Archive for

မြန်မာ့နိုင်ငံရေး ရေးသူအတွေး ဖတ်သူအမြင်


မြန်မာ့နိုင်ငံရေး ရေးသူအတွေး ဖတ်သူအမြင်

အံ့ဘုန်းမြတ်

ကျွန်တော်ဘလော့ခ်မှာ တင်ခဲ့တဲ့ ( လတ်တလော မြန်မာ့နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါး များအပေါ် ဆရာလူထုစိန်ဝင်းအမြင်ကို သည်ဗွီုက်ဂျာနယ် ပြန်လည်တုန်ပြန်ခြင်း) ဆောင်း ပါးပေါ်မှာ စာဖတ်ပရိသတ်တွေက သူတို့အမြင်တွေကို လွတ်လပ်စွာနဲ့ ဆွေးနွေးလာကြတဲ့ စာတွေကို အခြား စာဖတ်ပရိသတ်တွေ အနေနဲ့လည်း ပြန်လည်ဖတ်ရှုနိုင်အောင် ပိုစ်တစ်ခု အဖြစ်ပြန်တင်ပေး လိုက်ရပါတယ်။ သူတို့တွေ ရေးသားလာကြတဲ့ထဲမှာ လတ်တလော ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ ရေးပြဿနာတွေအပေါ် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အမြင်တွေ ဘယ်လောက်ပါဝင်နေတယ်ဆိုတာကို ဖတ်ရှု့လေ့လာနိုင် ကြမှာဖြစ်ပါတယ်။ ဆိုက်ဘာခေတ်နဲ့ အစိုးရရဲ့ တပြေးညီမဟုတ်တဲ့ မူဝါဒတွေကြောင့် စာရေးသားပို့လာသူတွေ အမည်မှန်နဲ့ တာဝန်ယူ တာဝန်ခံစိတ် အပြည့်အ၀မရှိကြပေမယ့် သူတို့ ရေးသားထားတဲ့ စာတွေမှာ ဘယ်လောက် နိုင်ငံသားကောင်း စိတ်ဓာတ်တွေ ပါဝင်နေတယ်ဆိုတာ အောက်ပါအတိုင်းသာဖြစ်ပါတယ်။ သူတို့အယူအဆနဲ့ ဆန်ကျင့်ဘက် အယူအဆနဲ့ အမြင်တွေ ရှိမယ်ဆိုရင်လည်း ပြန်လည် ရေးသားနိုင်ကြပါတယ်။ မကြာခင်မှာ ရွေးကောက်ပွဲ၊ လွှတ်တော်၊ ပါတီလူတန်းစား စတဲ့အရာတွေနဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလူ့ဘောင်သစ်တစ်ရပ်အတွက် အရေးအကြီးဆုံးကတော့ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်ဖြစ်တယ်လို့ မြင်ပါတယ်။ အစိုးရရဲ့ တပြေးညီမဟုတ်တဲ့ မူဝါဒတွေကြောင့် လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ကို ဆိုက်ဘာခေတ်ရဲ့ နည်းလမ်းတွေနဲ့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

==========================================

lady philosopher September 23, 2009 at 8:09 am

ပထမဆုံးပြောချင်တာက အတိုက်အခံနိုင်ရေးအင်အားစုတွေနဲ့ သူတို့ကိုအားပေးတဲ့ မီဒီယာတွေကို The Voice က Watch Dog လို့သုံးလိုက်တာဟာတော်တော်လေးခံပျင်းစရာကောင်းပါတယ်။

သံသယဖြင့်စောင့်ကြည့်သူ (Watch Dog) လို့သုံးထားပေမဲ့ သံသယဖြင့်စောင့်နေတဲ့ခွေး မိမိသခင်ရဲ့စီးပွားကို ကာကွယ်တဲ့သူ တစ်နည်းအားဖြင့် သခင်အားရကျွန်ပါးဝပေါ့ အဲဒီစကားကိုအဓိပါယ်ဖွင့် ကြည့်ရင် ဘယ်သူက သခင်အာရကျွန်ပါးဝလုပ်နေတာလဲဆိုတာ စဉ်းစားကြည့်ရင်အဖြေကရှင်းလေးလေးပါ ဘယ်ဒီမိုကရေစီသမားမှ သခင်အကြိုက်လိုက်ပြီး ဟောင်နေတဲ့ခွေးမျိုးမရှိပါဘူး။ ပြည်တွင်းက မီဒီယာအရေခြုံပြီး အစိုရကြိုက်လုံးတွေနဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ သူတို့ကိုအားပေးတဲ့ မီဒီယာတွေကို တိုက်ခိုက်နေသူတွေကသာ မဲမဲမြင်ရင်ဟောင်နေတဲ့ သံသယနဲ့စောင့်နေတဲ့ ခွေးတွေနဲ့တူနေပါတယ်။

“နိုင်ငံသားများသည် ၎င်းင်းတို့နှင့်ထိုက်တန်သော နိုင်ငံရေးစနစ်ကို ရကြခြင်းဖြစ်သည် ဆိုသောအချက်မှာ တစ်နည်း အားဖြင့် Civilization ၏အတိုင်းအဆသည် ရရှိမည့် ဒီမိုကရေစီ၏အတိုင်းအဆသာလျှင် ဖြစ်သည်ဟုဆိုခြင်း ဖြစ်ပေသည်။” လို့ The Voice ကဆိုပါတယ်။

ဒါကိုကြည့်ရင်ခံယူချက်မယ်မယ်ရရမရှိတဲ့ နိုင်ရေးသမားတစ်ဦးရဲ့အမြင်တစ်ခုဖြစ်သလို ဖြစ်သမျှအကောင်းပဲလို့ တွေးနေ တတ်တဲ့ခံယူချက်ပီပီပြင်ပြင်မရှိတဲ့ ယောင်ဝါးဝါးလူတွေရဲ့ အတွေရဲ့ အတွေးအခေါ်ပါ။

လူသားတိုင်းဟာ ကိုယ့်ကံကြမာကို ကိုယ်ဖန်တီးခွင့်ရရမှာပါ။ ကိုယ့်ကံကြမာကို ကိုယ်မြန်မာနိုင်ငံသားတွေဖန်တီးမရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ 1962 မှာ ဦးနေ၀င်းခေါင်းဆောင်တဲ့ စစ်အစိုးရအုပ်ချုပ်တာခံရပြီး မြန်မာပြည်သူတွေဟာ မျက်စိကိုအတင်းပိတ်ခံထာရတဲ့ လူတွေလိုဖြစ်ခဲ့ပြီးပါပြီ။ 1988 မှာ ဘယ်သူမမဖိတ်ခေါ်ပဲတက်လာတဲ့ စစ်အစိုးရကလည်း မြန်မာပြည်သူတွေကို မျက်စိပါ မက နား ပါးစပ် အကုန်ပိတ်ထားပြီးပါပြီ။ ကိုယ့်ကံကြမာကိုယ်ဖန်တီးခွင့်မရတဲ့ မြန်မာပြည်သူတွေဟာ စစ်ဘိနပ်အောက်ဓှာပဲ ပြားပြားဝပ်နေပြီးပါပြီ။ ဒီတစ်ခါမှာတော့ ကိုယ်လိုတဲ့ နိုင်ငံရေးအခြေအနေကို ကိုယ်ကိုတိုင်ဖန်တီးခွင့်ရရေးဟာ မြန်မာနိုင်ငံသားများရဲ့အိမ်မက်ပါ။

စစ်အစိုးရတင်ပေးမဲ့ ရုပ်သေးအစိုးကို ဘယ်ပြည်သူကမှ မလိုလားပါဘူး။ ကြောက်လို့လက်မခံချင်ဘဲ လက်ခံလိုက်ရရင် သိပ်မကြာခင်မှာပဲ လူထုအုံကြွမှုဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းဦးမှာပါပဲ။ အဲဒီအခါမှာ စစ်တပ်ကမလွဲမရှောင်လို့ပါဆိုတဲ့ ဆင်ခြေပေးဦးမှာပါပဲ။ ဒါကသူတို့ရဲ့မရိုးနိုင်တဲ့ဗျူဟာပါ။ ဒီလိုနဲ့ သူတိုရဲ့စစ်မျိုးစစ်နွယ်တွေဟာ မြန်မာ့နိုင်ငံရေးစင်မြင့်ကနေ ဆင်းပေးမှာ မဟုတ်ပဲ အာဏာမြဲနေဦးမှာပါ။ ယခုရွေးကောက်ပွဲဟာ စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးဟုတ်ပါရဲ့လား စဉ်းစာစရာပါ။

နအဖ အစိုးကသာ မြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းမှုကို တကယ်ပဲလိုလားခဲ့ရင် သူတို့ကိုအတိုက်ခံလုပ်တဲ့ သူတွေကို လွတ်လပ်စွာမဲဆွယ်ခွင့် စည်းရုံးခွင့်ပေးရမှာပေါ့။ အခုတော့ မြန်မာပြည်သူတွေ လက်ခံတဲ့ နိုင်ငံရေးအင်အားစုတွေကို မလှုပ်နိုင်အောင်ချုပ်ထားပြီး ဘယ်သူကသူတို့ရဲ့လက်ဝေခံ ရုပ်သေးအစိုးရဖြစ်နိုင်မလဲဆိုတာ နအဖ က စောင့်ကြည့်ပြီး နိုင်ငံရေးပြဇာတ်ကိုကြိုတင်ပြီးဇာတ်ညွှန်ခွဲနေတာပါ။ ဒါကိုလည်း The Voice ကအယ်ဒီတာမင်းများသိကြမှာပါ။ တကယ်တော့ နိုင်ငံရေးသဘောကွဲလွဲခွင့်ဆိုတာ ဘယ်လိုနိုင်ငံရေးမှာမဆိုရှိသင့်တဲ့ကိစပါ

“အတိတ်ကိုလည်းမကြည့်နဲ့ အနာဂတ် ကိုလည်းမကြည့်နဲ့ လက်တွေ့ကိုပဲကြည့် ဆိုတဲ့စကားလုံးပေါ့။ အဓိပ္ပါယ်မရှိဘူးလို့ ကျနော်က ချေပတယ်။ အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ အနာဂတ်ဆိုတဲ့ ကွင်းဆက်ဟာ ဖြတ်ပစ်လို့မရဘူး။ အတိတ်ကို ပြန်မကြည့်ချင်တဲ့လူတွေက အတိတ်မလှတဲ့ လူတွေဖြစ်တယ်။ အနာဂတ်ကို မကြည့်တဲ့လူ တွေက အနာဂတ်မှာ သူတို့အတွက် နေရာမရှိတဲ့လူတွေဖြစ်တယ်လို့ ကျနော်ရေးခဲ့တယ်။ အဲဒါမျိုးတွေကျတော့ ရေးခွင့်မရဘူးလေ။” တကယ်တော့ ဆရာပြောတာသိပ်ကောင်းတဲ့စကားပါ။

လူရယ်လို့ဖြစ်လာရင် အတိတ်ပစ္စုပ္ပန်အနာဂတ်ဆိုတာ မေ့ပြစ်လို့မရပါဘူး။ အတိတ်ကာလက သူလုပ်ခဲ့တဲ့အကြောင်း အရာက သူ့နောက်ကိုအမြဲလိုက်နေမှာပါ။ လူတစ်ယောက်ကောင်းလားဆိုးလားဆိုတာ သူ့ရဲ့အတိတ်ကအကြောင်းနဲ့ သူမျက်မှောက်ဘ၀မှာ လုပ်နေတဲ့ အခြေအနေအပေါ်ကို ဝေဖန်သုံးသပ်ကြည့်ရမှာလေ။ အနာဂတ်လှစေချင်ရင် အတိတ်က မကောင်းတာတွေကိုသင်ခန်းစာယူပြီး ပစ္စုပ္ပန်ကိုမှန်အောင်ကြည့်တတ်ဖို့ပါပဲ။ လွတ်လပ်စွာဆွေးနွေးကြည့်ခြင်း ဖြစ်ပါတယ်။

lady philosopher

==========================================

အညတရ အစိုးရ၀န်ထမ်းဟောင်းတစ်ဦး September 28, 2009 at 12:19 pm

နိုင်ငံရေးအာဏာသည် သေနတ်ပြောင်းဝတွင်တည်သည် ဆိုသော အယူအဆ၊ နိုင်ငံသားများသည် ၄င်းတို့နှင့် ထိုက်တန်သော အစိုးရတစ်ရပ်ကိုသာရရှိကြသည်ဆိုသော အယူအဆများသည် ယဉ်ကျေးသောလူ့အဖွဲ့အစည်းနှင့် အံဝင်ဂွင်ကျမရှိကြတော့ပေ ပြည်သူလူထု၏ အခန်းကဏ္ဍကိုအလေးထားသိမြင်ကြသည့် လူ့အဖွဲအစည်းများတွင် ကိုယ်ကြမာကိုယ်ဖန်တီနိုင်သည့် နိုင်ငံရေးစနစ်များထွန်းကားလျှက်ရှိသည်ကို အထင်းသားတွေမြင်နိုင်ကြပါသည်။

ရွေးကောက်ပွဲ အသွင်ကူးပြောင်းရေးအဆင့်တစ်ခုအဖြစ်မြင်လိုလှပါသည် သို့ရာတွင် အတွေ့အကြုံများအရ ထိုသို့ဖြစ်မလာခဲ့သည်မှာ မြန်မာနိုင်ငံ၏သမိုင်တွင်ရာစုနှစ်ဝက်ခန့်ရှိပြီဟုပြောနိုင်ပါသည် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်တစ်ပါတီအာဏာရှင်ကို အသက်သွင်းခဲ့သည့် ဥပဒေဖြစ်သော်လည်း ပါတီစင်စစ် မဟုတ်သူများလည်းပြည်သူ့ကိုယ်စားလှယ်များအဖြစ် ၀င်ရောက်အရွေးခံနိုင်သည် ပြဌန်းချက်များပါရှိသဖြင့် ပထမဆုံးအကြိမ်တွင် စမ်းသပ်ကြည့်သူများ ပေါ်ပေါက်ခဲ့ပါသည်။ ထိုပုဂိုလ်များမှာ ပြည့်သူလွှတ်တော်သို့ မရောက်ရှိကြဘဲ မော်စကို(ထောင်ထဲ)ကိုသာရောက်သွားကြပြီး၊ အပိုဆုကြေးအဖြစ် နယ်မြေခံပါတီယူနစ်များမှ ကော်မီတီဝင်များလည်း တာဝန်မှ ရပ်ဆဲခံခဲ့ကြရသည်ကို ပြန်လည်သတိရမိပါသည်။ ထိုအတူ မဝေးခဲ့သော ကာလတစ်ခုကပြုလုပ်ခဲ့သော ရွေးကောက်ပွဲသည်လည်း အသွင်ကူးပြောင်ရေး ဖြစ်/မဖြစ်ကို အများအသိဖြစ်ပါသည်။ သို့ပါရု ရွှေးကောက်ပွဲအပေါ် သံသယရှိသူများကိုလည်း အပြစ်မဆိုသာပေ…..

မြန်မာစာနှင့် မြန်မာစကားသည် မြန်မာများကိုယ်တိုင်ပင်နားလည်ရန်ခက်ခဲလှပါသည်။ အဓိပါယ်နှစ်ခွ၊ သုံးခွစသည်ဖြင့် ဖြစ်ပေါ်စေသောဝေါဟာရများရှိကြပါသည်၊ သည်နေရာတွင် * သူတို့* ဆိုသောဝေါဟာရ၏ အဓိပါယ်မှာလည်း မိမိနှင့် အယူအဆ သဘောထားမကိုက်ညီသူများကိုဖော်ညွှန်းသကဲ့သို့ မိမိမှတပါး အခြားသူများကိုပြောဆိုရေးသားရာတွင် လည်းသုံးစွဲလေ့ရှိကြပါသည်။

သတင်းစာဆရာကြီးနှင့် DVB တို့၏ Interview ကိုလေ့လာရတွင် The Voice Weekly ကိုသော်လည်းကောင်း၊ ဦးသန့်မြင့်ဦးနှင့် မစွတာဂျင်ဝတ်တို့ကို လည်းကောင်းထိုက်ခိုက်စွတ်စွဲသည့် အဓိပါယ်ပေါ်လွင်မှု မရှိဟုယူဆပါသည်။ ပြည်တွင်းဖြစ်သည့် media အတော်များများတွင်မှု သတင်းစာဆရာကြီးပြောကြားသကဲ့သို့ရေးသားထုတ်လွင့် တင်ပြချက် များကို တွေရှိနေရသည်မှာငြင်းကွယ်ရ်ျ မရနိုင်ပေ။ ယင်းပုဂိုလ်များကိုသာ သတင်းစာဆရာကြီးရည်ညွှန်းဟန်ရှိပါသည်။

မြန်မာစာနှင့် မြန်မာစကား၏ အနက်အဓိပါယ်ကိုလည်းသဘောပေါက်သင့်ပါသည်။ ရိုးစင်းသောဖြစ်ရပ်တစ်ခု၊ ပြောဆိုရေးသားမှုတစ်ခုအား မိမိလိုရာဆွဲယူ ပုံဖော်ရန်မသင့်ဟု ယူဆပါသည်။ အကယ်ရ်ျ လိုအပ်သည်ထက် ပိုမိုပုံဖော်မှု များရှိနေပါက…. the voice weekly သည်လည်းတစ်စုံတစ်ရာသောပယောဂများ ပူးကပ်နေသည်ဟု ယူဆရမည်သာ ဖြစ်ပါသည်။

အညတရ အစိုးရ၀န်ထမ်းဟောင်းတစ်ဦး

Advertisements

လတ်တလော မြန်မာ့နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးများအပေါ် ဆရာလူထုစိန်ဝင်းအမြင်ကို သည်ဗွီုက်ဂျာနယ် ပြန်လည်တုန်ပြန်ခြင်း


လတ်တလော မြန်မာ့နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးများအပေါ်

ဆရာလူထုစိန်ဝင်းအမြင်ကို သည်ဗွီုက်ဂျာနယ် ပြန်လည်တုန်ပြန်ခြင်း

အံ့ဘုန်းမြတ် (2009 ခုနှစ်၊ စက်တင်ဘာလ 19 ရက်)

သည်ဗွီုက်ဂျာနယ်မှာ ဖော်ပြပါရှိနေသော နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးများနှင့် ပတ်သက်ပြီး ကျွန်တော် ဆရာလူထုစိန်ဝင်း အမြင်ဘယ်လိုတွေရှိမယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာန အတွက် အင်တာဗျူး ပြုလုပ်ဖြစ်ခဲ့ပါတယ်။ ဒီအပေါ်ကို သည်ဗွီုက်ဂျာနယ် အယ်ဒီတာအာဘော်မှာ (Civilization) ဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားလာတာကိုတွေ့ရပါတယ်။ အဲ့ဒီထဲက စာသားတစ်ချို့ကို ကောက်နှုတ်ပြောပြရလျှင် ရွေးကောက်ပွဲ ကို အသွင်ကူးပြောင်း ရေးမဟုတ်ဟု သံသယဖြင့် စောင့်ကြည့်သူ Watch dog  များကြောင့်ရွေးကောက်ပွဲကို ပိုမိုပီပြင်အောင် လုပ်ဆောင်ပေးရန် တာဝန်ပိုရှိသွားသည်ဟုပင် သဘောထားပါသည်။ လို့ ရေးသားထားပါတယ်။

================================================

ကျွန်တော်အနေဖြင့် ဒီလို ဆရာလူထုစိန်ဝင်းနှင့် အင်တာဗျူးလုပ်ဖြစ်ခဲ့တာနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်ကိုလည်း ပြောပြထားချင်ပါတယ်။ ဒီလိုပါ လူတစ်ဦးချင်းတစ်ယောက်ခြင်း ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ခု၊ အုပ်စု တစ်စု၊ အဖွဲ့အစည်းတစ်ခုမှာ မတူကွဲပြားခြားနားတဲ့ အမြင်အမျိုးမျိုးရှိတက်ကြပါတယ်။ အဲ့ဒီလို အမျိုးအမျိုးကွဲပြားခြား နားလျှက် ရှိတဲ့အမြင်တွေကို ထုတ်ဖော်ပေးခြင်းသည်သာ သတင်းသမားတို့၏ အခန်းကဏ္ဍလို့ ပထမဆုံး ခက်လွယ်လွယ် ရှု့မြင်သုံးသပ်မိပါတယ်။

ကျွန်တော်တို့ဟာ လူငယ်တွေဖြစ်တာကြောင့်  နိုင်ငံတော် (state) နဲ့ အစိုးရ (Goverment) ခွဲခြားရှုမြင်မိပါတယ်။ ဒါကြောင့် အမှန်တရားတစ်ခုအတွက် သစ္စာတရားကို စွန့်လွှတ်ရမယ်ဆိုရင် နိုင်ငံတော် (state) အတွက်သာ စွန့်လွှတ်နိုင်ပါ့မယ်။ အစိုးရ (Goverment) အတွက်တော့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်ပါ။  ဒါဟာ (၂၁) ရာစု မြန်မာလူငယ်တွေ လက်ခံယုံကြည်ထားတဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ်တစ်ခုလို ပြောချင်ပါတယ်။ နိုင်ငံတော်အစိုးရ လို့ခေါ်ဝေါ်သုံးစွဲနေတဲ့အပေါ်မှာလည်း ခွဲခြားရှုမြင်တက်တဲ့ မျိုးဆက်လည်းဖြစ်နေပါတယ်။ အထူးသဖြင့် စကားများများပြောဖို့လိုတဲ့ ဒီမိုကရေစီစနစ်မှာ အကောင်းဆုံးပါဆိုတဲ့ အတွေးအခေါ်တစ်ခုကိုပဲ တစ်ဘက်ပိတ်ပြောဆိုမနေ ပဲ အပြုသဘောဆောင်တဲ့ နားလည်လက်ခံမှုမျိုးကို လိုလားတောင့်တတဲ့ မျိုးဆက်လည်းဖြစ်ပါတယ်။ အလုပ်ဖြစ်ရေး လမ်းစဉ်ထက် သာလွန်ကောင်မွန်ရေးလမ်းစဉ် ကို လိုလားတဲ့သူတွေလည်းဖြစ်တယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။

================================================

The Voice 5-46.pmdCivilization

Civilization ဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်း ‘We’ ခေါ် ကျွန်ုပ်တို့ဟု ပြောဆိုသူ တဖြည်းဖြည်းများပြားလာပြီး ‘Us, Them’ ခေါ် ငါတို့နှင့် သူတို့ဟုပြောဆိုသူနည်းသွားသော အခြေအနေမျိုးကိုဆိုလိုပါသည်။ မတူညီခြင်းများကို မတူညီသည့်အတိုင်း လက်ခံရန် သဘောတူညီ ခြင်းဖြစ်လေသည်။ ဒီမိုကရေစီစနစ်၏ အဓိကရေခံမြေခံကြီး သုံးခုအနက်တစ်ခုဖြစ်သည့် Democratic beliefs and Political Culture ဆိုသည်မှာ တစ်နည်းအားဖြင့် Civilization  ပင်ဖြစ်လေသည်။

နိုင်ငံသားများသည် ၎င်းင်းတို့နှင့်ထိုက်တန်သော နိုင်ငံရေးစနစ်ကို ရကြခြင်းဖြစ်သည် ဆိုသောအချက်မှာ တစ်နည်းအားဖြင့် Civilization ၏အတိုင်းအဆသည် ရရှိမည့် ဒီမိုကရေစီ၏အတိုင်းအဆသာလျှင် ဖြစ်သည်ဟုဆိုခြင်းဖြစ်ပေသည်။

မကြာသေးခင်က အင်တာနက် Website တစ်ခုပေါ်တွင် မြန်မာနိုင်ငံတွင်းမှ သတင်းစာဆရာကြီးတစ်ဦး၏ အင်တာဗျူးကို ဖော်ပြရာ၌ အဆိုပါသတင်းစာဆရာကြီးက (နိုင်ငံရေးအချောင်သမားတွေ) (သတင်းစာဆရာကောင်းတို့ရဲ့ ကျင့်ဝတ် မဟုတ်ဘူး) ဆိုသော စကားလုံးများသုံးစွဲ၍ The Voice Weekly  တွင် ဖော်ပြခဲ့သော ဆောင်းပါးများနှင့် ပတ်သက်၍ ဝေဖန်ခဲ့ပါသည်။ စိစစ်မှုမရှိသော မီဒီယာပေါ်တွင် ပြောဆိုနေခြင်းဖြစ်၍ ၎င်းင်းအနေဖြင့် အယူအဆမတူသည့်ကိစ္စကို လွတ်လပ်စွာပြောဆိုရှင်းလင်းနိုင်ပါလျက် ယခုကဲ့သို့ ပုဂ္ဂိုလ်ရေးထိခိုက်ရေးသားဖော်ပြမှုများအတွက် အထူးပင်ဝမ်း နည်းကြောင်းဖော်ပြလိုပါသည်။ ဤသဘောထားမျိုးသည် မြန်မာတို့၏ Civilization ကို ထင်ဟပ်နေခြင်း မဟုတ်ပါ စေနှင့်ဟု ဆုတောင်းလိုက်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ရွေးကောက်ပွဲကို အသွင်ကူးပြောင်းရေးအဆင့် တစ်ခုအနေဖြင့် လက်ခံသော်လည်း ထိုသို့ လက်မခံသူများ၏ အယူအဆကို ပုဂ္ဂိုလ်ရေးထိခိုက်ရန်ဝေးစွ မဟုတ်မမှန်ကြောင်းပင် မရေးသားခဲ့ပါ။ သေးသိမ်အောင် လည်း မပြုလုပ်ခဲ့ပါ။ ရွေးကောက်ပွဲကို အသွင်ကူးပြောင်းရေးမဟုတ်ဟု သံသယဖြင့် စောင့်ကြည့်သူ Watch dog  များကြောင့်ရွေးကောက်ပွဲကို ပိုမိုပီပြင်အောင် လုပ်ဆောင်ပေးရန် တာဝန်ပိုရှိသွားသည်ဟုပင် သဘောထားပါသည်။ ရွေးကောက်ပွဲကို အသွင်ကူးပြောင်းရေး အဆင့်တစ်ခုအဖြစ် လက်ခံကြောင်း နိုင်ငံရေးအယူအဆကို ရေးသားဖော်ပြရုံမျှ သက်သက်ဖြင့် (နိုင်ငံရေးအချောင်သမား) အဖြစ် သတ်မှတ်ခြင်း၊ (သတင်းစာဆရာကောင်းတို့၏ ကျင့်ဝတ်မဟုတ် ကြောင်း) စွပ်စွဲခြင်းများသည် မတူညီသော သဘောထားများကို တည်ရှိခွင့်မပြုလိုသော Civilization မျိုးကို ရည်ညွှန်းနေခြင်းဖြစ်ပါသည်။

