ဆောင်းပါး

မြန်မာမော်ဒန်ဝတ္ထုရေစီးကြောင်း (၁)


ဆရာသစ္စာနီ

ဆရာသစ္စာနီ

မြန်မာမော်ဒန်ဝတ္ထုရေစီးကြောင်း (၁)

သစ္စာနီ

(၁)

၁၉၇၀ ခုနှစ်တစ်ဝိုက်တွင် မြန်မာမော်ဒန်သည် စတင်အခြေတည်ခဲ့သော်လည်း မြန်မာမော်ဒန်ဝတ္ထုများ မှာမူ၊ ဆယ်စုနှစ်တစ်ခု နောက်ကျကာ ၁၉၈၀ နောက်ပိုင်းများကျမှသာ စတင်ဖြစ်ပေါ်လာသည်ကိုတွေ့ခဲ့ရသည်။ ကျွန်တော်သတိပြုမိသည်မှာ ယခင်ကရုပ်ရှင်ပဒေသာမဂ္ဂဇင်း အယ်ဒီတာ သန်းဦးလှိုင် (သူသည် မော်ဒန်ကို လိုလားသော လူငယ်အယ်ဒီတာတစ်ဦးဖြစ်ကာ၊ ရုပ်ရှင်ပဒေသာတွင်လည်း မော်ဒန်ကဗျာများကို နေရာပေးခဲ့သူ ဖြစ်သည်။) စီစဉ်သော ရုပ်ရှင်ကောင်စီမဂ္ဂဇင်းပါ မြင့်သန်း (သြစတေးလျ) ၏ ၀တ္ထုတိုလေးများဖြစ်သည်။ ကိုမြင့် သန်း၏ ၀တ္ထုတိုပေါင်းချုပ်စာအုပ်တွင် သူ့ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည့် “ချစ်ခြင်းအတွက် အခြားတစ်နေရာ” ၀တ္ထု ဖော်ပြနှစ်ကို ၁၉၈၂ ဟု ဖော်ပြထားပါသည်။ ထိုအချိန်လောက်မှာပင် ဇော်ဇော်အောင်ကလည်း မော်ဒန်ဝတ္ထုတို တွေရေးသားလေသည်။ သူ့ဝတ္ထုတိုကို ကျွန်တော်အစောဆုံးသတိပြုမိသည်မှာ “ကံ့ကော်ပင်အောက်က အေးမြ သောမီးလျှံ” ဖြစ်ကာ၊ စီးပွားရေးတကသိုလ်နှစ်လည်မဂ္ဂဇင်းတစ်ခုတွင် ဖြစ်ပါသည်။ ဆရာဇော်၏ နောက်ဆုံးထုတ် ၀တ္ထုတိုပေါင်းချုပ် “မိုးပိတောက်စကားပြေများ” တွင် ထိုဝတ္ထုတိုကို စီးပွားရေးတကသိုလ်နှစ်လည်မဂ္ဂဇင်း ၈၀-၈၁ ဟု ဖော်ပြထားသည်။ ထိုအချိန်က ထိုဝတ္ထုမျိုးကို ပြင်ပမဂ္ဂဇင်းများတွင် ဖော်ပြရန်မလွယ်ကူပါ။ ထိုစဉ်က ဆရာဇော်သည် စီးပွားရေးတကသိုလ် မြန်မာစာဌာနမှူးဟုထင်ပါသည်။ နှစ်လည်မဂ္ဂဇင်းတွင်လည်း မြန်မာစာ အယ်ဒီတာဖြစ်ပါသည်။ နောက်ထပ်ပြင်ပတွင် စတင်ဖော်ပြခံရသော ဇော်ဇော်အောင်၏၀တ္ထုမှာ “နေယျဒေါသ” ဖြစ်ပြီး စစ်တွေနောင်လတ်အယ်ဒီတာလုပ်သည့် ဂီတပဒေသာမဂ္ဂဇင်းတွင်ဖြစ်သည်။ (ထိုစဉ်က ထိုမဂ္ဂဇင်းကို စီစဉ် ထုတ်ဝေနေသူ ကိုသန်းအောင်မှာလည်း စီးပွားရေးတကသိုလ်မှ နည်းပြဆရာတစ်ဦးဖြစ်သည်။) ယင်းမှာ မြန်မာ မော်ဒန်ဝထ္ထုတိုများဖြစ်ထွန်းစက အခြေအနေပင်ဖြစ်ပါသည်။

ပန်းဆိုးတန်းလမ်းမပေါ်က စာအုပ်အဟောင်းအရောင်းဆိုင်များ

ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်က စာအုပ်အဟောင်းအရောင်းဆိုင်များ

ကျန်လူတချို့မှာ လက်ရှိသရုပ်မှန်ဝတ္ထုတိုများကိုလည်း အားရကျေနပ်ခြင်းမရှိသဖြင့် ပင်မရေစီးကြောင်းမှ လမ်းခွဲထွက် ရန် စမ်းသပ်မှုပြုသည့် ၀တ္ထုတိုများကို ရေးသားနေကြဆဲဖြစ် သည်။ တချို့မှာ စိတ်ခံစားမှုသက်သက်ကို ဦးစားပေးသော ၀တ္ထုတိုများဖြစ်သည်။ ဥပမာ မောင်ရန်ပိုင်၊ သဲအိမ်မောင်နေ၀ါ၊ မြေချစ်သူ၊ ကိုဆွေစသူတို့။ ကျွန်တော်၏ပြတင်းပေါက်ကလေး (၁၉၈၄ ရုပ်ရှင်မျက်မှန်) ငန်းနဲ့ရေ (ဂီတပဒေသာ ၁၉၈၅) Semi Modern အမျိုးအစားဟု သတ်မှတ်နိုင်သည်။ (ကျွန်တော်၏ နောက်ပိုင်းလူစီးရီးဝတ္ထုတိုများမှာ ထိုဝတ္ထုများ၏ နောက်ဆက် တွဲဟု ဆိုနိုင်ပါသည်။)

ထို့နောက်တွင်မူ မော်ဒန်ဝတ္ထုတိုများကို အသားပေး ဖော်ပြသည့် ကိုတင်ကိုအောင်၏ “ဟန်သစ်” မဂ္ဂဇင်း ထွက်ပေါ် လာသည်။ မြန်မာစာပေလောကတွင် မော်ဒန်ဝတ္ထုတိုများ အင်နှင့်အားနှင့်ဖွံ့ဖြိုးတိုးတက်စေရန် ထိုမဂ္ဂဇင်းက ကြီးစွာထောက်ပံ့ပေးခဲ့သည်။ ကျွန်တော်ကိုယ်တိုင်ပင် မော်ဒန်ဝတ္ထုများကို အစဉ်တစိုက်ရေးခွင့်ရခဲ့ကာ နေမျိုး၊ ချစ်ထူးစသည့်မော်ဒန်ဝတ္ထုတိုရေးသူ အတော်များများကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ဟန်သစ်ကိုအားကျကာ တချို့မဂ္ဂဇင်း အနည်းငယ်ကလည်း မော်ဒန်ဝတ္ထုများကို နေရာပေးလာသည်။ ဥပမာ ချစ်ဝင်းမောင်၏ ရနံ့သစ်မဂ္ဂဇင်း။

(၂)

ဂန္ထ၀င်မှလမ်းခွဲထွက်သော ခေတ်စမ်းကဗျာကို ဦးဆောင်ခဲ့ကြည့် တကသိုလ်မှ လူငယ်အချို့သည် ၀ီလျံဘလိတ်၊ ဂျွန်ကိ၊ ရှယ်လီ၊ ၀စ်စ၀ပ်တို့လို နိုင်ငံခြားကဗျာများကို ဖတ်ရှုကာအားယူခဲ့ကြရသလို….

မြန်မာမော်ဒန်ကဗျာရေးသူများသည်လည်း ထင်ရှူးပင်ရိပ်အပါအ၀င် တီအက်စ်အဲလိယော့၊ မာယာကော့ စကီး၊ နီရူဒါ၊ ပိုးပါးမှအစ် ဟိုးလတ်၊ အက်ဇင်ဘာဂျာတို့အဆုံး အနောက်တိုင်းကဗျာ (တချို့ဘာသာပြန်) များကို ဖတ်ရှုကာ အသိအမြင်အာရုံခံစားမှုတို့ကို အပြောင်းအလဲလုပ်ခဲ့ကြရသည်။

မြန်မာမော်ဒန်ဝတ္ထုတိုရေးသူတို့အတွက် အဓိကအထောက်အပံ့ဖြစ်ခဲ့သည့် စာအုပ်တချို့မှာ အင်္ဂါနေ့နှင့် အခြားဝတ္ထုတိုများ (ဂျာမန်ဝတ္ထုများ ဘာသာပြန်)၊ ဆရာဦးကိုယုနှင့်အဖွဲ့ ဘာသာပြန် ဂျာမန်စာပေနှစ်တွဲ၊ ဂျာမန် သံရုံးမှ ထုတ်ဝေသည့် လှသမိန်ဘာသာပြန်သော (P.E.N) ဂျာမန်လက်ရွေးစင်ဝတ္ထု၊ အက်ဆေးကဗျာပေါင်းချုပ် တို့ဖြစ်လေသည်။


အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုနိုင်သူများအတွင် ဆူးလေဘုရားလမ်းစာအုပ်ဆိုင်တွင် အလွယ်တကူ ၀ယ်ယူ နိုင်သည့် ပင်ဂွင်းမော်ဒန်ဝတ္ထုတိုများအတွဲ (Penguin Modern Stories) များဖြစ်သည်။ အတွဲတစ်တွဲစာရေးသူ သုံး၊ လေးယောက်ပါကာ ဆယ်တွဲကျော်ရှိသည်။ ထို့နောက် ပင်ဂွင်းမှပင်ထုတ်ဝေသည့် Writing Today အတွဲများဖြစ်သည်။ နိုင်ငံအလိုက်ထုတ်ဝေခြင်းဖြစ်ကာ အမေရိကန်၊ လက်တင်အမေရိက၊ အာဖရိက၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ချက်ကိုစလိုဗက်ကီးယား၊ ကနေဒါ၊ ကျူးဘား၊ ဂျပန်စသဖြင့် အတော်စုံစုံလင်လင်ရှိသည်။ ထိုအထဲတွင် လတ်တလောသူတို့ဆီတွင် ရေးသားနေသည့် ၀တ္ထုတို၊ ကဗျာ၊ အက်ဆေးစသည်တို့အတွက် ရတနာသိုက်သဖွယ်အကျိုးပြုခဲ့လေသည်။ ထိုပြင် ဗာဂျီနီးယားဝုဖ်၊ ဂျိမ်းဂျွိုက်၊ သောမတ်မန်း၊ လူဝစ်ဘော ဂတ်စသူတို့၏ ၀တ္ထုတိုတွေကိုပါ လေ့လာနိုင်ခွင့်ရခဲ့သည်။

(၃)

၁၉၉၀ တွင် ငြိမ်းအေးအိမ်စီစဉ်ထုတ်ဝေသည့် “သရဖူ” မဂ္ဂဇင်းထွက်လာခဲ့သည်။ ထိုသူသည် မော်ဒန်မှု ကို လေးစားခုံမင်သူဖြစ်ရာ မော်ဒန်စာပေသည် ပိုပြီးဖွံ့ဖြိုးစည်ပင်လာသည်။ (တကယ်တော့ မော်ဒန်စာပေသည် ဟန်သစ်မဂ္ဂဇင်းကာလကပင် လူလားမြောက်ခဲ့ပြီးဖြစ်သည်။) သရဖူကို ပို့စ်မော်ဒန်၏ ခြေလှမ်းအသစ်ဟုဆိုနိုင် သည်။ လူဟောင်းမော်ဒန်ဝတ္ထုရေးသူများသာမက လူငယ်မော်ဒန်ဝတ္ထုရေးသူအသစ်များကိုပါ မွေးထုတ်ပေးနိုင်ခဲ့ သည်။ ထင်ရှားသူနှစ်ဦး တာရာမင်းဝေနှင့် မင်းခိုက်စိုးစန်တို့ ပေါ်ထွန်းလာခဲ့သည်။ မော်ဒန်၊ ပို့စ်မော်ဒန်စာပေ သဘောတရားများဖြန့်ဖြူးရာနေရာလည်းဖြစ်လာသည်။ မောင်မောင်ဇေယျ၊ မြတ်သစ်တို့စာတွေ တွေ့လာရ သည်။ နေမျိုးရေးအားကောင်းဆဲ။ ကျော်စွာထက်နှင့် ကိုကို (အမရပူရ) တို့က မော်ဒန်နှင့်ခပ်ခွာခွာ။ သရဖူမဂ္ဂဇင်း ရပ်ဆိုင်းသွားသောအခါ မော်ဒန်အင်အားစုတွေ ပြိုကွဲပြန့်ကြဲသွားသလိုထင်ရသည်။ သို့သော် မဂ္ဂဇင်းအတော်များ များမှာပင် မော်ဒန်ဝထ္ထုတိုတွေ နေရာရသဖြင့် မော်ဒန်ဝတ္ထုတိုများ ပျောက်ကွယ်သွားစရာအကြောင်းမရှိ။ သရုပ် မှန်နှင့်အစဉ်အလာလမ်းကြောင်းမှ လမ်းခွဲထွက်လာသည့် နည်းပညာအရရော ပုံသဏ္ဍာန်ပါခြားနားသည့် မြန်မာ မော်ဒန်ဝတ္ထုတိုများ ကြွယ်ဝစွာရှိနေခဲ့တာ အသေအချာဖြစ်လာသည်။

၂၀၀၀ ခုနှစ်အလွန် မြန်မာမော်ဒန်ဝတ္ထုတိုများ၏ အခြေအနေမှာ မည်သို့ရှိသနည်း။ ယင်းမှာ မကြာခဏ ကျွန်တော်နှင့်ကြုံတိုင်း အမေခံရလေ့ရှိသော မေးခွန်းဖြစ်သည်။ ယေဘူယျဖြေဆိုရလျှင် ယနေ့မြန်မာမော်ဒန်ဝတ္ထု တိုများ၏ အခြေအနေမှာ မြန်မာမော်ဒန်ကဗျာများ၏ အခြေအနေလိုပင် ထိုက်တန်သည့် တစ်နေရာရောက်နေ သည်။ ယနေ့မြန်မာနိုင်ငံတွင်ထုတ်ဝေနေသည့် မည်သည့်မဂ္ဂဇင်းကိုပဲပို့ပို့ ကျွန်တော်တို့၏ မြန်မာမော်ဒန်ဝတ္ထုတို များမှာ အလွယ်တကူဖော်ပြခံရသည်။ မြန်မာနိုင်ငံတွင် မြန်မာမော်ဒန်ဝတ္ထုတိုပရိသတ်အခိုင်အမာရှိနေတာ ထင် ရှားသည်။ ကျွန်တော်တို့၏ မော်ဒန်ဝတ္ထုတိုများကို စုစည်းထုတ်ဝေရာ တချို့စာအုပ်များမှာ ဒုတိယအကြိမ်၊ တတိ ယအကြိမ်ရိုက်နှိပ်ရောင်းချရသည်။ (၁) စကူပေါ်က သစ်ပင်၊ (၂) ဗန္ဓတ်နှင့် အခြားဝတ္ထုတိုများ၊ (၃) လက်ရွေးစင် မော်ဒန်ဝတ္ထုတိုများ၊ (၄) ပြာဖြစ်သွားသောပန်းသီး၊ (၅) ၀တ္ထုတိုခြောက်ဆယ်စသဖြင့် တခြားသူများ (ဥပမာ ဇော်ဇော်အောင်၊ နေမျိုး၊ မင်းခိုက်စိုးစန်၊ တာရာမင်းဝေ) စသဖြင့်လည်း ရောင်းကြရသည်။ စုပေါင်းထုတ်ဝေသော စာအုပ်များလည်း အောင်မြင်သည်။

အများက ထင်ထင်ရှားရှားမြင်နိုင်သော အချက်ကို ထောက်ပြကာ မြန်မာမော်ဒန်ဝထ္ထုတိုများ၏ အနာ ဂတ်အလားအလာကို သိချင်ကြသည်။ ထိုအချက်မှာ မြန်မာမော်ဒန်ဝတ္ထုတိုရေးသူအသစ်များ ဘာကြောင့်ပေါ် ထွန်းမလာသနည်းဟူသော အချက်ဖြစ်သည်။ ယခုမော်ဒန်ဝတ္ထုတိုရေးသူမှာ လက်ချိုးရေတွက်လို ရနိုင်သော အခြေအနေဖြစ်သည်။ အစဉ်တစိုက်ရေးသူဟူရ်ျ ဇော်ဇော်အောင်၊ နေမျိုး၊ ကျွန်တော်၊ မင်းခိုက်စိုးစန်စသူတို့မျှသာ ရှိသည်။ မြတ်သစ်နှင့် မောင်မောင်ဇေယျက တစ်ခါတစ်ရံ။ သရဖူခေတ်က ရေးခဲ့ကြသော လူငယ်အတော်များများ (နန်းနွယ်၊ ကိုယ်ထိုက်၊ ရှင်ဒေ၀ီတို့မှအစ) ရေးသားတာမတွေ့ရတော့ပေ။ ဟန်သစ်တစ်ခေတ်က ပေါ်ထွန်းလာ သော ချစ်ထွန်း၊ တွတ်တွတ်မောင်စသူတို့လည်း ဟန်သစ်နှင့်အတူ ပျောက်ကွယ်သွားကြသည်။ ဒါဆို လူငယ် မော်ဒန်ဝတ္ထုတိုရေးသူတွေ မရှိကြတော့ဘူးလား။

ကျွန်တော့်အမြင်ပြောရရင် အတော်များများပင်ရှိနေပါသည်။ သို့သော်သူတို့မှာ နေရာပေးဖော်ပြခြင်း မခံရသဖြင့် တိမ်မြုတ်နေခြင်းသာဖြစ်သည်။ လက်ရှိမဂ္ဂဇင်းများအနေဖြင့် မည်သည့်မဂ္ဂဇင်းတွင်မဆို နာမည်ရှိပြီး သော မော်ဒန်စာရေးဆရာတို့၏ ၀တ္ထုတိုများကို ဖော်ပြပေးရန်ဝန်မလေးကြသော်လည်း ကလောင်သစ်များ၏ မော်ဒန်ဝတ္ထုတိုများကို အသုံးပြုမှုမရှိသလောက်နည်းပါနေတာကိုတွေ့ရသည်။ သာဓကတစ်ခုပြပါမည်။ မကြာခင် တစ်နှစ်က နရီမင်းနှင့် မောင်ဒေးစီစဉ်ထုတ်ဝေသည့် “ဟန်သစ်” မဂ္ဂဇင်းတွင် ကလောင်သစ်မော်ဒန်စာရေးဆရာ တို့၏ ၀တ္ထုတိုအတော်များများကို တွေ့မြင်လိုက်ရသည်။ ထိုမော်ဒန်ဝတ္ထုတိုများမှာ အားရကျေနပ်ဖွယ်အဆင့် လည်းရှိသည်။ မော်ဒန်စာပေသဘောတရားတွေ ရေးနေသော အောင်ခင်မြင့်ကအစ ဧဇံ၊ တေဇာဘုန်းခေါင်၊ စိုင်းလူ၊ စိုးမိုးယံ၊ သူရသစ် (Y.U) ၊ သူရနီ၊ မျိုးညိန်းဇော်၊ ဆက်သုန်း၊ မောင်ကြည်၊ သဲထူး၊ အိမ်ဝေးသူစသည့်လူ တွေဖြစ်သည်။ ယခုဟန်သစ်မရှိသောအခါ သူတို့ကိုလည်း မတွေ့ရတော့ပေ။

သေချာတာတစ်ခုတော့ရှိသည်။ မော်ဒန်ဝတ္ထုဖတ်ပရိသတ်အခိုင်အမာရှိနေသလို မော်ဒန်ဝတ္ထုတိုရေးသူ တွေလည်း အင်နဲ့အားနဲ့ရှိနေပါသည်။ မော်ဒန်စာပေ (၀တ္ထုတို) များကို အလေးပေးဖော်ပြမည့် (တစ်ခေတ်က ဟန်သစ်လို၊ သရဖူလို) မဂ္ဂဇင်းမျိုးသာ အဓိကရှိဖို့လိုအပ်နေပါတော့သည်။

သစာနီ

(မှတ်ချက်။ ။ 2009 ခုနှစ်၊ ဇန်န၀ါရီလထုတ် လှိုင်းသစ်မဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၁ တွင်ဖော်ပြပါရှိခဲ့သော ဆရာသစာနီ၏ “မြန်မာမော်ဒန်ဝတ္ထုရေစီးကြောင်း” ဆောင်းပါးကို ပြန်လည်ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါသဖြင့် ကိုးကားချက်အားဖော်ပြပြီး လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။)

About ahuntphonemyat

Journalist.

Discussion

One thought on “မြန်မာမော်ဒန်ဝတ္ထုရေစီးကြောင်း (၁)

  1. ကိုရဲလည်းသူ့အ၀န်းအ၀ိုင်းလေးထဲကနေသိပ်မထွက်သလိုပဲ..ကြားရင်တော့သတ်ခံရမှာပေါ့း)
    နောက်လူတွေထဲက သဲထူးက တာရာမင်းဝေ ဆန်တယ်။ဒါပေမယ့် သူ့လမ်းသူခွဲထွက်နေပြီ..
    သူရနီ တစ်ယောက်ကတော့ တော်တော် ကွဲထွက်တယ် သူ့အိုင်ဒီယာနဲ့သူ
    နောက် ဧဇံ ..သူလည်းကောင်းတယ်။ကျန်တာတွေကတော့…သိပ်ပြီးမတွေ့ရပါဘူး
    ကိုငြိမ်း ကတော့ မဂ္ဂဇင်းပြန်ထုတ်မလားးမေးရင် ချောင်းသာသွားကြရင်ကောင်းမယ်ဆိုပဲ …း)

    Posted by မနော်ဟရီ | February 26, 2009, 7:12 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: