လာမည့်ရွေးကောက်ပွဲပါဝါတွက်နည်း လူထု၊ အင်စတီကျူးရှင်း


ဆရာမောင်စူးစမ်း
ဆရာမောင်စူးစမ်း

လာမည့်ရွေးကောက်ပွဲပါဝါတွက်နည်း လူထု၊ အင်စတီကျူးရှင်း

မောင်စူးစမ်း

ဒီကနေ့ ပို့စ်အတွက် The Voice ဂျာနယ် (အတွဲ ၅၊ အမှတ် ၃၈) မှာပါတဲ့ ဆရာမောင်စူးစမ်ရဲ့ လာမည့်ရွေးကောက်ပွဲ ပါဝါတွက်နည်း လူတု။ အင်စတီကျူးရှင်း ဆောင်းပါးမှာ အမြင် သဘောထားတွေ အမျိုးမျိုးကွဲလွဲနိုင်တာကြောင့် ကျွန်တော် ဘလော့ခ်ကနေပဲ ပြန်ပြီး တင်ပေးလိုက်ရပါတယ်။ The Voice ဂျာနယ် ဖော်ပြချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ပြောဆိုထား သမျှတွေဟာ ကာယကံရှင် ဆရာမောင်စူးစမ်းနဲ့ ဖော်ပြခဲ့တဲ့ The Voice ဂျာနယ်တို့ရဲ့ သဘောထားမြင်တွေသာ ဖြစ်ပါတယ်။

အပိုင်တွက်

လူထု (People) ဆိုသောစကားသည် ဘာသာစကားတိုင်း၌ လူတွေအသုံးပြုဆုံးစကားဖြစ်ပုံရသည်။ သူကလည်း “လူထု” ၊ ငါကလည်း “လူထု”၊ နိုင်ငံရေးပါတီတို့ကလည်း “လူထု”၊ အစိုးရကလည်း “လူထု”၊ မီဒီယာတို့ကလည်း “လူထု”။ လူထု-လူထုဆိုပြီး တစ်လူထုတည်းလူထုနေကြသည်။ လူထုဆိုသော စကားရပ်သည် ပေါင်းရုံး ထားခြင်းကို ဆိုလိုသည်။ ကျိတ်ပြီးလုံးထားသည့် အစိတ်အပိုင်းလည်းဆောင်သည်။ နိုင်ငံရေးသမားတို့က “လူထု” ဟူသော စကားကို သုံးနှုန်းသောအခါ တစ်ပေါင်းတစ်စည်းတည်ရှိခြင်းကို ရည်ညွှန်းဟန်ရှိကြသည်။

နိုင်ငံရေးသမားတို့၏ အသုံးအနှုန်း၌ လူထုသည် အသိုင်း အ၀ိုင်းပုံရိပ် Image of Community ကို ရည်ညွှန်းဟန်ရှိသည်။ အမျိုးသားအမှတ်အသား  National Identity ကိုလည်း ရည်ညွှန်းပုံရသည်။ နိုင်ငံရေး သမားတို့က လူထုဟုပြောသောအခါ “တို့တစ်တွေ တစ်သင်းတည်းမှာ အတူတူရှိတယ်” ဟု ပြောချင်ကြသည်။ မောင်ပိုင်တွက်ပြီးသားလူထုဆိုလျှင် ကိုယ်ဘက်ကို စိတ်ညွှတ်သူဖြစ်နေပြီးဖြစ်ပါသည်။

အလာမျိးစုံ

ပို့စ်မော်ဒန်က ဤလို မထင်ပေ။ “လူထု” ဟု ကိုယ်က ဦးအောင် အော်တိုင်း လူထုက ကိုယ့်ဘက်ရှိသည်ဟု မယူဆပေ။ အဘယ့်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းသည် ၀ါးအစည်းပြေနေသောကြောင့်ဖြစ်သည်။ အစိတ်စိတ်အမြွှာမြွှာကွဲပြားနေသောကြောင့်ဖြစ်သည်။ ပညာပိုင်းအမျိုးမျိုး၊ အမှတ်အသားအမျိုးမျိုး၊ အယူ အဆအမြင် အမျိုးမျိုးဖြင့် ကွဲပြားနေသော ကြောင့် လူသားလောကကို မိသားစုကြီးတစ်ခုလို ရှုမြင်ရန် မဖြစ်နိုင်ပြီ။ ဤယေဘုယျအမြင်သည် မြန်မာ့လူ့အဖွဲ့အစည်း၌ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်အမျိုးမျိုးကို ဖြတ်သန်းလိုက်ရသဖြင့် ပိုမိုဆီလျော်သွားသည်။ ဗဟိုစီမံကိန်းစနစ်မှ ဈေးကွက်စီးပွားရေးသို့ အရွှေ့အပြောင်း သည် လူ့အဖွဲ့အစည်းကို အလွှာမျိုးစုံဖြင့်ဖန်တီးလိုက်သည်။ ဆိုလိုသည်မှာ ဈေးကွက်စီးပွားရေးကြောင့် မြန်မာ့လူ့အဖွဲ့အစည်းသည် လူ့အလွှာပေါင်းစုံဖြင့် ပိုပြီးကွဲပြားသွားရသည်။ လူထုသည် အလွှာမျိုးစုံဖြင့် စိတ်ဖြာသွားခြင်းဖြစ်သည်။ အလွှာမျိုးစုံဖြင့် စိတ်ဖြာသွားသဖြင့် အလွှာအသီးသီးတို့၌ အမြင်အမျိုးမျိုး ရှိလာသည်။ တုံ့ပြန်မှုအမျိုးမျိုးရှိလာသည်။ ဤလိုအခြေအနေ၌ လူထုကို ကျိတ်နှုန်းဖြင့်တွက်ပြီး ကိုယ့်ဘက်ကလို့ အပိုင်တွက်ခြင်းသည် ပကတိတရားနှင့် ကင်းလွတ်ကြောင်း မြင်သာသည်။

ပါဝှါစ်မျိး

ART-PIC-01လူထုအစိတ်စိတ်အမြွှာအမြွှာ ကွဲပြားမှုသည် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုမျိုးစုံစနစ်နှင့် Life Style က မြို့ကြီးသားဆန်လာမှုတို့ကြောင့် ပို၍နက်ရှိုင်းသွားရာ ခေတ်ယဉ်ကျေးမှုနှင့် Life Style တို့က လူထုကို ပိုပြီးအစိတ်စိတ်အမြွှာမြွှာဖြစ်စေသည်။ ဤအချက်သည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ မည်သို့အကျိုး သက်ရောက်မည်ကို သုံးသပ်ကြည့်ကြရန်ဖြစ်သည်။ “လူထု” ဆိုပြီး တစ်လုံးတစ်စည်းတည်း ရှိမည်ဆိုသည့် အပေါ်ယံတွက်ဆခြင်းကို သတိထားဖို့ဖြစ်သည်။ လူထုသည် အကြောင်းအမျိုးမျိုးကြောင့် အစိတ်စိတ် အမြွှာမြွှာဖြစ်ရုံမျှမက အာဏာရအဖွဲ့၊ မီဒီယာ၊ အင်စတီကျူးရှင်းနှင့် စီးပွားရေးလောကတို့၏ လှည့်ကစားခြင်း ကိုလည်းခံနေရမည်။  The Peoples Fragmented  and Manupulated  ဟု ခေါ်သည်။ ဤနေရာ၌ အလျဉ်းသင့်၍ ပါဝါ၏ အနက်အဓိပ္ပာယ်ကို မြန်မာနိုင်ငံရေးနှင့်ဆက်စပ်၍ရှင်းပြလိုသည်။ ပါဝါနှစ်မျိုးရှိသည်။ အင်စတီကျူးရှင်းကို အသုံးပြုနိုင်သော ပါဝါ   Institutional Power  နှင့် လူအများကို လှည့်စားနိုင်သော ပါဝါ  Manupulatise Power ဟူ၍ ဖြစ်ကြသည်။

စိတ်တွက်ကစားကည်

ထို့ကြောင့်လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအကြို စိစစ်သုံးသပ်ချက်အတွက် အထက်တွင် ဖော်ပြခဲ့ သောအချက်တို့ကို ပါဝင်ကစားကြမည့်ပလေယာတို့ လေ့လာနိုင်ရန် ထပ်မံဖော်ပြလိုက်ပါသည်။

(၁) လူထုသည် အစိတ်စိတ်အမြွှာမြွှာကွဲပြားနေသည်။

(၂) လူထုသည် အစိမ်းတိုက်မဟုတ် ပုံစံအမျိုးမျိုးဖြင့် စီမံလှည့် ကစားခံနေရသည်။

မြန်မာနိုင်ငံရေးသည် အိုင်ဒီအိုလိုဂျီလွန်ခေတ်  Post-Ideology ထဲ ရောက်နေသည်ဟု ယူဆသည်။ အိုင်ဒီအို လိုဂျီတို့ဖြင့် နိုင်ငံရေးလုပ်ရန်ခွင့်မရှိဟု တွက်နိုင်သည်။ ထို့ကြောင့် အိုင်ဒီအိုလိုဂျီတို့နေရာ၌လူတို့၏ နိစ္စဓူဝဘ၀ကိုအခြေပြုသော နိုင်ငံရေးမျိုးကို ပေါ်လစီတို့ဖြင့်ထုဆစ်၍ ကစားရန်သာရှိသည်ဟု မြင်မိသည်။ ထူးခြားသောဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဂိမ်းကစားတတ်ရန် စိတ်ကူးဖြင့် ကစားကြည့်သင့်သည်။ စစ်စကားနှင့်ပြောလျှင် မြေပုံတိုက်ပွဲ အစမ်း ကစားကြည့်ကြဖို့ဖြစ်၏။

မောင်စူးစမ်း

၁၈-၇-၂၀၀၉

အညွှန်း – Post Modernism by Glenn ward

(အညွှန်း-The Voice ဂျာနယ် အတွဲ ၅ ၊ အမှတ် ၃၈ တွင် ဖော်ပြပါရှိခဲ့သော ဆရာမောင်စူးစမ်း၏  “လာမည့်ရွေးကောက်ပွဲပါဝါတွက်နည်း လူထု၊ အင်စတီကျူးရှင်း” ဆောင်းပါးကို ပြန်လည်ဖောပြထားခြင်းဖြစ်ပါသည်။ ပြန်လည်ကူးယူဖော်ပြသူများအနေဖြင့် အံ့ဘုန်းမြတ်ဘလော့ခ်နှင့် The Voice Journal တို့မှ ကူးယူဖော်ပြသည်ဆိုတာကို ဖော်ပြပြီး လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။)

One thought on “လာမည့်ရွေးကောက်ပွဲပါဝါတွက်နည်း လူထု၊ အင်စတီကျူးရှင်း

  1. ကျေးဇူးပါဗျာ ဒီလိုပို့စ်လေးတင်ပေးတဲ့အတွက် … ထူးခြားသောဖွဲ့စည်းပုံအခြေခံဥပဒေ .. ဟဲဟဲ

    Like

Leave a comment