ရွေးကောက်ပွဲကို အသွင်ကူးပြောင်းရေးအဆင့်တစ်ခုအဖြစ် လက်ခံသော သဘောတရားပါဝင်သည့် ဆောင်းပါးများ မည်သူမဆို ရေးသားဖော်ပြခွင့် ရနေခြင်းကို (အထူးအခွင့်အရေးအဖြစ် သူတို့တစ်စောင်ကိုပဲ ရတာပါ) ဟုစွပ်စွဲခြင်းသည် ထိုသို့ရေးသားနေသူများနှင့် ထိုဆောင်းပါးများကို ထည့်သွင်းဖော်ပြနေသည့်မီဒီယာများ၏ ဂုဏ်သရေကို ညှိုးနွမ်းအောင် တမင်ရည်ရွယ်ပြုလုပ်ခြင်းအဖြစ် ခံစားရပါသည်။

အဆိုပါသတင်းစာဆရာကြီးအနေဖြင့် နိုင်ငံ၏ကောင်းကျိုးကို လိုလားသည်ဆိုသောအချက်ကို သံသယမရှိပါ။ အဆိုပါသတင်းစာဆရာကြီး၏ ရေးသားဖော်ပြချက်များ စေတနာစစ်မှန်၍ ပုဂ္ဂိုလ်ရေးကင်းကြောင်း မှန်ခဲ့ပါလျှင် ဆရာကြီးပြောဆိုရေးသားသမျှ အောင်မြင်ပါစေကြောင်း သစ္စာပြုလိုက်ပါသည်။ The Voice Weekly တွင် ရေးသားဖော်ပြမှုများ စေတနာစစ်မှန်၍ ပုဂ္ဂိုလ်ရေးကင်းရှင်းခဲ့ပါလျှင် ကျွန်ုပ်တို့ဆောင်ကြဉ်းသမျှ အောင်မြင်ပါစေကြောင်း ဤနေရာမှ သစ္စာပြုလိုက်ပါသည်။

အယ်ဒီတာ (၁၆-၉-၂၀၀၉)

The Voice Weekly

ဂျာနယ်အချို့မှာ ဖော်ပြခွင့်ရရှိနေတဲ့ လတ်တလောမြန်မာ့နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေအပေါ် ၀ါရင့်သတင်းစာဆရာကြီး ဆရာလူထုစိန်ဝင်း အမြင်


ဂျာနယ်အချို့မှာ ဖော်ပြခွင့်ရရှိနေတဲ့

လတ်တလောမြန်မာ့နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေအပေါ်

ဝါရင့်သတင်းစာဆရာကြီး ဆရာလူထုစိန်ဝင်း အမြင်

အံ့ဘုန်းမြတ် (၁၂ စက်တင်ဘာ ၂၀၀၉ )

လတ်တလော မြန်မာ့နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေ ဂျာနယ်အချို့မှာ ဖော်ပြခွင့်ရရှိနေတာနဲ့ ပတ်သက်ပြီး ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းရဲ့ သဘောထားအမြင်တွေ ဘယ်လိုရှိတယ်ဆိုတာကို ဒီဗွီဘီသတင်းဌာနအတွက် ဆက်သွယ် မေးမြန်းဖြစ်ထားတာတွေကို ပြန်လည် တင်ပြပေးလိုက်ရပါတယ်။

မေး။    ။ ဗွီုက်ဂျာနယ်တို့ဘာတို့မှာ ဦးသန့်မြင့်ဦးတို့ မစတာဂျင်ဝက်ဒ်တို့ ဆောင်းပါးမျိုးတွေကို ဘာသာပြန် ဖေါ်ပြလို့ရနေပါတယ်။ အဲဒီလိုမျိုး ဖေါ်ပြလို့ရနေတာနဲ့ ပတ်သက်ပြီးတော့ ဆရာ့အမြင်ဘယ်လိုရှိလဲ ဆိုတာ သိချင်ပါတယ်ဆရာ။

အဲဒါက အထူးအခွင့်အရေးအနေနဲ့ ရတာဗျ။ အဲဒါနဲ့မတူတဲ့ အယူအဆတွေကို ရေးခဲ့တာတွေကျတော့ လုံးဝကိုထည့် လို့မရဘူး။ ဒါကို ကျနော်တို့က ၀မ်းသာရတယ်လို့ ပြောလို့မရဘူးဗျ။ ဒါအထူးအခွင့်အရေးနဲ့ သူတို့ တစောင်ကိုပဲရတာပါ။ သူတို့ အယူအဆတွေကို ပြန်ချေပတဲ့ ဆောင်းပါးတွေ ၄ ပုဒ်လောက်ရေးခဲ့ပါတယ်။ ၄ ပုဒ်စ လုံး အပိတ်ခံခဲ့ရတာပဲ၊”

မေး။    ။ ဟုတ်ကဲ့ဆရာ ဆရာဘယ်ဂျာနယ်တွေမှာများ ရေးခဲ့တာလဲ။

ကျနော်ရေးခဲ့တာ Weekly မှာရေးတယ်၊ News Watch မှာရေးတယ်၊  True မှာရေးတယ်၊ Favorite မှာရေးတယ်၊ အယူအဆကိုအယူအဆချင်း ပြန်ချေပတာပေါ့ဗျာ အဲဒါမျိုးတွေ ရေးလို့မရဘူး၊ သူတို့ကတော့ အထူးအခွင့်အရေးအနေနဲ့ ရေးခွင့်ရတာပေါ့ဗျာ။

မေး။    ။ ဆရာဘယ်လိုပုံစံမျိုးနဲ့ ပြန်ရေးထားတာမျိုးတွေကို အပယ်ခံခဲ့ရတာပါလဲ။

ဥပမာ ကျနော်နမူနာလေးတခုပြောမယ်။ အတိတ်ကိုလည်းမကြည့်နဲ့ အနာဂတ် ကိုလည်းမကြည့်နဲ့ လက်တွေ့ကိုပဲကြည့် ဆိုတဲ့စကားလုံးပေါ့။ အဓိပ္ပါယ်မရှိဘူးလို့ ကျနော်က ချေပတယ်။ အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ အနာဂတ်ဆိုတဲ့ ကွင်းဆက်ဟာ ဖြတ်ပစ်လို့မရဘူး။ အတိတ်ကို ပြန်မကြည့်ချင်တဲ့လူတွေက အတိတ်မလှတဲ့ လူတွေဖြစ်တယ်။ အနာဂတ်ကို မကြည့်တဲ့လူ တွေက အနာဂတ်မှာ သူတို့အတွက် နေရာမရှိတဲ့လူတွေဖြစ်တယ်လို့ ကျနော်ရေးခဲ့တယ်။ အဲဒါမျိုးတွေကျတော့ ရေးခွင့်မရဘူးလေ။

မေး။    ။ ဆောင်းပါးတွေမှာ သူတို့ပြောတဲ့ အမျိုးသားစီးပွားကို ရှေးရှုဖို့တို့ ပြီးတော့ သမိုင်းသင်ပုန်းချေဖို့ တို့ဘာ တို့ပေါ့ဗျာ။ အဲလိုစကားလုံးမျိုးတွေက လောလောဆယ် အတိုက်အခံအင်အားစုတွေကြားထဲမှာ သဘော ထားကွဲပြားစရာတွေနဲ့ အကြောင်းအရာမျိုးတွေလည်း ပါလာတက်ပါတယ်။ အဲဒီအပေါ်ကို ဆရာဘာများ ပြောချင်ပါလဲ။

ဆရာလူထုစိန်ဝင်း

ဆရာလူထုစိန်ဝင်း

အခုဟာက သဘောထားကွဲတယ်ဆိုတာက ပြည်သူလူထုကြားထဲမှာ ဘာမှသဘောထားကွဲမှု အငြင်းပွားမှု မရှိဘူးဗျ။ နိုင်ငံရေးအချောင်သမားတွေ ကြားထဲမှာတော့ သဘောထားကွဲတာရှိနိုင်တယ်။ ပြည်သူလူထုကတော့ သဘောထား မကွဲဘူး။ ပြည်သူလူထုကို ကျနော်ကောင်းကောင်းယုံတယ်။ နိုင်ငံရေးအချောင်သမားတွေ ကတော့ဗျာ သူတို့အကျိုးစီးပွား အတွက် နိုင်ငံရေးလုပ်ကြတာကိုးဗျ။ သူတို့အကျိုးစီးပွားကို မျှော်ကြည့်မှာပဲ။ အဲဒီလိုရေးသားနေတဲ့လူတွေ အတိတ်ကို မကြည့်နဲ့ အနာဂတ်ကိုမကြည့်နဲ့ ပစုပ္ပန်ပဲကြည့်ဆိုတဲ့ လူတွေကို ကျနော်တခုပဲပြောချင်တယ် ၇၄ ကို ပြန်ကြည့်ပါလို့ ကျနော်တခွန်းတည်းပဲ ပြောချင်တယ်။

မေး။    ။ အစိုးရကိုထောက်ခံစေမယ့် ဆောင်းပါးမျိုးတွေကို ဖော်ပြနေတဲ့အပေါ် သတင်းသမားတွေအမြင်နဲ့ ဆိုရင် ဆရာဘာများပြောချင်မလဲ။

ဒါကတော့ဗျာ ကျနော့်အနေနဲ့ အစိုးရကတော့ ဒီလိုလုပ်တာ ထုံးစံပဲ၊ လုပ်မှာပဲလေ။ ဘယ်အစိုးရ မဆိုပါ။ သူတို့အကြိက်ကို ဖော်ပြတဲ့ဟာတွေကို သူတို့ လွတ်လွတ်လပ်လပ် ရေးခွင့်ပေးမယ်။ သူတို့အကြိုက်ကို မဖော်ပြတဲ့လူတွေကို ရေးခွင့်မပေးဘူး။ ဒါကတော့ အစိုးရတွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲ။ ကျနော်ကတော့ လုပ်တဲ့သူတွေကိုပဲ ပြောချင်တယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုမျက်နှာကို မထောက်ပဲနဲ့ ကိုယ့်အကျိုးစီးပွား တခုထဲအတွက်နဲ့ ဒီလိုရေးနေတဲ့ လူတွေကိုပဲ အပြစ်ပြောချင်တယ်။ သတင်းစာသမားဆိုတာ ကျနော်ခဏ ခဏလည်းရေးတယ် ခဏခဏလည်းပြောတယ်ပေါ့ဗျာ။ သတင်းစာသမားဆိုတာဟာ အစိုးရရဲ့ လက်ကိုင်တုတ်လည်း မဖြစ်အောင်၊ နိုင်ငံရေးပါတီတခုရဲ့ လက်ကိုင်တုတ်လည်း မဖြစ်အောင်၊ သူကြည့်ရမှာက ပြည်သူလူထုရဲ့ မျက်နှာတခုထဲပဲဖြစ်ပါတယ်။ အစိုးရမျက်နှာ တခုထဲကို ကြည့်ပြီးတော့ ပြောနေမယ်။ ပြန်လည် ချေပခွင့်မရှိတဲ့အရာတွေကို တဖက်သပ်ဖိပြီးတော့ ရေးနေခြင်းဟာ သတင်းစာဆရာကောင်းတို့ရဲ့ ကျင့်ဝတ် မဟုတ်ပါဘူး။

မေး။    ။ သူတို့က အမျိုးသားအကျိုးစီးပွားတို့လို နိုင်ငံရေးစကားလုံးတွေ သုံးပြီးတော့ လုပ်နေပေမယ့် အောက်လမ်းနည်းနဲ့ ဒီမိုကရေစီအင်အားစုတွေကို ဖိနှိပ်တာမျိုးတွေ ရှိနေပြန်ပါတယ်။ မီးစာတဖက် ရေမှုတ်တဖက်လို မဟုတ်ပဲနဲ့ အပေါ်ကရေမှုတ် အောက်ကမီးစာပေါ့ဗျာ။ အဲလိုမျိုးတွေလုပ်နေတဲ့အပေါ်ကိုရော ဆရာ့အမြင်ဘယ်လိုရှိလဲ၊

အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတခုပဲ။ ဒါတွေ ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါတယ်ဆိုတဲ့ စကားလုံး အပေါ်မှာတော့ ကျနော်တို့အနေနဲ့ သံသယဖြစ်ရလိမ့်မယ်။

အံ့ဘုန်းမြတ်

လတ်တလော မြန်မာ့နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေ ဂျာနယ်အချို့မှာ ဖော်ပြခွင့်ရရှိနေတာနဲ့ ပတ်သက်ပြီး ၀ါရင့်သတင်းစာ ဆရာကြီး လူထုစိန်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာတွေ ဖြစ်ပါတယ်။

မြန်မာဝတ္ထုရှည်များနှင့် နောက်ကွယ်မှ ရေးသားခြင်း


(ကျွန်တော် မြန်မာစာပေနဲ့ပတ်သက်လို့ ဒီရက်ပိုင်း ဖတ်ဖြစ်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ဘလော့ခ်ပေါ်ကနေ ထပ်ပြီး ဝေငှလိုက်ရပါတယ်။ ဒီဆောင်းပါးကတော့ ရွှေအမြုတေမဂ္ဂဇင်းမဂ္ဂဇင်းမှာ ဖော်ပြပါရှိခဲ့တဲ့ ဆရာကေမြူးရဲ့ “မြန်မာဝတ္ထုရှည်များနှင့် နောက်ကွယ်မှ ရေးသားခြင်း” ဆိုတဲ့ ဆောင်းပါးပဲဖြစ်ပါတယ်။ မြန်မာစာပေကို လေ့လာလိုသူတွေအတွက် တန်ဘိုးရှိလိမ့်မယ်လို့ ယုံကြည်စွာဖြင့် ထပ်မံဖော်ပြလိုက်ရပါတယ်။)

NONမြန်မာဝတ္ထုရှည်များနှင့် နောက်ကွယ်မှ ရေးသားခြင်း

ကေမြူး

ရသစာပေတွင် ၀တ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ ပြဇာတ်၊ ၀တ္ထုဆောင်းပါး၊ စာတမ်း စသည်တို့ ပါဝင်ကြသည့်အနက် ခေတ်အဆက်ဆက်တွင် ၀တ္ထုရှည်မှာ စာဖတ်ပရိသတ်ကြားသို့ အတွင်ကျယ်ဆုံး ပျံ့နှံ့လျက်ရှိပါသည်။ စာရေး ဆရာများသည် ၀တ္ထုရှည်များအား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့် နယ်ပယ်စုံနှင့် ဘ၀အဖုံဖုံကို နောက်ခံထား၍ အချစ်၊ အိမ်ထောင်ရေး၊ လျှို့ဝှက်သည်းဖို၊ စုံထောက်၊ စွန့်စားခန်း၊ ဟာသနှင့် ဂမ္ဘီရ စသည်တို့မှ အားသန်ရာအကြောင်းအရာကို ရွေးချယ်ဖွဲ့နွဲ့ ဖန်တီးလေ့ရှိကြသည်။ ၀တ္ထုရှည်မှ ပေးသည့်ရသကို စာဖတ်ပရိသတ်မှ နှစ်သက်ခံစားမှုအများဆုံးဖြစ်၍ ၀တ္ထုရှည်မှာ ခေတ်အဆက်ဆက် တွင်တွင်ကျယ်စွာ နေရာရနေခြင်း ဖြစ်သည်။ ဂျိမ်းလှကျော်ရေးသားသော ” မောင်ရင်မောင် မမယ်မ” ၀တ္ထုအား သတ်မှတ်ထားကြပါသည်။ စာရေးဆရာကြီး ဂျိမ်းလှကျော်မှာ အနောက်တိုင်းကာလပေါ်ဝတ္ထုများကို ဖတ်ရှုလေ့လာမှု ရှိခဲ့ရာမှ ပြင်သစ်စာရေးဆရာကြီး Alexandere Dumas ရေးသားသည့် Count of Monte Cristo ၀တ္ထုအား အခြေခံ၍မြန်မာယဉ်ကျေးမှုနှင့် ဓလေ့စရိုက်နှင့် ညီအောင် ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ မောင်ရင်မောင် မမယ်မ၀တ္ထု အောင်မြင်ပြီးနောက် အခြားဝတ္ထုရှည်ရေးသည့်စာရေးဆရာများ ပေါ်ပေါက်လာပြီး ၀တ္ထုရှည်များရေးသားထုတ်ဝေခဲ့ကြရာ ၁၉၀၄ ခုနှစ်မှ ၁၉၀၆ ခုနှစ်အတွင်း ၁၂ နှစ်ကာလတွင် ၀တ္ထုရှည် ၅၀ ပုဒ်ခန့်ထုတ်ဝေနိုင်ခဲ့သည်ဟု သိရှိရပါသည်။ မြန်မာဝတ္ထုရှည် ခေတ်ဦးကာလမှ ထုတ်ဝေမှုမှာ မျက်မှောက်ကာလထုတ်ဝေမှုထက် အဆများစွာ နည်းပါးလှပါသည်။ မြန်မာဝတ္ထုရှည် ထုတ်ဝေခဲ့သည် သက်တမ်းနှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ၂၀၀၄ ခုနှစ်တွင် သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း အဆောက်အအုံ၌ ပြန်ကြားရေး ၀န်ကြီးဌာန ကြီးမှူးကျင်းပခဲ့သည်။ နိုင်ငံတော်အစိုးရမှလည်း ၀တ္ထုရှည်စာပေ ဖွံ့ဖြိုးစည်ပင်ရေးနှင့် နိုင်ငံနှင့်ပြည်သူအကျိုးပြုဝတ္ထုရှည်များ ပေါ်ထွန်းရေးအတွက် ၁၉၄၈ ခုနှစ်မှ စတင်လျက် နိုင်ငံတော်၏ အမြင့်ဆုံးစာပေဆုအဖြစ် စာပေဗိမာန်ဆု၊ အနုပညာစာပေဆုနှင့် အမျိုးသားစာပေဆုတို့အားအသွင်အမျိုးမျိုးဖြင့် ချီးမြှင့်လျက် ရှိသည်။ အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေခွင့် မရသည့် စာရေးဆရာများ၏ ၀တ္ထုရှည်စာမူများ ထုတ်ဝေခွင့်ရရှိရေးအတွက် စာပေဗိမာန် စာမူပြိုင်ပွဲနှင့် တပ်မတော်နေ့ အထိမ်းအမှတ် စာမူပြိုင်ပွဲများ ကျင်းပပြီး ဆုချီးမြှင့်ထုတ်ဝေပေးလျက် ရှိသည်။ ထို့ပြင် စာပေမြတ်နိုးသူများမှလည်း ရသစာပေထွန်းကားရေးနှင့် စာကောင်းပေမွန်များ ပေါ်ထွန်းရေးကိုရည်ရွယ်၍ ပခုက္ကူဦးအုန်းဖေ စာပေဆုနှင့် ရွှေအမြုတေစာပေဆု ချီးမြှင့်ရာတွင် ၀တ္ထုရှည်များကို ထည့်သွင်း စဉ်းစားချီးမြှင့်လျက် ရှိကြသည်။မြန်မာ စာရေးဆရာများစွာမှလည်း လွတ်လပ်ရေးကြိုးပမ်းမှု၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ အတွေးအမြင် မှန်ကန်ရေး စသည့် မွန်မြတ်သော ဦးတည်ချက်များ ဖော်ဆောင်သည့် နိုင်ငံနှင့် ပြည်သူအကျိုးပြု ၀တ္ထုရှည် အများအပြားကို ရေးသားခဲ့ကြသည်။ ထို့ပြင် မြန်မာဝတ္ထုရှည်အချို့မှာ နိုင်ငံတကာ စာအုပ်ထုတ်ဝေသူများမှ သက်ဆိုင်ရာ နိုင်ငံ၏ ဘာသာသို့ ပြန်ဆိုထုတ် ဝေမှုပင် ရှိခဲ့ကြသည်။

Continue reading

အိုဘားမား မိန့်ခွန်းကို မြန်မာ့နိုင်ငံရေးပေါ် တင်ကြည့်ခြင်း


ကျွန်တော်ဆီကို အစ်ကိုလိုခင်တဲ့ မိတ်ဆွေတစ်ယောက်က မေးလ်ကနေတစ်ဆင့် Wave မဂ္ဂဇင်းမှာပါတဲ့ ဆရာကျော်ဝင်းရဲ့ “အိုဘားမား မိန့်ခွန်းကို မြန်မာ့နိုင်ငံရေးပေါ် တင်ကြည့်ခြင်း” ဆိုတဲ့ ဆောင်းပါးကို ဓာတ်ပုံရိုက်ပြီး တကူးတက ပို့ပေးလာပါတယ်။ ကျွန်တော်ဖတ်ကြည့်ပြီး ဒီဆောင်းပါးထဲမှာ မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ မတူကွဲပြားခြားနားတဲ့ အခြား အမြင်တွေလည်း ရှိနေနိုင်တာကြောင့် ကျွန်တော်ဘလော့ခ်ကနေ ပြန်တင်ပေးလိုက်ရပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြထား တဲ့အကြောင်းအရာတွေကတော့ စာရေးသူ ဆရာကျော်ဝင်းရဲ့ သဘောထားအမြင်တွေသာဖြစ်တယ်ဆိုတာ ပြောပြထားချင် ပါတယ်။

Kyaw Winအိုဘားမား မိန့်ခွန်းကို မြန်မာ့နိုင်ငံရေးပေါ် တင်ကြည့်ခြင်း

ကျော်ဝင်း

ခြေဆင်း

ကျွန်တော်စာရေးနေ့သည့် အဓိကရည်ရွယ်ချက်မှာ၊ နိုင်ငံတကာ အိုင်ဒီယာလှိုင်းများကို မြန်မာစာဖတ်ပရိသတ်နှင့်၊ မိမိနိုင်သမျှ မိတ်ဆက်ပေးဖို့ဖြစ်သည်။ ထိုသို့မိတ်ဆက်ရာ တွင်လည်း တိုင်းပြည်အသီးသီးမှ အာဏာရခေါင်းထောင်များထက်၊ ပညာရှင်များ၏ အာဘော် ကိုသာ ဦးစားပေးရွေးချယ်ခဲ့ပါသည်။ နိုင်ငံတစ်ခုခု၏ အရိပ်လွှမ်းမိုးမခံလိုသော ကြောင့်ဖြစ် သည်။

သို့နှင့်တိုင် လက်ရှိအမေရိကန်သမတ ဘားရက်အိုဘားမား၏ ကိုင်ရိုမေးခွန်းနှင့်ပတ်သက်လျှင်မူ၊ ဆိုခဲ့သော အစဉ်လာကို ခြွင်းချက်ထား စဉ်းစားရမလိုရှိလာသည်။ သူ့မိန်းခွန်းက၊ သမိုင်းနှင့်ချီပြီး ပဋိပက္ခအသွင်ဆောင်နေခဲ့သော အုပ်စုကြီးနှစ်ခုကြား “သံလွင်ခက်” ကမ်းလိုက်သလိုရှိရာ၊ မင်္ဂလာရှိသည်ဟုထင်သည်။ ထို့ထက် ကျွန်တော်တို့ မျက်မှောက်ပြုနေရသော မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းအတွက်လည်း ဆက်စပ်စဉ်းစားဖွယ်ရာ အချို့ ရှိသလောက်ရှိ သည်ဟုသဘောရသည်။

ထိုသို့တွေးမိသည်နှင့်၊ သူ့မိန်းခွန်းကို ဂရုဓမထားပြီး ဖတ်ဖြစ်ခဲ့ပါသည်။ ဖတ်ရင်းက မြန်မာ့နိုင်ငံရေးအပေါ် တင်ကြည့်မိ သည်။ ယခုစာစုမှာ စာရေးသူ ဆက်စပ်စဉ်းစားမိသော အတ္တနောမတိအချို့ကို ရိုးသားစွာ တင်ပြလိုက်ခြင်းဖြစ်ပါသည်။

ရွေးချယ်မှုလော၊ လိုအပ်ချက်လော

သမိုင်းကိုပြန်ကြည့်လိုက်သောအခါ၊ အလှည့်အပြောင်းသဘောဆောင်သော ကိစ္စရပ်အားလုံးလောက်တွင်၊ သဘော သဘာဝနှစ်ရပ်ရှိသည်ကို တွေ့ရသည်။ အချို့က မိမိစိတ်ကြိုက်ရွေးချယ်လို့ရသည်။ အကျိုးဆက်ကို မှန်းပြီး အကောင်းဆုံးဖြစ်တန်ရာကို ရွေးချယ်ကြရသည်။ ရွေးချယ်မှုမှားသွားလျှင်၊ အလျော်အစားကြီးနိုင်သည်။ “ရွေးချယ်မှုကိစ္စ” (Matter Of Choice) ဟု ဆိုနိုင်ပါလိမ့်မည်။ အိုဘားမားက ၂၀၀၃ ခုနှစ်က ဆင်နွှဲခဲ့သော ဒုတိယအီရတ်စစ်ပွဲကို “ရွေးချယ်မှုစစ်ပွဲ” (War Of Choice) ဟု သုံးသပ်သည်။ အခြားသော အော်လတာနေးတစ်များရှိပါလျက် စစ်ပွဲကို ရွေးချယ်ခဲ့သည်မှာ မှားသည်ဟု သူက ကောက်ချက်ချသည်။

အချို့သော ကိစ္စရပ်များကား စိတ်ဆန္ဒနှင့်မဆိုင်။ ရွေးချယ်ခွင့်မရှိ။ အခြားမည့်သည့် အော်လတာနေးတစ်မှ မရှိသည့်၊ တစ်ခုတည်းသော ထွက်ရပ်လမ်းဖြစ်သည်။ “လိုအပ်ချက်ကိစ္စ” (Matter Of Necessity) ဖြစ်သည်။ အိုဘားမားက ၁၉၉၁ ခုနှစ်ကဖြစ်ခဲ့သော ပထမအီရတ်စစ်ပွဲကိုမူ “လိုအပ်ချက်စစ်ပွဲ” (War Of Necessity) ဟု သုံးသပ်သည်။ တရားနည်းလမ်းကျသည်ဟု ကောက်ချက်ဆွဲသည်။

သူတို့တစ်တွေ၏ နိုင်ငံခြားရေးပေါ်လစီအငြင်းအခုံကို ကျွန်တော့်အနေနှင့် ပြောပလောက်အောင် စိတ်ဝင်စားလှ သည်မဟုတ်ပါ။ ၀န်ခံရလျှင် ကိုယ့်ကိစ္စကိုသာ စဉ်းစားနေမိသည်။ ကျွန်တော်စဉ်းစားမိသလောက်၊ မကြာမတင် လာတော့မည့် ၂၀၁၀ ရွေးကောက်ပွဲမှာ၊ “၀င်မလား မ၀င်ဘူးလား” ငြင်းခုံနေရမည့် ရွေးချယ်မှုကိစ္စမဟုတ်။ လိုအပ်ချက်ကိစ္စဟုမြင်သည်။ “မ၀င်ဘူးဆိုရင် ဘာလုပ်မှာလဲ” ဟု မေးခွန်းထုတ်ကြည့်ပါက။ တိတိကျကျအဖြေ တစ်ခုလည်းရှိမည် မထင်ပါ။

Continue reading

Categories

%d bloggers like this: