ဟိုတယ်မည်သူပိုင်သလဲ
တိုးနှောင်မိုး
မင်းဂါဇာလား ငါ့ဂါဇာလား
ဒီကွန်စတေးရှင်း လုပ်မိတဲ့ပြာက
ပိုစ့်မော်ဒန်ခေတ်ကြီးကို အပိုင်းပိုင်းအစိတ်စိတ်အမြွှာမြွှာ
ခွဲဖြန့်
ဂွါရာနီကာလိုဂါဇာလား
အသက်ရှူသံတွေက ပုံမှန်ပဲ
ဒါပေမယ့်
နည်းဗျူဟာ အသစ်တွေက
ရောဂါဆန်းတွေလို ဂါဇာကို
ပဉ္စလက်ဆန်နေ
ရွာသူကိုင်တာလားလို့ မေးမရ
ကွင်းပိုင်ကြီးလည်း လက်ပိုက်ကြည့်နေရပုံ
သေသွားတဲ့ လက်နက်တွေကလူဝင်စားပြီး၊
သေသွားတဲ့လူတွေက လက်နက်ဝင်စား
ဒီလိုဒစ်ဂျစ်တယ် အိုင်တီအင်ဖေါ်မေးရှင်းဂလိုဘယ်မှာ
ဘယ်လိုစစ်ဆန့်ကျင်ရေးက ရေပက်မ၀င်တာလဲ
အက်ဆေးဈေးကွက်နဲ့ ၀ိညာဉ်ရောင်းလိုအား
တိုးချဲ့အသစ်ဘုံဘ၀နဲ့
ကြွေတာကိုက ပွင့်ခြင်းနဲ့
ပြဿနာဟာ ဘောလုံးကန်သလိုပဲ
ကမ္ဘာကြီးကို ခြေကြိုခြေကြားထည့်ကန်နေတာပဲ
ဟားမာစ်တွေအနေနဲ့ ဖြစ်ဖြစ်
အစ္စရေးတွေအနေနဲ့ ဖြစ်ဖြစ်
ဟစ်ဘိုလာ ဖြစ်ဖြစ်
အယ်ကေဒါ ဖြစ်ဖြစ်
အာရပ်တွေအနေနဲ့ ဖြစ်ဖြစ်
ပါလက်စတိုင်းတွေအနေနဲ့ ဖြစ်ဖြစ်
ရန်ကိုလည်ဆန့်ပြီးရမ်းလို့မရ
ခြိမ်းခြောက်မှုအသစ်ကို လက်နဲ့ခံရမှာလား
ဂါဇာကမ်းမြောင်မှာ အနာဂတ်တွေယမ်းနံ့စွဲနေတယ်
ချည့်နဲ့နေတဲ့ ရင်ခုန်သံတွေကို သေနတ်ဒင်နဲ့တောင့်ခံထားတယ်
စစ်အစားထိုးကုသရေးအတွက်
ဘယ်လိုကြွေးကြော်သံကို မီးမွှေးဦးချမလဲ
အသေခံဗုံးခွဲပြီး ငြိမ်းချမ်းရေးကိုရယူလို့မရဘူး
အဓိကစိန်ခေါ်မှုတွေက
ရေထဲသွန်ချတဲ့ သဲပါပဲ
ပဋိပက္ခကို ကြိုးကျစ်ပြီး ဒုံးကျည်ထိပ်မှာ သံသယနဲ့ဗိုင်းငင်လည်း
သာနေတဲ့လရောင်က မျက်ရည်ယိုဗုံးထိမှန်
သုည…၀လုံး…ဇီးရိုး…အိုကနေ အိုဘားမားအထိလား
မိုးသက်လေပြင်းကျပြီးတိုင်း
လေပြည်လေညင်းဟာ ရှိစမြဲလို့ဆိုတော့
ခြိမ်းခြောက်မှုတွေရဲ့ ဒီပလိုမေစီဟာ
စိန်ခေါ်မှုတွေကိုပဲ ပြာနဲ့ဖုံးတယ်
တိုက်ပွဲများ
သေဆုံးမှုများနဲ့ ပျက်စီးမှုများပြည့်နှက်နေသော
ဂါဇာဟာ
ဂျူးအတွက်
ပါလက်စတိုင်းအတွက်ဆို
ငြိမ်းချမ်းရေးအတွက်
မဟာဗျူဟာတွေကိုင်တွယ်ပြီး
ချန်ပီယံဖြစ်ဖို့ဆိုတာ
ဘောပွဲမှာ လွယ်ပေမဲ့စစ်ပွဲမှာမလွယ်
ကြွေးကြော်သံတွေဟာ
ညှိမရတဲ့အတွင်းရေးကနေ နောက်ဆုံးအနတ္တကို မရည်ညွှန်းနိုင်လို့မို့လား
ကျည်ဆန်ခွံလည်း ဘုရားပန်းအိုးဖြစ်တာပဲ
လူမိုက်ကြီး အင်္ဂုလိမာလလည်း ရဟန္တာဖြစ်တာပဲ
အဓိကက
အသိတစ်ချက်လင်းပြီး
ငြိမ်းချမ်းရေးအလံလွှင့်ဖို့
ပြီး
ဂျိုးဖြူငှက်လေးပျံသန်းနိုင်ဖို့
ခုတော့
ဟိုတယ်မည်သူပိုင်သလဲလို့ မေးရမယ့်အခြေအနေ
ဂါဇာရေ…
မင်းနာမည်နဲ့ ကမ္ဘာမြေသားတွေအတွက်
ပြီးတော့
မင်းခန္ဓာကိုယ်ပေါ်က ပဋိပက္ခတွေအတွက်
ပြီးတော့
မင်းကိုဒဏ်ရာရစေတဲ့ သေသောသူများအတွက်
အာဃာတတွေ ကင်းဖို့
ဤကမ္ဘာမြေကို လက်နဲ့ထိပြီး
ပရိတ်ကြီး ၁၁ သုတ်ရွတ်ဆိုလိုက်ပါတယ်
ငါတို့နာဂစ်တုန်းက မင်းတို့စာနာခဲ့သလို
မြန်မာပြည်ကဗျာဆရာတစ်ယောက်အနေနဲ့
ငါမင်းကိုစာနာခံစားပြီး ရေးဖွဲ့ခဲ့ပါတယ်
ဟိုတယ်မည်သူပိုင်သလဲ လို့တော့
မမေးပါနဲ့တော့ကွယ်။
တိုးနှောင်မိုး
Thursday, 30 July 2009 15:12
စာတွေ အမြဲတမ်း လာဖတ်ပါတယ်၊ အားပေးလျက်ပါ။ ကျနော့်လင့်ခ်ကို ထားပေးတဲ့အတွက် ကျေးဇူးပါ၊
ကျနော့်လင့်ခ် အမှန်က http://pyustate.com/။
LikeLike
စာတွေ မဖတ်ဖြစ်တာ ကြာပြီ။ လေထန်ကုန်း မရောက်ဖြစ်တာလည်း ကြာပြီ။ တိုးနှောင်မိုးကို မမြင်ဖြစ်တာလဲ ကြာပြီ ထင်တယ်။ ကျွန်တော်တို့ခြင်း မခင်ကြပါဘူး။ စာအုပ်တွေထဲမှာ ဖတ်ဖူးပြီး လေထန်ကုန်းမှာ မြင်ဘူးပေမယ့် နှုတ်မဆက်ဖြစ်ပါဘူး။ အခုတော့ နှုတ်ဆက်ရလောက်အောင် မနေနိုင်တော့လို့ပါ ….. ဒီလိုကဗျာကို ဘယ်လိုအချိန်မှာ ရေးခဲ့မိတာလဲ သိချင်လိုက်တာဗျာ။
မွန်းကြပ် ရှုပ်ထွေးနေလို့ ဒီလောက်ကောင်းတဲ့တင်ပြပုံကို မစဉ်းစားမိတာအမှန်ပါ။ ဆရာညီတို့နဲ့ ဘာသာပြန်လေးလုပ်လိုက်ပြီး တင်ထားရင် ပိုကောင်းမယ်။ ကျွန်တော်တို့ရဲ့ ဖြန့်ကျက်မှုတွေ ခံစားမှုတွေ အတွေးတွေ ထပ်တူညီမျှခြင်းဆွဲပြလိုက်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်း တစ်ခုပဲ။
ဒီထက်ကောင်းအောင် ထပ်ရေးနိုင်ပါစေ။ ဒီတစ်ခါ လေထန်ကုန်းမှာတွေ့ရင် နှုတ်ဆက်တော့မယ် …
လေးစားခြင်းများစွာနဲ့
မင်းဟိန်း (ကောင်းဖြိုး၊ အားရာရား)
LikeLike