ဆောင်းပါး

အရုပ်ရသ အသံရသ စာရသ


ဆရာမောင်စူးစမ်း

ဆရာမောင်စူးစမ်း

အရုပ်ရသ အသံရသ စာရသ

မောင်စူးစမ်း

တက္ကနိုလိုဂျီရယ်၊ မီဒီယာရယ်၊ ယဉ်ကျေးမှုရယ် ကြားခြင်းထားသော စည်းမရှိတော့ပြီ။ ရှိလည်း မှိန်နေ သည်။ သုံးခုရောကုန်သည်။ ထိုသို့ ရောကုန်သဖြင့် အနက်အဓိပ္ပါယ်သက်ရောက်သူတို့ကလည်း ရှုပ်ရှုပ်ထွေးထွေး နှင့် အလွန်နက်ရှိုင်းလာသည်။ တန်းစီပြလျှင် အများကြီးဖြစ်သည်။

ပထမအချက်

တက္ကနိုလိုဂျီဖြစ်ထွန်းပုံကိုက အကုန်ဒီဂျစ်တယ်၊ အကုန်မိုဘိုင်း၊ အကုန်ကိုယ်ရေး Personal၊ အကုန် အစစ်အမှန်နှင့်တူလာ (Virtual)၊ အကုန် သေးသေးလေးတွေဖြစ်လာသည်။ အလျားလိုက် အစဉ်အလိုက်မဟုတ်။ Nonlinear ဖြစ်နေသည်ဆိုတော့ စားပွဲပေါ် အစားအစားပေါင်းစုံ အကုန်တင်ထားသော ကြိုက်ရာရွေးစားနိုင်သည့် စားရိတ်မြုံ စားပွဲကြီးလိုဖြစ်လာသည်။ ဘူဖေးနှင့်တူသည်။ ပညာရှင်တစ်ဦးက ဒင်ဆမ်ပေါက်စီပွဲနှင့်တူသည်ဟု ဆို သည်။ မုန့်ကလေးတွေက သေးသေးမွှားမွှား၊ အမျိုးအစား အများကြီးဖြစ်သည်။ ဘူဖေးခေါ်ခေါ် ဒင်ဆမ်းခေါ်ခေါ် လူ့ဘ၀သည် ပဒေသာစုံဖော်မက်၊ ပဒေသာစုံ အခင်းအကျင်း Multiple Formats တွေထဲ ရောက်သွားသည်။ တကနိုလိုဂျီမျိုးစုံ၊ မီဒီယာမျိုးစုံ၊ ကိရိယာမျိုးစုံတို့ဖြင့် ဘ၀ပင်လယ်ထဲ ကူးခက်ကြရမည်။

ဒုတိယအချက်

နောက်ပိုင်းပေါ်သမျှ တက္ကနိုလိုဂျီတို့သည် အထူးသဖြင့် ဘရော့ခ်ဘင်နှင့် အင်တာနက်တို့သည် အရုပ်နှင့်အသံကို အသားပေးသည်။ ရုပ်မြင်ရုပ်သံတို့ကို အလေးပေးသည်။ ထို့ကြောင့် အရုပ်၊ အသံနှင့် စာလုံး Words တို့ တန်ခိုးပြိုင်လာကြသည်။ အရုပ်နှင့်အသံလွှမ်းမိုးသဖြင့် စာလုံးခေတ် Age Of Words ကုန်ဆုံးချိန် ရောက်တော့မည်လောဟု ပြူးတူးပြဲတဲမေးခွန်းပေါ်လာသည်။ ရုပ်မြင်ကြည့်ခြင်းနှင့် ရုပ်သံကြည့်ခြင်းမှ ရသသည် စာအုပ်ဖတ်ခြင်းမှ ရသ၊ စာပေရသကို လွှမ်မိုးထားပြီး စိတ်ဝင်စားစရာ မေးခွန်းတစ်ပုဒ်ကိုလည်းထုတ်သည်။ ရုပ်သံရသကို စာပေရသအဆင့်အထိ မြှင့်နိုင်မနိုင်မေးခြင်းဖြစ်သည်။

media_monkeysတတိယအချက်

တစ်ကိုယ်ရေးသုံး မီဒီယာတွေ တကနိုလိုဂျီတွေပေါ်လာသဖြင့် အပြောင်းအလဲနှစ်ရပ်ဖြစ်ပေါ်လာသည်။ ပထမ အပြောင်းအလဲသည် ဖြေဖျော်မှုလုပ်ငန်းသည် ရုပ်ရှင်ရုံ ဇာတ်ရုံတို့မှနေပြီး အိမ်များဆီသို့ ရွေ့သွားဖြစ်ဖြစ် သည်။ အိမ်တွင်း ဖျော်ဖြေရေးကို ဦးစားပေးသည်။ ဒုတိယအပြောင်းအလဲသည် မီဒီယာတို့၏ အကြောင်းအရာ အနှစ်သာရ Content ကို ကုမ္ပဏီကြီးတွေဖန်တီးပေးနေသည့်အစား အသုံးပြုသူ User တို့က အနှစ်သာရတို့ကို စိတ်ကြိုက် ကိုယ့်ဘာသာ ဖန်တီးနိုင်သော အဆင့်ရောက်လာသည်။

စတုတ္ထအချက် (ဦးနှောက်သွင်းအားစု)

တက္ကနိုလိုဂျီ မီဒီယာနှင့် ယဉ်ကျေးမှုတို့ ရောထွေးယှက်တင်ဖြစ်သဖြင့် ပြသနာတို့သည် ကပြားတွေ အကုန်ဖြစ်ကုန်သည်။ ဒီသုံးခုကြား ပဋိပက္ဃကို တကနိုလိုဂျီနှင့် ယဉ်ကျေးမှု ပဋိပက္ဃလားဆိုပြီး ၀ိဝါဒကွဲလာသည်။ ဒီဝိ၀ါဒတွင် ဦးနှောက်အာရုံကြော သိပ္ပံပညာရှင်တို့၏ အယူအဆက သြဇာကြီးမားလာသည်။ သူတို့က ရုပ်မြင်၊ ရုပ်သံ၊ စကားလုံးတို့ကို ဦးနှောက်ထဲ သွင်းပေးသော သွင်းအားစု Input များဟု သတ်မှတ်သည်။ သို့သော် ထိုသွင်းအားစုများ ဦးနှောက်ထဲ စီးဆင်းရာတွင် တစ်လမ်းစီ စီးဆင်းသည်။ နေရာခြားစီးဆင်းသည်။ သွင်းအားစု စီးဆင်းပုံနေရာချင်း မတူသဖြင့် ရုပ်မြင်သံကြားမှ ရသခံစားမှုနှင့် စာအုပ်မှ ရသခံစားမှုတို့သည် မတူနိုင်ပေ။ ရသခံစားမှုချင်း သဘာဝအရ ခြားနားသည်။ Different Sensibilities ဟု ဆိုသည်။ ထိုသို့ခြားနားသဖြင့် ရုပ်သံမှ ရသခံစားမှုနှင့် စာပေမှ ရသခံစားမှုတို့ကို တပြေးတည်း ညှိရန်မဖြစ်နိုင်ဟုပြောသည်။ တိတိကျကျဆိုလျှင် ရုပ်သံမှ ရသကို စာပေရသအဆင့်သို့ ဘယ်လိုမှ မမြင်နိုင်ပေ။

ပဥ္ဏမအချက်

ဦးနှောက်အာရုံကြော သိပ္ပံပညာအဆိုအရ အရုပ်နှင့်အသံသည် လူသားသဘာဝဖြစ်သည်။ စာလုံး၊ ဘာသာစကား စာပေတို့သည် လူက နောက်မှ တီထွင်သောပစည်း Artifact ဖြစ်သည်။ ထို့ကြောင့် ပညာရှင်တစ် ဦးက လူ့သဘာဝ Human Nature ကို ဖွံ့ဖြိုးအောင် မလုပ်ခဲ့ဘဲ လူဖန်တီးသောအရာ Artifact ကို ဖွံ့ဖြိုးအောင် လုပ်ခဲ့ခြင်းသည် မတော်တဆ လုပ်မိခဲ့ပုံရသည်ဟု ပညာရှင်တစ်ဦးက ဆိုသည်။ ဆင့်ကဲဖြစ်ပေါ်မှုကို ယုတ္တိအရ ရုပ်သံတို့ကို ဟိုကတည်းက ဖွံ့ဖြိုးတိုးတက်စေခဲ့ရမည်။

ဆဋ္ဌမအချက်

သမိုင်းဖြစ်ပေါ်တိုးတက်မှုအရ ယဉ်ကျေးမှုမျိုးစုံ အတူတကွ နေထိုင်ပြီး ရှင်သန်ခဲ့ရသည်။ ယဉ်ကျေးမှုမျိုး စုံ ၀န်းကျင်တွင် တစ်ယောက်စကားကို တစ်ယောက်နားမလည်နိုင်ပေ။ စကားလုံးဖြင့် ဆက်သွယ်ခြင်းသည် ခက်ခဲ့လှသည်။ ထိုနေရာတွင် ရုပ်သံတို့က အစားထိုးဝင်ရောက်ပေးသည်။ ဖြေရှင်းပေးသည်။ အရုပ်နှင့်အသံတို့သည် လူတို့၏ သဘာဝဖြစ်သည်။ ထို့ကြောင့် စကားလုံးတို့နေရာတွင် ရုပ်သံတို့က ၀င်ရောက်ပြီး တန်ခိုးထွားလာ ခြင်းဖြစ်သည်။

သတ္တမအချက်

တက္ကနိုလိုဂျီသည် အပျော်တမ်း စာရေးဆရာ၊ အပျော်တမ်း ဂီတသမား၊ အပျော်တမ်း ပန်းချီဆရာနှင့် အပျော်တမ်း ရုပ်ရှင်သမားတို့ကို ခပ်မြန်မြန်ကြေးစားသမားများအဖြစ်သို့ ကူးပြောင်းစေသည်။ From Amateur To Pro မြန်မြန်ရောက်စေသည်။ လက်သင်နှင့် အပျော်တမ်းတို့ သည် ယခင်ကလို ပုံနှိုပ်ထုတ်ဝေသူမလို စတူဒီယို မလို ဖန်တီးနိုင်သော စေ့ဆော်မှုသာ လိုသည်။ ချက်ကောင်းတွေ့လျှင် တစ်ချီတည်းနှင့် ပွပေါက်တိုးနိုင်သည်။

အဋ္ဌမအချက် (ရှေးဟောင်းမေးခွန်းတစ်ပုဒ်)

ရုပ်ရှင်လုပ်ငန်းသည် ပြောင်းပြန်ဖြစ်နေသည်။ ရုပ်ရှင်ရုံတို့ကို အားမကိုးဘဲ အိမ်ပရိသတ်ကို အားကိုး သည်။ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်လမ်းတို့သည် ဇာတ်လမ်းအင်အား ခန်းခြောက်ကုန်သည်။ မဲပြာပုဆိုးဇာတ်လမ်းတို့ ဖြင့် မစားသာတော့ပေ။ သို့ဖြင့် အာရှမှဇာတ်လမ်းတို့ကို ခိုးယူကာ ဟောလိဝုဒ်ဇာတ်လမ်းများအဖြစ် ရိုက်ကူးလာ သည်။ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်လမ်းတို့သည် အာရှနှင့်အခြားနိုင်ငံတို့၏ ဇာတ်လမ်းတို့ကို ဗားရှင်းပြောင်းထားခြင်း သာဖြစ်သည်။ ဒီအချက်တွင် ဆိုလိုသည်မှာ ရုပ်သံဖျော်ဖြေရေးလုပ်ငန်းသည် ဗီးရှင်းနှစ်ခုရှိရန် လိုအပ်ကြောင်းကို ပြသသည်။ မူလပင်ရင်းဇစ်မြစ်ကိုလည်း ကြည့်ရသည်။ ပြည်ပနိုင်ငံခြားကိုလည်းကြည့်ရသည်။ မြူးဇစ်တွင်လည်း အင်တာနက်နှင့် ဂြိုလ်တုတို့ကြောင့် သီချင်းတို့ကို ဆိုက်ဘာစပေ့တို့မှ တစ်ဆင့်မြန်မြန်ဆန်ဆန်ပို့ပေးနိုင်သည်။ ထိုအဓိပ္ပါယ်မှာ ပစည်းမရောက်ခင် ၀ယ်လိုအားကိုကြိုတင်ဖန်တီးနိုင်သောသဘောဖြစ်သည်။ ဖျော်ဖြေရေး လုပ်ငန်းတို့၏ လုပ်ငန်းတို့၏ လုပ်နည်းသည် ဆပ္ပလိုင်း ရောက်မှ ၀ယ်လိုအားကို ဖန်တီးသည်မဟုတ်တောပေ။ ဆပ္ပလိုင်းမရောက်ခင်ကပင် ကြိုတင်ပြီး ၀ယ်လိုအားကို ဖန်တီးထားနိုင်ကြသည်။ ထိုသို့ဖန်တီးနိုင်သည်မှာ ဂြိုလ်တုနှင့် အင်တာနက်တို့ကြောင့်ဖြစ်သည်။

န၀မအချက်

ဖျော်ဖြေရေးလုပ်ငန်းဈေးကွက်သည် ကျားမခွဲခြားခြင်းမရှိပေ။ သို့သော် ဗီဒီယိုဂိမ်းများတွင် ကျား၊ မ ခွဲ ခြားသလိုဖြစ်နေသည်။ ဗီဒီယိုဂိမ်းကို ယောက်ျားလေးတို့သာ ကစားလေ့ရှိသည်။ မိန်းကလေးတွေ သိပ်မကားပေ။ ယခုသော ယောက်ျားလေးရော၊ မိန်းကလေးပါ ကစားနိုင်သော ဂိမ်းတို့ကို တီထွင်လာသည်။ သို့မဟုတ် မိန်းကလေးတို့ ကစားနိုင်သော ဂိမ်းတို့ကို တီထွင်သည်။ ထို့အတွက် ရှေးအသီတေခေတ်ကပင်ရှိသည်ဆိုသော “မိန်းမတွေဘာလိုချင်သလဲ” မေးခွန်းကိုမေးသည်။ ထိုမေးခွန်းသည် မိန်းကလေးတို့၏ ရသခံစားမှုကို စုံစမ်းခြင်း ဖြစ်သည်။ ဂိမ်းဖြစ်သဖြင့် စာပေ၊ ရသခံစားမှုမျိုးတော့ မဖြစ်နိုင်ပေ။

ဒသမအချက်

ရုပ်သံတက္ကနိုလိုဂျီနှင့် အင်ဖော်မေးရှင်း တကနိုလိုဂျီတို့ကို မူလအစက အိုင်တီကုမ္ပဏီတို့က ရှေ့ဆောင် ရှေ့ရွက်ပြုလုပ်ခဲ့ကြသည်။ ယခုနောက်ပိုင်း မီဒီယာကုမ္ပဏီတို့က စိုးမိုးလာသည်။ ထို့ကြောင့်ရုပ်သံနှင့် ဖျော်ဖြေ ရေးလုပ်ငန်းတို့တွင် အိုင်တီကုမ္ပဏီစစ်စစ်တို့က နောက်ဆုတ်ပေးရပြီး မီဒီယာကုမ္ပဏီတို့က လွှမ်းမိုးသည်။ အိုင်တီနှင့် မီဒီယာပူးပေါင်းမှု၊ မီဒီယာက အိုင်တီကို ၀ါးမျိုမှုတွေ ပြုလုပ်လာသည်။ နှစ်ခုစလုံးသည် ဂရပ်ဖစ်ဟဲဗီး ဖြစ်ပြီး ကလေးဈေးကွက်ကိုပါ အသည်းအသန်ချဲ့သည်။ အရုပ်ဆိုသောအနက်အဓိပ္ပါယ်တွင် ကာတွန်းကိုထည့်ပြောသည်။ ကာတွန်းသည်လည်း ရုပ်မြင်မီဒီယာထဲပါဝင်သဖြင့် ကာတွန်းကိုခံစားသော ကလေးတို့၏ ရသခံစားမှု ကိုလည်း စိတ်ပညာရှင်တို့က လေ့လာပေးသည်။ အထက်ပါတို့ကား ရုပ်သံမီဒီယာ၏ လွှမ်းမိုးမှုကြောင့် ပေါ်ပေါက်နေသော အကျိုးဆက်တို့ကို တင်ပြခြင်း ဖြစ်သည်။

မောင်စူးစမ်း

(မှတ်ချက်။ ။ ၂၀၀၆ ခုနှစ်၊ စာစဉ်အမှတ် ၁၈၀ “အတွေးအမြင်” စာစောင်တွင် ဖော်ပြပါရှိခဲ့သော ဆရာမောင်စူးစမ်း၏ “အရုပ်ရသ အသံရသ စာရသ” ဆောင်းပါးကို ပြန်လည်တင်ပြပေးထားခြင်းဖြစ်ပါသည်။ သို့ ဖြစ်ပါသဖြင့် ကိုးကားချက်ကို ဖော်ပြပြီး လွတ်လပ်စွာကူးယူဖော်ပြနိုင် ပါသည်။)

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: