပွေလား” ဆောင်းပါးတွင် သာဂဒိုး မှ ၁၉၅၃ ခုနှစ်ခန့်မှ စတင်၍ ဗမာ့ ခေတ် သတင်းစာ ရုပ်ရှင်သတင်း ထောက် ငသောကြာဘ၀ကပင် ရုပ်ရှင် ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ပညာရပ်များ လေ့လာဆည်းပူးခဲ့ပုံ၊ ပထမဦးစွာ မေတ္တာပေါင်းကူး ဇာတ်ကားတွင် အူလည်လည် သာဂဒိုး ဆရာလုပ်သည် ကြော်ငြာစာတမ်းဖြင့် အမည်ခံ ဒါရိုက် တာသက်သက် လုပ်ခဲ့ရပုံ၊ အမည်ခံ ဒါရိုက်တာဘ၀ကို ရှက်လွန်း၍ မခံချင် စိတ်ဖြင့် ကြိုးပမ်းခဲ့ရာမှ ပျားစွဲသော မုတ်ဆိတ် ရုပ်ရှင်ကားအား ကိုယ်တိုင် ဇာတ်လမ်းဇာတ်ညွှန်း ရေးသားပြီး ဒါရိုက်တာအဖြစ် အမှန်တကယ် ဆောင် ရွက်ခွင့်ရပုံ၊ ကြိုးစားအားထုတ်မှုကြောင့် ပျားစွဲသောမုတ်ဆိတ်အား သမ္မတရုံနှင့် မြို့လယ်ရုံများတွင် ရုံတင်ခဲ့ရာ ထိုစဉ်က ဆူပါဝင်ငွေရပြီး အောင်မြင်ခဲ့ပုံ၊ ပျားစွဲ သောမုတ်ဆိတ် ရုံမတင်မီ ရှုမ၀ဦးကျော် မှ ရှုမ၀စာအုပ်တိုက်၏ တိုက်ခွဲ ရွှင် ကြည်ကြည်စာအုပ်တိုက်မှ ပျားစွဲသော မုတ်ဆိတ် ရုပ်ရှင်ဇာတ်ညွှန်းအား အခြေ ခံ၍ စာရေးဆရာသော်တာဆွေအား ၀တ္ထုအဖြစ် ရေးသားစေပြီး ထုတ်ဝေရန် စီစဉ်ပုံ၊ ပျားစွဲသောမုတ်ဆိတ် ၀တ္ထုအား ရေးသားသူများအဖြစ် သော်တာဆွေနှင့် သာဂဒိုးဟု ထူးခြားဆန်းသစ်စွာ ဖော်ပြ ထုတ်ဝေခဲ့ပုံ၊ ပျားစွဲသောမုတ်ဆိတ်ဝတ္ထု အား ဖတ်ကြည့်ရာ၌ သော်တာဆွေ၏ လက်ရာမဟုတ်ဘဲ စာအသွားအလာမှာ တစ်ဘာသာဖြစ်နေပုံတို့ကို ဦးစွာ ဝေေ၀ ဆာဆာ တင်ပြခဲ့ပါသည်။ ထို့နောက် သာဂဒိုးမှ မှားယွင်းယူဆ ရေးသားခဲ့ သူ တင်သန်းဦးကိုလည်း အပြစ်မတင် ဘဲ ရောင်းရင်းကြီးများ ဖြစ်သော စာရေးဆရာကြီး သော်တာဆွေနှင့် ငွေမောင်းတို့၏ ဂုဏ်သိက္ခာလည်း မနွမ်းရအောင် အဖြစ်မှန်ကို သောသော ရွှင်ရွှင်လေး ဖွင့်ပြသွားပါသည်။

ထုတ်ဝေတဲ့ ဆရာကြီးက ကြီး ကြီး၊ ရေးတဲ့ဆရာကြီးကလည်း ကြီး ဖြစ်နေတော့ သော်တာဆွေလက်ရာ မဟုတ်တာကို မပြောသာဘူးပေါ့နော်။ ဒါပေမယ့်လို့ အတုဖြစ်နေတာ တစ်ခုပဲ ဖုတယ်။ ခုပြောရင်း စာပေဇာတ်ရှုပ် တစ်ခုဖြစ်တာကို လုပ်မိနေပါပြီ။ ဟိုတုန်းကပေါ့။ ကိုသော်တာဆွေ စာ တွေကို တစ်ခါတစ်ခါ ကိုသော်တာဆွေ ဇနီး(ဒေါ်မေ)က ၀င်ဝင်ရေးတတ် လုပ် တတ်တယ်လေ။ ခုလည်း ကိုသော်တာ ကြီး မအားတာနဲ့ ဇာတ်ညွှန်း ဇာတ် လမ်းကလည်း အလွယ်တကူရှိတာနဲ့ ဒေါ်မေကပဲ ၀င်ရေးလိုက်တာ ဖြစ်မှာပဲ လို့ ဟိုတုန်းက ပျားစွဲသောမုတ်ဆိတ် ၀တ္ထုလှန်ကာ ကြိတ်တွေးပဲ တွေးလိုက် တယ်။

ဟယ်… အခု အမှုသွားတစ်ခုက အခု နှစ်လေးဆယ်ကျော်အကြာမှာ တစ်မျိုးပြောင်းသွားပြီလား။ ဒီဝတ္ထု စာအုပ်ကို သော်တာဆွေနေရာ ဒေါ်မေ ၀င်ရေးတာမဟုတ်ဘဲ ကိုတင်သန်းဦး ဖခင် ကိုငွေမောင်းကြီးက အကြောင်း ကြောင်းနဲ့ ၀င်ရေးပေးခဲ့လေသလား။ ဟောဒီလိုတစ်မျိုး မဟားတရားနှင့် စဉ်းစားဖို့ရန် ဖြစ်ပြန်တော့သည်ကိုး။ အကြောင်းကြောင်းနဲ့ဆိုတာက အခြား မဟုတ်ပါဘူး။ ကဲ… သူငယ်ချင်းရေ၊ ဒီအကွက်တော့ မင်းဝင်နှက်မှ ဖြစ်တော့ မယ်။ ဒီမှာ ဇာတ်ညွှန်းဇာတ်လမ်း ရှိနေ ပြီးတဲ့ဥစ္စာ၊ ၀တ္ထုသဏ္ဌာန်ပုံ ပေါ်ရုံပဲကွာ၊ ရေးကွာ၊ ရေးခ ကိုကျော်က ပေးမှာ၊ ဒါကို မင်းနဲ့ငါနဲ့ မင်းနဲ့ငါနဲ့ပေါ့။ ဒီအကြောင်းကြောင်းနဲ့ ဤမည်ဝတ္ထု သော်တာဆွေအတု ဖြစ်လာရတယ် ထင်တာပဲ။

ကိုတင်သန်းဦး ရေးပုံအရ ဆက် တွေး၍ ဒီလိုပဲ ဆက်တွေး၍ ဒီလိုပဲ ရေးဖို့ ဖြစ်နေတော့သည်ပဲ။ ၁၉၅၉-၆၀ နှစ်များဆိုတော့ ကိုတင်သန်းဦး မှာလည်း အတော်ငယ်ပါလိမ့်ဦးမည်။ ဖခင်ဖြစ်သူ ကိုငွေမောင်းက ပျားစွဲသော မုတ်ဆိတ် ဇာတ်ညွှန်းကို ၀တ္ထုပြန်ရေး နိုင်ရန် တကိုင်ကိုင် တလှန်လှန် လုပ် နေခဲ့သည်ကို ကိုတင်သန်းဦး အဖန်ဖန် တွေ့မိနေပါလိမ့်မည်။ ဤတွင် ငါ့အဖေ ရေးတဲ့ ဇာတ်ညွှန်းပါလားဟု အသိဝင် သွားနိုင်ပါသည်။ ထို့ကြောင့်လည်း ပျား စွဲသောမုတ်ဆိတ် ဇာတ်ညွှန်းကို ဖခင် ရေးတာဟု အခုရေးသားလိုက်တာ ဖြစ် သည်။ ဟုတ်ကဲ့ ကောင်း၏။ မရှိဆင်းရဲ သား သာဂဒိုးနာမည် ရောင်းစားခဲ့တာ လည်း မဖော်ချင်ဘဲနဲ့ သနားစရာ ပေါ် ကုန်ပြီ။ ဒီလိုတွေ ဖော်ရာရောက်ရင်းက ကိုတင်သန်းဦးအဖေ၏ အတုလုပ်သည့် လူမသိသည့် အမှုဟောင်းကလည်း အကြောင်းကြောင်းနှင့် ဟောင်းလောင်း လေးပေါ် ဖြစ်ရပြန်တော့ကိုး။ အားလုံး ကို အားနာစွာပဲ ဖော်ကာ ရေးရပါ သည်။

သာဂဒိုး၏ ဖွင့်ပြမှုကြောင့် စာရေး ဆရာကြီး သော်တာဆွေ၏ ၀တ္ထုရှည် အပါအ၀င် စာပေလက်ရာစုံတွင် ဇနီး ဖြစ်သူ(ဒေါ်မေ)မှ နောက်ကွယ်မှ သော် တာဆွေကိုယ်စား အခါအားလျော်စွာ ရေးလေ့ရေးထ ရှိပုံကို သိခွင့်ရခဲ့ပြီး ၁၉၅၉-၆၀ ခုနှစ်များက သော်တာဆွေ အတွက် နောက်ကွယ်မှ ငွေမောင်းက ပျားစွဲသောမုတ်ဆိတ် ရေးပေးခဲ့ခြင်း အား သိခွင့်ရလိုက်ရပါသည်။

စာရေးဆရာကြီး ရန်အောင်မှာ ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး၊ ၀တ္ထုရှည် များအပြင် အချစ်နှင့် အိမ်ထောင်ရေး ကျမ်းနှင့် တက်ကျမ်းများကို ရေးသား ခဲ့ပြီး ရှုမ၀နှင့် မြ၀တီမဂ္ဂဇင်းများနှင့် စာပေဗိမာန်တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ကွယ်လွန်သည် အထိ စာပေရေးသားခြင်းဖြင့် မွေ့လျော် ခဲ့သည့် စာရေးဆရာကြီး ဖြစ်ပါသည်။ မျက်မှောက်ခေတ် စာပေလောကတွင် ကျင်လည်ဆဲ စာရေးဆရာများ ဖြစ် သည့် မြတ်ခိုင်၊ ညွန့်တင်ကျော်(ကျော် မင်းနိုင်)၊ မြင့်ဦးဦးမြင့်၊ နောင်ဝင်းထွန်း နှင့် ကောင်းထက်(မောင်မိုးဦး) စသူတို့ မှ နောက်ကွယ်မှ ၀တ္ထုရှည်များ ရေး သားခဲ့ကြသည့် ကိုယ်တွေ့ဖြစ်ရပ်များ ကို ဖွင့်ဟခဲ့ကြသည့်နည်းတူ စာရေး ဆရာကြီး ရန်အောင်ကလည်း ရုပ်ရှင် ကြေးမုံမဂ္ဂဇင်း (၁၉၈၉ ဇန်န၀ါရီ)တွင် “ကျွန်တော် ဘယ်ကလာသနည်း” ဆောင်းပါးဖြင့် ဖွင့်ဟခဲ့ရာ စိတ်ဝင်စား ဖွယ် ကောင်းလှပါသည်။

စာရေးဆရာကြီး ရန်အောင်က “ကျွန်တော် ဘယ်ကလာသနည်း” ဆောင်းပါးအား ခေါင်းစဉ်ငယ်ကလေး များခွဲ၍ တင်ပြခဲ့ရာ ရဲထွတ်မင်းဆွေ အတုအပ ခေါင်းစဉ်ငယ်တွင် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလအတွင်း၌ နေအိမ်သို့ ထုတ်ဝေသူတစ်ဦး ရောက်ရှိလာပြီး စာရေးဆရာ ရဲထွတ်ထံတွင် နှစ်ကျပ် တန် ၀တ္ထုတစ်ပုဒ် ရေးပေးရန် စာမူခ ၇၀၀ ကျပ်ပေးပြီး ဖြစ်ကြောင်း၊ ယခု အခါ ရဲထွတ် အသည်းအသန် မကျန်း မမာဖြစ်ပြီး မျှော်လင့်ချက် မရှိတော့၍ အကြံပေးစေလိုကြောင်း ပြောဆိုလာ သဖြင့် စာရေးဆရာရဲထွတ် နေအိမ်သို့ သွားရောက်ခဲ့ပုံ၊ ထုတ်ဝေသူပြောသည့် အတိုင်းပင် စာရေးဆရာ ရဲထွတ်မှာ ကျန်းမာရေး မကောင်းတော့ပုံ၊ ထုတ် ဝေသူထံမှ စာမူခ နှစ်ရာကျပ် ထပ်မံ တောင်းခံပြီး ၀တ္ထုကို အဆုံးသတ် ရေး ပေးရန် ကတိပေးခဲ့ပုံတို့ကို ဦးစွာ ဖော်ပြ ပြီး နောက်ကွယ်မှ ရဲထွတ်နှင့်မင်းဆွေ အတွက် ၀တ္ထုရှည်များ ရေးပေးခဲ့ခြင်း ကို ဖွင့်ဟခဲ့ပါသည်။

ထုတ်ဝေသူက ငွေ ၂၀၀ ကျပ် ပေးသဖြင့် ရဲထွတ်ထံသွားပြီး ငွေ ၁၀၀ ကျပ် ပေးလိုက်၏။ ရဲထွတ်က ကျွန်တော့်အား နောက်တစ်ခေါက် လာ ပါဦး၊ ၀တ္ထုဇာတ်လမ်းကို အစအဆုံး ပြောပြပါမယ်ဟု မှာသဖြင့် နောက် တစ်ခေါက်သွားတော့ ရဲထွတ် ကွယ် လွန်နေရှာပေပြီ။ ရဲထွတ်ရေးခဲ့သည့် ချစ် ဆန်းကျယ်ဝတ္ထု ပုံနှိပ်စာ ၅ မျက်နှာကို ကြည့်၍ ကျွန်တော် အဆုံးသတ်အောင် ရေးပေးလိုက်သည်။

ထို့နောက် မကြာမီတွင်ပင် ထိုထုတ်ဝေသူပင် ကျွန်တော့်ထံ ရောက် လာပြီး မင်းဆွေရေးသည့် ၀တ္ထု ၂ ကျပ် တန် လိုချင်သည်။ ရေးခ ၄၀၀ ကျပ် ပေးမည်ပြော၏။ မင်းဆွေထံ ကျွန်တော် သွားရောက်တွေ့ဆုံရာ မင်းဆွေမှာ ကျန်းမာရေး မကောင်းသဖြင့် စာမရေး နိုင်ပေ။ ထို့ကြောင့် ကျွန်တော်ကပင် မင်းဆွေ၏ အရေးဖြင့် ချစ်ရေးမညီ ၀တ္ထုကို ရေးလိုက်ပြီး မင်းဆွေနှင့် ကျွန်တော် တစ်ယောက်လျှင် ၂၀၀ ကျပ် စီ ယူရလေသည်။

၎။ စာရေးဆရာကြီး မင်းဆွေမှာ ကိုလိုနီခေတ်နှောင်းကာလ (၁၉၃၅-၁၉၄၆)တွင် ၀တ္ထုတို၊ ၀တ္ထုရှည်နှင့် အခြားစာပေလက်ရာစုံကို ရေးသား သော အောင်မြင်သည့် စာရေးဆရာ အဖြစ်သာမက သတင်းစာအယ်ဒီတာ နှင့် စာအုပ်ထုတ်ဝေသူအဖြစ်ပါ ထင် ရှားခဲ့သည်။ စာရေးဆရာကြီး မင်းဆွေ ၏ စာပေလက်ရာများအနက် နယ်ချဲ့ ဆန့်ကျင်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင် သန်ရေး ဦးတည်သည့် ဓားဝတ္ထုမှာ မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ၁၃၀၅ ခုနှစ် စာပေဆုရရှိခဲ့ပြီး ယနေ့ ထက်တိုင် အကြိမ်ကြိမ် ရိုက်နှိပ်ထုတ် ဝေရဆဲ ရှိသည်။ ဓားဝတ္ထုမှာ ရုပ်ရှင် အဖြစ် နှစ်ကြိမ်နှင့် ဗီဒီယိုအဖြစ် နှစ်ကြိမ်ထိ ရိုက်ကူးခဲ့ကြသည်။ ထို့ပြင် စာရေးဆရာကြီး မင်းဆွေ၏နာမည် စာအုပ်မှာ ယခုခေတ် တက်ကျမ်းများ နှင့်အပြိုင် လူကြိုက်များလျက် ရှိသည်။ စာရေးဆရာကြီး မင်းဆွေ၏ ဘ၀ဖြစ် စဉ်မှ ထူးခြားချက်မှာ ၁၉၄၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် နေအိမ်မှ ပျောက်ဆုံးသွားရာ ယနေ့ထိ သတင်း မှန်မရခြင်း ဖြစ်သည်။ ရာပြည့်စာအုပ် တိုက်မှ ထုတ်ဝေသည့် နှစ်ဆယ်ရာစု မြန်မာစာရေးဆရာ ၁၀၀ အတ္ထုပ္ပတ္တိ အကျဉ်းစာအုပ်တွင် မင်းဆွေ၏ အတ္ထုပ္ပတ္တိအကျဉ်းတွင် ချစ်ရေးမညီ ၀တ္ထုမှာ ရန်အောင်ရေးပြီး မင်းဆွေ ကလောင်အမည်နှင့် ထုတ်ဝေကြောင်း အမှတ်အသားရှိသည်ဟု လည်းကောင်း၊ ဗန္ဓုလသတင်းစာတွင် ဆရာကြီးပီမိုး နင်း အယ်ဒီတာချုပ်လုပ်စဉ် မင်းဆွေမှ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက် ရင်း စာရေးဆရာကြီး ပီမိုးနင်း ရုတ် တရက် မကျန်းမမာဖြစ်စဉ် ပီမိုးနင်း၏ ရေးလက်စ အခန်းဆက်ဝတ္ထုရှည်ကြီး ကို မင်းဆွေမှ ကိုယ်စားရေးပေးခဲ့သည် ဟု လည်းကောင်း ဖော်ပြထားပါသည်။ စာရေးဆရာကြီး မင်းဆွေနှင့် နောက် ကွယ်မှ ၀တ္ထုရှည်များ ရေးသားခြင်း ဆက်နွှယ်မှုပင် ဖြစ်သည်။

ကိုလိုနီခေတ်နှောင်းကာလ ၁၉၃၄ ခုနှစ်တွင် မြန်မာစာပေလောက၏ ပြော စမှတ်ပြုရမည့် ဖြစ်စဉ်တစ်ခုအဖြစ် နှစ်ပဲတန် ၀တ္ထုများကို အရှိန်အဟုန်ဖြင့် တွင်ကျယ်စွာ ထုတ်ဝေလာကြသည်။ နှစ်ပဲတန်ဝတ္ထုများမှာ အရွယ်အစား အလျား ၇ဓ နှင့် အနံ ၅ဓ ရှိပြီး စာမျက် နှာ ၆၄ မျက်နှာပါဝင်သည်။ လေးပဲ တန် ၀တ္ထုများ ထုတ်ဝေနေကြစဉ် အုပ် ရေ နှစ်ထောင်ပင် မကုန်နိုင်ဘဲ ရောင်း ချမှု ကျဆင်းလာသောကြောင့် ကိုဘိုးရ မှ ရွှင်ပျော်ပျော်စာအုပ်တိုက်ကို တည် ထောင်ပြီး ရှေးဦးစွာ တက်ထွန်း၏ အပျိုပေါက် နှစ်ပဲတန်ဝတ္ထုကို စမ်းသပ် ထုတ်ဝေခဲ့သည်။ ပထမအကြိမ်အဖြစ် အုပ်ရေလေးထောင် ထုတ်ဝေရာ ချက် ချင်း ရောင်းကုန်သွား၍ ဒုတိယအကြိမ် ထပ်မံ၍ အုပ်ရေလေးထောင် ထုတ်ဝေ ရာတွင်လည်း ရောင်းကုန်ခဲ့ရာမှ နှစ်ပဲ တန်ဝတ္ထုများကို အပြိုင်အဆိုင် ရေးသား ထုတ်ဝေခဲ့ကြသည်။ အများအားဖြင့် နှစ်ပဲတန်ဝတ္ထုများမှာ အပျော်ဖတ် အချစ် ၀တ္ထုများသာ ဖြစ်ကြသည်။

အချို့ နှစ်ပဲတန်ဝတ္ထုများမှ ညစ် ညမ်းသော စာပေအရေးအသားများကို ထောက်ပြပြီး ညစ်ညမ်းစာပေဟု သမုတ်ကြသည်။ အချို့မိဘများမှ သား သမီးများအား နှစ်ပဲတန်ဝတ္ထုများကို ဖတ်ရှုမှုမပြုရန် တားမြစ်ကြသည်။ စာရေးဆရာ၊ သတင်းစာဆရာ ဂျာနယ် ကျော် ဦးချစ်မောင်က မြန်မာ့အလင်း သတင်းစာမှ နှစ်ပဲတန်ဝတ္ထုများအား ဆန့်ကျင်ရေးသားခဲ့သည့်နည်းတူ ဂန္ထ လောကမဂ္ဂဇင်း (၁၉၃၄ ဇူလိုင်)က လည်း အပေါစားစာပေ တစ်ပဲတန်၊ နှစ်ပဲတန် ၀တ္ထုများမှာ လစဉ်သုံးသောင်း ခန့် ထုတ်ဝေနေရာ စာရေးဆရာကောင်း များမှ ထိုအသုံးမကျသော ၀တ္ထုများကို ၀င်ရောက်ရေးသားကြသည်မှာ ၀မ်း နည်းဖွယ်ဖြစ်ကြောင်း ရေးသားခဲ့သည်။ ရန်ကုန်မြို့ မြို့မကျောင်းဝင်းအတွင်း တရားပွဲတွင် မိုးညှင်းဆရာတော်ကြီးမှ ၀တ္ထုဆန့်ကျင်ရေးတရား ဟောကြားပြီး နှစ်ပဲတန် ၀တ္ထုများကို မီးပုံရှို့ပြခဲ့သည်။

အချို့က နှစ်ပဲတန် ၀တ္ထုများ တွင် ကျယ်စွာ ထုတ်ဝေရာမှ ပြည်သူများ စာဖတ်သည့် အလေ့အထ ပျိုးထောင် နိုင်သည်ဟု ဆိုကြသည်။ စာရေးဆရာ ဒါရိုက်တာ ဦးဥာဏက စာပေတန်ဖိုး သည် ငွေတန်ဖိုး၌မတည်ဘဲ ဖြစ်နိုင် လျှင် အခမဲ့ရေးသားဝေငှသင့်ကြောင်း ပြောဆို၍ အရည်အသွေးရှိသော နှစ်ပဲ တန် ၀တ္ထုများကို အင်တိုက်အားတိုက် ရေးသားခဲ့ပါသည်။ စာရေးဆရာကြီး ပီမိုးနင်းကလည်း နှစ်ပဲတန် ၀တ္ထုများ ပါဝင်ရေးသားခဲ့ပြီး နှစ်ပဲတန်ဝတ္ထုများ ရေးသားရာမှ သုခနှင့် တင့်တယ်တို့ သည် ထင်ရှားသော စာရေးဆရာများ ဖြစ်လာကြသည်။

နှစ်ပဲတန် ၀တ္ထုများ ဂယက်ကြား မှ အမည်ခံ စာရေးဆရာများ ပေါ်ထွန်း ခဲ့မှုကို ခေတ်ဂျာနယ် (၁.၉.၉၁) တွင် အယ်ဒီတာမှ “နှစ်ပဲတန်ဝတ္ထုကလေး များသည် မြန်မာစာပေသမိုင်းကြောင်း ကို တစ်မျိုးတစ်ဖုံ ဖြစ်စေခဲ့သည်။ မြန်မာစာပေ၏ ထူးခြားသော လှုပ်ရှား မှုတစ်ခုဟုလည်း ဆိုလျှင် ရနိုင်ခဲ့၏။ စာရေးဆရာအမည်ခံ စာရေးဆရာ မြောက်မြားစွာ ပေါ်ခဲ့သည်”ဟု လေ့လာ ပြခဲ့သည်။ နှစ်ပဲတန် ၀တ္ထုများမှာ သက် တမ်း ၈ နှစ်ခန့်သာ ရှိခဲ့ပြီး ထိုကာလ မှာပင် အမည်ခံ စာရေးဆရာများ ပေါ် ထွန်းခဲ့သည်မှာ နောက်ကွယ်မှ ၀တ္ထု ရှည်များ ရေးကြခြင်း၏ ပြယုဂ်ပင် ဖြစ် သည်။

၁၉၁၀ ပြည့်လွန်နှစ်များတွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးမှ မန္တလေး မောင်ခင်မောင် ကလောင် အမည်ကိုပါခံယူပြီး လောကီလောကုတ္တ ရာကျမ်းများစွာနှင့် ၀တ္ထုရှည်များ ရေး သားခဲ့သည်။ ၁၉၁၄ မှ ၁၉၁၈ ခုနှစ် ကာလတွင် ခင်မြင့်ကြီး၊ တင်တင်မြ၊ သန်းသန်းစသော ရှေးနန်းတွင်းပုံစံ အချစ်ဝတ္ထုများကို ရေးသားခဲ့ပြီး ၁၉၁၉ မှ ၁၉၂၅ ခုနှစ်ကာလတွင် နတ်ရှင် နောင်၊ ရွှေပြည်ကြီး၊ ဗညားနွဲ့နှင့် တပင် ရွှေထီး စသော အမျိုးသားဇာတိမာန် တက်ကြွအောင် လှုံ့ဆော်သည့် သမိုင်း နောက်ခံဝတ္ထုကြီးများကို ရေးသားခဲ့ သည်။ ထိုဝတ္ထုရှည်များအနက် တင် တင်မြ ၀တ္ထုမှာ မြန်မာ့အလင်း မဂ္ဂဇင်း တွင် အခန်းဆက် ရေးသားခဲ့ပြီးနောက် ၁၉၁၆ ခုနှစ်တွင် နှစ်တွဲခွဲ၍ ထုတ်ဝေ ခဲ့သည်။ ပရိသတ် ကြိုက်နှစ်သက်သော် လည်း ဇာတ်လမ်းအဆုံးမသတ်နိုင်ခဲ့၍ ၁၉၄၁ ခုနှစ်တွင်မှ တတိယတွဲကို ဆက် လက်ထုတ်ဝေကာ ဇာတ်သိမ်းခဲ့သည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးမှာ အသက် ၆၀ အရွယ် ၁၉၃၉ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီးမှ တင်တင်မြ၀တ္ထု (တတိယတွဲ) ထုတ်ဝေခဲ့ခြင်း ဖြစ် သည်။ မလိခ၏ မြန်မာစာပေအဘိဓာန် တွင် တင်တင်မြ၀တ္ထု (တတိယတွဲ)၌ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ လက် ရာအဖြစ် ဖော်ပြထားသော်လည်း လယ် တီပဏ္ဍိတ ဦးမောင်ကြီး ကွယ်လွန်ပြီး မှ ဒဂုန်ဦးထွန်းမြင့်က ဆက်လက်ရေး သားခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည့် နည်းတူ ဒဂုန်ဦးထွန်းမြင့် ရေးသားခဲ့ သည့် စာအုပ်နှင့် ကျမ်းများ စာရင်းတွင် တင်တင်မြ၀တ္ထု (တတိယတွဲ)ကို ထည့် သွင်းဖော်ပြခဲ့သည်။ မြန်မာဝတ္ထုရှည် ခေတ်ဦးကာလက နောက်ကွယ်မှ ၀တ္ထု ရှည် ရေးသားပေးပုံကို တွေ့ရှိကြရပါ သည်။

၅။ ကိုလိုနီခေတ်နှောင်းကာလ ၁၉၃၆ ခုနှစ်ဝန်းကျင်တွင် စာရေးဆရာကြီး ပီမိုးနင်း၏ ဗန္ဓုလ သတင်းစာမှ အခန်း ဆက်ဝတ္ထုရှည် (အခန်းအချို့)အား စာရေးဆရာကြီး မင်းဆွေက နောက် ကွယ်မှ ရေးသားခြင်းနှင့် ၁၉၄၁ ခုနှစ် တွင် စာရေးဆရာကြီး လယ်တီပဏ္ဍိတ ဦးမောင်ကြီး အမည်ခံ ထုတ်ဝေသည့် တင်တင်မြ၀တ္ထုရှည် (တတိယတွဲ)အား စာရေးဆရာကြီး ဒဂုန်ဦးထွန်းမြင့်က နောက်ကွယ်မှ ရေးသားခြင်း၊ ပါလီမန် ဒီမိုကရေစီကာလ ၁၉၄၈ ခုနှစ်တွင် စာရေးဆရာကြီးမင်းဆွေ အမည်ခံ ထုတ်ဝေသည့် ချစ်ရေးမညီ ၀တ္ထုရှည် အား စာရေးဆရာကြီး ရန်အောင်က နောက်ကွယ်မှ ရေးသားခြင်း၊ ၁၉၄၈ ခုနှစ်တွင် စာရေးဆရာကြီးရဲထွတ် အမည်ခံထုတ်ဝေသည့် ချစ်ဆန်းကျယ် ၀တ္ထုရှည်အား စာရေးဆရာကြီး ရန်အောင်က နောက်ကွယ်မှ ရေးသား ခြင်း၊ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်တွင် စာရေးဆရာကြီး သော်တာဆွေနှင့် သာဂဒိုး ပူးတွဲအမည်ခံ ထုတ်ဝေသည့် ပျားစွဲသောမုတ်ဆိတ် ၀တ္ထုရှည်အား စာရေးဆရာကြီး ငွေမောင်းက နောက် ကွယ်မှ ရေးသားခြင်းတို့မှာ လက်လှမ်း မီသမျှ မြန်မာဝတ္ထုရှည်များအား နောက် ကွယ်မှ ရေးသားခြင်း သာဓကတချို့ သာ ဖြစ်ပါသည်။ ကာယကံရှင် စာရေး ဆရာကြီးများ၏ ဖွင့်ဟချက်များမှ တစ်ဆင့် သိရှိကြရသည့်ပြင် လူမှုရေး၊ ကျန်းမာရေး၊ မပြီးပြတ်သော ၀တ္ထုရှည် အဆုံးသတ်ရေး စသော အကြောင်းရင်း များကြောင့် စာရေးဆရာချင်း ရိုင်းပင်း ကြမှုအဖြစ် တွေ့ရှိရပါသည်။ မျက် မှောက်ကာလ (၁၉၇၀ ပြည့်ဝန်းကျင် မှ ယနေ့အထိ) အခကြေးငွေဖြင့် ၀တ္ထု ရှည်များအား နောက်ကွယ်မှ ရေးသား နေခြင်းနှင့်မူ အသွင်သဏ္ဌာန်အားဖြင့် များစွာခြားနားလှပါသည်။

ကေမြူး

(၀တ္ထုရှည်စာတမ်းများ (စာပေဗိမာန်)၊ စာနယ်ဇင်းသမိုင်းစာတမ်းများ (စာပေဗိမာန်)နှင့် မလိခ၏ မြန်မာစာပေ အဘိဓာန်တို့ကို ညှိနှိုင်းကိုးကားပါသည်။)

Last Updated on Sunday, 22 June 2008 20:22

(မှတ်ချက် ။   ။ စာမူအား “ရွှေအမြုတေမဂ္ဂဇင်းဝက်ဘ်ဆိုက်ဖြစ်သည့် http://www.shweamyutay.com/site/index.php?option=com_content&view=category&layout=blog&id=90&Itemid=275&limitstart=77 မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။)

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: