စာနယ်ဇင်း, အနုပညာ, ဆောင်းပါး

ရသပညာဆိုတာကို မြန်မာလို ဒီလိုမြင်ကြည့်လိုက်တယ်…


Ahunt Phone Myatရသပညာဆိုတာကို မြန်မာလို ဒီလိုမြင်ကြည့်လိုက်တယ်

အံ့ဘုန်းမြတ် (2009.MARCH 10)

ဒီလိုပြောလိုက်လျှင် ဒီကောင်းကြီးကြီးကျယ်ကျယ်နဲ့ကွာလို့ အထင်ခံရနိုင်ပါတယ်။ အထင်လည်းမတက်နိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လူငယ်တွေ ကြီးကြီးကျယ်ကျယ်တွေး မြင့်မြင့်မားမားကြံစည်မှ ကျွန်တော်နေထိုင်တဲ့ တိုင်းပြည်နဲ့ ကျွန်တော်တို့လူမျိုးရဲ့ အတွေးအခေါ်တွေဟာ အမြင့်ကိုရောက်နိုင်မယ်လို့ ထင်ပါတယ်။ တကယ်လို့သာ ကျွန်တော်တို့လူငယ်တွေဟာ ကြီးကြီးကျယ်ကျယ်မတွေး မြင့်မြင့်မားမားမကြံစည်ပဲ နေနေကြမယ်ဆိုရင် ဘယ်လိုအမြင့်မျိုးကိုမှ ရောက်နိုင်မယ်လို့မထင်မိပါဘူး။ ဒီအပေါ်ကိုတော့ အားလုံးနားလည် လက်ခံကြလိမ့်မယ်လို့ ယူဆမိပါတယ်။ ဒီအနေရာမှာလည်း ကြီးကျယ်မြင့်မြတ်ချင်စိတ်နဲ့ ၀မ်းစာမပြည့်ဝပဲ ရေးသားလို့ အမှားအယွင်းတွေ ပါနေခဲ့မယ်ဆိုရင်လည်း ၀ိုင်းဝန်းပြုပြင်ပေးကြဖို့ လိုလိမ့်မယ်လို့ထင်ပါတယ်။

ဆရာဇေယျ

ဆရာဇေယျ

ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးဆိုင်ရာ အကြပ်အတည်းတွေကို အခြေခံပြီး တိုးတက် မြင့်မားလာတဲ့ နည်းပညာရပ်တွေကြောင့် ကိုယ်စာကိုယ်ရေး၊ ကိုယ်သီချင်းကိုယ်ဆို၊ ကိုယ့်ပန်းချီ ကိုယ်ဆွဲပြီး ဘလော့ခ်စာမျက်နှာတွေထက်ကို အနုပညာပစည်းတွေ ရောက်လာကြတာတွေ့ရပါတယ်။ ကျွန်တော်တို့အပါအ၀င် လူငယ်တော်တ်ာများများဟာ စက်တင်လူထုလှုပ်ရှား မတိုင်မှီပတ်ဝန်း ကျင်တွေမှာ လုပ်ချင်ရာကို အာရုံစူးစိုက်လုပ်မိရင် ဘလော့ခ်ဂါဆိုတဲ့ဘ၀ကို ဖြစ်မှန်းမသိဖြစ်လာရတယ်။ ဒီမျိုးဆက်လူငယ်တွေမှာ တူညီတဲ့ခံယူချက်ကိုယ်ဆီ ရှိကြလိမ့်မယ်လို့လည်း ထင်မိပါတယ်။ ဒီခံယူချက် တွေကတော့ အမှန်တရားကိုမြတ်နိုးတယ်။ မဟုတ်တာကိုမခံချင်ဘူး။ ခေတ်မှီချင်တယ်။ ပညာတက် ချင်တယ်။ လူနေမှုအဆင့်အတန်းမြင့်မားချင်တယ် စသဖြင့်ပေါ့လေ။ ဒီလိုဆန္ဒကိုယ်ဆီကို ပိုင်ဆိုင်ထား ကြတဲ့တွေ့ဘ၀တွေထဲက အရာတွေကိုထင်ဟပ်ပေါ်လွင့်နေစေဖို့အတွက် စာသားအကြောင်းအရာတွေ ကိုရေးသားရင်း မြန်မာစာပေခေတ်တစ်ခေတ်ကို အင်တာနက်စာမျက်နှာတွေပေါ်မှာ စတင်ဖွင့်ဆိုခဲ့ကြ ပါတယ်။

တချို့က ခံစားချက်နဲ့ လက်တွေဘ၀တွေကို ရေးသားပုံဖော်ကြတယ် တချို့ကတော့ မကြေနပ် ချက်တွေကို ဖောက်ခွဲရာအဖြစ် အင်တာနက် ဘလော့ခ်စာမျက်နှာတွေကို အသုံးပြုလာကြတယ်။ တချို့ကတော့ စိတ်ရဲ့ လိုအင်ဆန္ဒတွေ ဖော်ညွှန်းပြောဆိုလာကြတယ်ပေါ့လေ။ အမျိုးမျိုးအဖုံဖုံပါပဲ။ အကောင်းတွေလည်းရှိသလို အဆိုးတွေလည်းရှိတယ်။ အများကောင်းကြိုးအတွက် ရေးသားနေကြတာ တွေရှိသလို လူပုဂ္ဂိုလ်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေကို ချို့နှိမ်ရေးသားကြတာတွေလည်းရှိတယ်ပေါ့။ အကောင်းနဲ့အဆိုးဆိုတာ လောကကြီးထဲမှာ ရှိနေကျ အရာတွေပဲလေ။ ဒီနေရာမှာ ကိုယ်ကျင့်တရားကို အခြေခံတဲ့ ရှုမြင်သုံးသပ်မှုတွေ စံလွဲလာကြတာမျိုးတွေလည်းရှိပါတယ်။ ဒီပို့စ်မှာတော့ ကျွန်တော် က ခံစားချက်တွေကို အနုပညာအသွင်ဆောင်ပြီး ရသအဖြစ်ပုံဖော်တဲ့နေရာမှာ ကိုယ်တိုင်ခံယူထားတဲ့ စာပေအနုပညာပိုင်းဆိုင်ရာ အမြင်လေး တွေကို ပြောပြချင်ပါတယ်။ ဒီအပေါ်ကို အမျိုးမျိုး အဖုံဖုံသဘောထားကွဲလွဲနိုင်ကြတယ်။

ကျွန်တော်တို့က ဘလော့ခ်တွေကို မြန်မာစာနဲ့ ရေးသားနေကြတဲ့ သူတွေဖြစ်တဲ့အတွက် ရသစာပေကို ဖန်တီးတဲ့နေရာမှာ မြန်မာပီပီ မြန်မာဟန်ပါဖို့လိုတယ်မြင်မိတယ်ဗျ။ တစ်နေက နားထောင်မိတဲ့ တွံတေးသိန်းတန်းသီချင်းတစ်ပုဒ်လိုပေါ့ ကိုယ့်အမေ့ပါးက သနပ်ခါးဘယ် လောက်မွှေးတယ်ဆိုတာ သိထားတော့ မြန်မာပီသတဲ့ လူမှုနီတိနဲ့ မြန်မာမှုတွေကိုတော့ ကျွန်တော် နည်းနည်းပြန်ပြောချင်ပါတယ်။

ရသပညာဆိုတဲ့စကားလုံးကို အင်္ဂလိပ်ဘာသာစကားနဲ့ ပြောရမယ်ဆိုရင် Aesthetics လို့ ဆိုရမှာဖြစ်ပြီး ဂရိဝေါဟာရ Aesthetikos က ဆင်းသက်လာတယ်လို့ ဆိုရမှာပါ။ ဒီ Aesthetics ရသပညာဆိုတဲ့ ပညာရပ်ကို အနောက်တိုင်းမှာတောင် (၁၈) ရာစုမတိုင်မီအထိ ပြည့်ပြည့်စုံစုံ လေ့လာချင်းမရှိခဲ့ကြသလို ပညာရပ်တစ်ခုအနေနဲ့တောင် သတ်မှတ်ခြင်းမရှိခဲ့ကြပါဘူး။ 1750 ပြည့်နှစ်ကိုရောက်တဲ့အခါမှ ဂျာမန်အတွေး အခေါ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ ဘောမ်ဂါတင်က Aesthetics နာမည်နဲ့ ကျမ်းတစ်စောင်ကို စတင်ရေးသားပြုစုလိုက်မှ ပညာရပ်တစ်ခုအနေနဲ့ သီးသန့်ပညာရပ်တစ်ခုအနေနဲ့ လေ့လာအသိအမှတ် ပြုခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Aesthetics ဆိုတဲ့ အင်္ဂလိပ်ဝေါ ဟာရကို အလှပညာအလှဗေဒသုခုမပညာ နဲ့ ရသပညာ ဆိုပြီး အမျိုးမျိုးခေါ်ဝေါခဲ့ကြပေမယ့် မြန်မာပညာရှင်အများစုကတော့ Aesthetics ကို ရသပညာ လို့ လက်ခံအသုံးပြုခဲ့ကြပါတယ်။

မြန်မာတို့ရဲ့ ရသပညာကို လေ့လာမယ်ဆိုတဲ့နေရာမှာလည်း အရှေ့တိုင်ရသအတွေးအခေါ်တွေပါဝင် နေတဲ့ သုဗောဓာလင်္ကာရကျမ်း လာ ရသအယူအဆ၊ မြန်မာ့ဇာတိမာန်စစ်စစ်အနုပညာ အယူအဆတွေနဲ့ ဥရောပအနုပညာ အယူအဆဆိုတဲ့ အစိတ်အပိုင်း သုံးပိုင်းခွဲခြားပြီး မြန်မာပညာရှင်တွေဖြစ်ကြတဲ့ ဆရာဇော်ဂျီ၊ ဆရာဇေယျ၊ ဦးရွှေအောင်စသူတွေက လေ့လာခဲ့ကြပါတယ်။ သုဗောဓာလင်္ကာရကျမ်း ဟာ ပုဂံခေတ်မှာ ဗုဒ္ဓအနုပညာတွေနဲ့ ရောက်ရှိလာခဲ့ပြီး ဒီကျမ်းပါ ရသကိုးပါးအမြင်ဟာလည်း မြန်မာလူမျိုးတွေအပေါ်ကို များစွာ လွှမ်းမိုးခဲ့တယ်လို့ ဆိုလို့ရပါတယ်။ ဒီကျမ်းကိုတော့ ခရစ်နှစ် 1200 လောက်မှာ သီဟိုဠ်ကျွန်းက အရှင်သင်္ဃရက္ခတမထေရ် ရေးသားပြုစုခဲ့တယ်လို့ သိရပါတယ်။ ဒီကျမ်းအပါအ၀င် အိန္ဒိယအတွေးအခေါ် ပညာရှင်တွေရဲ့ ကျမ်းတွေဖြစ်တဲ့ ဘရတရဲ့ နဋသျှတ္တရကျမ်း၊ မေဒါဝိန်ရဲ့ အလင်္ကာကျမ်း၊ ဘာအဟရဲ့ ကဗျာလင်္ကာကျမ်းတို့ဟာ လည်း သက်က္ကဘာသာကနေ ပါဠိဘာသာကို ဘာသာပြန်ဆိုပြီး ပါဠိဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုလေ့လာခဲ့  ကြတာတွေလည်းရှိပါတယ်။

အနောက်ဥရောပမှာ အနုပညာနဲ့ပတ်သက်လို့ အယူဝါဒအသီးသီးပေါ်ထွန်းခဲ့သလို အရှေ့တိုင်းအနု ပညာမှာလည်း ဘ၀ဠ်ဌာယီဘာဝ (၉) ပါး၊ ဗျာဘိစာရဘာဝ (၉) ပါးတို့ပါဝင်ခဲ့ပါတယ်။

ဘ၀ဠ်ဌာယီဘာဝ (၉) ပါး

(၁) ရတိဠာယီဘာဝ (အမျိုးသမီး၊ အမျိုးသားချစ်ကြိုက်ခြင်း)

(၂) ဟသဠာယီဘ၀ (ပြုံးရယ်ခြင်း)

(၃) ကောဓဠာယီဘာဝ (အမျက်ဒေါသ ကြမ်းကြုတ်ခြင်း)

(၄) ဟဌာယီဘာဝ (ရဲရင့်ခြင်း)

(၅) ဘယဌာထိဘာဝ (ကြောက်ရွံ့ခြင်း)

(၆) ဇိရုစ္ဆယဌာယီဘာဝ (ရွံ့ရှာစက်ဆုတ်ခြင်း)

(၇) ၀ိမှယဌာယီဘာဝ (အံ့သြခြင်း)

(၈) သောကဌာယီဘာဝ (ကြောင့်ကြ ကြင်နာခြင်း)

(၉) သမဌာယီဘာဝ (ရင့်ကျက် ငြိမ်သက်ခြင်း) တို့ဖြစ်ပါတယ်။

ဗျာဘိစာရဘာဝ (၉) ပါး

(၁) သင်္ဂါရ ရသ (ချစ်ခင်ခြင်း)

(၂) ဟသာရသ (ပြုံးရယ်ခြင်း)

(၃) ရုဒ္ဓရသ (ရုန့်ရင်းကြမ်းတမ်းခြင်း)

(၄) ကရုဏာရသ (သနားကြင်နာခြင်း)

(၅) ၀ီရရသ (ရဲရင့်ခြင်း)

(၆) ၀ိဘစ္ထရသ (ရွံ့ရှာစက်ဆုတ်ခြင်း)

(၇) ဘယာနကရသ (ကြောက်ရွံ့ထိတ်လန့်ခြင်း)

(၈) ဗ္ဘုတရသ (အံ့သြခြင်း)

(၉) သန္တရသ (တည်ငြိမ်ရင့်ကျက်ခြင်း) တို့ဖြစ်ပါတယ်။

ကျွန်တော်ဖတ်ခဲ့ဘူးသလောက်ကတော့ အနုပညာနဲ့ပတ်သက်တဲ့ အနောက်တိုင်းရဲ့ အတွေးအခေါ်တွေရော အရှေ့တိုင်းရဲ့အတွေး အခေါ်တွေတိုင်းမှာ ခံစားချက်ရဲ့ အခန်းကဏ္ဍကို အလေးပေးထားကြတဲ့အမြင်များ ကိုယ်စီရှိကြပေမယ့် အဲ့ဒီအမြင်နှစ်ခုလုံးမှာ ခံစားချက်ကို အလေးထားတာခြင်းတူညီပေမယ့် ခံစားချက်ကို နားလည်လက်ခံပုံတွေမှာ ကွပြားခြားနားနေကြတာကို တွေ့ရပါတယ်။ အနောက်ဥရောပ ရသဆိုင် ရာအတွေးအခေါ်တို့ကို မြန်မာတို့ ၁၉ ရာစု အင်္ဂလိပ်ကိုလိုနီလက်အောက်သို့ ကျရောက်ပြီးမှ အတွေ့အထိများပြားလာခဲ့ပြီး အင်္ဂလိပ် ယဉ်ကျေးမှုနှင့်အတူ အနောက်တိုင်းယဉ်ကျေးမှုတို့ကိုပါ လေ့လာသိရှိနိုင်ခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ မြန်မာရသပညာရှင်တွေဖြစ်ကြတဲ့ ဆရာဇေယျ၊ ဆရာဇော်ဂျီနှင့် ဆရာဦးရွှေအောင်တို့ရဲ့ ရသပညာဆိုင်ရာ အမြင်များမှာ ထင်ရှားတွေ့ကြရမှာဖြစ်ပါတယ်။

ဆရာဇေယျရေးသားခဲ့တဲ့ စာအုပ်တွေကိုတော့ မြန်မာမျက်ပွင့် (ရွာဓလေ့၊ လူဓလေ့)၊ မြန်မာမျက်ပွင့် (စာဓလေ့)၊ စာသဘင်ဇေယျ၏စာဇေယျတတမ်းမြန်မာ့စာ မြန်မာ့စိတ် မြန်မာ့မာန်စာတွေငါတွေ့ဗမာ့အရေးနှင့် အနုပညာအတွေး နှင့် စာတိုပေစဆိုတဲ့စာအုပ်တွေထင်ရှားတယ်လို့သိရပါတယ်။ ကျွန်တော်က တော့ တကသိုလ်မှာ မြန်မာစာအဓိကကျောင်းသားမဟုတ်ခဲ့တော့ ဒါတွေကို လေ့လာခွင့်မရရှိခဲ့ပါဘူး။ ဆရာ ဇေယျရဲ့ ရသအပေါ်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဆွဲထုတ်ပြီး ပြောရမယ်ဆိုရင် ဆားသည် ဟင်းလျား၏ အချုပ်ဖြစ် သကဲ့သို့ ရသသည် အနုပညာ၏ အချုပ်ဖြစ်သည်။ ထို့ကြောင့် အနုပညာရှင်တို့သည် အနုပညာလက်ရာများတွင် ရသကို ထည့်သွင်းရ မည်ဖြစ်သကဲ့သို့ အနုပညာလက်ရာတွေကို ခံစားသူတို့ကလည်း မိမိတို့ဖတ်သော စာ၊ ကြည့်ရှုသော ပန်းချီ၊ ပန်းပု၊ ဇာတ်သဘင်စသည်တို့တွင် ပါရှိသော ရသကို ခံစားတတ်ကြရမည်။ လို့ ဆိုခဲ့ပါတယ်။ ဒီလို အနုပညာဖန်တီးသူရော ခံစားသူပါ ရသအပေါ်ခံစားတက်ကြမှသာလျှင် အနုပညာလက်ရာများ၏ အဆင့်အတန်းသည် အထက်သို့ ရောက်နိုင်မယ်လို့လည်း ဆရာဇေယျကဆိုခဲ့ပါ တယ်။

ဒီနေရာမှာ ကျွန်တော်တို့ဟာလည်း ဘဘလော့ခ်စာမျက်နှာတွေထက်မှာ စာရေးသားကြတယ်ဆိုပေမယ့် ကျွန်တော်တို့ပေးချင်တဲ့ အသိ၊ ကျွန်တော် တို့ချပြချင်တဲ့ အနုပညာပစည်းတွေကို ဘယ်အတိုင်းအတာအထိ လောကအမြင်တွေကို နက်နက်ရှိုင်းပုံဖော်ပြော ဆိုနိုင်ကြမလဲဆိုတာ အရေးကြီးလှပါတယ်။ ဒီလိုပါပဲ ဘလော့ခ်တွေကို ၀င်ရောက်ကြည့်ရှု့သူ စာဖတ်သူ၊ ပရိသတ်၊ အနုပညာကိုခံစားသူတို့ရဲ့ ရသအပေါ် ဘယ်အတိုင်း အတာ အထိ နားလည်လက်ခံမှုရှိသလဲဆိုတာနဲ့ လောကအမြင်နက်ရှိုင်း ဘယ်အတိုင်းအတာ သိမြင်နားလည်မှုရှိသလဲ ဆိုတာနဲ့ သူတို့တွေရဲ့ လောကအမြင်တွေကို ဘယ်လိုမြှင့်တယ်ပေးရမယ့်ဆိုတဲ့ အနုပညာဖန်တီးသူရဲ့ တာဝန်ဆိုတာ အရေးကြီးလှပါတယ်။

ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ နေ့စဉ်ထိနေ့ ဖတ်ရှု့နေကြရတဲ့ အင်တာနက် ဘလော့ခ်စာမျက်နှာတွေဟာ ယဉ်ကျေးမှုရေးရာအရ၊ လူမှုရေးရေးရာတွေအရ၊ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာတွေအရ စည်းကမ်းသတ်မှတ် ချက်တစ်စုံတစ်ရာမရှိပဲ လွတ်လပ်စွာရေးသားခွင့်ရရှိကြတဲ့အတွက် ဘလော့ခ်ရေးသားသူ တစ်ယောက်ချင်းနဲ့ရော ဖတ်ရှုသူတစ်ယောက်ချင်းအပေါ်မှာပါ အကျိုးသက်ရောက်မှုတွေ အများအပြားရှိနေသလို ပရိသတ်ရဲ့ စိတ်ခံစားမှုအတွင်းမှာလည်း သွားပြီး အစွန်းအထင်းတွေဆွဲထင်စေတက်တာမို့ သတိပြုမိကြစေချင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုးရဲ့ ရသအပေါ်ခံစားတက်မှုဟာ အနောက်တိုင်းသားတွေရဲ့ ရသခံစားတက်မှုအသိနဲ့ ကွဲပြားခြားနားတယ်လို့ ကျွန်တော် ယူဆမိလို့လိုပါ။ အယူဝါဒပိုင်းဆိုင်ရာနဲ့ ရသကိုချင်းကပ်ကြပုံနဲ့ စိတ်ခံစားမှု အတွေ့အမြင့်ကို ဦးစားပေးခံစားတက်ကြတယ်လို့ ယူဆလို့ရပါတယ်။ ဒီနေရာမှာ မြန်မာလူမျိုးအများစုဟာ ရသနဲ့ပတ်သက်လာရင် အနောက်အတွေးအခေါ်ကိုရော အရှေ့အတိုင်းအတွေးအခေါ်တွေပါ ကိန်းအောင်း နေတာဖြစ်တဲ့အတွက် အနုပညာပစည်းတစ်ခုကို ခံစားဖို့သက်သက်မဟုတ်ပဲ လက်တွေ့ဘ၀ဖြစ်စဉ်တွေထဲမှာ အစားထိုးထည့်သွင်းတွက် ချက်ခံစားပြီး လောကအမြင်ကို ရသခံစားရင် သင်ယူကြတာမျိုးတွေလည်း ရှိနေကြပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘလော့ခ်ဂါတွေအနေနဲ့ ကိုယ်ထင်ရာ ကိုယ်မြင်ရာရေးသားနေကြတာမျိုးကို ချင့်ချိန်ပြီး ခေတ်စနစ်ဆိုးနဲ့ရင်ဆိုင်နေရတဲ့ မြန်မာလူငယ်တွေရဲ့ လောကအမြင်တွေကို ဘယ်လိုဘယ်ပုံမြှင်တင်ပေးကြ မလဲဆိုတဲ့ မေးခွန်းကို ဘလော့ခ်ဂါအားလုံးကို မေးမြန်းလိုက်ရင် ဒီပို့စ်လေးကို နိဂုံးချုပ်လိုက်ရပါတယ်။ နောက်ထပ်လည်း အချိန်ရရင်ရသလို ရသပညာနဲ့ပတ်သက်တာတွေကို ရေးသားတင်ပြပေးသွားပါ ဦးမယ်။

အံ့ဘုန်းမြတ်

(2009.MARCH 10)

(မှတ်ချက်။ ။ အကောင်းမြင်နဲ့ဖြစ်စေ၊ အဆိုးမြင်နဲ့ဖြစ်စေ ဝေဖန်အကြံပေးနိုင်ပါတယ်။)

About ahuntphonemyat

Journalist.

Discussion

7 thoughts on “ရသပညာဆိုတာကို မြန်မာလို ဒီလိုမြင်ကြည့်လိုက်တယ်…

  1. ဖိုးခွား ဆိုတဲ့ကောင်လေးတစ်ယောက်ကိုစသိတုန်းက
    ဒီလိုမှန်းမသိခဲ့ဘူး..တကယ်တော့ စာပေနယ်ထဲမှာ
    ဆက်ရှိနေသင့်သေးတဲ့သူတစ်ယောက်ပဲ…
    ဇော်ဂျီရဲ့ ရသစာပေနိဒါန်း ၊ဦးရွှေအောင် ရဲ့ ရသစာပေရဲ့ရသ
    စတာတွေက လူတိုင်းဖတ်သင့်တဲ့စာအုပ်တွေပါ..
    သုဗောဓာလင်္ကာရကျမ်းကတော့ရှာရခက်ပါလိမ့်မယ်
    မြန်မာတွေရဲ့ရသခံစာမှုကအနောက်ကလူတွေရဲ့ရသခံစားမှုနဲ့ကွာတယ်ဆိုတာလေးကိုလည်း
    ထောက်ခံသွားပါတယ်။

    Posted by မနော်ဟရီ | March 10, 2009, 4:31 am
  2. ရည်ရွယ်ချက်လေးကောင်းတယ်
    စေတနာပါတယ်ဗျာ။
    ဒါပေမယ့်အစ်ကိုပြောသလို ချင့်ချင့်ရေးဖို့ဆိုတာက
    ဘယ်လိုမျိုးလည်းသိပ်မရှင်းသေးဘူး။ ထပ်ပြောပြပါဦး

    Posted by ကိုဂစ်တာ | March 10, 2009, 4:38 am
  3. ဟိုက်ရှားပါ.. တကယ်ကောင်းတာပဲဗျို့. ရေးသင့်တယ်ဗျ…. ဟုတ်ကဲ့

    ဘလောဂ်ကတော့ ကိုယ်တိုင်တည်းဖြတ်သူ၊ စာရေးသူ၊ ဒီလိုပါပဲ။ အကျိုးသက်ရောက်မှုကတော့ စာရေးသူကော စာဖတ်သူတွေကော ထိရောက်နေပါတယ်.. .ကျေးဇူးပါ

    Posted by လင်းဦး(စိတ်ပညာ) | March 10, 2009, 5:18 am
  4. Follower ထဲ ထည့်သွားတယ်…. :)

    Posted by လင်းဦး(စိတ်ပညာ) | March 10, 2009, 5:20 am
  5. လေ့လာမှတ်သားသွားပါတယ်ခင်ဗျာ..
    ရသ ခံစားမှု တစ်ခုခု လောက် ပေးနိုင်ဖို့ အများကြီး ကြိုးစားရအုံးမယ်ဆိုတာ လက်ခံသဘောပေါက်ပြီးသားပါ..
    လေးစားစွာဖြင့်

    Posted by ဖိုးစိန် | March 10, 2009, 6:56 am
  6. ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ခက်သိမ်းကလျာ ရှုဖွယ်သာတည်းကိုလည်း ဖတ်ကြစေချင်ပါတယ်။

    ဆောင်းပါး ကောင်းပါတယ်။ အောက်မှာ ရည်ညွှန်းကိုးကားစာရင်း ပေးသင့်တယ်။

    သင်ကာ

    Posted by သင်ကာ | March 10, 2009, 8:26 am
  7. ဒီဘလော့ဂ်ကို အရင်ကတည်းက တခါတလေ လာဖတ်ဖူးနေတာပါ။ ကျနော့်ဘလော့ဂ်ကို လာလည်ကြသူတွေရဲ့ လာရာလမ်းကြောင်း လင့်ခ်ကတဆင့် ဆိုပါတော့…။ :)

    ရသနဲ့ပတ်သက်ပြီး အချက်အလက်ပိုင်းဆိုင်ရာ ခိုင်ခိုင်မာမာနဲ့ တင်ပြထားတာ ပညာရပါတယ်။ မှတ်သားစရာတွေလဲ အများကြီးမို့ ဖတ်ဖို့ တကူးတက ဖိတ်တာကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့လဲ ရေးတဲ့သားတဲ့အခါ ချင့်ချိန်ရတာပေါ့။ မပြောရဲပြောရဲနဲ့ တခုလောက်တော့ ပြောကြည့်မလို့…၊ ကိုအံ့ဘုန်းမြတ် စာထဲမှာ စာလုံးအကျ (သတ်ပုံများတာမဟုတ်) တွေ အတန်ငယ် ပါတာတွေ့လိုက်ရတယ်။ ဘယ်လိုခေါ်မလဲ အရသာကောင်းတဲ့ ထမင်းလုပ်မှာ ခဲလုံးပုစိကွေးလေးတွေ ကိုက်မိသလို တူနေလို့ပါ။ ဆရာလုပ်သလိုဖြစ်ရင် ဆောရီး။ :)

    Posted by ကလိုစေးထူး | March 10, 2009, 10:07 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: