ဆောင်းပါး

မနက်ဖြန်ထွက်မယ့်နေ


ဆရာသစ္စာနီ

ဆရာသစ္စာနီ

မနက်ဖြန်ထွက်မယ့်နေ

သစ္စာနီ

ကျွန်ုပ်မှာသာ အခွင့်အရေးရှိမည်ဆိုလျှင် မဟာစကြာဝဠာတံတိုင်းပေါ်မှာ ကဗျာတစ်ပုဒ်ရေးချင်ပါသည်။ အာဒံကို အေဒင်ဥယျာဉ်ထဲက သစ်သီးအား မစားဖြစ်အောင်တားမြစ်ချင်ပါသည်။ မောင်ချောနွယ်ကို အိုင်ယာလန်ပို့ချင်ပါသည်။ ဟစ်တလာကို ပန်းပဲမောင်တင့်တယ်နှင့် အလဲအထပ် ရိုက်ချင်ပါသည်။ ဖြစ်တည်မှုပဓန၀ါဒကို ငရဲမီးစားကြည့်ချင်ပါသည်။ ဟီရိုရှိးမားမြို့ထဲက သြဂုတ် (၆) ရက်နေ့ကို ထာဝရနုတ်ယူထားချင်ပါသည်။ အီရက်သို့သွားကာ ဒေါ်လာ ၂၅ သန်းတန် ဆက်ဒမ်ဟူစိန်အား ရှာဖွေချင်ပါသည်။ မိုက်ယ်အိန်ဂျလို၏ လက်များကို ကျောက်တုံးဖြစ်အောင် ဖန်ဆင်းချင်ပါသည်။ အမေရိကန်နိုင်ငံခြားရေးပေါ်လစီကို ခြောက်မူးတစ်ပဲနှင့် ၀ယ်လိုပါသည်။ (ပြန်အမ်းငွေမယူပါ) လူတိုင်းတွင် အခွင့်အရေး ရှိမည်ဆိုပါက အခွင့်အရေးကို အခွင့်အရေးဟု အမည်ပေးကြလိမ့်မည် မထင်ပါ။ အမည်ဆိုသည်မှာ….

ဆိုကရေးတီးသောက်ခဲ့သော အဆိပ်ခွက်၏အမည်မှာ အမှန်တရားဖြစ်ပါသည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်ပြီး စကြ၀ဠာကို အမဲလိုက်ခဲ့သော သူ၏အမည်မှာ စတီပင်ဟော့ကင်းဖြစ်ပါသည်။ မြေချစ်သူ၏ လျှာပေါ်တွင် တည်ဆောက်ခဲ့သော စက်ရုံအမည်မှာ “၀ိုင်” ဖြစ်ပါသည်။ ကျေးပိုင် ကျွန်ပိုင်ခေတ်က ကျောက်ဖြစ်သွားသော ချွေးစက်များ၏အမည်မှာ ပိရမစ်ဖြစ်ပါသည်။ ကမ္ဘာမြေကြီးက လက်ခံထားသော ပရောမီးသီးယပ်စ်၏ ခိုးရာပါပစည်းအမည်မှာ မီးဖြစ်ပါသည်။ ၁၉၄၆ ခု၊ အောက်တိုဘာလ (၃၀) ရက်နေ့တွင် ဘုရားသခင်လက်မှ လွတ်ကျတော်မူခဲ့သော ပစ္စည်း၏ အမည်မှာ သစ္စာနီဖြစ်ပါသည်။ (ကံအားလျော်စွာ ကွဲရှသွားသည်) ကျွန်ုပ်ကြိုက်ခဲ့ပြီး ကျွန်ုပ်မရခဲ့သော မိန်းမများ၏အမည်မှာ ဂျိမ်းဖွန်ဒါ၊ ကက်သရင်း ဒဲန်ညူ၊ နမ်စီကွမ်၊ ရှမီလာတဂိုးနှင့် ခင်မေအောင်တို့ဖြစ်ပါသည်။  သို့မဟုတ် အမည်နာမများမှာ ပညတ်များသာဖြစ်ပါသည်။ သို့မဟုတ် အမှန်တရား၊ သိပ္ပံပညာ၊ လူ၊ စနစ်၊ ရမ္မက်၊ သေခြင်းတရားနှင့် အရာအားလုံးမှာ ပညတ်များသာဖြစ်သည်။ ပညတ်ဆိုသည်မှာ မသေချာသော အရာဖြစ်ပါသည်။

ကျွန်ုပ်တွင် ၀တ္ထုတစ်ပုဒ်ရှိသည်မှာသေချာပါသည်။ သို့သော ထိုဝတ္ထုထဲတွင် ဇာတ်လမ်းပါရန်မှာ မသေချာပါ။ သည်ပန်းသည် ရနံ့မွှေးသည်မှာ သေချာပါသည်။ သို့သော် သည်ပန်းကို နှင်းဆီဟု ခေါ်ကြောင်း မသေချာ။ ကလီယိုပက် ထရာကိုကိုက်သည့် ပန်းသီးခြင်းထဲမှ မြွေသည် အဆိပ်ရှိကြောင်း သေချာပါသည်။ သို့သော် ထိုမြွေသည် မြွေဟောက်ဖြစ် ကြောင်း မသေချာ။ စာရေးဆရာညိုသစ်တွင် အိမ်ထောင်မရှိကြောင်း သေချာပါသည်။ သို့သော် လူပျိုဖြစ်ကြောင်း မသေချာ။ သည်အရာမှာ ရွှေတစ်ကျပ်သားဖြစ်ကြောင်း သေချာသည်။ သို့သော် ရွှေစစ်စစ်ဖြစ်ကြောင်း မသေချာ။

မနက်ဖြန် နေထွက်မည်လား မသေချာ။ မသေချာခြင်းမှာ နောက်ဆုံးပေါ် သိပ္ပံနည်းကျ အယူအဆဖြစ်ပါသည်။ ရူပဗေဒသိပ္ပံနယ်တွင် ထင်ရှားလှသော ဟိုင်ဇင်ဘတ်ခ်၏ မသေချာမှုနိယာမ (Uncertainty Principle) ကို သင်ကြားဖူးပါသလား။ လူမှုရေးသိပ္ပံနယ်တွင် သတင်းနည်းပညာတော်လှန် ရေးက မွေးထုတ်လိုက်ကာ ဂလိုဘယ်လိုက်ဇေးရှင်း၏ ၀ိသေသတစ်ခုအဖြစ် Uncertainty မရေရာမှုသီအိုရီကို ရောဘတ်ဆင်မျူရယ်ဆင်လို ပညာရှင်တွေ ကိုင်စွဲအသုံးပြုနေကြသည်ကို သင်ကြားဖူးပါသလား။ အနုပညာနယ်ပယ်တွင် ပို့စ်မော်ဒန်တို့၏ အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သည့် ၀ုဖ်ဂန်အဇ္ဇာ WOLFGANGISER ၏ ရှိမှုမရေရာခြင်း သဘောတရားခေါ် ONTOLOGICAL UNICERTAINTY ကို သင်ကြားဖူးပါသလား။ သင်ကြားဖူးသည်မှာ သေချာပါသလော။ သေချာသည်မှာ မသေချာပါ။ (မှတ်ချက် သည်ဝတ္ထုကို ဟွန်းမဲ့ဇုံအဖြစ် သတ်မှတ်ထားပါသည်။)

သစ္စာနီ

မှတ်ချက်။   ။ ဆရာသစ္စာနီရေးသားခဲ့သော မနက်ဖြန်ထွက်မယ့်နေ အက်ဆေးဆောင်းပါးကို ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလထုတ် ရုပ်ရှင်အမြုတေ မဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်သည်ကို ဖော်ပြပြီး လွတ်လပ်စွာ ကူးယူ ဖော်ပြနိုင်ပါသည်။)

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: