စာနယ်ဇင်း, အင်တာဗျူး, အနုပညာ

မင်းခိုက်စိုးစန်နှင့် စာပေ အနုပညာရေးရာ အင်တာဗျူး (၁)


Ahunt Phone Myatမင်းခိုက်စိုးစန်နှင့် စာပေ အနုပညာရေးရာ အင်တာဗျူး (၁)

အံ့ဘုန်းမြတ်

ကျွန်တော်မြန်မာပြည်ထဲမှာ လုပ်ဖြစ်ခဲ့တဲ့ အင်တာဗျူးတွေကို ဇော်ဂျီနဲ့ပြောင်းပြီး ဘလော့ခ်ပေါ်ကို ပြန်တင်ဖြစ်နေပါတယ်။ ဒီအင်တာဗျူးကတော့ စာရေးဆရာမင်းခိုက်စိုးစန်နဲ့ အင်တာဗျူးပါ။ ဒီအင်တာဗျူးက ဖက်ရှင်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး စာပေစီစစ်ရေးက ပယ်ထားတဲ့စာမူအတိုင်း ပြန်လည်ဖော်ပြလိုက်ရပါတယ်။ ဒီအင်တာဗျူးမှာ မျက်မှောက်ခေတ်စာပေ၊ မျက်မှောက်ခေတ်စာပေလောကမှာ ရပ်တည်လျက်ရှိကြတဲ့ စာပေနှင့်အသက်မွေးဝမ်းကြောင်းမှုပြုသူစာရေးဆရာများရဲ့ ဘ၀ရပ်တည်မှု၊ အနုပညာအပေါ်ထားရှိတဲ့ သဘောတရားများ နှင့်ပတ်သက်တဲ့အကြောင်းအရာတွေကို စာဖတ်ပရိသတ်များ အတွက် တင်ဆက်ပေးလိုတဲ့စိတ်ကူး ပေါ်ပေါက်လာခဲ့မိပါတယ်။ ဒါကြောင့် မျက်ခေတ်ခေတ်စာပေမှာရော စာပေလောကမှာပါ လူငယ်စာရေးဆရာတစ်ဦးအဖြစ် ရပ်တည်လျက်ရှိတဲ့ ဆရာမင်းခိုက်စိုးစန်ကို ရွေးချယ်ပြီး အင်တာဗျူးတွေ့ဆုံမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်လို့ အယ်ဒီတာပေါက်စတစ်ယောက်နဲ့ ဆရာမင်းခိုက်စိုးစန်တို့ ပြောဖြစ်ခဲ့တဲ့အကြောင်းအရာ များဟာ ကျွန်တော်တို့ ရှင်သန်ရပ်တည်လျက်ရှိတဲ့ စာပေလောကအတွက် တစ်ထောင့်တစ်နေရာကနေ အုပ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ အပြုသဘောဆောင်တဲ့ စကားလုံးများဖြစ်မယ်လို့ မျော်လင့်မိပါတယ်။

မျက်မှောက်ခေတ် စာပေရေစီးနဲ့ပတ်သက်ပီး ဝေဖန်ထောက်ပြလာကြတဲ့သူတွေက ရသစာပေ အားနည်း သွားပြီ စာဖတ်သူတွေရွရဲ့ ရသအပေါ်မှာထားရှိတဲ့ သဘောထားတွေ ပြောင်းလဲသွားပြီ၊ ရွှေ့လျားသွားပြီလို့ ဆိုကြတယ်။ ဒီအီအပေါ်ကို ခေတ်ပြိုင်စာရေးဆရာတစ်ယောက်ဖြစ်တဲ့အစ်ကို့ ရဲ့အမြင်ဘယ်လိုရိုမလဲ။

ရသအားနည်းသွားပြီလို့ဆိုလို့ရှိရင် ကျွန်တော်ပြန်မေးချင်တဲ့ မေးခွန်းတချို့ရှိတယ်ဗျ။ ဘယ်လိုရသမျိုး တွေအားနည်းသွားတာလဲဆိုတာပေါ့။ လောကမှာ ရှိရှိသမျရသတွေအကုန်လုံး အားနည်းသွားတာလား။ အဲ့ဒီလိုမျိုးကြီးရယ်လို့လည်း မဟုတ်ဘူးလို့ထင်မိတယ်။ ကိုယ်ဖြစ်စေချင်တဲ့၊ ကိုယ်လိုချင်တဲ့၊ ကိုယ်မြင်ချင်တဲ့၊ ကိုယ်ခံစားချင်တဲ့ရသအမျိုးအစားတွေ မတွေ့ရတာနဲ့ ရသတွေအားနည်းသွားပြီလို့ ပြောလို့မရဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုပြောတဲ့လူကိုယ်တိုင်မှာကိုက ပထမဆုံး သူကြိုတင်ပြဋ္ဌာန်းထားတဲ့၊ သူ့စိတ်ကြိုက် ငါကတော့ ဘယ်လိုရသမျိုးကို ဖတ်ချင်တယ်၊ ဘယ်လိုရသမျိုးကိုကြားချင်တယ်၊ ဘယ်လို ရသမျိုးကိုတော့တွေ့ချင် မြင်ချင် ကြားချင်လိုက်တာဆိုတဲ့ အရင်ဦးဆုံးပြဋ္ဌာန်းချက်တစ်ခုရှိနေပါလိမ့်မယ်။ ပြီးတော့မှ သူမြင်ချင်တဲ့ သူဖတ်ချင် တဲ့စာမျိုး မတွေ့ရတော့တဲ့ အခါကျတော့မှ ငါဖတ်ချင်တဲ့ရသမျိုး နည်းသွားပြီလို့ပြောရင် ပိုပြီးမှန်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရှိရှိသမျရသတွေ အကုန်လုံးအားနည်းသွားပြီလို့ ကျွန်တော်မမြင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အခုဆိုရင် ကိုနီကိုရဲတို့၊ အကြည်တော်တို့စာတွေပေါ့။ သူတို့က ဟာသရသလိုင်းမှာ အားကောင်း တဲ့သူတွေပါ။ သူတို့စာအုပ်တွေကဆိုရင်လည်း ရသပိုင်းမှာဆိုရင် ဟာသရသပိုင်းမှာအားကောင်းတဲ့ စာအုပ်တွေ ဖြစ်နေတာပဲလေ။ အဲ့ဒီတော့ ကျွန်တော်တို့က တစ်ချက်ထောက်ပြရမယ်ဆိုရင် ကျွန်တော်တို့စာပေလောကမှာ ဟာသရသတော့ အားမနည်းဘူးလို့ ပြောလို့ရပါမယ်။ ဒီလိုပါပဲ သူ့လိုင်းနဲ့သူကတော့ ရှိနေတာပေါ့။ ဒါက ကျွန်တော် ဟာသရသအပိုင်းကိုပဲ ကွက်ပြီးပြောလိုက်လို့။ အခြားအပိုင်းတွေဖြစ်တဲ့ သရဲ၊ တစ္ဆေ၀တ္ထုတွေမှာ ဆိုရင်လည်း ကြောက်ရွံခြင်း (ဘယာနကရသ) ကိုပေးနေကြတဲ့ စာအုပ်တွေကိုလည်းတွေ့နေရတာပါပဲ။ ဒီအပိုင်းမှာဆိုရင်လည်း အားနည်းတယ်လို့ ပြောလို့မရတော့ပြန်ဘူးလေ။ ဒါဆိုရင် ရသအားနည်းသွား တယ်ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော်တို့ ပြန်စဉ်းစားဖို့လိုလာသလို ဘယ်လိုရသပိုင်းမှာ အားနည်း သွားတာလဲဆိုတာကို သေချာခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်မှ ပိုမှန်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရှိရှိသမျှ ရသတွေ အကုန်အားနည်းသွားတယ်လို့ ပြောလိုက်တဲ့အဓိပ္ပာယ်က ဘာလဲဆိုရင် အခုအချိန်မှာ ရေးနေသမျှစာ တွေအကုန်လုံးဟာ ရသမပါတော့ဘဲနဲ့ ဖွယ်တယ်တယ်ကြီးတွေဖြစ်နေကြတယ်။ တောင်မရောက် မြောက်မ ရောက်စာတွေချည်း ဖြစ်နေကြတယ်လို့ ဆိုလိုရာရောက်သွားလိမ့်မယ်ထင်ပါတယ်။ အဲ့ဒီတော့ ရှိရှိသမျှစာတွေ အကုန်လုံးဟာအဲ့ဒီလိုဖြစ်တော့ဖြစ်မသွားသေးဘူးလို့ မြင်ပါတယ်။

ဆရာမင်းခိုက်စိုးစန်

ဆရာမင်းခိုက်စိုးစန်

ဝတ္ထုတွေထဲမှာပါတဲ့ ဇာတ်ကောင်တစ်ကောင်ဟာ သူနဲ့ အတူခေတ်ပြိုင်အဖြစ် ပေါ်ထွန်းလာမယ့် လူ့အဖွဲ့အစည်း အတွင်းက လူငယ်တွေအပေါ်မှာ လွှမ်းမိုးမှုတွေရှိ တတ်ကြ ပါတယ်။ ဒီအီအပေါ်မှာ စာရေးဆရာ တစ်ယောက်ရဲ့ တာဝန်ယူစိတ်၊ တာဝန်သိစိတ်ဆိုတဲ့အပေါ်ကို အစ်ကို အမြင်ဘယ်လိုရှိလဲ။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ နှစ်ပိုင်းခွဲပြီးပြောမှဖြစ်မယ် လို့ထင်ပါတယ်။ တစ်ပိုင်းက ရသဖန်တီးတဲ့သူရဲ့အပိုင်းဖြစ်ပြီးတော့ တစ်ပိုင်းကကျတော့ရသကိုခံစားပြီး အဲ့ဒီရသရဲ့ ကူးစက်ခြင်းကိုခံရတဲ့သူရဲ့အပိုင်း။ အဲ့ဒီနှစ်ခုကြားထဲမှာ ဘာပြဿနာရှိလာလဲဆိုတော့ ကျွန်တော် တစ်ယောက်တည်းရဲ့အမြင်ကိုပြောရရင် ရေးတဲ့သူ ဖန်တီးသူက ရေးနေတဲ့အချိန် ဖန်တီးနေတဲ့အချိန်မှာ ပွင့်ပွင့် ဘာကိုမှမစဉ်းစားဘဲရေးတယ်။ လူမှုထုံးစံတွေ၊ လူ့ကျင့်ဝတ်ပိုင်းတွေ၊ လူတွေလိုက်နာသင့် လိုက်နာအပ်တဲ့ လောကရဲ့ ထုံးတမ်းအစဉ်အလာတွေ၊ နည်းလမ်းအစဉ်အလာတွေကို ရေးနေတဲ့အချိန်မှာ ဘာမှမစဉ်းစားမိဘူး။ ကျွန်တော်ရေးချင်တဲ့ဟာကို ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်ကိုဖန်တီးလိုက်တယ်။ တစ်ခါတလေမှာ ဇာတ်ကောင်တွေဟာ super caracter တွေဖြစ်နေတယ်။ ရိုးရိုးအပြင်မှာတွေ့နေရတဲ့ လူတွေထက် နည်းနည်းပိုနေတာလေးတွေပါတာကိုတွေ့ရတယ်။ အဲ့ဒီမှာ တချို့လူငယ်တွေက ခပ်ညစ်တစ်တစ်လေး တွေပါတယ်။ တစ်ခါတလေမှာ အရွဲ့တိုက်ချင်တဲ့ လူငယ်တွေပါတယ်၊ တစ်ခါတလေကျတော့လည်း လူကြီးတွေကို အကောင်းမမြင်တတ်တဲ့ လူငယ်ကာရိုက်တာမျိုးလေးတွေ ပါနေတတ်တယ်လေ။ အဲ့ဒါမျိုးတွေကို ကျွန်တော်က မရေးခင်ကတည်းက ကြိုတင်ကြံစည်ပြီး ငါမွေးမယ့်ဇာတ်ကောင်ကတော့ လူကြီးတွေကို ကလန်ကဆန်လုပ်တဲ့ ဇာတ်ကောင်လေးတစ်ကောင်လောက်တော့မွေးလိုက် ဦးမှပဲလို့ စဉ်းစားပြီး ရေးတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်စာရေးနေတဲ့အချိန်တွေမှာ ဘာတွေက လာပူးကပ်တာများလဲဆိုတော့ ကျွန်တော်ဖြတ်သန်းခဲ့ဘူးတဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ နောက်ပြီးတော့ ကိုယ်ကိုယ်တိုင်ခံစားဖူးတဲ့ ကိုယ့်ရဲ့ခံစားချက်တွေ အဲ့ဒါတွေကအကုန်လုံးရောထွေးပြီးတော့ ဇာတ်ကောင်တစ်ကောင် ဖန်တီးမိလျက်သား ဖြစ်သွားမျိုးတွေလေ။ ရေးနေတဲ့အချိန်မှာတော့ ဇာတ်ကောင်ကို ကိုယ်ခံစားနေရတဲ့ ခံစားမှုတစ်ခုဆီကို တွန်းပို့ နေတာဆိုတော့ ဘာမှမစဉ်းစားမိဘူး။ အဲ့ဒါနဲ့ ၀တ္ထုပြီးသွားတဲ့အချိန်မှာတော့ ဖတ်ပြီးတဲ့ ခံစားမိတဲ့သူက ဘယ်လို ပုံစံမျိုးဖြစ်သွားလိမ့်မယ်ဆိုတာမျိုးကို ကျွန်တော် ကိုယ်တိုင် လိုက်ပြီးမကြည့်နိုင်တော့ဘူး၊ မမြင်နိုင်တော့ဘူးလေ။ ၀တ္ထုဖတ်တဲ့လူ တစ်ယောက်ချင်းစီအပေါ်မှာမူတည်ပြီးတော့လည်း ကွဲပြားဦးမှာကိုး။ အဲ့ဒီစာအုပ်ကိုဖတ်ပြီး တစ်ယောက်ကတော့ အလကားပါကွာ၊ ခပ်ပေါပေါတွေရေးထားတာပါပေါ့၊ နောက်တစ်ယောက်ကကျတော့ ဒီဝတ္ထုထဲကဇာတ်ကောင်က အရမ်းမိုက်ရိုင်းတာပဲ၊ ဒီလိုဇာတ်ကောင်မျိုးမရှိသင့်ဘူးပေါ့။ နောက်ဆုံး တစ်ယောက် ကကျတော့ ဒီကာရိုက်တာကအရမ်းမိုက်တယ်ပေါ့။ ဒီဝတ္ထုထဲကကောင် လူကြီးတွေကို ကလန်ကဆန် လုပ်လိုက် တဲ့ပုံစံက ငါ့စိတ်ထဲမှာတော့ မိုက်တယ်ဆိုပြီး ဖတ်တဲ့သူတွေက အမျိုးမျိုးကွဲပြားသွားကြမှာပါပဲ။ အားလုံး အပေါ်မှာရော တစ်ယောက်ချင်းအပေါ်မှာပါ ဘာဖြစ်သွားစေတော့ရယ်လို့ ဆိုတဲ့ရည်ရွယ်ချက်မျိုးတော့ မရှိပါဘူး။ ဒီနေရာမှာမှဝေဖန်သုံးသပ်အကြံပေးသူတွေရဲ့ အခန်းကဏ္ဍဆိုတာဝင်လာပါတယ်။ မင်းရေးတာကတော့ဖြင့် သဘောရိုးနဲ့ပဲ ဖန်တီးလိုက်တယ်ပြောပြော၊ စတန့်ထွင်တယ်ပဲပြောပြော၊ တမင်လူငယ်တွေကို လှုံဆော်ဖမ်းစား ချင်လို့ ဒီလိုကာရိုက်တာမျိုးကို တမင် တကာဖန်တီးတယ်ပဲပြောပြော မင်းရေးလိုက်တဲ့ ဟာကတော့ အကျိုးသက်ရောက်မှုက ဘယ်လိုတွေ ဘယ်လိုတွေဖြစ်နေတယ်ကွာ။ အကျိုးဆက်တွေက မကောင်းဘူး။ ဒါကြောင့် မင်းဟာမင်းရေးပြီး အိမ်မှာသိမ်းထားသင့်တဲ့စာပဲလို့ ပြောလာကြမယ်ဆိုရင်တော့ ပြန်ပြီးစဉ်းစားဖို့ လိုသွားပါပြီ။ နောက်တစ်ချက်က စာဖတ်သူရဲ့ ရင့်ကျက်မှုကလည်းပဲ သူ့အဆင့်နဲ့သူရှိနေတယ်လေ။ ကိုယ်ရေး လိုက်တဲ့ စာတစ်ကြောင်းကိုပဲ ခံစားချက်ရင့်ကျက်တဲ့ လူတစ်ယောက်ရဲ့ ခံယူပုံကတစ်မျိုး၊ ခံစားချက် မရင့်ကျက်သေးတဲ့လူတစ်ယောက်ရဲ့ ခံယူချက်ကတစ်မျိုး ရှိနေတတ်ကြ ပါတယ်။ ကျွန်တော့်ဝတ္ထုတွေထဲမှာဆိုရင် ခဏခဏပါတတ်တာက လူကြီးနဲ့လူငယ်ရဲ့ ပဋိပက္ခဖြစ်ကြတာလေးတွေပေါ့။ အထူးသဖြင့်ဆိုရရင်တော့ မိဘနဲ့မတည့်လို့ အိမ်ပေါ်ကဆင်းသွားတာမျိုးလေးတွေ။ ကျွန်တော်မှတ်မိသလောက်ဆိုရင် နှစ်ခါသုံးခါ လောက်ပါဖူးတယ်။ ဒီအကြောင်းအရာကို ဖတ်လိုက်ရတဲ့ အတွေ့အကြုံ ရင့်ကျက်သူ တစ်ယောက်ရဲ့ အမြင်မှာ တော့ ဒါဟာခေတ်အဆက်ဆက်ကရှိခဲ့တဲ့ လူကြီးနဲ့လူငယ်ပဋိပက္ခကိုပြောနေပါလားဆိုတာကို သိပေမယ့်နုနယ်တဲ့ လူငယ်တစ် ယောက်အနေနဲ့ကြည့်မယ်ဆိုရင်တော့ လူကြီးတွေကိုဆန့်ကျင်တာ မိုက်တယ်ဆိုတဲ့အမြင် မျိုးတွေရှိ နေနိုင်တယ်လေ။ ဒါကြောင့် စာဖတ်သူရဲ့အတွေ့အကြုံ ရင့်ကျက်မှု၊ မရင့်ကျက်မှုဆိုတာပေါ်မှာမူတည်ပြီးတော့ ဘေးထွက်ဆိုးကျိုးတွေ အမျိုးမျိုးဖြစ်ပေါ်လာနိုင်တဲ့အတွက် အချုပ်ပြောရရင် ရေးလိုက်တဲ့စာတစ်ပုဒ်ရဲ့ ဘေးထွက်ဆိုးကျိုးများခြင်း၊ နည်းခြင်းဟာ စာရေးသားတဲ့သူက ထိန်းသိမ်းရမယ့် တာဝန်ဖြစ်သလို တစ်ဖက်မှာ လည်းပဲခံစားသူ ပရိသတ်တွေရဲ့ စိတ်နှလုံးရင့်ကျက်လာအောင် အားလုံးသော လူ့အဖွဲ့အစည်း တစ်ရပ်လုံးက ၀ိုင်းဝန်းမြှင့်တင်ကြရမယ့် ကိစ္စတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။

ကျွန်တော် ဖတ်ခဲ့ဖူးသလောက် အရင်ခေတ်တုန်းက၀တ္ထုတွေမှာာဆိုရင် အဲ့ဒီခေတ်တုန်းက အခြေအနေ တွေ၊ အဲ့ဒီလူ့အဖွဲ့အစည်းအတွင်းမှာ ကျင်လည်ခဲ့ကြရတဲ့ လူတွေရဲ့ ဘ၀ဖြတ်သန်းမှုပုံစံတွေ၊ ဘယ်လိုအတွေး အခေါ်ကို လက်ခံခဲ့ကြတယ်ဆိုတာမျိုးတွေ၊ သူတို့တွေ ဘာတွေကွကွကို ယုံကြည်ကိုးစားခဲ့ကြတယ်စတဲ့ ခေတ်တစ်ခေတ်ကို ထင်ဟပ် ပေါ်လွင်နေစေတဲ့ အကြောင်းအရာ တွေအများကြီးပါဝင်နေတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီဘီဘက်ခေတ် နောက်ပိုင်းဝတ္ထုတွေထဲမှာတော့ ဒါမျိုးးတွေ မတွေ့ရသလောက် နည်း ပါးသွားတာတွေ့ကြရတယ်။ ဒါဟာဘာ ကြောင့်လ့လဲ။ စာရေးဆရာတွေရဲ့ ကြိုးစားအားထုတ်မှုပိုင်းမှာ အားနည်းသွားတာကြောင့်လား။ ဒါမှမဟုတ် ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်းမှာ အဲ့ဒီခေတ်တုန်းကလို အခြေ အနေတွေမရှိ တော့တာလား။ အစ်ကိုရော ဘယ်လ်လိုမြင်မလဲ။

စာရေးဆရာရဲ့ လောကအမြင် နက်ရှိုင်းမှုနဲ့ဆိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် စာရေးဆရာဟာ လောကအမြင်နက် ရှိုင်းဖို့လိုသလိုလောကအမြင် နက်ရှိုင်းအောင် ကြိုးစားချင်စိတ်ရှိဖို့လည်း လိုပါတယ်။ လောကအမြင်နက်ရှိုင်းအောင် ကြိုးကြိုးစားစားနဲ့ လေ့လာတွေးခေါ် သုံးသပ်ပြီး သူသိလာတဲ့အသိကို စာဖတ်ပရိသတ်ဆီ တစ်ထောင့်တစ်နေရာကပဲဖြစ်ဖြစ် တင်ပြပေးဖို့ပါ။ အချစ်ဝတ္ထုမှာပဲဖြစ်ဖြစ်ပေါ့။ လမ်းမှာ ဈေးဝယ်ရင်းလမ်းဘေးကဈေးသည်နှစ်ယောက် အပြန်အလှန်ပြောကြတဲ့ ဒိုင်ယာလော့ဂ်မှာပဲဖြစ်ဖြစ်၊ သမီးရည်း စားနှစ်ယောက်ချိန်းတွေ့ကြတဲ့ ဒိုင်ယာလော့ဂ်မျိုးမှာပဲဖြစ်ဖြစ် တစ်ထောင့်တစ်နေရာမှာ ငါတတ်နိုင်စွမ်း ရှိသလောက် လောကအမြင်လေးတစ်ခုကို ထည့်ပေးမယ်ဆိုတဲ့ ကြိုးစားချင် စိတ်လေးရှိဖို့လည်းလိုတယ်လို့ ပြောချင်ပါတယ်။ ရှိတဲ့ စာရေးဆရာတွေလည်းရှိကြပါတယ်။ ဥပမာ ပြောရရင် ဆရာမဂျူးတို့ပေါ့။ သူတို့လည်း တတ်နိုင်သရွေ့တော့ရေးနေကြတာပါပဲ။ ကျန်တဲ့စာရေးဆရာတွေအနေနဲ့လည်း ညီလေးခုနကမေးသလို မျိုးလေးကို အချစ်ဝတ္ထုပဲကွာ ချစ်ရင်ပြီးတာပဲ၊ သရဲ ၀တ္ထုပဲကွာသရဲကြီးထွက်လာ မျက်လုံးကြီးပြူး၊ လျာကြီး ထွက်လာ ဂုတ်ချိုးဆိုပြီး ကြောက်ရင်ပြီး ရောဆိုပြီး ကိုယ့်ဝတ္ထု လူဖတ်ရင် လူကြိုက်ရင်ပြီးရောဆိုတာမျိုးထက် လောကအမြင်လေးကို ဝေမျပေးချင်တဲ့စိတ်ကလေးနဲ့ တစ်ထောင့်တစ်နေရာကနေ အားလုံးက တတ်နိုင် သလောက် ထည့်သွင်း ရေးသားကြမယ်ဆိုရင် အားလုံးအတွက် ပိုကောင်းသွားလိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။

အခုခေတ်မှာက ဘယ်လိုဖြစ်သွားလဲဆိုရင် ခုနကလို လောကအမြင်တွေကို ထည့်သွင်းပြီး ရသအဖြစ် ဖန်တီးနေကြတဲ့သူတွေရွရဲ့ ၀တ္ထုအချို့ရှိနေကြပေမယ့် လူ့အဖွဲ့အစည်းရဲ့လက်ခံနိုင်စွမ်းအားမှာတော့ လျှော့ကျ လာနေတာကိုတွေ့ရတယ်ဗျ။ ဘယ်လ်လိုလဲဆိုရင် ငါတို့က ဖျော်ဖြေရေးအနေနဲ့ စာဖတ်တာပဲ၊ သူတူတို့က လောကအမြင်တွေကို လာပေးနေကြပြန်ပြီ။ ငါတို့မှာ ငါတို့ဟာ ငါတို့တောင် မောလွန်းလို့ ပန်းလွန်းလို့ ရုန်းကန်ရလွန်းလို့ရှိရတဲ့ထဲ သူတို့က လာပြီးဖိအားတွေပေးနေကြပြန်ပြီဆိုပြီ လက်မခံနိုင်တာမျိုးတွေလည်း ရှိတယ်ပေါ့။ ဒါကြောင့် ဈေးကွက်မှာ ဒီလိုလောက ရသအမြင်တွေကို ထည့်သွင်းဖန်တီးရေးသားကြတဲ့ သူတွေရွရဲ့ စာအုပ်တွေဟာ အခြေအနေယိုင်လာသလိုဖြစ်လာရတယ်။ အပျော်ဖတ်စာပေတွေလောက် အောင်မြင်မှု မရကြပါဘူး။ အဲ့ဒီိလြိုဖစ်နေတဲ့ လူ့အဖွဲ့အစည်းနဲ့ စာရေးဆရာတွေကို အစ်ကိုဘာပြောချင်လဲ။

လူ့အဖွဲ့အစည်းနဲ့ စာရေးဆရာတွေကိုတော့ကျွန်တော်ဘာမှ မပြောချင်ဘူးဗျ။ ကိုယ့်ကိုယ်ကိုယ်ပဲပြော ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလိုဘာကြောင့်ဖြစ်နေရသလဲဆိုတော့ ကိုယ်စားရေးတဲ့သူပေါ့။ လူငယ်တွေကပြောမယ် စာကြီးတွေကလေးပါတယ်ကွာ။ ငါတို့က အပျော်ဖတ်စာတွေကိုပဲဖတ်ချင်တာ၊ ဒီလိုစာလေး ပေလေးကြီးတွေကို မဖတ်ချင်ဘူးဆိုတဲ့ လူငယ်တွေပဲလားဆိုတော့လည်း မဟုတ်ဘူးဗျ။ ဆရာမောင်စူးစမ်းတို့ ဆရာကျော်ဝင်းတို့ရဲ့စာတွေကို လူငယ်တွေ ဖတ်နေကြတာပဲလေ။ ဒါကိုကြည့်ခြင်းအားဖြင့် လူငယ်တွေဟာ စာလေးပေလေးကြီးတွေဆိုရင် ရှောင်ဖယ်တဲ့ပရိသတ်မျိုးမဟုတ်ဘူးဆိုတာကိုသွားတွေ့ရတယ်။ ဒါပေမယ့် ရသစာအုပ်တွေထဲမှာ လောကအမြင်တွေ နိုင်ငံရေးရှုထောင့်၊ လူမှုရေးရှု့ထောင့်၊ စီးပွားရေးရှု့ထောင့်တွေကိုထင်ဟပ်ပေါ်လွင်နေစေတဲ့ဟာမျိုးတွေပါလာရင်ရော လူငယ်တွေ မဖတ်ချင်ကြတော့ ဘူးလား။ မဖတ်ချင်ကြတော့ဘူးဆိုတာမျိုးကတော့ မဟုတ်နိုင်ဘူး။ ကိုယ်တို့ စာရေးဆရာတွေကညံ့လို့၊ ဒါကိုရသမြောက်အောင်မရေးနိုင်လို့၊ လူငယ်တွေစီးမျောသွားအောင်မရေးနိုင်လို့သာလျင် လူငယ်တွေက ဒါကိုလက်မခံတာဖြစ်နိုင်တယ်ဆိုတာ သွားတွေ့ရတယ်။ ဒါကိုကျွန်တော်က ဘာလို့ပြောနိုင်ရလဲဆိုရင် ပြင်သစ်

စာရေးဆရာကြီးတစ်ယောက်ရေးတဲ့ ‘မင်းသားလေး’ ဆိုတဲ့စာအုပ်ထဲမှာ လောကအမြင်တွေအများကြီးပါတယ်။ တစ်ဖက်ကပြောမယ်ဆိုရင်လည်း စာလေး ပေလေးကြီးလို့ ပြောမယ်ဆိုပြောလို့ရတယ်ပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ လောကမှာရှိသမျလူတွေအားလုံးကို သုံးသပ်ပြထားတဲ့စာအုပ်ဖြစ်နေလို့လေ။ ဒါပေမယ့် အဲ့ဒီစာအုပ်ဟာ မူလတန်း သင်ရိုးသာသာလောက်ပဲ ရှိနေတယ်လေ။ ဒီနေရာမှာ ကျွန်တော်ဆိုလိုချင်တာက ပြင်သစ်မှာဒီလိုစာအုပ်မျိုးကို မူလတန်းကလေးတွေတောင်ဖတ်နိုင်တယ်၊ ဖတ်လည်းဖတ်ကြတယ်။ ဘာကြောင့် လဲဆိုတော့ အရမ်းရသမြောက်တဲ့အတွက်ကြောင့်ပါပဲ။ ကျွန်တော်ပြောချင်တာက လောကအမြင်ဆိုတာကြီးကို ‘လောကအမြင်ဆိုသည်မှာဘာညာ ဘာညာ ဖြစ်သည်လို့’ အစချီပြီးရေး ထားတာမျိုးမဟုတ်ဘူးဗျ။ အဲ့ဒီလောက အမြင်ဆိုတာကိုပဲ ကလေးတစ်ယောက်ရဲ့ အမြင် ရှုထောင့်ကနေ ကလေးတစ်ယောက်ရဲ့ အတွေ့အကြုံ၊ ကလေးတစ်ယောက်နဲ့ ပတ်သက်တဲ့အသိ သေးသေးလေးတွေ၊ ဥပမာဆိုပါစို့ ကြယ်တွေကို ရည်တွက်တဲ့လူ တစ်ယောက်။ သူက ကြယ်တွေကိုရည်တွက်တယ်၊ ပြီးတော့ အဲ့ဒီကြယ်တွေရဲ့ အရည်အတွက်ကို စာရင်းတွေဘာတွေလုပ်ပြီး ကြယ်တွေအရည်အတွက်စာရင်းရေးထားတဲ့ စာရင်းစာရွက်လေးကို မီးခံသေတ္တာ ထဲထည့် ပိတ်ထားလိုက်တယ်။ အဲ့ဒါကို မင်းသားလေးက မြင်သွားတော့ အဲ့ဒီကလေးကိုမေးတယ်။ မင်းဘာလုပ်တာလဲပေါ့။ ကလေ ကဘာပြန်ပြောလဲဆိုရင် ကြယ်တွေရဲ့ စာရင်းကို ငါပြုစုပြီး သိမ်းဆည်းလိုက် တဲ့အတွက် ဒီကြယ်တွေအားလုံးဟာ ငါပိုင်ဆိုင်တဲ့အရာတွေဖြစ်သွားပြီလို့ ပြောလိုက်တယ်။ ဒီအကြောင်းအရာ လေးကို ကျွန်တော်တို့က ထပ်ပြီးဖြန့်ကြက်ပြီးတွေး စရာတွေအများကြီးပေါ်လာတယ်။ ဥပမာပေါ့၊ စီးပွားရေး လုပ်ငန်းရှင်တွေက ငွေကြေးနဲ့ စီးပွားရေးကိန်းဂဏန်းတွေကို စာရင်းတွေသေချာလုပ်ပြီး ဒါတွေကိုငါပိုင်တယ်ဆိုပြီး ထင်နေကြတယ်။ ဒါမျိုးတွေပေါ့။ အတွေးတွေကိုဖြန့်ကြက်လို့ရအောင် အစထုတ်ပေးထားတာလေ။ ဒီလိုပါပဲ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းက လူငယ်တွေကလည်း သူတို့ကို လုံးစေ့ပတ်စေ့ ဆရာလုပ်နေကြတာထက်စာရင် သူတို့ကိုအတွေးဖြန့်ကြက်လို့ရအောင် အတွေးပါတဲ့ရသလေးတွေပေးနိုင်ရင် ပို ပြီးအဆင်ပြေနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုအခြေအနေမှာ ကျွန်တော်တို့က သူတို့အတွက်ကို အဲ့ဒီလိုအတွေးပါတဲ့၊ အတွေး ရသမြောက်တဲ့ စာပေမျိုးမပေးနိုင်ကြသေးတဲ့အတွက် ဒီလိုဖြစ်နေကြတာလို့မြင်မိ ပါတယ်။ ဒါဘယ်သူ ညံ့လို့လဲဆိုရင် ကျွန်တော်တို့ညံ့လို့ပေါ့။

အစ်ကိုက လတ်တလော စာပေလောကမှာဆိုရင် စာပေနဲ့အသက်မွေးဝမ်းကြောင်းပြုသူ professional writter အဖြစ် ရပ်တ်တည်လ်လာတဲ့အခါမှာ အနုပညာနဲ့ပတ်သက်တဲ့ အလုပ်တွေကို လူသားတွေအတွက် အသုံးဝင်တဲ့ အနုပညာပစ္စည်း craft  ဒါမှမဟုတ် commercial  art အနေနဲ့ပြောင်းလဲရေးသားနေရတာတွေရှိ တော့ ဒီအပေါ်ကို အစ်ကို ဘယ်လိုသဘောထားလဲ ဆိုတုတာ သိချင်ပါတယ်။

ကျွန်တော်ခံယူထားတဲ့ professional ဆိုတဲ့ စကားလုံးကို ပထမဆုံးပြောပြချင်ပါတယ်။ ဘယ်လိုလဲဆိုရင် ငွေပေးထားတဲ့အလုပ်ကို တန်အောင်လုပ်ပေးတဲ့လူကို professional လို့ မြင်တယ်လေ။ ကျွန်တော်က စာရေးတဲ့အလုပ်မှာ professional လုပ်နေသူဖြစ်တဲ့အတွက် ကျွန်တော့် ခေါင်းထဲမှာ ထည့်ထား တာက ငါ့ကိုငွေပေးထားတဲ့၊ ငါယူထားတဲ့ ငွေကြေးပမာဏနဲ့တန်အောင် ငါအလုပ်ကို ငါကောင်းအောင် လုပ်မယ်ဆိုတဲ့စိတ်ပေါ့။ ဒါက professional သမားတိုင်းမှာ ရှိတဲ့စိတ်လို့လည်း ကျွန်တော်ထင်ပါတယ်။ ဒီအပေါ်မှာ ဘာတွေဖြစ်လာလဲဆိုရင် ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ ရိုရိုသေသေလုပ်ရမယ်ဆိုတဲ့ ပြဿနာပါ။ ကျွန်တော်ကတော့ ကျွန်တော်ရေးတဲ့ ဘယ်လိုစာမျိုးပဲဖြစ်ဖြစ် ရိုရိုသေသေနဲ့ တကယ်အားစိုက်ပြီးရေးတယ်။ ဒါပေမယ့် တချို့စာရေးဆရာတွေကျတော့ အပျော်ဖတ်စာပေတွေကို ဒါတွေက အပေါစားစာပေ၊ အပေါစားရေးတာ၊ ပိုက်ဆံရလို့ရေးတာ ဒါကြောင့် ခြေမကိုမင်တို့ပြီးရေးရင်တောင် ၀တ္ထုဖြစ်တယ်လို့ သဘောထားကြတာတွေရှိတယ်လေ။ ဒါက သူ့အလုပ်အပေါ်မှာထားတဲ့ သူရဲ့သဘောထားပေါ့။ ကျွန်တော်က တော့ မင်းခိုက်စိုးစံကလောင်နဲ့ရေးလည်း ခြေမကိုမင်တို့ပြီး မရေးဘူး၊ သတိုးတေဇကလောင်နဲ့ ရေးတဲ့အချိန်မှာ လည်း ခြေမကိုမင်တို့ပြီး မရေးပါဘူး။ သတိုးတေဇကလောင်နဲ့ဆိုရင် ကျွန်တော်သရဲဝတ္ထုတွေရေးတယ်ပေါ့။ ဒါက ပိုက်ဆံရှာတဲ့စာပေလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ကပိုက်ဆံရှာတဲ့ စာမျိုးကိုရေးတဲ့ နေရာမှာလည်း ကိုယ်ရေးလိုက်တဲ့စာကို ဖတ်တဲ့လူအတွက် ကောင်းအောင်၊ ဖတ်ပျော်အောင် ငါ့စာအုပ်ကို ၀ယ်ဖတ်လိုက်တဲ့သူ၊ ငါ့စာအုပ်ကို ငှားဖတ်လိုက်တဲ့သူဟာသူပေးလိုက်ရတဲ့ ငွေကြေးပမာဏနဲ့တန်တဲ့ ဖျော်ဖြေမှု မျိုးကိုရသွား ပါလားဆိုတဲ့ ခံယူချက်မျိုးနဲ့သူ့ကိုအပြည့်အ၀ ဖျော်ဖြေတင်ဆက်နိုင်အောင် အပြည့်အ၀အား ထုတ်ပြီးတော့ နည်းနည်းမှ မခိုမကပ်ဘဲ သေချာအားထုတ်ပြီး ကျွန်တော်ရေးပါတယ်။ ဒါက ဘာလို့လဲ၊ ကိုယ့် အလုပ်အပေါ်ကိုရိုသေတာပါ။ ကျွန်တော်တို့ အနုပညာသမားတွေမှာ မာနလေး တစ်မျိုးရှိတတ်ကြပါတယ်။ ငါတို့ကအနုပညာအတွက်ပဲ အလုပ်လုပ်ကြတာ၊ ငွေကြေးအတွက် အလုပ်လုပ်ကြတာမဟုတ်ဘူးဆိုပြီး ရှိကြတယ်လေ။ သူတို့က အနုပညာအတွက် လုပ်ကြတဲ့အခါမျိုးမှာဆိုရင်လည်း တစ်ဘ၀လုံးရင်းပြီးတော့အထိ လုပ်ကြတာမျိုးတွေ ရှိပေမယ့် သူတို့ကငွေကြေးအတွက် လုပ်ကြတဲ့အခါမျိုးမှာဆိုရင်တော့မရိုသေကြတာ မျိုးလေးတွေ ရှိတတ်ကြတာကိုတွေ့ရတယ်ဗျ။ ငွေဆိုတာ မလွှဲသာလို့သာ ရှာနေကြရတယ်၊ အသက် မွေးဝမ်းကြောင်းအတွက်သာငွေကိုရှာနေကြရတာ ဒါကြောင့် ငွေကြေးအတွက် အလုပ်လုပ်ရတာ နိမ့်တယ်ဆိုတဲ့ အမြင်မျိုး ရှိတတ်ကြတယ်။ ဒါပေမယ့် ကျွန်တော်အမြင်ကတော့ဒီလိုမဟုတ်ဘူးဗျ။ အလုပ်ဟာ ဘာပဲလုပ်လုပ် အလုပ်ပဲ။ အနုပညာ အတွက်လုပ်တဲ့ အလုပ်ကလည်း အလုပ်ပဲ။ ငွေကြေးအတွက် လုပ်တဲ့ အလုပ်ကလည်း အလုပ်ပဲ။ အိမ်သာ တွင်းတူးတာလည်း အလုပ်ပဲ။ သမ္မတလုပ်တာလည်း အလုပ်ပဲ။ ကိုယ်လုပ်နေတဲ့ အလုပ်တိုင်းကိုတော့ ကိုယ်ရိုသေရမယ်လို့ ထင်ပါတယ်။ ကျွန်တော်သာဟိုတယ်တစ်ခုမှာ တံခါးဖွင့်ပေးရတဲ့လူ ဖြစ်နေရင်လည်း ကျွန်တော်က ဒီတံခါးလေးဖွင့် ပေးရတဲ့အလုပ်ကိုပဲ ရိုရိုသေသေလေးလုပ်ပေးမှာပဲလို့ မြင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အနုပညာမြောက်အောင် လုပ်နေကြတဲ့အချိန်မှာလည်း အနုပညာ မြောက်ခြင်းအတွက် စိတ်တစ်ခုလုံးကိုပုံပေးထားရသလို commercial art ကျွန်တော်တို့ စာပေမှာဆိုရင်တော့ ဖျော်ဖြေရေးစာပေ ရေးနေတဲ့အချိန်မှာလည်း ငါ့စာကိုဖတ်တဲ့လူ အပျင်းပြေပါစေ၊ စိတ်နှလုံး ဖျော်ဖြေမှုအပြည့်အ၀ ရပါစေဆိုတဲ့စိတ်ကို အပြည့်အ၀ထားတော့ ကျွန်တော့်အတွက်ကတော့ ဘယ်ဟာကိုလုပ်နေတဲ့ အချိန်ပဲဖြစ်စေ၊ ကျွန်တော့်အတွက်ကတော့ အားထုတ်ရတာခြင်းအတူတူပါပဲ။ ဒါပေမယ့် အနုပညာကတော့ ရံဖန်ရံခါမှ ရှားရှားပါးပါး ရင်ထဲမှာ ဖျတ်ခနဲ လင်းလက်သွားတဲ့ဟာမျိုးဆိုတော့ သူ့ကိုမိဖို့စောင့်ရတာ တော်တော်ကြာတယ်။ ရလိုက်တဲ့ အချိန်မှာလည်း ခံစားလိုက်ရတဲ့ ပီတိက ဘာနဲ့မှ မတူဘူးလို့ခံစားရတယ်။ ဖျော်ဖြေရေးဟာကျတော့ ကိုယ်တတ်တဲ့ အတတ်ပညာကို အားကိုးပြီးရေးရတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ်တတ်တဲ့ အတတ်ပညာကို ကောင်းအောင် အမြဲအားထုတ်နေရတယ်။ အလားတူစာတွေအများကြီး လိုက်ဖတ်နေရတာတွေ ရှိတယ်။ ဥပမာဆိုပါစို့၊ သရဲဝတ္ထုရေးမယ်ဆိုရင် နိုင်ငံခြားကစာရေးဆရာတွေရေးတဲ့ သရဲဝတ္ထုတွေကို တော်တော် များများလိုက်ဖတ်ပြီးတော့ သူတို့တွေဆီက tecnique တွေကိုလေ့လာရတယ်။ ဘာလို့လဲ ဆိုတော့ ဖျော်ဖြေရေး စာပေမှာ tecnique ကောင်းမှ ဖျော်ဖြေရေး ကောင်းမှာကိုး။ ဟိုဘက်အနုပညာဘက်ပိုင်းမှာတော့ အနုပညာဗီဇနဲ့

အနုပညာအထုံ၊ အနုပညာ အာရုံခံစားမှုကောင်းမှ အနုပညာကောင်းမှာကိုး။ ဒီနှစ်ဖက်စလုံးမှာ အားထုတ် အချိန်ပေးပြီး သေချာလုပ်ပါတယ်။ ခုနကပြောခဲ့သလိုပေါ့ဗျာ။ ဖျော်ဖြေရေး ရေးတာပဲကွာ ချစ်ကွဲညားပြီးရောဆိုပြီး ရေးလိုက်ရင်လည်းမဖြစ်သေးဘူးလေ။ ဒါပေမယ့်လည်း ဖြစ်တော့ဖြစ်မယ်၊ ဖျော်ဖြေရေးအနိမ့်စား စာပေပဲဖြစ်သွား

ပါမယ်။ ကျွန်တော်ကတော့ ဖျော်ဖြေရေးမို့လို့ အလကားပါလို့လည်း မပြောချင်ဘူး။ ဖျော်ဖြေရေးမှာလည်း ဖျော်ဖြေရေးတကယ်ကောင်းရင် စာဖတ်သူတွေအတွက်တန်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဖျော်ဖြေရေး entertainment အတွက်ဆိုရင်လည်း entertainment အကောင်းစားတွေဖြစ်စေချင်ပါတယ်။

အခုကျွန်တော်တို့စာပေလောကမှာ ဒီအပျော်ဖတ်စာပေတွေအပေါ်ကို အခြေပြုပြီး ဒီစာအမျိုးအစား ကတော့ ဘယ်လို လူတန်းစားပေါ်မှာအခြေပြုပြီးရေးထားတာ၊ ဘယ်လူ့အဖွဲ့ အစည်းကို ကိုယ်စားပြုတယ်၊ သူရဲ့လားရာလမ်းရဲ့ အကျိုးဆက်က ဘာတွေဖြစ်လာနိုင်တယ်၊ မျက်မှောက်ခေတ် လူမူအဖွဲ့အစည်းကတော့ ဘာတွေဖြစ်နေပြီဆိုတဲ့ သုတေသနသဘောဆောင်တဲ့ ဝေဖန်ဆန်းစစ်မှုမျိုး အလွန်တရာ အားနည်းနေတယ်လို့ ထင်ရတယ်။ အစ်ကိုရော ဘယ်လ်လိုမြင်လဲ။

ကျွန်တော်ကတော့ ဒါမျိုးရှိစေချင်ပါတယ်။ ကျွန်တော်တို့ဟိုးအရင် သရဖူမဂ္ဂဇင်းလုပ်တုန်းကဆိုရင် သူငယ်ချင်းတွေကလည်း အကုန်လုံးလိုလိုစုမိကြတော့ အဲ့ဒီလိုလုပ်ကြဖို့ ဆန္ဒလည်းရှိကြတော့လုပ်ကြမယ်လို့ စိတ်ကူးခဲ့ကြဖူးတယ်။ အခု အခြေအနေမှာကျတော့ အားလုံးက တစ်ယောက်တစ်ကွဲစီ ဖြစ်နေကြတော့ မလုပ်ဖြစ် ကြတော့ဘူးပေါ့။နောက်တစ်ခုကကျတော့ ကျွန်တော်တို့က အသက်နည်းနည်းရလာကြတော့ ကျွန်တော်တို့ အတွက်အချိန်က တဖြည်းဖြည်းနဲ့ ရှားပါးလာတဲ့ အခါကျတော့ ဒါမျိုးတွေ မလုပ်ဖြစ်တော့ဘူးပေါ့ဗျာ။ ဘာကြောင့် အချိန်တွေရှားပါးလာရလဲ မေးရင်တော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ရှိတဲ့အချိန်ကို ပိုက်ဆံရှာဖို့အတွက် သုံးချင်တဲ့စိတ်ကလည်း အရင်ကထက် ပိုများလာတယ်။ ဒီအချိန်လေးကိုတော့ဖြင့် ဒီသုတေသနအလုပ်ကို လုပ်လိုက်မယ်ဆိုရင် သုတေသနအလုပ်ဆိုတာကလည်း စိတ်ရော၊ လူရော တစ်ဘ၀လုံးပေးပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခံပြီး လုပ်နိုင်မှကောင်းမှာလေ။ ကျွန်တော် အဲ့ဒီလောက်အထိ သတ္တိမရှိတော့ဘူးဖြစ်သွားပြီ။ သတ္တိမရှိဘူးဆိုတာကလည်း ကောင်းကောင်းနေချင်၊ ကောင်းကောင်းစားချင်တဲ့ စိတ်ကများနေတော့ ကိုယ့်အချိန်ကို သုတေသနအတွက်မသုံးဘဲနဲ့ ကိုယ့်ရဲ့ကိုယ်ကျိုးအတွက် သုံးတာများနေတယ်လို့ ထင်မိတယ်။ ဒါကြောင့် နောက်ပိုင်းမှာ တကယ်ကိုသတ္တိကောင်းတဲ့လူငယ်တွေပေါ်လာဖို့ လိုပါတယ်။ အခု ကျွန်တော်တို့ စာပေနယ်မှာ အထူးသဖြင့် အဓိကလိုနေတာ ပရဟိတလုပ်ငန်းတွေအရမ်းလိုတယ်။ ဒါကို လုပ်မယ့်လူလည်း မရှိဘူး။ မြေတောင်မြှောက်ပေးဖို့ ငွေရေးကြေးရေးကြောထောက်နောက်ခံ၊ တကယ်အချိန်ပေးပြီးလုပ်နိုင်မယ့် human resource  အများကြီးလိုအပ်နေပါတယ်။ ဒါကြောင့် ဒီလိုအလုပ်မျိုးကို သတ္တိရှိရှိလုပ်ချင်တဲ့ လူငယ်တွေ ပေါ်ပေါက်လာမယ်ဆိုရင်လည်း တစ်ထောင့်တစ်နေရာကနေ ကျွန်တော်ကူညီချင်ပါတယ်။

အခု ကျွန်တော်တို့ရဲ့ စာပေလောကမှာကြည့်လိုက်ရင် အပျော်ဖတ်စာပေတွေဟာ စာကြီးပေကြီးလို့ ပြောလို့ရ့ရတဲ့ စာပေအမျိုးအစားတွေထက် အဆမတန်ထွက်ရှိနေတာကိုတွေ့နေရတယ်ဗျ။ အဲ့ဒီလိုရှိနေတဲ့ အခြေအနေသာ ဒီထက်ပိုပြီးများပြားလာရင်၊ အချိန်ကာလပိုများလာရင် ကျွန်တော်တို့လူ့အ့အဖွဲ့အစည်းမှာ ဘာတွေဖြစ်လာနိုင်ပြီး ဘယ်လိုအကျိုးဆက်တွေကိုခံစားလာရမယ်လို့ စာရေးဆရာတစ်ယောက် အနေနဲ့ သုံးသပ်မိလဲ။

ကျွန်တော်တို့ဆီမှာလို့ပဲ တစ်ကမ္ဘာလုံးမှာ ဒီအတိုင်းပါပဲ။ အနောက်နိုင်ငံတွေမှာဆိုရင်လည်း အပျော်ဖတ်စာပေဟာ စာကြီးပေကြီးတွေထက် အရည်အတွက်ပိုများပြီးတော့၊ အင်မတန်မှ ဒေါင်ဒေါင်မြည်စာမျိုး က တအားကိုအရည်အတွက်နည်းပါတယ်။ စံတင်ရလောက်တဲ့ စာအုပ်တွေများလာရင် လူလောကကြီး တိုးတက်ပြီးတော့ စံတင်ရလောက်တဲ့စာအုပ်တွေနည်းရင် လူ့လောကကြီး အောက်စိုက်ဆင်းသွားလိမ့်မယ်လို့ ဘယ်ပုံသေနည်းမှာမှလည်းမရှိပါဘူး။ အဓိကက စာအုပ်ပေါ်မှာရေးထားတဲ့ စာလုံးတွေမဟုတ်ပါဘူး။ အဓိကက လူ့ရဲ့ ရင့်ကျက်မှုနဲ့ ဉာဏ်ရည်ဖွင့်ဖြိုးမှုဆိုတဲ့အချက် က အဓိကကျပါတယ်။ လူ့အဖွဲ့အစည်းကောင်းဖို့ အတွက်ဆိုပြီး စွယ်စုံကျမ်းကြီးတွေ ထောင်နဲ့ချီပြီးထုတ်လိုက်လို့ လူ့အဖွဲ့အစည်းကြီးအတွက်ကောင်း ကျိုးဖြစ်သွားတယ် ဆိုတာမျိုးက သိပ်သဘာဝ မကျလှပါဘူး။ ဒါပေမယ့် ဘယ်လိုအခါမျိုးမှ လူ့အဖွဲ့အစည်းက ကောင်းလာလဲဆိုရင် တာဝန်ယူတတ်တဲ့ အသိစိတ်ရှိတဲ့လူတွေ၊အတွေ့အကြုံနဲ့ လောကအမြင်ရင့်ကျက်တဲ့ လူတွေ၊ အမှန်ကို အမှန်အတိုင်းမြင်တဲ့လူတွေ၊ အမှန်ကို အမှန်အတိုင်း ပြောရဲဆိုရဲလုပ်ရဲတဲ့လူတွေနဲ့ သမ္မာသင်္ကပ္ပဆိုက်တဲ့ အခွင့်အရေးတွေနဲ့ လူ့အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်လာရင် လူ့အဖွဲ့အစည်းဟာ သူ့အလိုလိုသူ တိုးတက်လာတယ်။ ညီလေးက စာအုပ်ကနေလူဆီသို့ဆိုတဲ့သဘောမျိုးနဲ့ မေးခဲ့တာလေ။ စာအုပ်ထဲမှာပါတဲ့ အသိပညာ၊ ဉာဏ်ပညာ၊ လောကအမြင်စတဲ့ အရာတွေကို လူတွေဆီကိုပေးမယ်ဆိုတဲ့ အမြင်မျိုး ဖြစ်မယ်ထင်တယ်။ တကယ်တမ်းမှာကျတော့ အဲ့ဒီအမြင်ဟာ တစ်ဖက်သတ်အမြင်ဖြစ်နေပြန်တယ်။ အခြားတစ်ဖက်ဆိုတာရှိနေသေးတယ်။ ဘာလဲဆိုရင် စာအုပ်ကနေ လူဆီကိုသွားသလိုပဲ၊ လူဆီ ကနေ စာအုပ်ဆီ ကိုပြန်သွားတဲ့ သဘောသဘာဝလည်းရှိတယ်။ လူရဲ့အသိဉာဏ်မြင့်လာတာနဲ့အမျှ စာအုပ်ရဲ့အရည်အသွေးဟာ လည်းမြင့်လာတယ်။ စာအုပ်အရည်အသွေးမြင့်လာတဲ့အတွက်ကြောင့် လူ့ယဉ်ကျေးမှု ဟာလည်းမြင့်လာတယ်။ အဲ့ဒီလိုပဲ အပြန်အလှန်သွားတဲ့ သဘောမျိုးမှာရှိပါတယ်။အခုအခြေအနေက စာအုပ်တွေကိုပဲကြည့်ပြီး ဘာဖြစ်လို့ အတင်းကြီးတွန်းပြီး မြင့်စေချင်ရတာလဲ။ တစ်ဖက်ကလည်း လူတွေရဲ့ ရင့်ကျက်မှုနဲ့ လူတွေရဲ့အတွေ့အကြုံ၊ အတွေးအခေါ်၊ ဆုံးဖြတ်ချက်တွေကို မြင့်မားလာအောင်လည်း တစ်ဖက်က ဟန်ချက်ညီညီမြှင့်တင်မှ အရည် အတွက်ရော အရည်အချင်းရောကောင်းတဲ့ စာအုပ်တွေဖြစ်လာမယ်လို့ထင်ပါတယ်။ ဒါကိုပဲ တစ်ဖက်သတ် စာအုပ်တွေကိုပဲကောင်းအောင်လုပ်နေကြရင် စာအုပ်ကြီးတွေကဘယ်လောက်ကောင်း သူတို့ကဖတ်ချင်တဲ့စိတ် ရှိမှဖြစ်မှာလေ။ ဒါကြောင့် သူတို့တွေဖတ်ချင်လာအောင်လည်း လုပ်ပေးရမယ်လို့ထင်ပါတယ်။ ဒါမှလည်း အပြန်အလှန်အနေနဲ့ အကျိုးရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်တည်လာမှာပါ။

အစ်ကိုရေးခဲ့တဲ့ဝတ္ထုတွေကို အခြားမီဒီယာတစ်ခုခုနဲ့ပြောင်းလဲပြီးတင်ပြတဲ့အခါ ဗီဒီယိုပြန်ရိုက်တာ၊ ရုပ်ရင်ပြန်ရိုက်တာစသဖြင့်ပေါ့လေ… လုပ်တဲ့အခါမှာ အစ်ကို သရုပ်ဖော်ခဲ့တာက စကားလုံးတွေ၊ စိတ်ခံစားမှု တွေနဲ့သရုပ်ဖော်ခဲ့တာကို အခြားမီဒီဒီယီယာတစ်ခုခုပေါ်ရောက်သွားတဲ့အခါမျိုးမှာ ကိုယ့်ဟာကိုယ်ပြန်ကြည့်ပြီး ဘာဖြစ်သွားလဲ။ ဒီအီအပေါ် အစ်ကို့အမြင် ဘယ်လိုရှိမလဲ။

ကျွန်တော်က ကျွန်တော်ရေးထားတဲ့ဝတ္ထုကို ရောင်းလိုက်ပြီဆိုကတည်းက အခြားမီဒီယန် (medium)

တစ်ခုဖြစ်သွားပြီလေ။ စာရေးဆရာမှာဆိုရင် စကားလုံးသည် မီဒီယန်ဖြစ်တယ်။ ပန်းချီဆရာမှာကျတော့ ဆေးတွေ၊ စုပ်တံတွေ၊ ကင်းဗတ်တွေဟာ မီဒီယန်ဖြစ်တယ်၊ ရုပ်ရှင်မှာကျတော့ ဖလင်ကော်ပြားတွေ၊ မီးအလင်းအမှောင်တွေက မီဒီယန်ဖြစ်သွားတယ်လေ။ ဒီလိုမီဒီယန်ချင်းမတူတဲ့အတွက်ကြောင့် မီဒီယန် တစ်ခုကနေ တစ်ခုကိုကူးတဲ့အခါမှာ ထပ်တူထပ်ကျဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးလေ။ ဒီလိုမဖြစ်နိုင် တဲ့အတွက်ကြောင့် မီတယ်မမီဘူးဆိုတာပြောဖို့ရာတော်တော်ခက်သွားတယ်။ မမီဘူးပြောလိုက်ရင်လည်း မမီဘူး

ပြောတဲ့လူညံ့ရာကျနိုင်တယ်လေ။ ကျွန်တော့်သဘောအရပြောရရင် မီဒီယန်ချင်းမတူတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လွတ်လွတ်လပ်လပ် ဖန်တီးလုပ်ဆောင်ခွင့်ရှိတယ်လို့ ယူဆမိတယ်။ ကျွန်တော်ရေးထားတာနဲ့ လာပြီးတူနေစရာ တောင်မလိုဘူးဗျာ။ ကျွန်တော်ရေးထားတဲ့ဟာကို တူအောင် ကျွန်တော်ရေးတဲ့ စကားလုံးတွေနဲ့ ရေးထားတဲ့ဟာကိုတစ်ထပ်တည်းတူအောင် ရုပ်ရှင်ပိတ်ကားပေါ်မှာပြောင်းတယ်၊ဗီဒီယိုဇာတ်ကားအဖြစ်ရိုက်တယ်

ဆိုရင်လည်း အင်မတန်ညံ့ဖျင်းတဲ့ရုပ်ရှင်ပဲဖြစ်သွားပါ့မယ်။ မီဒီယန်ချင်းမှမတူတာလေ။ ဒါကြောင့်ကျွန်တော်က ဒီဟာကိုရုပ်ရှင်အဖြစ် အသွင်ပြောင်းတော့မယ်ဆိုကတည်းက ရုပ်ရှင်မီဒီယန်ဟာ ငါသုံးနေတဲ့မီဒီယန်မဟုတ်တဲ့ အပြင် ဒီရုပ်ရှင်ကိုဖန်တီးမယ့်သူဟာ ငါမဟုတ်ဘူး။ သီးခြားစီရှိနေတဲ့အတွက် သူဟာသူ လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရှိသွားပြီလို့ဆိုပြီး ထားလိုက်တော့တာများတယ်။

၂၀၀၅ ခုနှစ်နောက်ပိုင်းကာလတွေမှာ မော်ဒန်စာပေအရေးသားနဲ့ အတွေးအခေါ်တွေ အကြောင်းကို အဲ့ဒီအရင်နှစ်တွေဖြစ်တဲ့ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်ပတ်ဝန်းကျင်နှစ် တွေလောက်ကလို မရှိတော့ တာကိုေုတွေ့ရတယ်။ ဒီအပေါ်ကိုရော အစ်ကို ဘယ်လိုမြင်လဲ။

အဲ့ဒီ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်က သရဖူမဂ္ဂဇင်းနဲ့ ဟန်သစ်မဂ္ဂဇင်းတွေမှာ မော်ဒန်စာပေ အကြောင်း တော်တော်ပါခဲ့တယ်ပေါ့။ ဒီတုန်းက ကျွန်တော်တို့၊ ကိုရွှေဘုန်းတို့က ဆရာဇော်ဇော်အောင်ရဲ့ ဦးဆောင်မှုနဲ့ပေါ့။ နောက်ပိုင်းကျတော့ဆရာဇော်ဇော်အောင်ကတော့ အထူးပြောစရာမလိုဘူးပေါ့။ ဆက်ရေး နေဖြစ်တယ်ပေါ့။ သူ့အပြင်ဆိုရင်လည်း မင်းခက်ရဲတို့ဘာတို့လည်းရေးနေကြတယ်။ သူနဲ့တော့ လူချင်းမရင်းနှီးကြပါဘူး။ ဒီလိုပဲအခြားရေးနေကြတဲ့ စာရေးဆရာတွေကိုလည်းတွေ့နေရပါတယ်။ ဒါပေမယ့် အရင်တုန်းကလို တစ်နေရာတည်း၊ တစ်စုတစ်စည်းတည်း မြိုင်မြိုင် ဆိုင်ဆိုင်ကြီးတော့ မရှိတော့ဘူးပေါ့။ ကျန်တဲ့ လူတွေကတော့ ဘာကြောင့် ဆက်မရေးဖြစ်တော့လဲဆိုတာ သူတို့မဟုတ်လို့ ကျွန်တော်မသိဘူးပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ ဘာကြောင့်ဆက်မလုပ်ဖြစ်တော့တာလဲဆိုရင် ကျွန်တော် တစ်ယောက်တည်းရဲ့ ခံစားချက်ကို ပြောနေတာပါ။ ပထမဆုံးအချက်က စိတ်အချဉ်ပေါက်သွားတာ။ အဲ့ဒီတုန်းကဆိုရင် တော်တော်ကိုအချိန်ပေးပြီး အားသွန်ခွန်စိုက် ငွေမရှာဘူး၊ ရှိသမျအချိန်တိုင်းကို လူငယ်ဘာသာဘာဝ မပျော်ပါဘူး။ ရှိသမျအချိန်တိုင်းကို စာအုပ်နဲ့မျက်နှာအပ်ပြီး ဒီအကြောင်းအရာတွေကို လေ့လာခဲ့တယ်၊ ရေးသားခဲ့တယ်၊ အားထုတ်ခဲ့တယ်ပေါ့။ အဲ့ဒီတုန်းကဆို ကျွန်တော် ကျောင်းတက်နေတုန်းအချိန်တွေပါ။ အဲ့ဒီတုန်းက ကိုယ့်ကျောင်းစာကိုတောင် ကိုယ်ပစ်ပြီးတော့ ဒီအလုပ်ကို မက်မက်မောမောနဲ့ကို လုပ်ခဲ့တာ။ အဲ့ဒီအတွက် ကျွန်တော့်မှာ ဆုံးရှုံးမှုတွေ အများကြီးရှိခဲ့တယ်။ ဒါပေမယ့် အဲ့ဒီလိုဆုံးရှုံးမှုတွေခံပြီး လုပ်ခဲ့တယ်ဆိုပေမယ့် အကျိုးသက်ရောက်မှု ဘာရသလဲ လို့ပြန်ကြည့်လိုက်တော့မယ်မယ်ရရမရှိတဲ့အပြင် အမနာပပြောခံရတာတွေ၊ အတင်းပြောခံရတာတွေ၊ ကိုယ်ရေးတဲ့စာကို တန်ဖိုးအထားမခံရတာတွေ အဲ့ဒါတွေကိုပဲတွေ့တဲ့အခါကျတော့ လူက ဘာဖြစ်သွားလဲဆိုရင် စိတ်ပျက်သွားတယ်။ ဒါဟာ ကျွန်တော့်ရဲ့ စိတ်ဓာတ်မကြံ့ခိုင်မှုကြောင့်လို့ပဲ ပြောရမှာပေါ့ဗျာ။ ကျွန်တော့်နေရာမှာ အခြားကျွန်တော်ထက်စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူတစ်ယောက်ဆိုရင်တော့ ဘယ်သူဘာပြောပြောကိုယ့်ရဲ့ကြိုးစား အားထုတ်ကို အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကိုယ်လုပ်စရာရှိတာကို တစိုက် မတ်မတ် လုပ်နေမှာပါပဲ။ ဆရာဇော်ဇော်အောင် တို့ဆိုတကယ်စိတ်ဓာတ်ကြံ့ခိုင်တဲ့လူကြီးတွေပေါ့ အခုအချိန်အထိလဲ ဘယ်သူတွေဘာပြောပြော အကောင်းပြောသည်ဖြစ်စေ၊ မကောင်းပြောသည်ဖြစ်စေ လုပ်စရာရှိတဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်နေတယ်ပေါ့။ ကျွန်တော်ကကျတော့ အဲ့ဒီလောက် စိတ်ဓာတ်မကြံ့ခိုင်ဘူးဗျ။ ဘာဖြစ်သွား လဲဆိုရင် စိတ်ပျက်လာတယ်၊ စိတ်အချဉ်ပေါက်လာတယ်။ ဒီလောက်တောင်ရှိလှတာကွာ ဒါကို တန်ဖိုးထားရကောင်းမှန်းမသိရင်လည်း နေကြပေတော့ဆိုပြီး သိချင်တဲ့လူများ ကိုယ့်ဘာသာ ကိုယ်သာ ရှာဖွေပြီးတော့ ဖတ်ကြပေတော့၊ ငါသိထားတဲ့ဟာတွေကိုတော့ ရေးပြမနေတော့ဘူးဆိုတဲ့အချက်က တစ်ချက်။ နောက်တစ်ချက်က ဘာလဲဆိုရင် ကျွန်တော်ငွေလိုချင်လာတယ်။ ကျွန်တော့် အရွယ်နဲ့ ကျွန်တော့်မိသားစုကို အထူးသဖြင့် ကျွန်တော့်အမေကို တင့်တင့်တယ်တယ်ထားနိုင်တဲ့ ငွေမျိုးကို လိုချင်လာတယ်။ ဒါကြောင့် ငွေရှာမယ်လို့ဆုံးဖြတ်လိုက်တယ်။ ငွေရှာတဲ့ဘက်ကို အချိန်တွေအများကြီး ပေးလိုက်ရတဲ့အခါကျတော့ ဒီဘက်မှာထည့်ဝင်ရမယ့် မော်ဒန်၊ ပို့စ်မော်ဒန်နဲ့ပတ်သက်ပြီး ကိုယ်သိနေတဲ့အသိတွေကို ရေးပြဖို့တာဝန် လစ်

ဟင်းသွားခဲ့တယ်၊ ချွတ်ယွင်းသွားတယ်။ နောက်ဆုံး ချုပ်လိုက်မယ်ဆိုရင် တစ်အချက်က ကျွန်တော့် ရဲ့စိတ်ဓာတ်မကြံခိုင်မှု၊ နှစ်အချက် ငွေကြေးနောက်ကိုလိုက်သွားတဲ့ အချက်ဒီအချက်နှစ်ချက်ကြောင့် မလုပ်ဖြစ် တော့ပါဘူး။ ဘယ်သူ့ရဲ့အပြစ်မှမဟုတ်ပါဘူး။ ကိုယ့်အပြစ်ပါပဲ။

အခုဆိုရင် အစ်ကို့အနေနဲ့ အရင်တုန်းက အချိန်တွေလို အခု အချိန် မှာငွေကြေးဆိုတဲ့အရာအတွက် သိပ်ပြီးအားထုတ်စရာ မလိုလောက်တော့ဘူးလို့ထင်တယ်လေ။ ဒီတော့ ကိုယ်သိပ်ဖြစ်ချင်ခဲ့တဲ့ လုပ်ချင်ခဲ့တဲ့ ကိစ္စတွေကို ပြန်လုပ်ဖို့စိက်ကူးတွေပြန်များရလာလား။

ခုနကပြောခဲ့တဲ့ထဲမှာ နည်းနည်းကျန်သွားတယ်။ စိတ်အချဉ်ပေါက်သွားလို့ မရေးဖြစ်တော့တာ၊ မလုပ်ဖြစ်တော့တာရယ် လို့လည်းမဟုတ်ဘူးဗျ။ ကိုယ့်ဟာကိုယ်ကျိတ်ပြီး ရေးနေတာမျိုးတွေပြီးတော့ မပြောချင်ဘူး။ ထုတ်ဝေသူဘက်ကလည်း မင်းခိုက်စိုးစံ အချစ်ဝတ္ထုဆို ထုတ်မှာပဲ။ သတိုးတေဇ သရဲဝတ္ထုဆို ထုတ်ကြမှာပဲ။ ဒီဟာကိုတော့ထုတ်ပါလားလို့ ပြောလိုက်ရင် အားနာလို့ ထုတ်ပေးပါ့မယ်လို့ ပြောချင်လည်း ပြောမှာပေါ့လေ။ ဒါပေမယ့်လည်း အကြောင်းကြောင်းကြောင့် နှောင့်နှေး ကြန့်ကြာနေမှာကိုလည်းစိုးရိမ်တယ်။ စာအုပ်တစ်အုပ်အနေနဲ့ထုတ်ဖို့ဆိုတဲ့အခါမှာတော့ အခက်အခဲတွေက အများကြီးရှိ နေတယ်လေ။ အခုအချိန်မှာ ပြန်လုပ်ဖို့ စိတ်ကူးမရှိဘူးလားမေးရင်တော့ ပြန်လုပ်စရာတောင်မလိုပါဘူး။ အရင်ကတည်းက လုပ်လာတာတွေရှိ နေတာဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်စာအုပ်အနေနဲ့မမြင်ကြရတာပါ။ တစ်ချိန်ချိန်မှာတော့ မြင်ရလိမ့်မယ်ထင်ပါတယ်။

နောက်သိချင်တဲ့အချက်တစ်ချက်က အနုပညာသမားတစ်ယောက်မှမဟုတ်ပါဘူး။ ဘယ်သူသားတစ် ဦးတစ်ယောက်မှာမဆို အဓိကလိုအပ်ချက်တစ်ခုက ဘ၀ရှင်သန်ဖို့ရာအတွက် ငွေကြေးဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ရမယ်မထင်ပါဘူး။ ဒီငွေကြေးဆိုတာကြောင့်လူတွေဟွဟာ ခေါင်းငုံ့ခဲ့ကြရတာတွေရှိသလို ဒီလို ခေါင်းငုံ့ လိုက်ကြရတဲ့အတွက် ရရှိလာတဲ့ငွေကြေး ရဲ့နောက်ကွယ်က လွှမ်းမိုးချုပ်ကိုင် ချယ်လှယ်မှုတွေကို ခံစား သွားကြရတာမျိုးတွေလည်းရှိတတ်တော့ ဒီလိုအဖြစ်အပျက်ေ်တွေအပေါ် ငွေကြေးဆိုတာနဲ့ပတ်သက်ပြီး အစ်ကို ဘယ်လို စဉ်းစားချင့်ချိန်ပြီး အစ်ကို့ဘ၀အတွက် ငွေကြေးကပေးတဲ့ သင်ခန်းစာတွေကို ဘယ်လ်လိုသုံး သပ်ရယူခဲ့လဲဆိုတာ သိချင်ပါတယ်။

ဝတ္ထုရေးတဲ့ စာရေးဆရာဟာ အနုပညာသမားပေါ့။ ဟိုးအရင်ခေတ်တွေတုန်းကဆိုရင် အနုပညာသမား ဆိုတာ အနုပညာမှာပဲ မွှေ့ပျော်တယ်၊ အနုပညာနဲ့အလုပ်လုပ်တယ်ပေါ့။ ထုတ်ဝေသူကတော့ အနုပညာသမား နဲ့ပြောင်းပြန် ငွေကြေးနဲ့အလုပ်လုပ်တယ်ပေါ့။ ဟိုးအရင်ခေတ်ဝတ္ထုတွေထဲမှာ ညီလေးလည်း ဖတ်ခဲ့ဖူးမှာပေါ့။ ထုတ်ဝေသူက ခေါင်းပုံဖြတ်တယ်၊ ဘာညာကွိကွပေါ့။ အဲ့ဒီခေတ်တွေတုန်းကပဲ အနုပညာရှင်ကို ငွေရှင်က ထိန်းချုပ်တာတွေဘာတွေ ရှိကောင်းရှိမယ်ပေါ့။ဒါပေမယ့် ဒီဘက်ခေတ်နောက်ပိုင်းကိုရောက် တဲ့အခါကျတော့ ကျွန်တော်ဆုံးဖြတ်ခဲ့တာတစ်ခုရှိတယ်။ ဘာလဲဆိုရင် ကိုယ်ကငွေနဲ့ကြေးနဲ့အလုပ် လုပ်ရတော့မှာဖြစ်တဲ့အတွက် ငါဘယ်လိုပုံစံနဲ့သွားမှာလဲ၊ ငါကအနုပညာသမားကြီးအနေမျိုးနဲ့ ငွေအကြောင်းကိုနားမလည်ဘူး၊ လုပ်ငန်းသဘော တရားကိုနားမလည်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သွားမလား။ ငွေကြေးဆိုတဲ့အရာနဲ့ ထိန်းချုပ်လိုက်ရင် ငါက အရာရာကို ထိုးအပ်လိုက်ရမှာလားဆိုတဲ့အတွေး မျိုးတွေးခဲ့မိတယ်။ အဲ့ဒီအတွေးမျိုးတွေးခဲ့လို့ပဲ နှစ်တွေအများကြီးကြာအောင် လုံးချင်းစာအုပ်မရေး ဘဲနေခဲ့ဖူးတယ်။ တကယ်အလုပ် လုပ်တော့မယ်လို့ ဆိုတဲ့အခါမှာ ဘာကိုတွေး လိုက်လဲဆိုရင် နိုင်ငံတကာမှာ ပန်းချီဆရာပဲဖြစ်ဖြစ်၊ စာရေးဆရာပဲဖြစ်ဖြစ် အားလုံးဟာ စီးပွားရေးသမား business man တွေလိုပဲလုပ်ကြတယ်။ ထုတ်ဝေသူက လည်း business man ဖြစ်တဲ့အတွက် စီးပွားရေးသမား အချင်းချင်း လုပ်ငန်းတစ်ခုကို နှစ်ဦးသဘောတူလုပ်ကိုင်ကြတယ်။ အဲ့ဒီတော့ ကျွန်တော်နေရမယ့်ပုံစံက အနုပညာအလုပ်ကို လုပ်ကိုင်နေတဲ့ business man အနေနဲ့ ကိုယ့်ပုံစံကို ကိုယ်တည်ဆောက်မယ်ဆိုပြီး တွေးခဲ့တယ်။ ကျွန်တော်က ပိုက်ဆံကိစ္စကိုအရမ်းကြောက်တယ်။ ငွေကြေးကြောင့် လွှမ်းမိုးခံရမှာမျိုးကို အရမ်းကြောက်တယ်။ ဒါကြောင့် ကိုယ်ကလည်း business man တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ဟိုဘက်က ငွေရှင် ထုတ်ဝေသူကလည်း business man ဖြစ်တဲ့အတွက် လုပ်ငန်းရှင်အချင်းချင်း ဘာအရေးကြီးလဲဆိုရင် ကတိက၀တ်အရေးကြီးတယ်၊ နောက် ငွေရေးကြေးရေးပိုင်းအရသူများအပေါ် မှီခိုနေရခြင်း ရှိနေရင် business man တစ်ယောက် ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူးလေ။ သူများရဲ့လက်ခစား သူများရဲ့ကြေးကျွန်ဖြစ်နေမှာပဲလေ။ ဒါကြောင့် ငွေရေးကြေးရေးအရ အမှီအခို ကင်းအောင်နေရင် ငါဟာအနုပညာကိုစီးပွားရေး တစ်ခုအနေနဲ့လုပ် လို့ရပြီဆိုပြီး ဒီပုံစံနဲ့လုပ်ခဲ့တာပါ။ ဒါကြောင့် အလုပ်လုပ်တဲ့အခါမှာစာချုပ်စာတမ်း ကတိက၀တ်လုပ်တယ်။ ငွေတွေအများကြီး ကြိုယူထားပြီးပြီးမှ စာအုပ်တစ်အုပ်ချင်းတစ်အုပ်ချင်း ရေးပေးပြီး ပြန်ချေသွားတာမျိုး မလုပ်ဘူး။ စီးပွားရေးသမားတွေလိုပဲ ရော့ပတ္တမြား၊ ရော့နဂါးပုံစံမျိုးနဲ့လုပ်တော့ ကိုယ့်အနေနဲ့လည်း ရှင်းတယ်။ ထုတ်ဝေသူဘက်က ဆိုရင်လည်း မင်းခိုက်စိုးစန်ကို ပိုက်ဆံတွေ အများကြီးပေးထားပြီး ဒီပိုက်ဆံတွေ ကြေပါ့မလား ဆိုပြီးတွေးရမှာမျိုးတွေ မရှိတော့ဘူး။ ကိုယ်ကလည်း ပိုက်ဆံတွေအများကြီး ကြိုယူထားတဲ့အတွက် ငါတော့ စာတွေကို စက်နဲ့ လှည့်ထုတ်သလိုရေးမှပဲဆိုပြီးတော့ ကိုယ့်အနုပညာကို လျော့ချစရာမလိုတော့ဘူး။ အမှီအခိုကင်းတော့ ကိုယ့်အနုပညာကို ကိုယ်စိတ်ပါမှရေးမယ်။ ဒီလိုကိုယ့်စိတ်ကြိုက် အချိန်ယူရေးလို့ပြီးမှ ရော့စာအုပ်ဆိုပြီးပေးတယ် ပေး ပိုက်ဆံဆိုပြီးတောင်းတယ်။ အဲ့ဒီတော့ လုပ်ငန်းသဘော ပိုဆောင်သွားတော့ကောင်းသွားတာပေါ့၊၊ ဒါကြောင့် အနုပညာနဲ့အလုပ်လုပ်မယ့် လူငယ်တွေကို ဘာအကြံပေးချင်လဲဆိုရင် အနုပညာလုပ်ငန်းကို business လုပ်ငန်းလိုလုပ်ပါ။ ကိုယ့်ဘက်ကလည်း ကတိတည်ပါစေ။ ကိုယ်လုပ်နိုင်မှ ငွေကိုယူပါ။ ဒါဆိုရင် အနုပညာသမားဆိုတာ လွတ်လပ်ပြီးတော့ အမှီအခိုကင်းတဲ့ business တစ်ခုလို လုပ်နိုင်မယ်။ တစ်ဖက်ကလည်း ကိုယ့်အနုပညာကို ကိုယ်လည်းအနုပညာတွေလျော့ချပြီးတော့ စက်နဲ့လှည့်ထုတ်နေသလိုလုပ်စရာမလိုတော့ဘူး။ ကိုယ်စိတ်ပါမှရေးမယ်။ ကိုယ်ရဲ့ရွေးချယ်မှုအပေါ်မှာတော့ ကိုယ်ကသတ္တိရှိရမယ်။ ငါစိတ်မပါလို့ မရေးသေးဘူး ကွာ။ လည်းရှိတယ်။ မနေနိုင်ဘူးလေ။ မနေနိုင်တော့ရေးတယ်ပေါ့။ မဂ္ဂဇင်းတိုက်တွေ မပို့ဖြစ်ဘူး။ ပုံနှိပ်စာလုံးအနေနဲ့ ပုံနှိပ်မီဒီယာအပေါ်ကို မတင်ဖြစ်ဘူးဖြစ်သွားတာပါ။ ရေးနေတာလေးတွေရှိတယ်။ ရေးထားတာတွေ အထပ်လိုက်ကိုရှိတယ်။ ဒါပေမယ့်မဂ္ဂဇင်းမှာတုန်းကတော့ ဆောင်းပါးတစ်ပုဒ်စာ အဆင်ပြေတယ်။ စာမျက်နှာလေး လေးငါးခြောက်မျက်နှာပေးလိုက်ရတာကို ဒါက မဂ္ဂဇင်းအယ်ဒီတာတွေအတွက် ဘာပြဿနာမှမရှိနိုင်ပါဘူးလေ။ အုပ်လိုက်ကြီး အုပ်လိုက်ကြီးရေးထားတဲ့ အခါကျတော့ ဒါကို စာအုပ်ကြီးတစ်အုပ်အနေနဲ့ ထုတ်ဖို့ဆိုတဲ့ အခါမှာတော့ ထုတ်ဝေသူတွေအနေနဲ့နည်းနည်းလက်တွန့်ကြတယ်။ ကျွန်တော့်အနေနဲ့ကလည်း ထုတ်တဲ့အခါကျရင် ထွက်လာတဲ့စာအုပ်လေးက သပ်သပ်ရက်ရက်လေး၊ ကျကျနန လေးဖြစ်စေချင်တယ်လေ။ ပြီးတော့ ဘယ်ထုတ်ဝေသူကိုမှလည်း ဒါလေးတော့ ထုတ်ပေးပါဗျာဆိုအဲ့ဒီကြားထဲမှာ ပိုက်ဆံမရရင်တော့ တင်းခံရဲတဲ့သတ္တိမျိုးရှိရမယ်ပေါ့။ နောက်တစ်ခုက ကိုယ့်ကိုယ်ပိုင် လုပ်ငန်းတွေရှိအောင် တည်ထောင်လို့အကြံပေးချင်ပါတယ်။ အခုဆိုရင် ကျွန်တော် Dream Board ဆိုတဲ့နာမည်လေးနဲ့ သူငယ်ချင်း တွေနဲ့ အစုစပ်ကုမ္ပဏီလေးတစ်ခုဖွင့်တယ်။ ကိုယ့်ရဲ့ ငွေရေးကြေးရေးကြောထောက်နောက်ခံတစ်ခုကို စာမရေးသော်လည်း တစ်ဖက်က ၀င်ငွေလေးပုံမှန်ရှိနေတဲ့အတွက် ကိုယ်မရေးချင်တဲ့စာကိုရေး စရာမလိုတော့ဘူးပေါ့။ အဲ့ဒါမှပိုပြီးတော့ အဆင်ပြေမယ်ပေါ့။ ဒီလိုမှမဟုတ်ဘူးဆိုရင် ကိုယ်ကစာ ပဲရေးတတ်တယ်။ ငွေရေးကြေးရေးကလည်း ထုတ်ဝေသူဆီကပဲရတယ်။ ထုတ်ဝေသူရဲ့ ပိုက်ဆံတစ်ခုတည်းနဲ့ ကိုယ့်ဘ၀ရပ်တည်ရမယ်ဆိုရင် သူရဲ့လွှမ်းမိုးမှုတွေကို ခံလာရမှာပါပဲ။ ဒါကြောင့် ကျွန်တော်ပြောတာလေးတွေကို ဂရုစိုက်စေချင်ပါတယ်။

အစ်ကိုက စာပေနဲ့ပတ်သက်တဲ့ ဝေဖန်ခြင်းတွေကိုလည်း အမျိုးးမျိုးးခံခဲ့ရဖူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကိုယ့်ရဲ့တာဝန်သိစိတိတ်နဲ့ လုပ်ခဲ့တဲ့ အလုပ်အပေါ် အသိအမှတ်ပြုခြင်း၊ မပြုခြင်း၊ အားပေးခြင်း၊ မပေးခြင်း၊ ချီးမြှင့်ခြင်း၊ ကဲ့ရဲ့ခြင်းစတဲ့အရာတွေနဲ့ပတ်သက်လို့ အစ်ကို လတ်တလောမှာ ခံယူထားတဲ့ ခံယူမှုပုံစံကိုကျွန်တော် သိချင်တယ်ဗျ။

အရင်တုန်းကဆိုရင် ကျွန်တော် တော်တော်လေးကို sensitive ဖြစ်တာဗျ။ ကိုယ့်ကိုချီးကျူးရင် အရမ်းသဘောကျတာ။ ကိုယ့်ကို မကောင်းပြောရင် ဆတ်ဆတ်ခါနာတာ။ မဂ္ဂဇင်းတစ်စောင်စောင်ကများ ကိုယ့်ကို ဝေဖန်တာဘာညာရေးလိုက်ရင် ချက်ချင်းကိုလက်တုံ့ပြန်ခဲ့တာ။ လူကြီးသော၊ လူငယ်သောနားမလည် ခဲ့ဘူး။ အဲ့ဒီတုန်းကတော့ အလွတ်ကျက်ထားတဲ့ စာတွေကလည်း တော်တော်များတော့ ကိုယ်တတ်ထား တဲ့စာတစ်တိုတစ်ညိုကို အာဂုံကလည်းဆောင်နိုင်တော့ စကားလုံးအကြီး ကြီးတွေနဲ့ ထုထည့်လိုက်ဖို့လည်း ၀န်မလေးဘူး။ ပြစ်ထည့်လိုက်ဖို့လည်းဝန်မလေးဘူးပေါ့။ ပြောလိုက်ဆိုလိုက်ရမှ ငါ့ကိုဝေဖန်တဲ့ကောင် နာလေရော့ဟဲ့ဆိုပြီး လုပ်လိုက်ရမှ အတ္တကအာသာပြေသွားတာ။ ချီးကျူးတယ်ဆိုရင်တော့ ဖြစ်တဲ့ပီတိကလည်း တော်တော်ကောင်းခဲ့တာ။ (ရယ်လျက်) ချီးကျူးတာရော ကဲ့ရဲ့တာရောက တကယ်ပြောရရင် နှစ်ခုလုံးဘယ်မှ ပြောပလောက်အောင် သိပ်ထူးထူးခြားခြားမရှိလှဘူးလို့ ကျွန်တော် အခုအချိန်မှာမြင်လာမိတယ်။

အနုပညာသမားတစ်ယောက်အတွက် ဒီလိုချီးကျူးတာနဲ့ ကဲ့ရဲ့တာ နှစ်ခုထဲက ဘယ်ဟာကပိုပြီးတော့ အင်အားကိုဖြစ်ပေါ်စေတယ်လို့ အစ်ကိုထင်လဲ။

တကယ်တမ်းပြောရရင် အဲ့ဒီနှစ်ခုလုံးကို ခေါင်းထဲကထုတ်ထားနိုင်မှ အနုပညာကိုရှင်းရှင်းလင်းလင်း ဖန်တီးနိုင်တဲ့အင်အား အစစ်အမှန်ဖြစ်လာမှာပါ။ ချီးကျူးတာကို သာယာနေရင်လည်းအနုပညာဟာ ပိုကောင်းလာနိုင်စရာအကြောင်းမရှိသလို ကဲ့ရဲ့ခံရတာကို နာကြည်းပြီးတော့ ပိုကြိုးစားလို့လည်း ပိုကောင်းလာ နိုင်စရာအကြောင်းမရှိပါဘူး။ ဒါမျိုးက အတန်းပညာလည်းမဟုတ်ဘူး။ ငယ်ငယ်တုန်းကတော့ မိဘတွေကပြောဖူး တာပေါ့။ မခံချင်စိတ်နဲ့ကြိုးစားမှ စာမေးပွဲအောင်မယ်တို့ဘာတို့ပေါ့။ ဒါမျိုးက စာမေးပွဲအတွက်ဆိုရင်တော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် အနုပညာအတွက်မှာဆိုရင်တော့ ဒါမျိုးမဟုတ်ဘူးဗျ။ အနုပညာမှာ သာယာတာတွေ၊ ဘ၀င်မြင့်တာတွေ၊ ကိုယ့်ကိုယ်ကိုယ်တော်လှချည့်လို့ ထင်နေတာတွေ၊ ငါ့ကိုဘယ်သူကတော့ မကောင်းပြောလေချင်းဆိုတာတွေ အကုန်လုံးက အတ္တကိုလာပြီး ထိခိုက်စေပါတယ်။ ကြိုက်တတ် မုန်းတတ်တဲ့ စိတ်ကူးဆိုတာ လူကိုအင်မတန်ဒုက္ခပေးတာ။ ကျွန်တော်တစ်ယောက်တည်းအတွက် ပြောရမယ်ဆိုရင် မျက်မှောက် မျက်စိနဲ့မြင်ရတဲ့အရှိတရားအတ္တပဲ။ အဲ့ဒီအတ္တဆိုတဲ့အရာကနေ အနုပညာသမားအတွက် ကြည်လင်တဲ့စိတ်သဘောထားလေး တစ်ခုကို သွားပြီးဖြစ်ပေါ်စေတယ်။ ဒါကိုပြောပြရတာနည်းနည်းခက်တယ်ဗျ။ ဥပမာဗျာ (စားပွဲပေါ်ရှိ ကော်ဖီခွက် တစ်လုံးအား ညွှန်ပြလျက်) ဒါကဖန်ခွက်ဗျာ။ ဒါကိုညီလေးမြင်လိုက်တဲ့ သိစိတ်ကြောင့် ဒါဖန်ခွက်ဆိုတာ ညီလေးသိတာလေ။ ဒါကိုညီလေးကဖန်ခွက်လို့ မှတ်ထားပြီးသွားပြီ။ ဒါကိုကျွန်တော်က ရေနွေးအိုးကြီးကိုပြပြီး ဒါဖန်ခွက်ကြီးပါလို့ပြောရင် ညီလေးဘယ်လက်ခံမလဲ။ ဒါဘာလဲဆိုရင် ညီက ပထမ အမှန်ကိုမြင်ထားတာကိုး။ ဒါဘာကိုပြောချင်လဲဆိုရင် အမြင်ကအရေးကြီးတယ်ဆိုတာကိုပါ။ အဲ့ဒီအမြင်နောက်ကမှ အသိကလိုက် တာပါ။ အဲ့ဒီအသိထဲမှာ ဘာတွေပါလဲဆိုရင် စိတ်ကူးစိတ်သန်းတွေပါတယ်။ စိတ်ကူးစိတ်သန်းတွေဆိုတာ ဗဟုသုတတွေ၊ ကိုယ်ကြားဖူးတွေ့ဖူးမြင်ဖူးထားတဲ့အရာတွေ၊ သူများပြောထားတဲ့ အရာတွေအဲ့ဒီဗဟုသုတွေ၊ စိတ်ကူးစိတ်သန်း တွေကမှ လူကိုညစ်နွမ်းစေတယ်။ ဒါထက် အရှိတရားကိုညစ်နွမ်းစေတယ်။ အဲ့ဒါကို တဏှာလို့ခေါ်တယ်။ စိတ်ကူး စိတ်သန်းတွေက တဏှာဖြစ်နေတယ်။ နောက်ဥပမာက ညီလေးက ထီထိုးလိုက်တယ်။ သိန်းငါးရာဆုပေါက်ရင် ငါ ဘာတွေလုပ်လိုက်မယ်၊ ငါဘယ်လိုသုံးလိုက်မယ်၊ ငါဘယ်လိုဖြုန်းလိုက်မယ်ပေါ့။ ထီကမဖွင့်သေးဘူး။ တစ်လလုံးလုံး လူကစိတ်ကူးတွေယဉ်နေလိုက်တာလေ။ အဲ့ဒီစိတ်ကူးကတဏှာပါပဲ။ ထီတကယ်ပေါက်လို့ လက်ထဲကိုသိန်းငါးရာ သိန်းတစ်ထောင်ရောက်လာလို့ ကိုင်ပြီးသုံးလိုက်တာမျိုးကကျတော့ တဏှာမဟုတ်တော့ဘူး။ အဲ့ဒါအရှိ တရားဖြစ်သွားပြီး ဒါက အကုသိုလ်မဖြစ်တော့ဘူး။ ခုနတုန်းက စိတ်ကူးတွေ နဲ့လုပ်နေတဲ့ တဏှာက အကုသိုလ်တွေဖြစ်နေတယ်။ ဒီလိုပါပဲ။ ကိုယ့်ကိုချီးကျူးတယ်၊ ကိုယ့်ကို ကဲရဲ့တယ်ဆိုပါဆို့။ ကိုယ်က ချီးကျူးခြင်းကိုသာယာတယ်၊ ကဲ့ရဲ့ခြင်းကို ဒေါသထွက်ဖြစ်တယ်။ အဲ့ဒါတွေက ဘာတွေလဲဆိုရင် စိတ်ကူးစိတ်သန်းတွေဖြစ်နေတယ်။ အဲ့ဒီစိတ်ကူးစိတ်သန်းတွေကပဲ ငါ့ကိုချီးကျူးနေပါလား၊ ငါ့ကိုကဲ့ရဲ့နေပါလားဆိုပြီး တောက်လျောက် စိတ်ကူးစိတ်သန်းတွေထုတ်နေလိုက်တာ တဏှာတွေဖြစ် လို့ဖြစ်မှန်းမသိဘူးဖြစ်နေတယ်။ ဖြစ်နိုင်ရင် သန့်ရှင်းချင်ရင် အဲ့ဒီတဏှာတွေကိုဖယ်ရမယ်။ အဲ့ဒါတွေအပေါ်မှာ စိတ်ကူးတွေယဉ်မနေတော့ဘဲ ထီတကယ်ပေါက်မှ တကယ်သုံးချင်သုံးပစ်လိုက်ဗျာ။ မပေါက်ခင်စိတ်ကူးနဲ့ သုံးမနေပေါ့ဗျာ။ ဒီလိုပါပဲ။ ကိုယ်ဖန်တီးလိုက်တဲ့အနုပညာကမှ တကယ့်အရှိတရားပါ။ သူများတွေပြော နေနဲ့ကြတဲ့စကားတွေက စိတ်ကူးထည်တွေပါ။ အဲ့ဒါတွေကိုဖယ်ထားလိုက်ပါ ဒီတော့မှ သမ္မာသင်္ကဂ္ဂ ဆိုက်မှာပေါ့။

(ဆက်လက်ဖော်ပြပါဦးမည်။)

အံ့ဘုန်းမြတ်

Advertisements

About ahuntphonemyat

Journalist.

Discussion

5 thoughts on “မင်းခိုက်စိုးစန်နှင့် စာပေ အနုပညာရေးရာ အင်တာဗျူး (၁)

  1. သူငယ်ချင်း မင်းလုပ်တာတွေ အားလုံးကောင်းတယ်…………………..

    Posted by အောင်ဘိုဘို | July 25, 2009, 12:46 pm
  2. ကောင်းတယ်ဗျ မေးထားတဲ့မေးခွန်းလေးတွေက ကောင်းတယ် …

    Posted by littlebrook | July 27, 2009, 3:50 pm
  3. လာဖတ်ပါတယ် …

    Posted by လင်းဒီပ | August 30, 2009, 2:30 pm
  4. မှတ်သားသွားပါတယ်။စာတွေဖတ်သွားပါတယ်။

    Posted by ဏီ(န်)ကင်း | September 3, 2009, 5:37 am
  5. ဆရာမင်းခိုက်စိုးစံရဲ့ အဖြေတွေရော မေးထားတဲ့ ကိုအံ့ဘုန်းမြန် အမေးလေးတွေရော ကောင်းပါတယ်ခင်ဗျာ…ဆရာမင်းခိုက်စိုးစံပြောသလိုပေါ့ စာဖတ်သူတွေ ရဲ့ရင့်ကျက်မှုအရ ကိုဖြန့်ကျက်တွေးတောနိုင်သလောက် ယူတတ်ရင်ယူတတ်သလိုရပါတယ်…အခု အမေးအဖြေတွေထဲမှာကို ကျွန်တော်တို့ ပြောချင်တာတွေ သိချင်တာတွေ အများကြီးကိုရလိုက်ပါတယ်…

    Posted by Aung Swe Htet | October 24, 2010, 8:45 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: