Archive for

အသက်ငွေ့ငွေ့သာ ရှုရှိုက်ခွင့်ရနေတဲ့ မျှော်လင့်ချက်လေးတွေနဲ့ အိပ်မက်တွေ


ahunt-phone-myat1အသက်ငွေ့ငွေ့သာ ရှုရှိုက်ခွင့်ရနေတဲ့ မျှော်လင့်ချက်လေးတွေနဲ့ အိပ်မက်တွေ

အံ့ဘုန်းမြတ် (2008.DEC 16)

အောက်တိုဘာလရဲ့ တစ်စုံတစ်ခုသော ညနေခင်းမှာ ကျွန်တော် အဲ့ဒီအရာကို စတင်တွေ့ရှိခဲ့ရတယ်။ အင်းယားကန်ဘောင်ပေါ်မှာ၊ Moon Bakery ထဲမှာ လမ်းဘေး လက်ဘက်ရည်ဆိုင်လေးထဲမှာ ရန်ကုန်မြို့ရဲ့ လူစည်ကားရာလမ်းတွပေါ်မှာ ထူးထူးခြားခြားလေးပဲ အလွန်တရာ သိမ်မွေ့လွန်း လှတယ်။ အဲ့ဒီညနေခင်းတွေထဲမှာ ရှန်ပူရနံလေးတွေပါတယ်… ဂျင်းဘောင်းဘီလေးတစ်ထည်ပါတယ်။ ဘစ်ကားမှတ်တိုင်လေး တစ်ခုပါတယ်။ ညာဘက်လက်ဖ၀ါးလေး တစ်ဖက်က ကျွန်တော့် ဘယ်ဘက်လက်မောင်းကို မျှော်လင့်ချက် အမြှင်တန်းသေး သေးနဲ့ ဆုတ်ကိုင်လို့ပေါ့….။

ကြည်အေးရဲ့ဝတ္တုစာအုပ်အချို့အကြောင်း၊ ပင်ပန်းနွမ်းနယ်နေတဲ့ အာရုံခံစားမှုတွေအကြောင်း… အမြှုပ် ကလေးတွေ တစီစီဝှေ့တက်နေတဲ့ ရွှေအိုရောင် ဖန်ခွပ်ကလေးကို ရီဝေေ၀ကြည့်ရင်း ကျွန်တော် စကားတွေပြော ခဲ့ဘူးတယ်…။ အခိုက်အတန့်ဆိုတဲ့ စကားလုံးဟာ မိနစ်ပိုင်း၊ နာရီပိုင်းလောက်ပဲ ချစ်ခွင့်ရှိခဲ့တဲ့ ချစ်သူတွေအတွက် လွန်ကဲလွန်းလှတယ်လို့ ကျွန်တော် ထင်လိုက်မိတယ်…။ ဒီလိုနဲ့ အစဉ်သင့်စောင့်နေတဲ့ ကွက်လပ်တစ်ခုထဲ ကျွန်တော်ခုန်ချပစ်လိုက်တယ်….။

ကမ္ဘာကြီးက ကျဉ်းတယ်ဆိုတာ… မုန်းတဲ့သူတွေအတွက်ပဲလေ။ ချစ်ကြတဲ့သူတွေအတွက်တော့ ကမ္ဘာကြီးဟာ ကျယ်နေဦးမှာပါပဲ။ တစ်ယောက် မျက်နှာကို တစ်ယောက်ကြည့်ရင်း ခွဲခွာခဲ့ကြတဲ့ ညချမ်းက အဖြူရောင် အငှားကားလေးတစ်ခုထဲမှာဆိုတာကိုတော့ ကျွန်တော် မှတ်မိနေ သေးရဲ့…..။

ကျွန်တော်… ဘ၀ဆုံးနေတဲ့ ကိုယ်တိုင်ခုန်ချခဲ့တဲ့ ကွက်လပ်တစ်ခုထဲကနေ မျှော်လင့်ချက်ဆိုတဲ့အရာကို ရူးသွပ်မိုက်မဲစွာနဲ့ မွေးဖွားသန့်စင်ပစ် လိုက်မိတယ်။ ဒါဟာ အိမ်မက်တွေချစ်တက်တဲ့ ကျွန်တော့်ချစ်သူအတွက် နှစ်သိမ့်စကားဆိုတဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကိုယ်က အိမ်မက်တွေထဲမှာပဲ နေထိုင်ကြီးပြင်းခဲ့ရသူမို့လို့ပါ။ အခုတော့… အလွမ်းတွေ ပန်းအဖြစ်တောင် မဖူးပွင့်နိုင်တော့ဘူး။

ဒီနေရာမှာ…ဆွယ်တော်ပန်းတွေ ပွင့်နေကြပြီလေ….။ တစ်ချိန်ကတော့ သူနဲ့ကျွန်တော် ပျဉ်းမပန်းတွေအကြောင်း တဖွဲ့တနွဲ့ဖွင့်ဆိုခဲ့ကြဘူးတယ်။ ငှက်ကလေးတွေ အော်မြည်နေကြတာကိုပဲ နှစ်ယောက်သားအတူရယ်နိုင် အောင်ကြိုးစားခဲ့ဘူးကြတယ်။ ဒါပေမယ့် အခိုက်အတန့်လေးပါပဲ… အဲ့ဒီအချိန်က ရယ်မောပျော်ရွှင်မှုတွေထဲမှာ အနိဌာရုံခံစားချက်တွေ ရှိနေခဲ့တယ်ဆိုတာ သူရော ကျွန်တော်ရော… သတိမမူမိခဲ့ကြဘူးလေ။ ဒါဟာ အချစ်ရဲ့ မာယာတွေပဲလားလို့ ကျွန်တော်သံသယရှိလာမိတယ်။

ဘာပဲဖြစ်ဖြစ်လေ…။ အားလုံးကို စွန့်လွှတ်လိုက်ရပေမယ့် သတိရခြင်းတွေကိုတော့ ကျွန်တော့်ကို သူပိုင်ဆိုင်ခွင့်ပေးခဲ့တာကိုပဲ ကျွန်တော်ကျေးဇူး တင်နေမိတယ်လေ။ ချင်မိုင်မြို့ရဲ့လမ်းမတွေပေါ်မှာလျှောက်သွားရင်း အင်းလျားကန်ဘောင်ပေါ်ကသူ့ကို သတိရမိတယ်။ ဆောင်းညချမ်းတွေ တိုင်မှာသူနွေးထွေးစွာ ဆုတ်ကိုင်ခဲ့ဘူးတဲ့ ကျွန်တော်ဘယ်ဘက်လက်မောင်းက အေးစက်လိုနေလေရဲ့…. ဒီလိုနဲ့ပဲ… အသက်ငွေ့ငွေ့သာ ရှုရှိုက်ခွင့်ရနေတဲ့ မျှော်လင့်ချက်လေးတွေနဲ့ အိပ်မက်တွေ ဆက်မက်နေမယ်ဆိုတာ ပြောပြလိုက်ကြပါဗျာ။

အံ့ဘုန်းမြတ် (2008.DEC 16)

Advertisements

မန္တလေးအလွမ်းပြေ


မန္တလေးအလွမ်းပြေ ဓာတ်ပွုံလေးတစ်ပုံ တင်ပေးလိုက်ရပါတယ်...

မန္တလေးအလွမ်းပြေ ဓာတ်ပုံလေးတစ်ပုံ တင်ပေးလိုက်ရပါတယ်...

မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖို့ပဲလိုတယ်


Ahunt Phone Myatမီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖို့ပဲလိုတယ်

အံ့ဘုန်းမြတ် (2009 MAY 8)

မြို့ရိုးတခြမ်းမရှိတော့တဲ့ အဲ့ဒီမြို့ဟောင်းလေမှာ တစ်ချိန်တုန်းက သွေသံတွေ ရွှဲရွှဲဆိုခဲ့တဲ့ စစ်ပွဲတစ်ချို့ရဲ့ စီးချင်းထိုးသံတွေဟာ အခုအချိန်ထိ ပျံလွှင့်နေတုန်းပဲလို့ ဆိုရမှာပေါ့။ ကာယခွန်အားကို ဘုရားလိုကိုးကွယ်ခဲ့ကြတဲ့ အဲ့ဒီလိုခေတ်တုန်းကတော့ သူရဲကောင်းဆိုတာ အသက်ကို ဖက်နဲ့ထုတ်နေခဲ့ကြမှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ စစ်ပွဲဆိုတာ လူငယ်သေကြေပြီး လူကြီးတွေ စကားပြောရာ နေရာတစ်ခုဖြစ်ခဲ့ရတယ်….

ကာယခွန်အားကို စိုက်ထုတ်… ရဲစွမ်းသတိကို အရင်းအနှီးပြုပြီး သူရဲကောင်းဖြစ်ချင်တဲ့ ဘယ်လူငယ်တွေရဲ့နာမည်မှ ကျောက်စာအတင်မခံခဲ့ရတာကတော့ အမှန်တရားတစ်ခုပဲ… ဒါကို သမိုင်းလို့ ခက်ညံ့ညံ့ ပုဂ္ဂိုလ်တွေက ဖွင့်ဆိုကြပြန်တော့ သမိုင်းဆိုတာ သွေးနဲ့ရေးတာမျိုးမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်စရာကောင်းလာလေရဲ့…..  ဒီလိုနဲ့ အနာဂတ်ပါဆိုတဲ့ လူငယ်တွေ ဘယ်ခေတ်အထိ သေဆုံးပေးနေကြရဦးမှာလဲ….

အဲ့ဒီခေတ်က လူငယ်တွေရဲ့ ဆောင်ဓားတွေမှာ သွေးအလိမ့်လိမ့်ပေကြံနေခဲ့ကြမှာ သေခြာနေပေမယ့် ပြတိုက်ထဲမှာ ငြိမ်သက် စွာလဲလျှောင်းနေတဲ့ ဂုဏ်ပြုခံ ပြဇာတ်ဆန်တဲ့ ဆောင်ဓားတွေကိုတော့ သူတို့ကိုင်ဆောင်ခဲ့ကြတယ်ဆိုတာ သံသယဖြစ်စရာ ကောင်းလှပေရဲ့….

စစ်မက်ဆိုတာ အေးချမ်းသာယာနေတဲ့ တောအုပ်တစ်ခုတည်းမှာလည်း ဖြစ်ချင်ဖြစ်နေနိုင်သလို ရွှေအတိချထားတဲ့ စည်းစိမ်ခံ နန်းဆောင်တွေထဲမှာလည်း ဖြစ်နေနိုင်ပါတယ်…. အဓိကကတော့ သူရဲကောင်းလို့ ကျောက်စာအတင်မခံရနိုင်မှန်း သိလိုက်ရတဲ့အချိန်မှာ… အနာဂတ်ရဲ့လူငယ်တွေဟာ ကိုယ်ကိုယ်တိုင် ပန်းခြံတွေကြားမှာ လမ်းလျှောက်ရင်း စကားပြော နိုင်ကြစေဖို့ ဆောင်ဓားတွေကိုဆွဲထုတ် စည်းစိမ်ခံ နန်းဆောင်တွေကို မီးရှို့ပစ်ဖို့ပဲလိုတယ်…

သမိုင်းကို သမိုင်းဖြစ်ဖို့အတွက်… သူတို့ရဲ့ဆောင်ဓားတွေဟာ သူတို့အနာဂတ်အတွက်ပဲဖြစ်နေရင် ဘယ်အသက်ကိုမှ သူတို့ဖက်နဲ့ထုပ်နေမှာ မဟုတ်တော့တာ သေခြာတယ်…  ဒီလိုနဲ့ ယုံကြည်ချက်အပြည့်နဲ့ သူတို့မျက်နှာကို နှောင်းလူငယ်တွေ မှင်ကြောင်ထိုးကြလိမ့်မယ်… အသွေးအသားနဲ့ ရင်းနှီးခဲ့ကြရတဲ့ သူတို့ရဲ့အနာဂတ်ကို သူတို့ဟာသူတို့ ပြဌာန်းနိုင်ကြလိမ့်မယ်… ဒါဟာ သမိုင်းပါလို့ ရဲရဲဝန့်ဝန့်ကြွေးကြော် နေကြပါလိမ့်မယ်…. နောက်နောင် ဘယ်သောအခါမျိုးမျှာမှ စစ်ပွဲတွေ ထပ်ဖြစ်မလာ နိုင်စေဖို့အတွက်ပေါ့…. စစ်ပွဲဆိုတာ ပျက်ဆီဆုံးရှုံးမှုတွေနဲ့ အနိဌာရုံတွေရဲ့ ဘဏ်ဌာတိုက်လို့ဆိုရပေမယ့် သမိုင်းတလျှောက်မှာ တော့ စစ်ပွဲတွေပြီးမှ ပိုတိုးတက်လာတာကြည့်ရယ်ပါ… အဲ့ဒီတိုးတက်မှုဆိုတာတွေထဲမှာလည်း ယဉ်ကျေးမှုဆိုတာတွေက အတုံးလိုက်အတစ်လိုက် ကျန်ရှိနေခဲ့ဦးမှာပဲလေ…။ ဒီလိုနဲ့ မျိုးဆက်တစ်ဆက်နဲ့တစ်ဆက် လက်ဆင့်ကမ်းသယ်လာတဲ့ မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖို့ပဲလိုတယ်…

အံ့ဘုန်းမြတ် (2009 MAY 8)

ကျွန်တော်သဘောကျတဲ့ ပန်းချီကားတစ်ချပ်ကို တင်ပြထားတာပါ။ အပေါ်က ဆောင်းပါးနဲ့တော့ ကိုက်ညီမှုရှိမရှိ မသိဘူးပေါ့

ကျွန်တော်သဘောကျတဲ့ ပန်းချီကားတစ်ချပ်ကို တင်ပြထားတာပါ။ အပေါ်က ဆောင်းပါးနဲ့တော့ ကိုက်ညီမှုရှိမရှိ မသိဘူးပေါ့

သင်္ချီုင်းတော်ည


ဆရာမင်းခိုက်စိုးစန်

ဆရာမင်းခိုက်စိုးစန်

သင်္ချီုင်းတော်ည

မင်းခိုက်စိုးစန်

(လှိုင်းသစ်မဂ္ဂဇင်း အမှတ် ၁၊ ဇန်န၀ါရီလ ၂၀၀၉)

ကျွန်တော်သေလျှင် ကျွန်တော့်အုတ်ဂူပေါ်တွင် နှင်းဆီပန်းနီနီတစ်စည်းတင်ထားပေးစေလိုပါသည်။

အားငယ်တတ်သူတစ်ဦး၏ စိတ်ကူးယဉ်မှု (သို့မဟုတ်) ကြေကွဲဖွယ်ရာ နောက်ဆုံးတောင့်တမှုတစ်ခု (သို့မဟုတ်) အနည်းငယ် ခြောက်ကပ်ကပ် နိုင်သော ပြဇာတ်ဆန်မှုတစ်ခု (သို့မဟုတ်) အဓိပ္ပါယ်မဲ့ ကြောင်စီစီနိုင်မှု တစ်ခုအဖြစ် ကြိုက်သလို ယူဆနိုင်မည်ဖြစ်သော်လည်း ထိုစိတ်ကူးသည် ကျွန်တော်၏ စိတ်ကူးသာလျှင်ဖြစ်ပါသည်။

ကွယ်လွန်သူတစ်ဦး၏ နောက်ဆုံးဆန္ဒကို အလေးအနက်ထားခြင်းသည် ယဉ်ကျေးမှုတစ်ခုဖြစ်သည်ဆိုပါလျှင် ကျေးဇူးပြုပြီး ကျွန်တော့်ကို လှောင်ရယ် မရယ်ကြစေလိုပါ။ မည်မျှပင်အဓိပ္ပါယ်မဲ့သည်ဟု ယူဆစရာ အချက်အလက်တွေရှိ နေစေကာမူ အကြောင်းမဟုတ်တော့ပါ။

ဒါသည် ကွယ်လွန်မည့်သူတစ်ဦး၏ နောက်ဆုံးမှာကြားချက်ဖြစ်နေခြင်းကသာ အကြောင်းဟုတ်နေပါတော့သည်။

X          X          X          X

ကျွန်တော့် အုတ်ဂူပေါ်တွင် ညဦးကကျခဲ့သော နှင်းစက်တို့ဖြင့် စိုစွတ်အေးစက်နေပေလိမ့်မည်။ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် ဆောင်းဥတုအတွင်းမှာ ကွယ်လွန်လိမ့်မည်ဟု ယုံကြည်ထား၏။ ကျွန်တော်သည် ကိုယ့်အချစ် ဆုံးသူရဲ့လက်ပေါ်မှာ အသက်ကုန်ချင်သည်ဟု ပြောလေ့ရှိသူများလောက် ပြဇာတ်ဆန်ခြင်းမရှိသော်လည်း ဖြစ်နိုင်လျှင်မူ ကိုယ်အနှစ်သက်ဆုံးဆောင်းဥတုမှာ ကွယ်လွန်ချင်သူဖြစ်ပါသည်။ နောက်ပြီ… သည်ကိစ္စမှာ သဘာဝတရားက ကျွန်တော့်ဘက်ကို မျက်နှာသာပေးလိမ့်မည်ဟုလည်း ထင်ထားမိသူဖြစ်ပါသည်။ (ဘာကြောင့် အဲ့သည်လို ထင်နေမိမှန်း ကိုယ့်ဘာသာကိုယ်လည်း အသေအချာ မသိပါ။

X          X          X          X

ထပ်ပြောရပါဦးမည်။ ကျွန်တော်သေလျှင် ကျွန်တော့်အုတ်ဂူပေါ်တွင် နှင်းဆီပန်းနီနီတစ်စည်း တင်ထားပေးစေလို ပါသည်။ ညဦးက ကျခဲ့သော နှင်းစက်တို့ဖြင့် ကျွန်တော့် အုတ်ဂူတစ်ခုလုံး စိုစွတ်အေးစက်နေပေလိမ့်မည်။ ကျွန်တော့် အုတ်ဂူရှိရာမြေကွက်လပ်တစ်ဝိုက်အတွင်းက မြက်ပင်စိမ်းစိမ်းများနှင့် အ၀ါရောင် တောပန်းကလေးများ၏ အပေါ်တွင်လည်း အလင်းဖြင့် ကြည်လင်တောက်ပသော နှင်းမှုန်တွေ စီကာဥနေပေ လိမ့်မည်။ မြောက်ပြန်လေငွေ့အေးအေးတစ်ချက်က ယူကလစ်ပင်တွေကြား ဖြတ်သန်းတိုးဝင်သွားသောအခါ တွဲလျားကျနေသော အဖျားရှည်ရှည် ချွန်ချွန် ယူကလစ်ရွက်တွေ တရှဲရှဲလှုပ်ခါသွားသံကို ကြားရပေလိမ့်မည်။ ထိုအချိန်တွင် နံနက်ခင်း၏ နေခြည်ကလည်း သိပ်မတောက်ပလှသော ရွှေရောင် အရောင်သစ်တစ်မျိုးဖြင့် နူးညံ့စွာ လင်းပနေပေလိမ့်မည်ဖြစ်ပါသည်။

ကျွန်တော်တွေ့ဖူးသမျှထဲတွင် ဆောင်းဥတု၏ နံနက်ခင်းနေခြည်သည် အနူးညံ့၊ အချိုမြိန်ဆုံး၊ အနွေးထွေးဆုံးသော လျှို့ဝှက်မှုတစ်ခုဖြစ်ပါသည်။ ထိုအရာသည် တမ်းတစရာအကောင်းဆုံးသော နတ်သမီးပုံပြင်တစ်ပုဒ်လည်းဖြစ်သည်။ ရနံ့သင်းပျံ့မှိုင်းရီသော အလွမ်းပန်းတစ်စည်းလည်းဖြစ်သည်။ ထိုအရာသည် ကံ့ကော်ဝတ်မှုန်ဝါ၀ါတွေ သုတ်လိမ်းထားသော တယောသံတစ်ခုလည်းဖြစ်သည်။ ယစ်မူးနှစ်လိုဖွယ်ရာ ခရမ်းပြာရောင်သစ်ခွ တစ်ပွင့်လည်းဖြစ်သည်။ နောက်ပြီး… ထိုအရာသည် အချစ်ဖြင့်အလင်းတို့ ခညောင်းသော အေးမြသည့် မီးလျှံတစ်ခုလည်း ဖြစ်လေသည်။

X          X          X          X

အဲ့သည်လို နေခြည်နွေးနွေးအောက်က ကျောက်ဖြူသား အုတ်ဂူကလေးတစ်လုံးထဲမှာ ငြိမ်ငြိမ်သက်သက်ကလေး လဲလျောင်းနေရလျှင် မည်မျှ ကောင်းလိုက်မည်နည်းဟု ကျွန်တော်စဉ်းစားနေမိပါသည်။

သင့်အနေဖြင့် ထိုအုတ်ဂူပေါ်တွင် နှင်းဆီပန်းနီနီတစ်စည်း လာရောက်တင်ထားပေးဖို့သာ လိုအပ်ပါသည်။ နှင်းခသော မြက်ပင်တွေ တောရိုင်းပန်း ၀ါဝါတွေကြားထဲမှာ ဖြတ်လျှောက်လာရသောကြောင့် သင့်ဖိနပ်ဦးမှာ အနည်းငယ် စိုစွတ်ကောင်း စိုစွတ်လိမ့်မည်ဖြစ်သော်လည်း သင့်အနေဖြင့် ထိုဒုကခလောက်ကိုများစွာ မခဲယဉ်းလှဘဲ ရင်ဆိုင်နိုင်ရန် ကျွန်တော်မျှော်လင့်မိပါသည်။ (သည်နေရာတွင် တောရိုင်ပန်းကလေးများ၏အရောင်ကို “အ၀ါရောင်” ဟု ပြောရခြင်းမှာ ကိစအထူးရှိသောကြောင့် မဟုတ်ပါ။ ကျွန်တော်တွေ့ဖူးသမျှ အလေ့ကျပန်းအားလုံးနီးနီးလောက်သည် “အ၀ါရောင်” တွေချည်း ဖြစ်နေတတ်သောကြောင့်ဖြစ်ပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး အ၀ါရောင်သည် ကိန်းကြီးခန်းကြီး မရှိဟုသော်လည်း ကောင်း၊ အ၀ါရောင်သည် အပေါစားဆန်လှသည်ဟုသော်လည်းကောင်း တစ်ယောက်ယောက်က ဝေဖန်ချက်ပေးလာလျှင်မူ ကျွန်တော်နှင့် မသက်ဆိုင် လှကြောင်း ကြိုတင်တောင်းပန်ထားချင်ပါသည်။ ကျွန်တော်အနေဖြင့် ကျွန်တော်မြင်ဖူးသမျှကို သာပြောခြင်းဖြစ်ပါသည်။)

အလားတူပင် ကျွန်တော့်အုတ်ဂူပေါ်တွင် တင်ထားသော နှင်းဆီပန်းတစ်စည်းနှင့် ပတ်သက်ပြီးတော့လည်း မြင်တွေ့ရသူတိုင်းက မည်သို့ပင် ထင်မြင် ချက်ပေးစေကာမူ ကျွန်တော်နှင့် သက်ဆိုင်လိမ့်မည်မဟုတ်ပါ။ ကျွန်တော့်သဘောပြောရလျှင်တော့ ထိုကိစသည် တသီးပုဂ္ဂလယဉ်ကျေးမှုတစ်ခု သာဖြစ်သည်ဟု ထင်ပါသည်။

Continue reading

မနက်ဖြန်ထွက်မယ့်နေ


ဆရာသစ္စာနီ

ဆရာသစ္စာနီ

မနက်ဖြန်ထွက်မယ့်နေ

သစ္စာနီ

ကျွန်ုပ်မှာသာ အခွင့်အရေးရှိမည်ဆိုလျှင် မဟာစကြာဝဠာတံတိုင်းပေါ်မှာ ကဗျာတစ်ပုဒ်ရေးချင်ပါသည်။ အာဒံကို အေဒင်ဥယျာဉ်ထဲက သစ်သီးအား မစားဖြစ်အောင်တားမြစ်ချင်ပါသည်။ မောင်ချောနွယ်ကို အိုင်ယာလန်ပို့ချင်ပါသည်။ ဟစ်တလာကို ပန်းပဲမောင်တင့်တယ်နှင့် အလဲအထပ် ရိုက်ချင်ပါသည်။ ဖြစ်တည်မှုပဓန၀ါဒကို ငရဲမီးစားကြည့်ချင်ပါသည်။ ဟီရိုရှိးမားမြို့ထဲက သြဂုတ် (၆) ရက်နေ့ကို ထာဝရနုတ်ယူထားချင်ပါသည်။ အီရက်သို့သွားကာ ဒေါ်လာ ၂၅ သန်းတန် ဆက်ဒမ်ဟူစိန်အား ရှာဖွေချင်ပါသည်။ မိုက်ယ်အိန်ဂျလို၏ လက်များကို ကျောက်တုံးဖြစ်အောင် ဖန်ဆင်းချင်ပါသည်။ အမေရိကန်နိုင်ငံခြားရေးပေါ်လစီကို ခြောက်မူးတစ်ပဲနှင့် ၀ယ်လိုပါသည်။ (ပြန်အမ်းငွေမယူပါ) လူတိုင်းတွင် အခွင့်အရေး ရှိမည်ဆိုပါက အခွင့်အရေးကို အခွင့်အရေးဟု အမည်ပေးကြလိမ့်မည် မထင်ပါ။ အမည်ဆိုသည်မှာ….

ဆိုကရေးတီးသောက်ခဲ့သော အဆိပ်ခွက်၏အမည်မှာ အမှန်တရားဖြစ်ပါသည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်ပြီး စကြ၀ဠာကို အမဲလိုက်ခဲ့သော သူ၏အမည်မှာ စတီပင်ဟော့ကင်းဖြစ်ပါသည်။ မြေချစ်သူ၏ လျှာပေါ်တွင် တည်ဆောက်ခဲ့သော စက်ရုံအမည်မှာ “၀ိုင်” ဖြစ်ပါသည်။ ကျေးပိုင် ကျွန်ပိုင်ခေတ်က ကျောက်ဖြစ်သွားသော ချွေးစက်များ၏အမည်မှာ ပိရမစ်ဖြစ်ပါသည်။ ကမ္ဘာမြေကြီးက လက်ခံထားသော ပရောမီးသီးယပ်စ်၏ ခိုးရာပါပစည်းအမည်မှာ မီးဖြစ်ပါသည်။ ၁၉၄၆ ခု၊ အောက်တိုဘာလ (၃၀) ရက်နေ့တွင် ဘုရားသခင်လက်မှ လွတ်ကျတော်မူခဲ့သော ပစ္စည်း၏ အမည်မှာ သစ္စာနီဖြစ်ပါသည်။ (ကံအားလျော်စွာ ကွဲရှသွားသည်) ကျွန်ုပ်ကြိုက်ခဲ့ပြီး ကျွန်ုပ်မရခဲ့သော မိန်းမများ၏အမည်မှာ ဂျိမ်းဖွန်ဒါ၊ ကက်သရင်း ဒဲန်ညူ၊ နမ်စီကွမ်၊ ရှမီလာတဂိုးနှင့် ခင်မေအောင်တို့ဖြစ်ပါသည်။  သို့မဟုတ် အမည်နာမများမှာ ပညတ်များသာဖြစ်ပါသည်။ သို့မဟုတ် အမှန်တရား၊ သိပ္ပံပညာ၊ လူ၊ စနစ်၊ ရမ္မက်၊ သေခြင်းတရားနှင့် အရာအားလုံးမှာ ပညတ်များသာဖြစ်သည်။ ပညတ်ဆိုသည်မှာ မသေချာသော အရာဖြစ်ပါသည်။

ကျွန်ုပ်တွင် ၀တ္ထုတစ်ပုဒ်ရှိသည်မှာသေချာပါသည်။ သို့သော ထိုဝတ္ထုထဲတွင် ဇာတ်လမ်းပါရန်မှာ မသေချာပါ။ သည်ပန်းသည် ရနံ့မွှေးသည်မှာ သေချာပါသည်။ သို့သော် သည်ပန်းကို နှင်းဆီဟု ခေါ်ကြောင်း မသေချာ။ ကလီယိုပက် ထရာကိုကိုက်သည့် ပန်းသီးခြင်းထဲမှ မြွေသည် အဆိပ်ရှိကြောင်း သေချာပါသည်။ သို့သော် ထိုမြွေသည် မြွေဟောက်ဖြစ် ကြောင်း မသေချာ။ စာရေးဆရာညိုသစ်တွင် အိမ်ထောင်မရှိကြောင်း သေချာပါသည်။ သို့သော် လူပျိုဖြစ်ကြောင်း မသေချာ။ သည်အရာမှာ ရွှေတစ်ကျပ်သားဖြစ်ကြောင်း သေချာသည်။ သို့သော် ရွှေစစ်စစ်ဖြစ်ကြောင်း မသေချာ။

မနက်ဖြန် နေထွက်မည်လား မသေချာ။ မသေချာခြင်းမှာ နောက်ဆုံးပေါ် သိပ္ပံနည်းကျ အယူအဆဖြစ်ပါသည်။ ရူပဗေဒသိပ္ပံနယ်တွင် ထင်ရှားလှသော ဟိုင်ဇင်ဘတ်ခ်၏ မသေချာမှုနိယာမ (Uncertainty Principle) ကို သင်ကြားဖူးပါသလား။ လူမှုရေးသိပ္ပံနယ်တွင် သတင်းနည်းပညာတော်လှန် ရေးက မွေးထုတ်လိုက်ကာ ဂလိုဘယ်လိုက်ဇေးရှင်း၏ ၀ိသေသတစ်ခုအဖြစ် Uncertainty မရေရာမှုသီအိုရီကို ရောဘတ်ဆင်မျူရယ်ဆင်လို ပညာရှင်တွေ ကိုင်စွဲအသုံးပြုနေကြသည်ကို သင်ကြားဖူးပါသလား။ အနုပညာနယ်ပယ်တွင် ပို့စ်မော်ဒန်တို့၏ အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သည့် ၀ုဖ်ဂန်အဇ္ဇာ WOLFGANGISER ၏ ရှိမှုမရေရာခြင်း သဘောတရားခေါ် ONTOLOGICAL UNICERTAINTY ကို သင်ကြားဖူးပါသလား။ သင်ကြားဖူးသည်မှာ သေချာပါသလော။ သေချာသည်မှာ မသေချာပါ။ (မှတ်ချက် သည်ဝတ္ထုကို ဟွန်းမဲ့ဇုံအဖြစ် သတ်မှတ်ထားပါသည်။)

သစ္စာနီ

မှတ်ချက်။   ။ ဆရာသစ္စာနီရေးသားခဲ့သော မနက်ဖြန်ထွက်မယ့်နေ အက်ဆေးဆောင်းပါးကို ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလထုတ် ရုပ်ရှင်အမြုတေ မဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်သည်ကို ဖော်ပြပြီး လွတ်လပ်စွာ ကူးယူ ဖော်ပြနိုင်ပါသည်။)

Categories

%d bloggers like this: