ဆောင်းပါး

သင်္ချီုင်းတော်ည


ဆရာမင်းခိုက်စိုးစန်

ဆရာမင်းခိုက်စိုးစန်

သင်္ချီုင်းတော်ည

မင်းခိုက်စိုးစန်

(လှိုင်းသစ်မဂ္ဂဇင်း အမှတ် ၁၊ ဇန်န၀ါရီလ ၂၀၀၉)

ကျွန်တော်သေလျှင် ကျွန်တော့်အုတ်ဂူပေါ်တွင် နှင်းဆီပန်းနီနီတစ်စည်းတင်ထားပေးစေလိုပါသည်။

အားငယ်တတ်သူတစ်ဦး၏ စိတ်ကူးယဉ်မှု (သို့မဟုတ်) ကြေကွဲဖွယ်ရာ နောက်ဆုံးတောင့်တမှုတစ်ခု (သို့မဟုတ်) အနည်းငယ် ခြောက်ကပ်ကပ် နိုင်သော ပြဇာတ်ဆန်မှုတစ်ခု (သို့မဟုတ်) အဓိပ္ပါယ်မဲ့ ကြောင်စီစီနိုင်မှု တစ်ခုအဖြစ် ကြိုက်သလို ယူဆနိုင်မည်ဖြစ်သော်လည်း ထိုစိတ်ကူးသည် ကျွန်တော်၏ စိတ်ကူးသာလျှင်ဖြစ်ပါသည်။

ကွယ်လွန်သူတစ်ဦး၏ နောက်ဆုံးဆန္ဒကို အလေးအနက်ထားခြင်းသည် ယဉ်ကျေးမှုတစ်ခုဖြစ်သည်ဆိုပါလျှင် ကျေးဇူးပြုပြီး ကျွန်တော့်ကို လှောင်ရယ် မရယ်ကြစေလိုပါ။ မည်မျှပင်အဓိပ္ပါယ်မဲ့သည်ဟု ယူဆစရာ အချက်အလက်တွေရှိ နေစေကာမူ အကြောင်းမဟုတ်တော့ပါ။

ဒါသည် ကွယ်လွန်မည့်သူတစ်ဦး၏ နောက်ဆုံးမှာကြားချက်ဖြစ်နေခြင်းကသာ အကြောင်းဟုတ်နေပါတော့သည်။

X          X          X          X

ကျွန်တော့် အုတ်ဂူပေါ်တွင် ညဦးကကျခဲ့သော နှင်းစက်တို့ဖြင့် စိုစွတ်အေးစက်နေပေလိမ့်မည်။ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် ဆောင်းဥတုအတွင်းမှာ ကွယ်လွန်လိမ့်မည်ဟု ယုံကြည်ထား၏။ ကျွန်တော်သည် ကိုယ့်အချစ် ဆုံးသူရဲ့လက်ပေါ်မှာ အသက်ကုန်ချင်သည်ဟု ပြောလေ့ရှိသူများလောက် ပြဇာတ်ဆန်ခြင်းမရှိသော်လည်း ဖြစ်နိုင်လျှင်မူ ကိုယ်အနှစ်သက်ဆုံးဆောင်းဥတုမှာ ကွယ်လွန်ချင်သူဖြစ်ပါသည်။ နောက်ပြီ… သည်ကိစ္စမှာ သဘာဝတရားက ကျွန်တော့်ဘက်ကို မျက်နှာသာပေးလိမ့်မည်ဟုလည်း ထင်ထားမိသူဖြစ်ပါသည်။ (ဘာကြောင့် အဲ့သည်လို ထင်နေမိမှန်း ကိုယ့်ဘာသာကိုယ်လည်း အသေအချာ မသိပါ။

X          X          X          X

ထပ်ပြောရပါဦးမည်။ ကျွန်တော်သေလျှင် ကျွန်တော့်အုတ်ဂူပေါ်တွင် နှင်းဆီပန်းနီနီတစ်စည်း တင်ထားပေးစေလို ပါသည်။ ညဦးက ကျခဲ့သော နှင်းစက်တို့ဖြင့် ကျွန်တော့် အုတ်ဂူတစ်ခုလုံး စိုစွတ်အေးစက်နေပေလိမ့်မည်။ ကျွန်တော့် အုတ်ဂူရှိရာမြေကွက်လပ်တစ်ဝိုက်အတွင်းက မြက်ပင်စိမ်းစိမ်းများနှင့် အ၀ါရောင် တောပန်းကလေးများ၏ အပေါ်တွင်လည်း အလင်းဖြင့် ကြည်လင်တောက်ပသော နှင်းမှုန်တွေ စီကာဥနေပေ လိမ့်မည်။ မြောက်ပြန်လေငွေ့အေးအေးတစ်ချက်က ယူကလစ်ပင်တွေကြား ဖြတ်သန်းတိုးဝင်သွားသောအခါ တွဲလျားကျနေသော အဖျားရှည်ရှည် ချွန်ချွန် ယူကလစ်ရွက်တွေ တရှဲရှဲလှုပ်ခါသွားသံကို ကြားရပေလိမ့်မည်။ ထိုအချိန်တွင် နံနက်ခင်း၏ နေခြည်ကလည်း သိပ်မတောက်ပလှသော ရွှေရောင် အရောင်သစ်တစ်မျိုးဖြင့် နူးညံ့စွာ လင်းပနေပေလိမ့်မည်ဖြစ်ပါသည်။

ကျွန်တော်တွေ့ဖူးသမျှထဲတွင် ဆောင်းဥတု၏ နံနက်ခင်းနေခြည်သည် အနူးညံ့၊ အချိုမြိန်ဆုံး၊ အနွေးထွေးဆုံးသော လျှို့ဝှက်မှုတစ်ခုဖြစ်ပါသည်။ ထိုအရာသည် တမ်းတစရာအကောင်းဆုံးသော နတ်သမီးပုံပြင်တစ်ပုဒ်လည်းဖြစ်သည်။ ရနံ့သင်းပျံ့မှိုင်းရီသော အလွမ်းပန်းတစ်စည်းလည်းဖြစ်သည်။ ထိုအရာသည် ကံ့ကော်ဝတ်မှုန်ဝါ၀ါတွေ သုတ်လိမ်းထားသော တယောသံတစ်ခုလည်းဖြစ်သည်။ ယစ်မူးနှစ်လိုဖွယ်ရာ ခရမ်းပြာရောင်သစ်ခွ တစ်ပွင့်လည်းဖြစ်သည်။ နောက်ပြီး… ထိုအရာသည် အချစ်ဖြင့်အလင်းတို့ ခညောင်းသော အေးမြသည့် မီးလျှံတစ်ခုလည်း ဖြစ်လေသည်။

X          X          X          X

အဲ့သည်လို နေခြည်နွေးနွေးအောက်က ကျောက်ဖြူသား အုတ်ဂူကလေးတစ်လုံးထဲမှာ ငြိမ်ငြိမ်သက်သက်ကလေး လဲလျောင်းနေရလျှင် မည်မျှ ကောင်းလိုက်မည်နည်းဟု ကျွန်တော်စဉ်းစားနေမိပါသည်။

သင့်အနေဖြင့် ထိုအုတ်ဂူပေါ်တွင် နှင်းဆီပန်းနီနီတစ်စည်း လာရောက်တင်ထားပေးဖို့သာ လိုအပ်ပါသည်။ နှင်းခသော မြက်ပင်တွေ တောရိုင်းပန်း ၀ါဝါတွေကြားထဲမှာ ဖြတ်လျှောက်လာရသောကြောင့် သင့်ဖိနပ်ဦးမှာ အနည်းငယ် စိုစွတ်ကောင်း စိုစွတ်လိမ့်မည်ဖြစ်သော်လည်း သင့်အနေဖြင့် ထိုဒုကခလောက်ကိုများစွာ မခဲယဉ်းလှဘဲ ရင်ဆိုင်နိုင်ရန် ကျွန်တော်မျှော်လင့်မိပါသည်။ (သည်နေရာတွင် တောရိုင်ပန်းကလေးများ၏အရောင်ကို “အ၀ါရောင်” ဟု ပြောရခြင်းမှာ ကိစအထူးရှိသောကြောင့် မဟုတ်ပါ။ ကျွန်တော်တွေ့ဖူးသမျှ အလေ့ကျပန်းအားလုံးနီးနီးလောက်သည် “အ၀ါရောင်” တွေချည်း ဖြစ်နေတတ်သောကြောင့်ဖြစ်ပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး အ၀ါရောင်သည် ကိန်းကြီးခန်းကြီး မရှိဟုသော်လည်း ကောင်း၊ အ၀ါရောင်သည် အပေါစားဆန်လှသည်ဟုသော်လည်းကောင်း တစ်ယောက်ယောက်က ဝေဖန်ချက်ပေးလာလျှင်မူ ကျွန်တော်နှင့် မသက်ဆိုင် လှကြောင်း ကြိုတင်တောင်းပန်ထားချင်ပါသည်။ ကျွန်တော်အနေဖြင့် ကျွန်တော်မြင်ဖူးသမျှကို သာပြောခြင်းဖြစ်ပါသည်။)

အလားတူပင် ကျွန်တော့်အုတ်ဂူပေါ်တွင် တင်ထားသော နှင်းဆီပန်းတစ်စည်းနှင့် ပတ်သက်ပြီးတော့လည်း မြင်တွေ့ရသူတိုင်းက မည်သို့ပင် ထင်မြင် ချက်ပေးစေကာမူ ကျွန်တော်နှင့် သက်ဆိုင်လိမ့်မည်မဟုတ်ပါ။ ကျွန်တော့်သဘောပြောရလျှင်တော့ ထိုကိစသည် တသီးပုဂ္ဂလယဉ်ကျေးမှုတစ်ခု သာဖြစ်သည်ဟု ထင်ပါသည်။

အုတ်ဂူပေါ်တွင် တင်ထားသော ပန်းစည်းတစ်စည်းသည် ကွယ်လွန်သူကို ချစ်ခင်မြတ်နိုးသော လူ့အဖွဲ့အစည်း လေးတစ်ခုရှိနေသေးသည်ဟု အဓိပ္ပါယ်ဆောင်ပါသည်။ တစ်ဖက်က ပြန်တွေးကြည်မည်ဆိုလျှင်လည်း ထိုလူ့အဖွဲ့အစည်းက ချစ်ခင်မြတ်နိုးသတိရနေနိုင်သေးလောက်အောင် ကွယ်လွန်သူသည် တန်ဖိုးရှိခဲ့ပေလိမ့်မည်။

ကျွန်တော်ဆိုလိုသည်မှာ ကွယ်လွန်သူနှင့် ရှင်သန်ကျန်ရစ်ခဲ့သူများသည် နွေးထွေးတောက်ပသော၊ ယဉ်ကျေးမှုပြီး အမြှော်အမြင်ကြီးသော၊ နူးညံ့ချိုရည်ကာ ရွှေခြည်ငွေခြည်ဖြင့် ရက်ထားသော ယုံကြည်မှုအခိုင်အမာရှိသည့် လူ့အဖွဲ့အစည်းတစ်ခုအတွင်း အတူတကွ နေထိုင်ခဲ့ကြဖူးသည့် အကြောင်းဖြစ်ပါသည်။ ထိုအကြောင်းကို အုတ်ဂူပေါ်တွင် တင်ထားသော နှင်းဆီပန်းတစ်စည်းက ပြောပြနိုင်လိမ့်မည်ဟု ကျွန်တော်မျှော်လင့်ချင် ပါသည်။

X          X          X          X

မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့သည် လူ့အဖွဲ့အစည်းအပေါ်ထားရှိသော ယုံကြည်စိတ်ကို အပျက်အယွင်း မခံဘဲ ဆက်လက်ထိန်းသိမ်းမြဲ ထိန်းသိမ်းထားကြပါသေးသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မည်သို့ရှိမည်ကို မပြောတတ်သော်လည်း ကျွန်တော်လူဖြစ်လာခဲ့သော ၁၉၇၀ ပြည့်လွန်နှစ်များနောက်ပိုင်း စစ်အေးတိုက်ပွဲကာလကို မြင်ရသည့်အတိုင်း ဆိုလျှင် ကျွန်တော့်ထင်မြင်ချက်သည် သေချာလွန်းနေပါတော့သည်။

မဟာအင်အားကြီးအုပ်စု နှစ်စု၏ မတော်တဆဖြစ်ပွားလာစရာရှိသော ထိခိုက်မှုကလေးတစ်ခုကြောင့် ကမ္ဘာကြီးသည် ကျောက်တုံးနှစ်ခုအကြား အထူအချေခံရသော ကြက်ဥတစ်လုံးလို ကြေမွသွားရတော့မတတ်ဖြစ်နေသည့် အချိန်မျိုးတွင် လူသားများသည် သူတို့၏လူ့အဖွဲ့အစည်းကို ယုံကြည်ခုံမင်စွာ ဖက်တွယ်ရင်း ငြိမ်းချမ်းရေးအတွက် တရစပ် အလုပ်လုပ်နေခဲ့ကြပါသည်။

ထိုစဉ်က စိုးရိမ်ပူပန်သောကများ၊ မရေရာမှုများ၊ ချောက်ချောက်ချားချားပြစ်တင်ဆူပူမှုများဖြင်ပ့ ပွက်ပွက်ညံနေခဲ့ကြောင်းကို ၀န်ခံရမည်ဖြစ်သည်မှာ မှန်သော်လည်း ကျွန်တော့်အထင်ပြောရလျှင် ထိုအသံများသည် ပျားတို့တ၀ီဝီမြည်သံကဲ့သို့ ဖြစ်ပါလိမ့်မည်။

လူတွေက ရုတ်ရုတ်သဲသဲ ဟိုသည်တိုးဝင် လှုပ်ရှားပျံသန်းကာ လာလိုက်သွားလိုက်နှင့် ယောက်ယက်ခတ်၊ တ၀ီဝီအော်ဟစ်နေကြဆဲမှာပဲ ကမ္ဘာကြီးသည် ပျားအုံတစ်လုံးလို ချစ်စရာကောင်းပုံမျိုးဖြင့် အသက်ဝင်နေခဲ့ပါသည်။

X          X          X          X

ကျွန်တော် အသေအချာမှတ်မိနေသော ညနေခင်းတစ်ခုရှိသည်ဆိုပါလျှင် ထိုညနေခင်းသည် အခြားညနေခင်းများနှင့် အတူတူပင်ဖြစ်သည့် အကြောင်း အရင်ဆုံးပြောထားဖို့ လိုအပ်ပါလိမ့်မည်။

နေရိပ်ကျသော ခြံဝင်းအစပ်က သစ်ပင်တစ်ပင်အောက်တွင် ကျွန်တော့်ဘကြီးက ပက်လက်ကုလားထိုင်တစ်လုံး ပေါ်ထိုင်ရင်း တိုင်းမ်မဂ္ဂဇင်းကို ဖတ်နေပါသည်။ သူက ပါးစပ်ထဲတွင်ခဲထားသော ဆေးပြင်းလိပ်ကို တစ်ချက်နှစ်ချပ် ခပ်ဖြည်းဖြည်းဖွာလိုက်ရင်း

“ဒီအတိုင်းသာဆိုရင် ဆိုဗီယက်က အာဖဂန်နစ်စတန်ကို ၀င်ဆော်တော့မှာသေချာတယ်” ဟု အေးအေးဆေးဆေး ပြော၏။ နောက် ငှဲ့ထားသော ရေနွေးကြမ်းကို အသာအယာမှုတ်သောက်ရင်း စဉ်းစားနေပါသည်။ သူစဉ်းစားနေပုံကို ကြည့်ရသည်မှာ ညနေစာတွင် သူကြိုက်သော မှိုဟင်းပါမပါ ခန့်မှန်းကြည့်နေပုံမျိုးနှင့် တူနေသည်။

ကျွန်တော်ကတော့ လိပ်ပြာတွေအများကြီး ပျံဝဲနေကြသော ညနေခင်းဘ၀ကို ငေးရင်း ဆောင်းဥတု၏ ညနေခင်း ဖြစ်သည်ဟု စိတ်ထဲတွင် ထင်နေမိပါသည်။ (ကျွန်တော်က အခုထိလည်း လိပ်ပြာတွေအများအပြား ပျံဝဲနေသော ညနေခင်း ကိုမြင်တိုင်း ဆောင်းဥတုရောက်ပြီးဟု ထင်ချင်နေဆဲပင်ဖြစ်၏။) ဆောင်းရာသီဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တိမ်တွေတောက်နေသော ပန်းရင့်ရင့်၊ ခရမ်းပြာ၊ လိမော်ရောင် ညနေခင်းထဲမှာ ပန်းရနံ့တွေ သင်းနေခဲ့ပြီး ကလေးတစ် ယောက်၏ စိတ်ကူးများကလည်း နူးညံ့ပေါ့ပါးစွာဖြင့် လေပြည်ထဲတွင် လွင့်မျောနေခဲ့ပါသည်။

X          X          X          X

ယခုအချိန်တွင် ကျွန်တော်လည်း ကလေးတစ်ယောက် မဟုတ်တော့ပါ။ စစ်အေးတိုက်ပွဲကိုလည်း လွန်လာခဲ့ပြီဖြစ်သည်။ ဆေးပြင်းလိပ်ကိုဖွာ နေတတ်သော ကျွန်တော့်ဘကြီးထိုင်ရာ ခြံထောင့်မှသစ်ပင်ကိုလည်း ခုတ်ပစ်လိုက်ပြီဖြစ်သည်။

စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်းသည် ကမ္ဘာပေါ်ရှိ အထွေထွေပဋိပက္ခများ ချုပ်ငြိမ်းသွားခြင်းဟူသော သဘောကို မဆောင်ပါ။ သမိုင်းစာမျက်နှာပေါ်မှ ခေါင်းစဉ်တစ်ခု ပျောက်သွားခြင်းမျှသာ ဖြစ်ပါသည်။ ပဋိပက္ခများသည် အသွင်သဏ္ဍာန် အမျိုးမျိုးကို ကိုင်ဆောင်ကာ ပိုပြီး များပြားနက်ရှိုင်းလာကြပြီး ပိုပြီးရှုပ်ထွေးလာကာ ပိုပြီးတော့လည်း အရောရော အနှောနှောဖြစ်လာကြပါသည်။

ကမ္ဘာ့လူသားတို့သည်လည်း “ပျားအုံတစ်ခု” တည်းရှိပျားများနှင့် တူနေရာမှ ပျားအုံလေးငါးခြောက်ခုအကြား ကိုယ့်အိမ်ကိုယ့်ယာကို မမှတ်မိလောက် အောင် အလုပ်တွေများပြီး အမှားမှားအယွင်းယွင်းဝင်လိုက်၊ ထွက်လိုက် ပျံသန်းနေရပုံမျိုးနှင့် ပိုတူလာပါသည်။

အာရှငွေကြေးတန်ဖိုးပြသနာများ၊ ပစိဖိတ်ဒေသလုံခြုံရေးဆွေးနွေးပွဲများ၊ ကမ္ဘောဒီးယား သူပုန်များ၊ မျိုးရိုးဗီဇဆဲလ် အတတ်ပညာများ၊ ကွန်ပျူတာဂိမ်းများ၊ ဂြိုလ်တုသတင်းနှင့် ဘကဒက်မြို့ပေါ်ကျရောက်ပေါက်ကွဲနေသည့် ဒုံးကျည်တို့၏ အလင်းများ၊ ဘောလုံးပွဲ အလောင်းအစား၊ ဈေးကွက်စီးပွားရေးစနစ်နှင့် နည်းပညာသစ် နယ်မြေလုပွဲများ၊ အရှေ့နှင့်အနောက် ယဉ်ကျေးမှု အရောအရော အနှောနှောဖြစ်မှုနှင့် ရှုပ်ထွေးပြည့် ကျပ်နေအောင် အထပ်ထပ်ရေးသွားထားသော (စိတ်ညစ်စရာကောင်းလောက်အောင် ပြည့်စုံလွန်းနေသည့်) လမ်းညွှန်မြေပုံတစ်ခုနှင့်တူနေပါ တော့သည်။

X          X          X          X

ဆိုလိုသည်မှာ လျှင်မြန်ကျယ်ပြန့်လွန်းသော သတင်းမီဒီယာကွန်ယက်ကြောင့် ကျွန်တော်တို့သည် ကမ္ဘာကြီး၏ နေ့စဉ်လှုပ်ရှားမှုများအကြောင်းကို (မြေပုံပေါ်ရှိ မလိုအပ်လှသော) ချုံပုတ်ငယ်များ၊ ရေအိုင်ကလေးများကမာ အသေးစိတ် အတိအကျ တွေ့မြင်နေကြရသည်။ သို့ရာတွင် စိတ်ဆင်းရဲစရာအကောင်းဆုံးဖြစ်ရပ်မှာ ထိုမျှအသေးစိတ်ကျလွန်းနေသည့် ပြေပုံပေါ်တွင် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်သည့် အရှေ့၊ အနောက်၊ တောင်၊ မြောက်ပြ အမှတ်အသားပါမလာသော ကြောင့် အဆိုပါသတင်းအချက်အလက်တို့သည် မည်သည့်ဘက်ကို ဦးတည်နေမှန်း မသိနိုင်ခြင်းဖြစ်ပါသည်။

X          X          X          X

မည်သို့ပင်ဖြစ်စေ ပျားတို့ကတော့သူတို့၏ ပျားအုံအမှန်ကို အသီးသီးတွေ့အောင်ရှာဖွေရန် တ၀ီဝီအော်မြည် ပျံသန်းနေကြဆဲပင်ဖြစ်ပါသည်။ သူတို့သည် သူတို့၏လူ့အဖွဲ့အစည်းထဲတွင် ခိုင်မာငြိမ်းချမ်းသော နွေးထွေးမှုတစ်ခုကို ရှာဖွေတွေ့ရှိရန် မျှော်လင့်နေကြဆဲပင်ဖြစ်၏။ သူတို့ခိုဝင်နားမိရာ လူ့အဖွဲ့အစည်းပျားအုံသည် သူတို့နှင့် မသင့်လျှော်လျှင် စွန့်ခွာပြီး သင့်တော်မည့် နောက်ထပ်လူ့အဖွဲ့အစည်းတစ်ခုကို ရှာဖွေရန်ပျံသန်းကြခြင်းသည် သူတို့အလုပ်ဖြစ်ပါသည်။

ကျွန်တော်ပြောခဲ့ပြီးသော စကားကိုပင် ထပ်ပြောရမည်ဆိုပါလျှင် “မည်သို့ပင်ဖြစ်စေကာမူ လူတို့သည် လူ့အဖွဲ့အစည်းအပေါ်ထားရှိသော ယုံကြည်စိတ်ကို အပျက်အယွင်းမခံဘဲ ဆက်လက်ထိန်းသိမ်းထားကြပါသေးသည်။” ဟု သာပြောရပါတော့မည်။ ကျွန်တော်ခန့်မှန်းချက်ကို ပြောရလျှင် သကရာဇ် ၂၀၀၀ ပြည့်လွန်နှစ်များတွင် ကမ္ဘာကြီးသည် ပိုပြီးကျစ်လစ်သိပ်သည်သော တစ်ချိန်တည်းတွင် အရပ်ရှစ်မျက်နှာသို့ ခွဲဖြာထွက်နေသော လူ့အဖွဲ့အစည်း စနစ်တစ်ရပ်ဆီသို့ ဦးတည်သွားပါလိမ့်မည်။ နိုင်ငံရေးရာဝါဒများသည် ပိုပြီးမတင်မကျဖြစ်လာပြီး စကားလုံး အဟောင်းများကို ဖွင့်ဆိုရှင်းပြရာ အဓိပ္ပါယ်များသည်လည်း အဆုံးသတ်သွားကြပါလိမ့်မည်။ နောက်ပြီး “ရည်ရွယ်ချက်တစ်ခုချင်းစီအပေါ်မူတည်ပြီး လွတ်လပ်စွာ စုစည်းထားသော အသင်းအဖွဲ့များ” ကသာလျှင် ကမ္ဘာကြီး၏ နေ့စဉ်နှလုံးခုန်နှုန်းကို အစဉ်နိုးထနိုင်စွမ်းသောအဖြစ်သို့ ရောက်ရှိစေပါလိမ့်မည်။

ထိုအသင်းအဖွဲ့များအတွက် နိုင်ငံရေးဆိုင်ရာဝါဒများ၊ လူမျိုးရေးပြသနာများ၊ နယ်နမိတ်စည်းများသည် အရေးကြီးလှတော့မည် မဟုတ်ပါ။ သူတို့အတွက် “အလုပ်ဖြစ်ရေး” သာလျှင် အဓိကဖြစ်ပါလိမ့်မည်။ အသင်းအဖွဲထဲတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံချင်းစီသည် မိမိတို့၏ သီးခြား ကွဲလွဲနေသော မူဝါဒရေးရာ ကိစများကို ကိုယ်ပိုင်လွတ်လပ်စွာသော် လည်းကောင်း အလားတူ အခြားအဖွဲ့အစည်းနှင့် ပူးပေါင်းပြီးသော်လည်းကောင်း ဆုံးဖြတ်ဖြေရှင်းရမည်ဖြစ်ရာ ကမ္ဘာကြီးသည် “မျိုးတုစု” များ စုဖွဲ့ထားသော သံကြိုးဆက်အသင်းအဖွဲ့များအကြား တစ်ယောက်နှင့်တစ်ယောက် ရန်သူ၊ မိတ်ဆွေဟူပြီး ပြတ်ပြတ်သားသား ခွဲခြားရန်ခက်သည့် အခြေအနေသို့ကျရောက်သွားမည်ဖြစ်ပါသည်။

ဥပမာပေးရလျှင် အာရှတိုက်ဆိုင်ရာ စီးပွားရေးကိစများအတွက် အမေရိကန်သည် တရုတ်၊ ဂျပန်တို့နှင့် ပူးပေါင်းကာ အသင်းအဖွဲ့တစ်ခု တည်ထောင်ပါလိမ့်မည်။ သို့ရာတွင် စစ်ရေးကိစအတွက်မူ အမေရိကန်သည် ထိုင်း၊ ဖိလစ်ပိုင်စသော နိုင်ငံများနှင့်အတူ သီးခြားအသင်းတစ်ခုထဲတွင် ပါဝင်နေပါလိမ့်မည်။ အလားတူပင် တရုတ်ကလည်း စစ်ရေးအတွက် အခြားသောနိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် အသင်းထဲတွင် ပူးပေါင်း လှုပ်ရှားပါလိမ့်မည်။

အခြားသော ခေါင်းစဉ်တစ်ခုအတွက် (ဥပမာ… သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်) အသင်းတစ်ခုရှိ မည်ဆိုပါလျှင်လည် ထိုအသင်းတွင် ဂျပန်နှင့် အမေရိကန်သာပါဝင်ပြီး တရုတ်နိုင်ငံမပါဘဲလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါ သည်။ ထိုနည်းတူ… အခြားသော ရည်ရွယ်ချက်တစ်ခုအတွက် တရုတ်နှင့် ဂျပန်သာပါဝင်ပြီး အမေရိကန်မပါသော အသင်းအဖွဲ့တစ်ခုလည်း တစ်ပြိုင်နက်တည်းတွင် ရှိနေပါလိမ့်မည်။ စီးပွားရေးကိစများကို အဖွဲ့အစည်းတစ်ခုတည်း၏ ခေါင်းစဉ်အောက်တွင် အတူတကွ လက်တွဲကြိုးပမ်းနေသည့် နိုင်ငံနှစ်နိုင်ငံသည် စစ်ရေးကိစအတွက်မူ ဆန့်ကျင်ဘက် အဖွဲ့အစည်းများတွင် အသီးသီးပါဝင်ကောင်း ပါဝင်နေကြပါလိမ့်မည်။ အလွန်တရာမှ ရှုပ်ထွေးလှသော ဆက်ဆံရေးများ ပေါ်ပေါက်လာ မည်ဖြစ်သည့်တိုင် ကျွန်တော်တို့မည်သို့မျှ မတက်နိုင်ပါ။ ၂၁ ရာစု ကမ္ဘာကြီးကို ထိုအသင်းအဖွဲ့များက ချုပ် ကိုင်မောင်းနှင်ကြလိမ့်မည်ဖြစ်ပါသည်။

X          X          X          X

တစ်ခုပြောထားရန်လိုအပ်သည်မှာ… ကျွန်တော့်ခန့်မှန်းသုံးသပ်ချက်သည် မည်မျှအထိ မှန်ကန်နိုင်ပါသည်ဟု (ခပ်ညံ့ညံ့ ဗေဒင်ဆရာတစ်ယောက်၏ အိုက်တင်မျိုးဖြင့်) အာမခံချက်ပေးရန် ဘာအကြောင်းမှ မရှိဆိုခြင်းပင်ဖြစ်ပါသည်။

နောင် အနှစ်တစ်ရာခန့်ကြာပြီးသည့်နောက် ဟောသည်လိုနေ့မျိုးတွင် သင်ကော ကျွန်တော်ပါ အသက်ရှငိနေကြ တော့မည်မဟုတ်သည်မှာ သေချာပါသည်။ ထိုအချိန်တွင် ကမ္ဘာကြီးသည် မည်သည့်ပုံစံဖြင့် လှုပ်ရှား ခုတ်မောင်းနေစေကာမူ ကျွန်တော်တို့အတွက် အရေးမကြီးလှတော့ပါ။

သို့ရာတွင်… ထို့နေ့သည် ကောင်းကင်တွင် ပန်းရင့်ရင့် ခရမ်းပြာ၊ လိမော်ရောင် တိမ်တွေ တောက်ပနေကြပြီး ပန်းရနံ့များလည်း သင်းပျံ့နေပါလိမ့်မည်။ လိပ်ပြာများနှင့် ပုစဉ်ရင်ကွဲများလည်း ပျံသန်းနေကြကာ ကလေးများကလည်း ကြည်နူးမြူးတူစွာ စိတ်ကူးယဉ် ဆော့ကစားနေပါလိမ့်မည်။

ပျားများနှင့်တူသော လူတို့ကလည်း တ၀ီဝီအော်မြည်ရင်း သူတို့၏ လူ့အဖွဲ့အစည်းပျားအုံကို ငြိမ်းချမ်းရေးဖြင့် တည်ဆောက်ရန် တရစပ်ကြိုးပမ်း နေပေလိမ့်မည်ဟု ကျွန်တော်ယုံကြည်မိပါသည်။

နောက်ပြီး သတိရတတ်သူ တစ်ယောက်တစ်လေကလည်း ကျွန်တော့်အုတ်ဂူပေါ်တွင် နှင်းဆီပန်းနီနီတစ်စည်း လာရောက် တင်ထားပေးကောင်း တင်ထားပေးပါလိမ့်မည်။

မင်းခိုက်စိုးစန်

(မှတ်ချက်။   ။ ဆရာမင်းခိုက်စိုးစန်ရေးသားခဲ့သော သင်္ချီုင်းတော်ည အက်ဆေးဆောင်းပါကို ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလထုတ် လှိုင်းသစ်မဂ္ဂဇင်း အမှတ် ၁ မှ ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်ကို ဖော်ပြပြီး လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။)

About ahuntphonemyat

Journalist.

Discussion

One thought on “သင်္ချီုင်းတော်ည

  1.ှုI remember a poem of CG Rosesetti titled SONG..

    when I’m dead my dearest , sing no sad song for me
    Plant thou no roses at my head,nor shady cypress tree
    Be the green grass above me, with showers and drew drops wet
    And if thou wilt remember, and if thou wilt forget!

    For me… what should I say ?? I am not sure yet!

    Posted by မနော်ဟရီ | May 7, 2009, 3:19 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: