ဗုံလုံသီး သို့……………
မျှော်လင့်ချက်တွေကို
ခံစားချက်တွေနဲ့ မြှားယူနေကြရတဲ့အချိန်တွေမှာ
မင်းနှလုံးသားဟာ
မာကြောနေလိမ့်မယ်ဆိုတာ
မင်းမျက်ဝန်းတွေက
သက်သေထူပြီးသားပါ ဗုံလုံသီးရေ…….။။
ခရမ်းနုရောင် ပျဉ်းမပန်းတွေ ကြွေကျနေတဲ့
အဲ့ဒီပေတရာလမ်းပေါ်က
မင်းရဲ့ အသက်ရှူသံမျှင်မျှင်လေးကို
ငါ့နားမှာ ကြားယောင်နေမိပါသေးရဲ့…
ငါ့အလွမ်းတွေ ပန်းအဖြစ်တောင် မပွင့်နိုင်သေးဘူး….။
ကျစိမ့်တစ်ခွက် ကိုယ်စီနဲ့
ဖင်ကို သံရိုက်ပြီး ငါတို့ထိုင်နေခဲ့ကြဘူးတဲ့
(အိုင်တီ) နေရက်တွေက (လှည်းတန်း၊ အင်းစိန်လမ်းမရှိ အိုင်တီလက်ဘက်ရည်ဆိုင်)
ဘဝမှာတော့ အစားထိုးစရာကင်းမဲ့သွားတဲ့
ကွက်လပ်တစ်ခုပဲပေါ့…..။
ငါကိုယ်တိုင်က
ယုံကြည်မှုတပိုင်းတဆနဲ့
လွတ်လပ်မှုတိုက်ပွဲထဲ
မင်းရဲ့တွဲလက်ကို ဆွဲဖြုတ်ရင်း
ခုန်ဝင်ခဲ့မိတာလေ….
အဲ့ဒါ မင်းအတွက်လည်းပါသလို
ငါ့အတွက်လည်းပါတယ်
ယုံကြည်မှုတပိုင်းတဆနဲ့ ထင်ရာဆိုင်းနေကြရတဲ့
ငါတို့ မျိုးဆက်တွေအတွက်လည်းပါတယ် ဗုံလုံသီးရယ်…..။
တစ်ချို့မျှော်လင့်ချက်တွေကို
ခံစားချက်နဲ့မြှားယူ
တစ်ချို့မျှော်လင့်ချက်တွေကိုလည်း
လှောင်ချိုင့်ထဲက ဆွဲမထုတ်နိုင်ကြတဲ့
ငါတို့မျိုးဆက်ရဲ့ သင်္ကေတကို
မင်းနဲ့ သက်သေထူရစေ့မယ် ဗုံလုံသီး….။
စက်တင်ဘာလရဲ့ မိုးရေစက်တွေကြား
ယုံကြည်မှု ခံစားချက်တွေကို
သံပြိုင်ကျူးရင့်ရင်း
မျှော်လင့်ချက် ဆန္ဒတွေပြည့်စုံအောင်ု
အတူတူမြှားယူခဲ့ကြဘူးတယ်နော်……
ဆူးလေဘုရားလမ်းမှာ ကျွတ်ကျန်နေခဲ့တဲ့
မင်းဖိနိပ်လေးတစ်ရံကို
ငါပြန်ကောက်ပေးချင်တယ်
ဗုံလုံသီးရယ်……။
ဗုံလုံသီးရေ…..
ဝင်္ကပါ သီအိုရီတွေထဲ
လူဖြစ်နေကြရတဲ့ ငါတို့ဘဝမှာ
ယုံကြည်ချက်ဆိုတာ
သောက်နေကျ ဘီယာတစ်ခွက်လောက်တောင်
တန်ဘိုးရှိရဲ့လား…..
ဒီလိုနဲ့
ငှက်ငယ်တွေ အိမ်တန်းပျောက်နေကြတာ
ရပ်စေသား…..။။။
အဲ့ဒီ ခေတ်သစ်ဖန်စီဇာတ်လမ်းတစ်ခုရဲ့
ပြဇာတ်ဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်ထဲမှာ
ပြည်လမ်းမကြီးပါတယ်….
စိမ်းလန်းစိုပြေပန်းခြံလေးပါတယ်….
Moon Bakery ပါတယ်….
ကျွန်တော် ကျွန်တော်နဲ့ပြောတက်တဲ့
ပျဉ်းမနားသူ ညိုစိမ့်စိမ့်
ကောင်မလေးတစ်ယောက်ပါတယ်…
နှုတ်ခမ်းပါးပါးလေးပါတယ်….
ရန်ကုန်ဘဆွေပါတယ်…
ကြည်အေးပါတယ်….
လူတန်းစားတိုက်ပွဲတစ်ချို့ရဲ့
သရုပ်မှန်ပန်းချီးကားတွေပါတယ်….
ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်တဲ့
လမင်းနဲ့ မြှားယူနေရတဲ့
မင်းရဲ့မျှော်လင့်ချက်တွေပါတယ်လေ……။
ငါမှတ်မိနေသေးတယ်
ဗုံလုံသီးရေ…..
ဆူပွက်ညံနေတဲ့
မော်ဒန်ရောခ့် ဂီတတွေနဲ့
ပြေးလွှားနေတဲ့ မီးရောင်တွေကြားမှာ
စည်းချက်ကျကျ ယိမ်းနွဲ့ပေါက်ကွဲနေတဲ့
မင်းရဲ့ ကကြိုးကကွက်တွေပေါ့…..
ဘဝရဲ့ အလိုမကျမှုတွေကို
ငါတို့တွေ ဒီလိုနည်းမျိုးနဲ့
ဖောက်ထုတ်ပစ်နေရတဲ့
လူဖြစ်လာရတာနဲ့တောင် မတန်ဘူး…..။
နောက်ဆုံးတွေ့ဖြစ်ခဲ့တဲ့ညနေက
လှည်းတန်း YKKO ရဲ့ ဒေါင့်တစ်နေရာမှာ
ရီဝေနေနဲ့ ငါမျက်ဝန်းတွေကြည့်ရင်း
ဆုံးဖြတ်ချက်တွေပျက်သားဖို့
အားပေးခဲ့တဲ့ မင်းစကားသံတွေကြားယောင်နေမိတယ်
ဗုံလုံသီးရယ်…..
ငါတို့အသွေးအသားတွေနဲ့ မြှားယူနေကြရတဲ့
မျှော်လင့်ချက်တွေ
ပြည့်စုံပါစေသား…..။
ဗုံလုံသီးရေ…..
စနစ်ဆိုးတစ်ခုရဲ့ ဆန်းသပ်ကာလထဲမှာ
ချအစားခံထားရတဲ့
ယုံကြည်ချက်တွေက
ဗို့အားနည်းနေတဲ့ မီးသီးတစ်လုံးလိုပဲ….
ကိုယ်ကိုယ်ကိုယ် လင်းအောင်တောင်
မနည်းကြိုးစားနေရတာ….
မှောင်မှိုက်နေတဲ့
မင်းမြို့ရိုးကို ငါ အလင်းမပေးနိုင်ခဲ့တာ
ခွင့်လွှတ်ပါ…..
ဒီလိုနဲ့ ဗုံလုံသီးရေ….
နွေဦးလေပြေတွေလည်း
ငါဆီတကျော့ပြန် ရောက်လာခဲ့ပေမယ်
မနှစ်ကလောက် မလှတော့တာတော့ အမှန်ပါပဲ…
မက်မွန်ပန်းတွေလည်း မပွင့်နိုင်သေးလို့
နွေဦးရဲ့ ရသဟာလည်း
ငိုကြွေးဝမ်းနည်းလို့ပေါ့…..
မင်းဆီကိုရောက်လာမယ့် နောက်နောင် နွေဦးတွေမှာတော့
မက်မွန်ပန်းတွေနဲ့
နွေဦးလေပြေတွေက
ငါ့ ညီမရဲ့ နွေဦးတွေ ပီပြင်ပါစေသား….။
နှင်းဆီရနံ့တွေရဲ့ မွှေးထုံသင်းပျံမှုတွေကြားမှာ
ပန်းနုရောင်ပွင့်ဖက်စတွေရဲ့ နူးညံ့သိမ်မွေမှုတွေကြားမှာ
ဖြာကျနေတဲ့ မျှော်လင့်ချက် လရောင်ရဲ့အောက်မှာ
ဆွတ်ပျံကြည်နူးဖွယ် ဘဝကို ပိုင်ဆိုင်ပါစေသား……
အံ့ဘုန်းမြတ်
(2009.MARCH 4)
(2009. FEB 27 23:00 PM  ပြည်လမ်းမပေါ်တွင် ကားအက်စီးဒန့်ဖြင့် ဘဝတပါးကူးပြောင်းသွားသော ညီမငယ် ဗုံလုံသီး ကောင်းရာသုပတိလားစေသား)
13 thoughts on “ဗုံလုံသီး သို့……………
  1. ဒီကဗျာထဲမှာ စနစ်ဆိုးခေတ်တစ်ခုကို မြင်ရတယ်။ ခင်ဗျားရဲ့ ယုံကြည်ချက်ကို မြင်ရတယ်။ ပြီးတော့ ခင်ဗျားရဲ့အလွမ်းတချို့ ကူးစက်ခံလိုက်ရတယ်။ တကယ်ကောင်းတဲ့ ကဗျာလေးပါ။ ခင်ဗျားကို အရင်က မဂ္ဂဇင်းတစ်ခုမှာ အမြဲတွေ့ရတယ်။ ဟိုတစ်နေ့က တောပြန်တော့ ခင်ဗျားကို dvb မှာတွေ့လိုက်ရသလိုပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်အားပေးနေပါတယ်။
    Like
  2. ကောင်း ရာ မွန် ရာ ရောက် ပါ စေ…………………………ဆု တောင်း ပေးပါ တယ် ……….
    မင်း ရဲ့ သူငယ်ချင်း……………………………………အောင်အောင်
    Like
  3. ဗုံလုံသီးရေ…. ငါတို့မင်းတို့ကခပ်ဆင်ဆင်တူတဲ့မောင်နှမတွေပါ။
    မင်းတို့ငါတို့ရဲ့မျှော်လင့်တွေ ချက်ခံစားချက်တွေကိုက ပျောက်ဆုံးနေတာမဟုတ်ပါဘူး..။
    စစ်အာဏာဆိုတဲ့ရွံရှာဖွယ်ကောင်းတဲ့ စနစ်ဆိုးကြီးကဖုံးအုပ်ထားတာပါကွာ….
    နောင်လာနောင်သားတွေ မင်းတို့ငါတို့လိုမျှောလင့်ချက်တွေမပျောက်ပျက်ရအောင် ဖုံကွယ်ထားတဲ့စနစ်ဆိုးကို ငါတို့ဝိုင်းဝန်းဆွဲစုတ်ပြီး
    မျှော်လင့်ချက်တွေကိုငါတို့ နောင်လာနောင်သားတွေကိုလက်ဆောင်ပေးခဲ့ကြမယ်…..
    ညီမလေးကောင်းရာသုဂတိလားပါစေကွာ
    ရောက်လေရာဘ၀မျှောလင့်ချက်အဖြောက်ခံရခြင်းဘေးမှကင်းလွတ်ပါစေ။
    Like
  4. ရင်ထဲမှာဖြစ်ပေါ်နေတဲ့ ခံစားချက်တွေ နဲ့ ရေးထားတဲ့ ကဗျာလေးကို
    အတူဝေမျှခံစားလိုက်ရတယ် ။
    ဗုံလုံသီးလေး ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။
    Like
  5. ကဗျာ လေး က အရ မ်း ကောင်း တယ် ဗျာ…….ဖတ်ပြီး သွား တော့ ရင် ထဲ မှာ တမျိုး ကြီး ကျန် ခဲ့ တယ် ဗျာ……….ဗုံ လုံ သီး ရေ…နောင်ဘ၀မှာ ဒီ လို အဖြစ် မျိုး နဲ့ မကြုံ ရပါစေ နဲ့ လို့ ဆုတောင်း မိပါ တယ်……..
    ငယ် ငယ် ၇ွှယ်ရွှယ် ဗျာ..နှမြော စရာ အရမ်းကောင်းတယ်…….သူ.မိသားစု နဲ့ ထပ်တူ ထပ် မျှ ခံစားရပါတယ်……
    Like
  6. မင်းလာပြောတဲ့နေ့ကတည်း သူ့ကို မသိပေမယ့် စိတ်မကောင်းပါ။
    သတ္တဝါတစ်ခု ကံတစ်ခုသာပါပဲ။
    Like
  7. ပထမဆုံး မဖတ်ခင်မှာ ကြည့်လိုက်တော့ သာမာန်ပိုစ့်လေးလို့ ထင်လိုက်တယ်၊ မထင်မှတ်ဘဲ တော်တော်လေး ကောင်းသွားတယ်။ တကယ့်ခံစားမှု ဖြစ်တာကြောင့်လည်း ပါမယ်ထင်ပါတယ်။ စိတ်မကောင်းပါဘူး…။
    Like
  8. ဗုံလုံသီးလေး နောင်ဘ၀ ဆက်တိုင်း ဒီ လို အဖြစ်ဆိုးမျိုးနဲ့ မ ကြုံပါစေနဲ လို့ ဆုတောင်းပေးပါတယ်ဗျ
    ဗုံလုံးသီးလေး ကောင်းရာဘုံမှာပျော်ရွှင်ပါစေဗျ
    Like
  9. ဘာပဲဖြစ်ဖြစ် vzo ခေတ်စောပိုင်းမှာ ခပ်တိုတိုလေး ရင်းနှီးလိုက်ရတဲ့ ညီမငယ်၊ နောက်ပြီး ကိုယ့်လုပ်ဖေါ်ကိုင်ဖက်ဟောင်း အံ့ကြီးရဲ့ မိတ်ဆွေ တဦး အဖြစ် နှမြောတမ်းတစွာဖြင့် ဘဝတခုမှာ ငြိမ်းအေးစေသား၊ ငြိမ်းချမ်းစေသား ၊ ငါ့ညီငယ် အံ့ကြီးထံပါး ဝိဥာဉ်တခုအဖြစ် ပြန်လည် ကိန်းဝတ်စေသား။
    Like
Leave a comment