Archive for

လာမည့်ရွေးကောက်ပွဲပါဝါတွက်နည်း လူထု၊ အင်စတီကျူးရှင်း


ဆရာမောင်စူးစမ်း

ဆရာမောင်စူးစမ်း

လာမည့်ရွေးကောက်ပွဲပါဝါတွက်နည်း လူထု၊ အင်စတီကျူးရှင်း

မောင်စူးစမ်း

ဒီကနေ့ ပို့စ်အတွက် The Voice ဂျာနယ် (အတွဲ ၅၊ အမှတ် ၃၈) မှာပါတဲ့ ဆရာမောင်စူးစမ်ရဲ့ လာမည့်ရွေးကောက်ပွဲ ပါဝါတွက်နည်း လူတု။ အင်စတီကျူးရှင်း ဆောင်းပါးမှာ အမြင် သဘောထားတွေ အမျိုးမျိုးကွဲလွဲနိုင်တာကြောင့် ကျွန်တော် ဘလော့ခ်ကနေပဲ ပြန်ပြီး တင်ပေးလိုက်ရပါတယ်။ The Voice ဂျာနယ် ဖော်ပြချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ပြောဆိုထား သမျှတွေဟာ ကာယကံရှင် ဆရာမောင်စူးစမ်းနဲ့ ဖော်ပြခဲ့တဲ့ The Voice ဂျာနယ်တို့ရဲ့ သဘောထားမြင်တွေသာ ဖြစ်ပါတယ်။

အပိုင်တွက်

လူထု (People) ဆိုသောစကားသည် ဘာသာစကားတိုင်း၌ လူတွေအသုံးပြုဆုံးစကားဖြစ်ပုံရသည်။ သူကလည်း “လူထု” ၊ ငါကလည်း “လူထု”၊ နိုင်ငံရေးပါတီတို့ကလည်း “လူထု”၊ အစိုးရကလည်း “လူထု”၊ မီဒီယာတို့ကလည်း “လူထု”။ လူထု-လူထုဆိုပြီး တစ်လူထုတည်းလူထုနေကြသည်။ လူထုဆိုသော စကားရပ်သည် ပေါင်းရုံး ထားခြင်းကို ဆိုလိုသည်။ ကျိတ်ပြီးလုံးထားသည့် အစိတ်အပိုင်းလည်းဆောင်သည်။ နိုင်ငံရေးသမားတို့က “လူထု” ဟူသော စကားကို သုံးနှုန်းသောအခါ တစ်ပေါင်းတစ်စည်းတည်ရှိခြင်းကို ရည်ညွှန်းဟန်ရှိကြသည်။

နိုင်ငံရေးသမားတို့၏ အသုံးအနှုန်း၌ လူထုသည် အသိုင်း အ၀ိုင်းပုံရိပ် Image of Community ကို ရည်ညွှန်းဟန်ရှိသည်။ အမျိုးသားအမှတ်အသား  National Identity ကိုလည်း ရည်ညွှန်းပုံရသည်။ နိုင်ငံရေး သမားတို့က လူထုဟုပြောသောအခါ “တို့တစ်တွေ တစ်သင်းတည်းမှာ အတူတူရှိတယ်” ဟု ပြောချင်ကြသည်။ မောင်ပိုင်တွက်ပြီးသားလူထုဆိုလျှင် ကိုယ်ဘက်ကို စိတ်ညွှတ်သူဖြစ်နေပြီးဖြစ်ပါသည်။

အလာမျိးစုံ

ပို့စ်မော်ဒန်က ဤလို မထင်ပေ။ “လူထု” ဟု ကိုယ်က ဦးအောင် အော်တိုင်း လူထုက ကိုယ့်ဘက်ရှိသည်ဟု မယူဆပေ။ အဘယ့်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းသည် ၀ါးအစည်းပြေနေသောကြောင့်ဖြစ်သည်။ အစိတ်စိတ်အမြွှာမြွှာကွဲပြားနေသောကြောင့်ဖြစ်သည်။ ပညာပိုင်းအမျိုးမျိုး၊ အမှတ်အသားအမျိုးမျိုး၊ အယူ အဆအမြင် အမျိုးမျိုးဖြင့် ကွဲပြားနေသော ကြောင့် လူသားလောကကို မိသားစုကြီးတစ်ခုလို ရှုမြင်ရန် မဖြစ်နိုင်ပြီ။ ဤယေဘုယျအမြင်သည် မြန်မာ့လူ့အဖွဲ့အစည်း၌ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်အမျိုးမျိုးကို ဖြတ်သန်းလိုက်ရသဖြင့် ပိုမိုဆီလျော်သွားသည်။ ဗဟိုစီမံကိန်းစနစ်မှ ဈေးကွက်စီးပွားရေးသို့ အရွှေ့အပြောင်း သည် လူ့အဖွဲ့အစည်းကို အလွှာမျိုးစုံဖြင့်ဖန်တီးလိုက်သည်။ ဆိုလိုသည်မှာ ဈေးကွက်စီးပွားရေးကြောင့် မြန်မာ့လူ့အဖွဲ့အစည်းသည် လူ့အလွှာပေါင်းစုံဖြင့် ပိုပြီးကွဲပြားသွားရသည်။ လူထုသည် အလွှာမျိုးစုံဖြင့် စိတ်ဖြာသွားခြင်းဖြစ်သည်။ အလွှာမျိုးစုံဖြင့် စိတ်ဖြာသွားသဖြင့် အလွှာအသီးသီးတို့၌ အမြင်အမျိုးမျိုး ရှိလာသည်။ တုံ့ပြန်မှုအမျိုးမျိုးရှိလာသည်။ ဤလိုအခြေအနေ၌ လူထုကို ကျိတ်နှုန်းဖြင့်တွက်ပြီး ကိုယ့်ဘက်ကလို့ အပိုင်တွက်ခြင်းသည် ပကတိတရားနှင့် ကင်းလွတ်ကြောင်း မြင်သာသည်။

Continue reading

Advertisements

မင်းခိုက်စိုးစန်နှင့် စာပေ အနုပညာရေးရာ အင်တာဗျူး (၁)


Ahunt Phone Myatမင်းခိုက်စိုးစန်နှင့် စာပေ အနုပညာရေးရာ အင်တာဗျူး (၁)

အံ့ဘုန်းမြတ်

ကျွန်တော်မြန်မာပြည်ထဲမှာ လုပ်ဖြစ်ခဲ့တဲ့ အင်တာဗျူးတွေကို ဇော်ဂျီနဲ့ပြောင်းပြီး ဘလော့ခ်ပေါ်ကို ပြန်တင်ဖြစ်နေပါတယ်။ ဒီအင်တာဗျူးကတော့ စာရေးဆရာမင်းခိုက်စိုးစန်နဲ့ အင်တာဗျူးပါ။ ဒီအင်တာဗျူးက ဖက်ရှင်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး စာပေစီစစ်ရေးက ပယ်ထားတဲ့စာမူအတိုင်း ပြန်လည်ဖော်ပြလိုက်ရပါတယ်။ ဒီအင်တာဗျူးမှာ မျက်မှောက်ခေတ်စာပေ၊ မျက်မှောက်ခေတ်စာပေလောကမှာ ရပ်တည်လျက်ရှိကြတဲ့ စာပေနှင့်အသက်မွေးဝမ်းကြောင်းမှုပြုသူစာရေးဆရာများရဲ့ ဘ၀ရပ်တည်မှု၊ အနုပညာအပေါ်ထားရှိတဲ့ သဘောတရားများ နှင့်ပတ်သက်တဲ့အကြောင်းအရာတွေကို စာဖတ်ပရိသတ်များ အတွက် တင်ဆက်ပေးလိုတဲ့စိတ်ကူး ပေါ်ပေါက်လာခဲ့မိပါတယ်။ ဒါကြောင့် မျက်ခေတ်ခေတ်စာပေမှာရော စာပေလောကမှာပါ လူငယ်စာရေးဆရာတစ်ဦးအဖြစ် ရပ်တည်လျက်ရှိတဲ့ ဆရာမင်းခိုက်စိုးစန်ကို ရွေးချယ်ပြီး အင်တာဗျူးတွေ့ဆုံမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်လို့ အယ်ဒီတာပေါက်စတစ်ယောက်နဲ့ ဆရာမင်းခိုက်စိုးစန်တို့ ပြောဖြစ်ခဲ့တဲ့အကြောင်းအရာ များဟာ ကျွန်တော်တို့ ရှင်သန်ရပ်တည်လျက်ရှိတဲ့ စာပေလောကအတွက် တစ်ထောင့်တစ်နေရာကနေ အုပ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ အပြုသဘောဆောင်တဲ့ စကားလုံးများဖြစ်မယ်လို့ မျော်လင့်မိပါတယ်။

မျက်မှောက်ခေတ် စာပေရေစီးနဲ့ပတ်သက်ပီး ဝေဖန်ထောက်ပြလာကြတဲ့သူတွေက ရသစာပေ အားနည်း သွားပြီ စာဖတ်သူတွေရွရဲ့ ရသအပေါ်မှာထားရှိတဲ့ သဘောထားတွေ ပြောင်းလဲသွားပြီ၊ ရွှေ့လျားသွားပြီလို့ ဆိုကြတယ်။ ဒီအီအပေါ်ကို ခေတ်ပြိုင်စာရေးဆရာတစ်ယောက်ဖြစ်တဲ့အစ်ကို့ ရဲ့အမြင်ဘယ်လိုရိုမလဲ။

ရသအားနည်းသွားပြီလို့ဆိုလို့ရှိရင် ကျွန်တော်ပြန်မေးချင်တဲ့ မေးခွန်းတချို့ရှိတယ်ဗျ။ ဘယ်လိုရသမျိုး တွေအားနည်းသွားတာလဲဆိုတာပေါ့။ လောကမှာ ရှိရှိသမျရသတွေအကုန်လုံး အားနည်းသွားတာလား။ အဲ့ဒီလိုမျိုးကြီးရယ်လို့လည်း မဟုတ်ဘူးလို့ထင်မိတယ်။ ကိုယ်ဖြစ်စေချင်တဲ့၊ ကိုယ်လိုချင်တဲ့၊ ကိုယ်မြင်ချင်တဲ့၊ ကိုယ်ခံစားချင်တဲ့ရသအမျိုးအစားတွေ မတွေ့ရတာနဲ့ ရသတွေအားနည်းသွားပြီလို့ ပြောလို့မရဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုပြောတဲ့လူကိုယ်တိုင်မှာကိုက ပထမဆုံး သူကြိုတင်ပြဋ္ဌာန်းထားတဲ့၊ သူ့စိတ်ကြိုက် ငါကတော့ ဘယ်လိုရသမျိုးကို ဖတ်ချင်တယ်၊ ဘယ်လိုရသမျိုးကိုကြားချင်တယ်၊ ဘယ်လို ရသမျိုးကိုတော့တွေ့ချင် မြင်ချင် ကြားချင်လိုက်တာဆိုတဲ့ အရင်ဦးဆုံးပြဋ္ဌာန်းချက်တစ်ခုရှိနေပါလိမ့်မယ်။ ပြီးတော့မှ သူမြင်ချင်တဲ့ သူဖတ်ချင် တဲ့စာမျိုး မတွေ့ရတော့တဲ့ အခါကျတော့မှ ငါဖတ်ချင်တဲ့ရသမျိုး နည်းသွားပြီလို့ပြောရင် ပိုပြီးမှန်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရှိရှိသမျရသတွေ အကုန်လုံးအားနည်းသွားပြီလို့ ကျွန်တော်မမြင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အခုဆိုရင် ကိုနီကိုရဲတို့၊ အကြည်တော်တို့စာတွေပေါ့။ သူတို့က ဟာသရသလိုင်းမှာ အားကောင်း တဲ့သူတွေပါ။ သူတို့စာအုပ်တွေကဆိုရင်လည်း ရသပိုင်းမှာဆိုရင် ဟာသရသပိုင်းမှာအားကောင်းတဲ့ စာအုပ်တွေ ဖြစ်နေတာပဲလေ။ အဲ့ဒီတော့ ကျွန်တော်တို့က တစ်ချက်ထောက်ပြရမယ်ဆိုရင် ကျွန်တော်တို့စာပေလောကမှာ ဟာသရသတော့ အားမနည်းဘူးလို့ ပြောလို့ရပါမယ်။ ဒီလိုပါပဲ သူ့လိုင်းနဲ့သူကတော့ ရှိနေတာပေါ့။ ဒါက ကျွန်တော် ဟာသရသအပိုင်းကိုပဲ ကွက်ပြီးပြောလိုက်လို့။ အခြားအပိုင်းတွေဖြစ်တဲ့ သရဲ၊ တစ္ဆေ၀တ္ထုတွေမှာ ဆိုရင်လည်း ကြောက်ရွံခြင်း (ဘယာနကရသ) ကိုပေးနေကြတဲ့ စာအုပ်တွေကိုလည်းတွေ့နေရတာပါပဲ။ ဒီအပိုင်းမှာဆိုရင်လည်း အားနည်းတယ်လို့ ပြောလို့မရတော့ပြန်ဘူးလေ။ ဒါဆိုရင် ရသအားနည်းသွား တယ်ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော်တို့ ပြန်စဉ်းစားဖို့လိုလာသလို ဘယ်လိုရသပိုင်းမှာ အားနည်း သွားတာလဲဆိုတာကို သေချာခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်မှ ပိုမှန်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရှိရှိသမျှ ရသတွေ အကုန်အားနည်းသွားတယ်လို့ ပြောလိုက်တဲ့အဓိပ္ပာယ်က ဘာလဲဆိုရင် အခုအချိန်မှာ ရေးနေသမျှစာ တွေအကုန်လုံးဟာ ရသမပါတော့ဘဲနဲ့ ဖွယ်တယ်တယ်ကြီးတွေဖြစ်နေကြတယ်။ တောင်မရောက် မြောက်မ ရောက်စာတွေချည်း ဖြစ်နေကြတယ်လို့ ဆိုလိုရာရောက်သွားလိမ့်မယ်ထင်ပါတယ်။ အဲ့ဒီတော့ ရှိရှိသမျှစာတွေ အကုန်လုံးဟာအဲ့ဒီလိုဖြစ်တော့ဖြစ်မသွားသေးဘူးလို့ မြင်ပါတယ်။

ဆရာမင်းခိုက်စိုးစန်

ဆရာမင်းခိုက်စိုးစန်

ဝတ္ထုတွေထဲမှာပါတဲ့ ဇာတ်ကောင်တစ်ကောင်ဟာ သူနဲ့ အတူခေတ်ပြိုင်အဖြစ် ပေါ်ထွန်းလာမယ့် လူ့အဖွဲ့အစည်း အတွင်းက လူငယ်တွေအပေါ်မှာ လွှမ်းမိုးမှုတွေရှိ တတ်ကြ ပါတယ်။ ဒီအီအပေါ်မှာ စာရေးဆရာ တစ်ယောက်ရဲ့ တာဝန်ယူစိတ်၊ တာဝန်သိစိတ်ဆိုတဲ့အပေါ်ကို အစ်ကို အမြင်ဘယ်လိုရှိလဲ။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ နှစ်ပိုင်းခွဲပြီးပြောမှဖြစ်မယ် လို့ထင်ပါတယ်။ တစ်ပိုင်းက ရသဖန်တီးတဲ့သူရဲ့အပိုင်းဖြစ်ပြီးတော့ တစ်ပိုင်းကကျတော့ရသကိုခံစားပြီး အဲ့ဒီရသရဲ့ ကူးစက်ခြင်းကိုခံရတဲ့သူရဲ့အပိုင်း။ အဲ့ဒီနှစ်ခုကြားထဲမှာ ဘာပြဿနာရှိလာလဲဆိုတော့ ကျွန်တော် တစ်ယောက်တည်းရဲ့အမြင်ကိုပြောရရင် ရေးတဲ့သူ ဖန်တီးသူက ရေးနေတဲ့အချိန် ဖန်တီးနေတဲ့အချိန်မှာ ပွင့်ပွင့် ဘာကိုမှမစဉ်းစားဘဲရေးတယ်။ လူမှုထုံးစံတွေ၊ လူ့ကျင့်ဝတ်ပိုင်းတွေ၊ လူတွေလိုက်နာသင့် လိုက်နာအပ်တဲ့ လောကရဲ့ ထုံးတမ်းအစဉ်အလာတွေ၊ နည်းလမ်းအစဉ်အလာတွေကို ရေးနေတဲ့အချိန်မှာ ဘာမှမစဉ်းစားမိဘူး။ ကျွန်တော်ရေးချင်တဲ့ဟာကို ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်ကိုဖန်တီးလိုက်တယ်။ တစ်ခါတလေမှာ ဇာတ်ကောင်တွေဟာ super caracter တွေဖြစ်နေတယ်။ ရိုးရိုးအပြင်မှာတွေ့နေရတဲ့ လူတွေထက် နည်းနည်းပိုနေတာလေးတွေပါတာကိုတွေ့ရတယ်။ အဲ့ဒီမှာ တချို့လူငယ်တွေက ခပ်ညစ်တစ်တစ်လေး တွေပါတယ်။ တစ်ခါတလေမှာ အရွဲ့တိုက်ချင်တဲ့ လူငယ်တွေပါတယ်၊ တစ်ခါတလေကျတော့လည်း လူကြီးတွေကို အကောင်းမမြင်တတ်တဲ့ လူငယ်ကာရိုက်တာမျိုးလေးတွေ ပါနေတတ်တယ်လေ။ အဲ့ဒါမျိုးတွေကို ကျွန်တော်က မရေးခင်ကတည်းက ကြိုတင်ကြံစည်ပြီး ငါမွေးမယ့်ဇာတ်ကောင်ကတော့ လူကြီးတွေကို ကလန်ကဆန်လုပ်တဲ့ ဇာတ်ကောင်လေးတစ်ကောင်လောက်တော့မွေးလိုက် ဦးမှပဲလို့ စဉ်းစားပြီး ရေးတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်စာရေးနေတဲ့အချိန်တွေမှာ ဘာတွေက လာပူးကပ်တာများလဲဆိုတော့ ကျွန်တော်ဖြတ်သန်းခဲ့ဘူးတဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ နောက်ပြီးတော့ ကိုယ်ကိုယ်တိုင်ခံစားဖူးတဲ့ ကိုယ့်ရဲ့ခံစားချက်တွေ အဲ့ဒါတွေကအကုန်လုံးရောထွေးပြီးတော့ ဇာတ်ကောင်တစ်ကောင် ဖန်တီးမိလျက်သား ဖြစ်သွားမျိုးတွေလေ။ ရေးနေတဲ့အချိန်မှာတော့ ဇာတ်ကောင်ကို ကိုယ်ခံစားနေရတဲ့ ခံစားမှုတစ်ခုဆီကို တွန်းပို့ နေတာဆိုတော့ ဘာမှမစဉ်းစားမိဘူး။ အဲ့ဒါနဲ့ ၀တ္ထုပြီးသွားတဲ့အချိန်မှာတော့ ဖတ်ပြီးတဲ့ ခံစားမိတဲ့သူက ဘယ်လို ပုံစံမျိုးဖြစ်သွားလိမ့်မယ်ဆိုတာမျိုးကို ကျွန်တော် ကိုယ်တိုင် လိုက်ပြီးမကြည့်နိုင်တော့ဘူး၊ မမြင်နိုင်တော့ဘူးလေ။ ၀တ္ထုဖတ်တဲ့လူ တစ်ယောက်ချင်းစီအပေါ်မှာမူတည်ပြီးတော့လည်း ကွဲပြားဦးမှာကိုး။ အဲ့ဒီစာအုပ်ကိုဖတ်ပြီး တစ်ယောက်ကတော့ အလကားပါကွာ၊ ခပ်ပေါပေါတွေရေးထားတာပါပေါ့၊ နောက်တစ်ယောက်ကကျတော့ ဒီဝတ္ထုထဲကဇာတ်ကောင်က အရမ်းမိုက်ရိုင်းတာပဲ၊ ဒီလိုဇာတ်ကောင်မျိုးမရှိသင့်ဘူးပေါ့။ နောက်ဆုံး တစ်ယောက် ကကျတော့ ဒီကာရိုက်တာကအရမ်းမိုက်တယ်ပေါ့။ ဒီဝတ္ထုထဲကကောင် လူကြီးတွေကို ကလန်ကဆန် လုပ်လိုက် တဲ့ပုံစံက ငါ့စိတ်ထဲမှာတော့ မိုက်တယ်ဆိုပြီး ဖတ်တဲ့သူတွေက အမျိုးမျိုးကွဲပြားသွားကြမှာပါပဲ။ အားလုံး အပေါ်မှာရော တစ်ယောက်ချင်းအပေါ်မှာပါ ဘာဖြစ်သွားစေတော့ရယ်လို့ ဆိုတဲ့ရည်ရွယ်ချက်မျိုးတော့ မရှိပါဘူး။ ဒီနေရာမှာမှဝေဖန်သုံးသပ်အကြံပေးသူတွေရဲ့ အခန်းကဏ္ဍဆိုတာဝင်လာပါတယ်။ မင်းရေးတာကတော့ဖြင့် သဘောရိုးနဲ့ပဲ ဖန်တီးလိုက်တယ်ပြောပြော၊ စတန့်ထွင်တယ်ပဲပြောပြော၊ တမင်လူငယ်တွေကို လှုံဆော်ဖမ်းစား ချင်လို့ ဒီလိုကာရိုက်တာမျိုးကို တမင် တကာဖန်တီးတယ်ပဲပြောပြော မင်းရေးလိုက်တဲ့ ဟာကတော့ အကျိုးသက်ရောက်မှုက ဘယ်လိုတွေ ဘယ်လိုတွေဖြစ်နေတယ်ကွာ။ အကျိုးဆက်တွေက မကောင်းဘူး။ ဒါကြောင့် မင်းဟာမင်းရေးပြီး အိမ်မှာသိမ်းထားသင့်တဲ့စာပဲလို့ ပြောလာကြမယ်ဆိုရင်တော့ ပြန်ပြီးစဉ်းစားဖို့ လိုသွားပါပြီ။ နောက်တစ်ချက်က စာဖတ်သူရဲ့ ရင့်ကျက်မှုကလည်းပဲ သူ့အဆင့်နဲ့သူရှိနေတယ်လေ။ ကိုယ်ရေး လိုက်တဲ့ စာတစ်ကြောင်းကိုပဲ ခံစားချက်ရင့်ကျက်တဲ့ လူတစ်ယောက်ရဲ့ ခံယူပုံကတစ်မျိုး၊ ခံစားချက် မရင့်ကျက်သေးတဲ့လူတစ်ယောက်ရဲ့ ခံယူချက်ကတစ်မျိုး ရှိနေတတ်ကြ ပါတယ်။ ကျွန်တော့်ဝတ္ထုတွေထဲမှာဆိုရင် ခဏခဏပါတတ်တာက လူကြီးနဲ့လူငယ်ရဲ့ ပဋိပက္ခဖြစ်ကြတာလေးတွေပေါ့။ အထူးသဖြင့်ဆိုရရင်တော့ မိဘနဲ့မတည့်လို့ အိမ်ပေါ်ကဆင်းသွားတာမျိုးလေးတွေ။ ကျွန်တော်မှတ်မိသလောက်ဆိုရင် နှစ်ခါသုံးခါ လောက်ပါဖူးတယ်။ ဒီအကြောင်းအရာကို ဖတ်လိုက်ရတဲ့ အတွေ့အကြုံ ရင့်ကျက်သူ တစ်ယောက်ရဲ့ အမြင်မှာ တော့ ဒါဟာခေတ်အဆက်ဆက်ကရှိခဲ့တဲ့ လူကြီးနဲ့လူငယ်ပဋိပက္ခကိုပြောနေပါလားဆိုတာကို သိပေမယ့်နုနယ်တဲ့ လူငယ်တစ် ယောက်အနေနဲ့ကြည့်မယ်ဆိုရင်တော့ လူကြီးတွေကိုဆန့်ကျင်တာ မိုက်တယ်ဆိုတဲ့အမြင် မျိုးတွေရှိ နေနိုင်တယ်လေ။ ဒါကြောင့် စာဖတ်သူရဲ့အတွေ့အကြုံ ရင့်ကျက်မှု၊ မရင့်ကျက်မှုဆိုတာပေါ်မှာမူတည်ပြီးတော့ ဘေးထွက်ဆိုးကျိုးတွေ အမျိုးမျိုးဖြစ်ပေါ်လာနိုင်တဲ့အတွက် အချုပ်ပြောရရင် ရေးလိုက်တဲ့စာတစ်ပုဒ်ရဲ့ ဘေးထွက်ဆိုးကျိုးများခြင်း၊ နည်းခြင်းဟာ စာရေးသားတဲ့သူက ထိန်းသိမ်းရမယ့် တာဝန်ဖြစ်သလို တစ်ဖက်မှာ လည်းပဲခံစားသူ ပရိသတ်တွေရဲ့ စိတ်နှလုံးရင့်ကျက်လာအောင် အားလုံးသော လူ့အဖွဲ့အစည်း တစ်ရပ်လုံးက ၀ိုင်းဝန်းမြှင့်တင်ကြရမယ့် ကိစ္စတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။

ကျွန်တော် ဖတ်ခဲ့ဖူးသလောက် အရင်ခေတ်တုန်းက၀တ္ထုတွေမှာာဆိုရင် အဲ့ဒီခေတ်တုန်းက အခြေအနေ တွေ၊ အဲ့ဒီလူ့အဖွဲ့အစည်းအတွင်းမှာ ကျင်လည်ခဲ့ကြရတဲ့ လူတွေရဲ့ ဘ၀ဖြတ်သန်းမှုပုံစံတွေ၊ ဘယ်လိုအတွေး အခေါ်ကို လက်ခံခဲ့ကြတယ်ဆိုတာမျိုးတွေ၊ သူတို့တွေ ဘာတွေကွကွကို ယုံကြည်ကိုးစားခဲ့ကြတယ်စတဲ့ ခေတ်တစ်ခေတ်ကို ထင်ဟပ် ပေါ်လွင်နေစေတဲ့ အကြောင်းအရာ တွေအများကြီးပါဝင်နေတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီဘီဘက်ခေတ် နောက်ပိုင်းဝတ္ထုတွေထဲမှာတော့ ဒါမျိုးးတွေ မတွေ့ရသလောက် နည်း ပါးသွားတာတွေ့ကြရတယ်။ ဒါဟာဘာ ကြောင့်လ့လဲ။ စာရေးဆရာတွေရဲ့ ကြိုးစားအားထုတ်မှုပိုင်းမှာ အားနည်းသွားတာကြောင့်လား။ ဒါမှမဟုတ် ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်းမှာ အဲ့ဒီခေတ်တုန်းကလို အခြေ အနေတွေမရှိ တော့တာလား။ အစ်ကိုရော ဘယ်လ်လိုမြင်မလဲ။

စာရေးဆရာရဲ့ လောကအမြင် နက်ရှိုင်းမှုနဲ့ဆိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် စာရေးဆရာဟာ လောကအမြင်နက် ရှိုင်းဖို့လိုသလိုလောကအမြင် နက်ရှိုင်းအောင် ကြိုးစားချင်စိတ်ရှိဖို့လည်း လိုပါတယ်။ လောကအမြင်နက်ရှိုင်းအောင် ကြိုးကြိုးစားစားနဲ့ လေ့လာတွေးခေါ် သုံးသပ်ပြီး သူသိလာတဲ့အသိကို စာဖတ်ပရိသတ်ဆီ တစ်ထောင့်တစ်နေရာကပဲဖြစ်ဖြစ် တင်ပြပေးဖို့ပါ။ အချစ်ဝတ္ထုမှာပဲဖြစ်ဖြစ်ပေါ့။ လမ်းမှာ ဈေးဝယ်ရင်းလမ်းဘေးကဈေးသည်နှစ်ယောက် အပြန်အလှန်ပြောကြတဲ့ ဒိုင်ယာလော့ဂ်မှာပဲဖြစ်ဖြစ်၊ သမီးရည်း စားနှစ်ယောက်ချိန်းတွေ့ကြတဲ့ ဒိုင်ယာလော့ဂ်မျိုးမှာပဲဖြစ်ဖြစ် တစ်ထောင့်တစ်နေရာမှာ ငါတတ်နိုင်စွမ်း ရှိသလောက် လောကအမြင်လေးတစ်ခုကို ထည့်ပေးမယ်ဆိုတဲ့ ကြိုးစားချင် စိတ်လေးရှိဖို့လည်းလိုတယ်လို့ ပြောချင်ပါတယ်။ ရှိတဲ့ စာရေးဆရာတွေလည်းရှိကြပါတယ်။ ဥပမာ ပြောရရင် ဆရာမဂျူးတို့ပေါ့။ သူတို့လည်း တတ်နိုင်သရွေ့တော့ရေးနေကြတာပါပဲ။ ကျန်တဲ့စာရေးဆရာတွေအနေနဲ့လည်း ညီလေးခုနကမေးသလို မျိုးလေးကို အချစ်ဝတ္ထုပဲကွာ ချစ်ရင်ပြီးတာပဲ၊ သရဲ ၀တ္ထုပဲကွာသရဲကြီးထွက်လာ မျက်လုံးကြီးပြူး၊ လျာကြီး ထွက်လာ ဂုတ်ချိုးဆိုပြီး ကြောက်ရင်ပြီး ရောဆိုပြီး ကိုယ့်ဝတ္ထု လူဖတ်ရင် လူကြိုက်ရင်ပြီးရောဆိုတာမျိုးထက် လောကအမြင်လေးကို ဝေမျပေးချင်တဲ့စိတ်ကလေးနဲ့ တစ်ထောင့်တစ်နေရာကနေ အားလုံးက တတ်နိုင် သလောက် ထည့်သွင်း ရေးသားကြမယ်ဆိုရင် အားလုံးအတွက် ပိုကောင်းသွားလိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။

Continue reading

ဗိုလ်ချုပ် အောင်ဆန်း


ဗိုလ်ချုပ် အောင်ဆန်း

From Myanmar Online Encyclopedia

ဗိုလ်ချုပ်အောင်ဆန်း
၁၉၁၅ ၊ ဖေဖော်ဝါရီ (၁၃) – ၁၉၄၇ ၊ ဇူလိုင် (၁၉)
အသက် ၃၂ နှစ်တွင် လုပ်ကြံခံခဲ့ရသည်
မွေးသက္ကရာဇ် ၁၉၁၅-ခုနှစ်၊ဖေဖော်ဝါရီ(၁၃)ရက်
မိဘများ ဦးဖာ + ဒေါ်စု
ငယ်အမည် ထိန်လင်း
မွေးဖွားရာဒေသ နတ်မောက်မြို့၊ မကွေးတိုင်း
ကွယ်လွန်ရာဒေသ ရန်ကုန်၊ ရန်ကုန်တိုင်း
ရာထူးအလုပ်အကိုင် ဗိုလ်ချုပ်
လူသိများခြင်းမှာ မြန်မာပြည် ဗြိတိသျှ အုပ်ချုပ်မှု လက်အောက် နှင့် ဂျပန်များ အုပ်ချုပ်မှု လက်အောက်မှ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သော အာဇာနည် တစ်ယောက်ဖြစ်သည်။
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း ဗမာ့လွတ်လပ်ရေးတပ်မတော်
ဗမာ့ကာကွယ်ရေး တပ်မတော်
ဖ.ဆ.ပ.လ
တိုက်ခိုက်ခဲ့သည့် စစ်ပွဲများ အဖွဲ့အစည်း ဒုတိယကမ္ဘာစစ်၊ မြန်မာပြည်လွတ်မြောက်ရေး
ကွန်ယက် http://www.aungsan.com

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် – ၁၉၄၇ ခုနှစ် ဇူလိုင်‌ ၁၉ ရက်) သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆ ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။

Contents

အမည်

ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ မိဘများက အစ်ကိုဖြစ်သူ အောင်သန်း နှင့် လိုက်ရန် အောင်ဆန်း ဟု ခေါ်ခဲ့သည်။ ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။

ငယ်ဘဝ

ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က အနာအဖျား ထူသည်။ အသားစား ကြူးသည်။ အမဲ သားငါး အလွန်ကြိုက်သည်။ အတီးအမှုတ် ၊ အကအခုန် အလွန် ဝါသနာ ပါသည်။ အထူးသဖြင့် ဆိုင်းတီး ဝါသနာ ပါသည်။ စားပွဲ ဖြစ်စေ ၊ ခေါက်စရာတွေ့လျှင် ဖြစ်စေ အမြဲ ခေါက်နေလေ့ ရှိသည်။ ချောင်တစ်ချောင်တွင် ကပ်၍ မှိုင်တွေကာ စဉ်းစား၍လည်း နေတတ်သည်။ အများအားဖြင့် အိနြေ္ဒကြီးသည်။ ကစားခုန်စားကို များစွာ မလေ့ကျင့်သော်လည်း ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်။ မျက်နှာလို မျက်နှာရဖြင့် အထက်လူကြီးအား တိုင်တောခြင်းကို ငယ်စဉ်ကတည်းက အထူးစက်ဆုပ်သည်။

လူငယ်‌ဘဝ

သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်းတို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ‘ငရဲ‌ခွေးကြီး လွတ်နေသည်’ ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားသည့် ဆောင်းပါး၏ ဆောင်းပါးရှင်အား မဖော်ပြမှုဖြင့် ကိုနု(နောင် သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရသည်။ ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။ ၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးစက်ပြီး နောက်ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့သည်။

၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့သည်။ ဤအချိန်မှစ၍ သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည် ဒို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်လာသောအခါတွင် သခင် (အရှင်သခင်/ဆရာ-မြန်မာလူမျိုးများသည် ဗမာပြည်၏ အရှင်သခင်/ဆရာစစ်များ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့များက သူတို့သာလျှင် အသုံးပြုရန် မတရား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။) တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့သည်။ ထိုစဉ်ကပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအား ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းးအဖွဲ့ကြီးမှာ ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်း ဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှုး ဖြစ်လာခဲ့သည်။ သူ၏ သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉ ခုနှစ် ဩဂုတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။ များမကြာမီတွင် သူသည် ပြည်သူ့ တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် အောင်ဆန်းအား ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရသည်။ ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့လေသည်။

Continue reading

နည်းပညာ ယဉ်ကျေးမှုနဲ့ ကိုယ်ကျင့်တရား


နည်းပညာ ယဉ်ကျေးမှုနဲ့ ကိုယ်ကျင့်တရား

ဒီကနေ့ ကျွန်တော်အမြဲယူထားတဲ့ google ကနေ အင်တာနက်ပေါ်တက်သမျှ မြန်မာဗီဒီယိုတွေကို စုစည်းပြီး ပို့ပေးတဲ့ Google Video Alert Mail ထဲမှာ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို အခုလိုမြင်တွေ့လိုက်ရပါတယ်။ ရက်စွဲအားဖြင့်ဆိုရင်တော့ (2009 July 17) နေ့ ရက်စွဲနဲဖြစ်ပါတယ်။ ဆိုက်ကလုံးနာဂစ်ဒဏ်ခံဒေသတွေအကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယို၊ နောက် ပုဂံဒေသက မြန်မာပြည်ရဲ့ အထင်ကရ စေတီပုထိုးတွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကိုတွေ့ရပါတယ်။ အဲ့ဒီကြားထဲမှာတော့ အောက်က  Print Screen ရိုက်ထားတဲ့ပုံနဲ့ Blog လိပ်စာ ယှဉ်တွဲပြီးပါလာတာကိုတွေ့ရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော်စာမရေးသေးပါ။ ဒီပုံကိုကြည့်ပြီး ထင်မြင်ယူဆချက်အမျိုးမျိုး မှတ်ချက်ပြုခဲ့ကြဖို့ ကျွန်တော်အကြံပြုကြစေချင်ပါတယ်။ ဒါက အသစ်ဖြစ်ပေါ်လာတဲ့ နည်းပညာ ပြောင်းလဲမှုအပေါ်မှာ နိုင်ငံသားတစ်ဦးချင်းရဲ့ အခြေခံကိုယ်ကျင့်တရားနဲ့ တိုင်းပြည်ရဲ့ယဉ်ကျေးမှုစတဲ့အရာတွေများစွာ ရောထွေနေလို့ပါ။ ဒီပုံနဲ့အကြောင်းအရာတွေကို တင်ပြလိုက်ရတာဟာ စည်းလွတ်ဘောင်လွတ်လူ့အဖွဲ့အစည်း အသွင်းသဏ္ဍာန်ဆောင်လာမှာကို စိုးရိမ်ကြောင့်ကျမိတဲ့ အခြေခံရိုးသားစိတ်ကြောင့်ဆိုတာကိုတော့ ကျွန်တော်ပြောထားချင် ပါတယ်။

2009 July 17 (Google Video Alert )

2009 July 17 (Google Video Alert )

ဦးသန့်မြင့်ဦးနှင့် မြန်မာပြည်အကြောင်း အင်တာဗျူး


ဦးသန့်မြင့်ဦးနှင့် မြန်မာပြည်အကြောင်း အင်တာဗျူး

ဒီကနေ့ ပို့စ်အတွက် The Voice ဂျာနယ် (အတွဲ ၅၊ အမှတ် ၃၇) မှာပါတဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ မြေးဖြစ်သူ ဦးသန့်မြင့်ဦးရဲ့ လတ်တလောမြန်မာနိုင်ငံအပေါ် ရှုမြင်သုံးသပ်ချက်တွေ ပါဝင်တဲ့ အင်တာဗျူးတစ်ခုကို ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီအင်တာဗျူးနဲ့ပတ်သက်ပြီး အမြင် သဘော ထားတွေလည်း အမျိုးမျိုးကွဲလွဲနိုင်တာကြောင့် ကျွန်တော် ဘလော့ခ်ကနေပဲ ပြန်ပြီး တင်ပေးလိုက်ရပါတယ်။ The Voice ဂျာနယ် ဖော်ပြချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ ဒီအင်တာဗျူးမှာ ပြောဆိုထား သမျှတွေဟာ ကာယကံရှင် ဦးသန့်မြင့်ဦးနဲ့ ဖော်ပြခဲ့တဲ့ The Voice ဂျာနယ်တို့ရဲ့ သဘောထားမြင်တွေသာ ဖြစ်ပါတယ်။

U Than Myint Oo

U Than Myint Oo

မြန်မာနိုင်ငံသား အာရှသား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ မြေးဖြစ်ပြီး အမေရိ ကန်ပြည်ထောင်စုတွင် ကြီးပြင်းခဲ့သည့်။ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်နှင့် ကင်းဘရစ်ခ်ခ်ျတ် တက္က သိုလ်များတွင် ကျင်လည်ခဲ့သည့် သမိုငိင်းပညာရှင် နှင့် စာရေးဆရာ ဦးသန့်မြင့်ဦးက မြန်မာနိုင်ငံအပေါ် သူအမြင်များကို နိုင်ငံ့သမိုင်းကြောင်း၊ သူဘ၀ ဇာတ်ကြောင်းနှင့် ယှဉ်ကာ ထိထိမိမိ တင်ြပထား သည့် The River of Lost Footsteps စာအုပ်ထွက်ရှိအပြီးတွင် သူ၏အမြင်များမှာ မြန်မာ နိုင်ငံအရေး စိတ်ဝင်စားသည့် မူဝါဒချမှတ်သူများ၊ ပညာရှင်များအကြားတွင်ထင်ရှားလာခဲ့သည်။ ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်တွင် အခြေစိုက် ရင်း မြန်မာနိုင်ငံဆိုင်ရာ နောက်ထပ်စာအုပ် တစ်အုပ်ကို ရေးသားပြုစုနေသည့် ဦးသန့်မြင့်ဦးအား အေရှားတိုင်းအွန်လိုင်းက တွေ့ဆုံမေးမြန်းထား သည်ကို ဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။ (ယခုဖော်ပြပါ တွေ့ဆုံမေးမြန်းခန်းကို ကာယကံရှင် ဒေါက်တာသန့်မြင့်ဦး၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်ဆိုပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

အနောက်မီဒီယာတွေဟာ မြန်မာနိုင်ငံအကြောင်း သတင်းဖော်ပြရင် ရိုးစင်းလှတှတဲ့ ချဉ်းကပ်မှုနဲ့ပဲ ဖော်ပြ လေ့ရှိတယ်လို့ ခင်ဗျားရဲ့စာတွေနဲ့တွေ့ဆုံမေးမြန်းခန်းတွေမှာ ထောက်ပြခဲ့တယ်။ အဲဒီလိုမျိုး ချဉ်းကပ်မှုကို ‘သမိုင်းကြောင်းနဲ့ မယှဉ်တဲ့’ ချဉ်းကပ်မှုလို့ ခင်ဗျားက နာမည်ပေးထားတယ်။ အခုလောလောဆယ် အခြေအနေ ကို အနောက်မီဒီယာတွေမှာဘယ်လိုရေးသားဖော်ပြနေကြတယ်ဆိုတာ ”သမိုင်းကြောင်းနဲ့ မယှဉ် ရေးနေကြ တယ’်’ ခင်ဗျား ထောက်ပြခဲ့တဲ့ရှုထောင့်ကနေ ပြောပြပါလား။

လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး မြန်မာနိုင်ငံအရေးဟာ ‘ဒီမိုကရေစီရေးသက်သက်လို့ပဲ မီဒီယာတွေမှာ ပုံဖော် ခံခဲ့ရတယ်။ မြန်မာနိုင်ငံအကြောင်း သတင်းဖော်ပြတာ နည်းရတဲ့အထဲ တပ်မတော် အစိုးရရယ်၊ ဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုရယ် ဒါတွေကပဲ လွှမ်းမိုးထားတယ်။ ဒါက လူသည်းခြေကြိုက်တဲ့ ဇာတ်လမ်းဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ကမ္ဘာကျော် ပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်။ ‘ဒါပေမဲ့ ဒီဇာတ်လမ်းက ၁၉၉၀ အစောပိုင်းကာလတွေကတည်းက အေးခဲရပ်တန့်သွားခဲ့ပြီ (၁၉၉၀အစောပိုင်းကာလတွေ ကတည်းက ဒီလိုပဲရေးနေကြတာ)။ မြန်မာနိုင်ငံအကြောင်း သတင်းတင်ပြချက်တွေအားလုံးဟာ တကယ့်ကို တစ်ကြောင်းသွားဖော်ပြချက်ပဲ။ မြန်မာနိုင်ငံဟာ လူသန်း ၆၀ မှီတင်းနေထိုင်ပြီး တိုင်းရင်းသား လူမျိုးစုတွေ ‘ဒါဇင်နဲ့ချီပြီးရှိတဲ့နိုင်ငံ၊ ဆင်းရဲတွင်းထဲနစ်နေပြီး အခုမှပြည်တွင်းစစ်ချုပ် ငြိမ်းလုဆဲဆဲနိုင်ငံ။ ဧရာမ လူမှု ပြောင်းလဲ မှုကြီးတွေဖြစ်ပေါ်နေပြီး အိန္ဒိယနဲ့ တရုတ်တို့နဲ့ ဆက်ဆံရေး အမြန်ဖွံ့ဖြိုးတိုးတက်နေတယ်။ ‘ဒီလိုမျိုး အခြားအကြောင်းအရာကြီးကြီးမားမားတွေ ရှိနေပေမယ့် ခုနကဖော်ပြခဲ့တဲ့ ဇာတ်လမ်းကလွဲရင် တခြားအကြောင်း အရာ ဘာဆိုဘာမှလူစိတ်ဝင်စားမှု မရဘူးဖြစ်နေတယ်။ ဒီလိုဖြစ်နေမှတော့ မြန်မာနိုင်ငံအပေါ်ထားတဲ့နိုင်ငံတကာ မူဝါဒက ဘယ်ကိုမှမရွေ့နိုင်တာ မဆန်းဘူးပေါ့ဗျာ။

River of Lost Footsteps

River of Lost Footsteps

ဒါပေမဲ့ ဒီဇာတ်လမ်းက သတင်းဆက်ဖြစ် နေတုန်းပဲ လေ။ မြင်က်ကွင်းထဲကနေ ပျောက်ဆုံးနေတာ ဘာလဲ ဆို တာ ပြောပြပါလား။

မြန်မာနိုင်ငံအကြောင်းစဉ်းစားရင်၊ သတင်းဖော်ပြကြ ရေးကြသားကြရင် မြင်ကွင်းထဲက အမြဲလိုလို ပျောက်နေတဲ့ အဓိကအကြောင်းအရာအနည်းဆုံး၂ခုရှိတယ်လို့ ကျွန်တော်ထင်တယ်။ ပထမက ပြည်တွင်းစစ်။ နှစ်ပေါင်းခြောက်ဆယ် ဆက်တိုက် လက်နက်ကိုင်ပဋိပက္ခဖြစ်နေရာက မြန်မာနိုင်ငံဟာ ခုမှ လွတ်လာစ ရှိနေသေး

တယ်။ ၁၉၈၀ နှောင်းပိုင်း၊ ၁၉၉၀ အစောပိုင်းနှစ်တွေမှာ မြန်မာအစိုးရဟာ လူမျိုးရေးအခြေခံတဲ့ နှစ်ဒါဇင်နီးနီး သူပုန်တပ်တွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေရယူခဲ့ပြီး ကမ္ဘာ့အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်လုနီးနီး ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ အဓွန့်ရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးတော့ မရသေးဘူး၊ ဆက်ပြီးဆောင်ရွက်စရာတွေ အများကြီး ကျန်နေသေးတယ်။ ဒါပေမဲ့ ဒီကိစ္စကိုဆောင်ရွက်ဖို့ နိုင်ငံတကာမှာ အာရုံလုံးဝမရှိဘူး။ နှုတ်အားဖြင့်ရော လက်အားဖြင့်ရော စောင်မမှု ဘာဆိုဘာမှ မရှိဘူး။ ဒါမျိုးအခြေအနေတစ်ခုခု တခြားနေရာမှာ ဖြစ်ကြည့်ပါလား။ အိန္ဒိယနဲ့ တရုတ်ကြားက တောင်တွေပေါ်မှာ ဖြစ်နေတဲ့ စစ်ပွဲတစ်ပွဲလိုမျိုး။ မြန်မာနိုင်ငံကလက်နက်ကိုင် ပဋိပက္ခကို ဘယ်သူမှ ဂရုမထားတာကတော့ အံ့သြလောက်စရာပါ။ နောက်တစ် ခုက မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံလေ။ မြန်မာ့ရေးရာ ဆွေးနွေးပွဲတွေမှာ ဆင်းရဲသားတွေရဲ့ အသံ လုံးဝမကြားရဘူး၊ ပျောက်နေတယ်။ ဆင်းရဲသား တွေဟာ ဆက်ရှင် သန်ဖို့နဲ့ မိသားစုဝမ်းဝဖို့တောင် နည်းလမ်းသစ်တွေရှာဖို့ အရေးတကြီးလိုအပ်နေတယ်။ ဒီမိုကရေစီ အကူးအပြောင်းလုပ်ချိန်မှာ စီးပွားရေးကဏ္ဍကို အပြောင်းအလဲ တစ်ချိန်တည်းမှာ ကြီးကြီးမားမား မလုပ်ဘဲနဲ့တော့ ဘယ်ဒီမိုကရေစီ အကူးအပြောင်းမှ သက်ဆိုးရှည်မှာမဟုတ်ဘူး။ ဒီမှာလည်း ခုနကအတိုင်း ဖြစ်နေပြန်ရော။ ဒီကဏ္ဍမှာ လုပ်နိုင်တာတွေအများကြီးရှိပေမယ့် နိုင်ငံတကာကလုံးဝ အာရုံမရှိသလောက်နီးနီးပဲ။ အရင်နှစ် နာဂစ်မုန်တိုင်းပြီးကတည်းက အစိုးရနဲ့ နိုင်ငံတကာ အသိုက်အ၀န်း အကြားပူးပေါင်းဆောင်ရွက်မှုမှာ ကြီးကြီး မားမားတိုးတက်လာတာက အလွန့် အလွန်အရေးပါတဲ့ဖြစ်ရပ်ပါ။ နိုင်ငံရေး အကြောင်းကြောင်းတွေကြောင့် နိုင်ငံ တကာ အလှူရှင်တွေဟာ လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံက တစ်ဦးချင်းရတဲ့ အထောက်အပံ့တွေ ဒါမှမဟုတ် ဇင်ဘာဘွေနဲ့ ဆူဒန်က တစ်ဦးချင်းရတဲ့ အထောက်အပံ့တွေရဲ့ မပြောပလောက်တဲ့ အစိတ်အပိုင်းလေးလောက်ပဲ မြန်မာနိုင်ငံကိုပံ့ပိုးကြတယ်။ ရှက်စရာကောင်းလိုက်တာဗျာ။

Continue reading

Categories

%d bloggers like this: