ကျော်ဝင်း
ဒဗလှူဘီယိ(ထ်စ်) က သူ၏ ကျင့်ဝတ်များ၏ မျိုးဗီဇပညာ စာအုပ်တစ်နေရာတွင် ဒီလိုရေးခဲ့ဖူးသည်။ “ညမှာ ကြယ်တွေမရှိ၊ လင်းနို့များ၊ ဇီးကွက်များနှင့် ရူးသွပ်နေသောလမင်းမှလွဲပြီး ဘာမှမရှိ…ဟု နစ်ရှေးတစ်ယောက် ဘာကြောင့် တွေးခဲ့သနည်း..” လူတစ်ယောက်၏ ခေါင်းထဲသို့ ဒီလို ခါးသီးသော အတွေးများရှိနေသည်ကို သူ အံ့သြနေဟန်တူပါသည်။ စင်စစ် နစ်ရှေးအနေနှင့် လူ့အကြင်နာတရားဆိုသည့်အပေါ် သူ့၏ မယုံကြည်မှုနှင့် မထိတ်သာမလန့်သာ အနာဂတ်အမြင် များကို ဖော်ပြခဲ့သည်မှာ ပြီးခဲ့သောရာစု မစမီကတည်းကဖြစ်ပါသည်။ ၁၉၀၀ ပြည့်နှစ်တွင် နစ်ရှေးကွယ်လွန်ခဲ့သည်။ သူမရှိ တော့သည့်နောက်ပိုင်း နှစ်ပေါင်း တစ်ရာအတွင်း ကြုံခဲ့သော ကမ္ဘာစစ်ကြီးများ၊ ကပ်ဘေးကြီးများ၊ မျိုးဖြုတ်သုတ်သင်ပွဲများ နှင့် စနစ်တကျပြင်ဆင်ဖန်တီးခဲ့ကြသော ရက်စက်ကြမ်းကြုတ်မှုမျိုးစုံက နစ်ရှေး၏ သံသယအမြင်များကို ချေဖျက်နိုင်ဖို့ အတော်ခက်ပါလိမ့်မည်။
ပဋိသန္ဓေစိတ်နှင့် လူ့အကြင်နာတရား
အောက်စဖိုဒ်တကသိုလ်မှ ဒသနပညာရှင် “ဂျော်နသန်ဂလိုဗာ” ၏ “၂၀ ရာစုကျင့်ဝတ်သမိုင်း” အမည်ရှိ စာအုပ် တစ်အုပ်မကြာခင်ကထွက်သည်။ သူ့စာအုပ်မှာ အထူးစိတ်ဝင်စားစရာကောင်းလှသည်။ ဒီစာအုပ်တွင် ပါမောက ဂလိုဗက ယခုလို အဆိုပြုထားသည်။ “ကျွန်တော်တို့အနေနှင့် ပြီးခဲ့သောရာစုက အဖြစ်အပျက်များကို အလေးထားဆင်ခြင်ကြရုံမျှနှင့် မလုံလောက်။ ကျွန်တော်တို့၏ အဇျတ္တတွင် ကိန်းနေသော အဟိတ်တိရစ္ဆာန်စိတ်ကို လှောင်ချိုင့်သွင်းပြီး ယဉ်ပါးအောင် ဘယ်လိုလုပ်ကြမည်ကို ကျကျနနစဉ်းစားကြဖို့လိုပါပြီ” ဟူ၏။
ပြောရလျှင် ပါမောကဂလိုဗာ၏အဆိုမှာ ယနေ့မျက်မှောက်လူသားအားလုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်ပါသည်။ ရာစု နှစ်တစုအကုန်နှင့် ထောင်စုနှစ်တစ်ခုအကုန်တို့ ချိန်ခါသင့်တိုက်ဆိုင်နေသော ယခုလိုကာလမျိုးတွင် လူသားတစ်ရပ်လုံးနှင့် သက်ဆိုင်သည့်အဆိုပါပြသနာမျိုးကို ဝေဖန်ဆန်းစစ်ကြသည်မှာ လျော်ကန်သင့်မြတ်သည်ဟု ဆိုချင်သည်။ မွတ်စလင် ဟီဂျရီပြကဒိန်အရ ပထမထောင်စုနှစ်ကုန်ဆုံးချိန် ၁၅၉၁ ခုနှစ်လောက်ကလည်း သူ့ခေတ်သူ့အခါ အရေးကြီးသော ပြသနာ များကို အကျယ်အပြန့်ညှိနှိုင်းဆွေးနွေးခဲ့ကြသည့် အစဉ်အလာရှိသည်။ အိန္ဒိယနိုင်ငံ၊ မဂိုအင်ပါယာမှ အကဗာဘုရင်ကြီး၏ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးများ ဖြစ်ပါသည်။
ထိုစဉ်က အကဗာဘုရင်ကြီး၏ အိန္ဒိယမှာ ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်၊ ဂျိမ်း၊ ဗုဒ္ဓ၊ ဆစ်ခ်၊ ဖရာဆီ၊ ဂျူးစသဖြင့် ဘာသာတရား မျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ စုစည်းနေထိုင်ကြသော ဗဟုလူ့အဖွဲ့အစည်းဖြစ်သည်။ သို့နှင့်အမျှ အကဗာတို့ ခေတ်၏ စိန်ခေါ်ချက်မှာ ဘာသာ တရားမျိုးစုံ၊ ယဉ်ကျေးမှုဓလေ့မျိုးစုံ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဖြစ်လာသည်။ ဒီစိန်ခေါ်ချက်ကို အမြှော်အမြင်ကြီးသော အကဗာဘုရင်ကြီးက လှလှပပတုန့်ပြန်နိုင်ခဲ့ပါတယ်။ သူ၏နန်းတော်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ဘာသာတရားပေါင်းစုံ၊ လွတ်လပ်ပွင့် လင်းစွာ နှီးနှောဖလှယ်ပွဲများဖြင့် အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်မှုကို အရယူနိုင်ခဲ့သည်။ “လောကီသီးသန့်ဝါဒ” နှင့် “ဘာသာရေး ဘက်မလိုက်ဝါဒ” တို့၏ အခြေခံကို အကဗာ ကစခဲ့သည်ဟုပင် ဆိုနိုင်ပါသည်။
ထိုစဉ်က အကဗာဘုရင်ကြီး၏ အဆိုအမိန့်များမှာ ယနေ့တိုင် ခေတ်မီနေရုံမျှမက အသုံးတည့်နေဆဲဖြစ်သည်။ ဥပမာ-“ဘာသာရေးနှင့်ပတ်သက်လျှင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ စွက်ဖက်နှောင့်ယှက်ခြင်း မရှိစေရ။ မည်သူမဆို မိမိ ယုံကြည်နှစ်သက်ရာ ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသည်” ဆိုသော အဆိုအမိန့်မျိုးဖြစ်ပါသည်။ ယနေ့ခေတ်ပြိုင် ကမ္ဘာအတွက် အရေးကြီးနေဆဲဟုယူဆရသော် အကဗာ၏ သဘောထားအမြင်တစ်ခုလည်း ရှိသေးသည်။ “ခက်ခဲ့သော လူမှုပြသနာများနှင့် ရင်ဆိုင်ရာတွင် အစဉ်အလာကို အားပြုသည်ထက် ဆင်ခြင်တုံတရားကို အားထားသည်က ပိုပြီး လျော် ကန်ပေသည်” ဆိုသော ကောက်ချက်ဖြစ်ပါသည်။
ယခု ဒုတိယထောင်စုနှစ်ကုန်ဆုံးချိန်ကိုကော ကျွန်တော်တို့မည်သို့ကြိုဆိုကြမည်နည်း။ ၀ှဲချီးကျင်းပနေကြသော ထောင်စုနှစ်ပွဲတော်များကိုမူ နိုင်ငံတိုင်းလိုလိုတွင် တွေ့နေရပါသည်။ သို့နှင့်တိုင် ဂလိုဗာသတိပေးခဲ့သော ကျွန်တော်တို့ အဇျတ္တထဲမှ အဟိတ်တိရစ္ဆာန်စိတ်ကိုမူ မေ့လျော့နေကြသလားထင်ရသည်။ သူ၏ စိန်ခေါ်ချက်ကိုလည်း လုံလောက်စွာ မတုံပြန်နိုင်သေးဟု ဆိုချင်သည်။ ဒီအတိုင်းဆိုလျှင် နစ်ရှေး၏အတွေးထဲမှ “ကြယ်မဲ့ည” ကို ကျွန်တော်တို့ ကျော်လွှားချေ ဖက်နိုင်လိမ့်မည် မထင်။ လင်းနို့များ၊ ဇီးကွက်များနှင့် ရူးသွပ်လမင်းတို့နှင့်သာ စခန်းသွားရဦးမည့်ပုံရှိသည်။
စင်စစ် နစ်ရှေး၏ သံသယ၀ါဒနှင့် မတိတ်သာမလန့်သာ အနာဂတ်ဟောကိန်းများမှာ သူ၏ “ထာဝရဘုရား သခင်သေဆုံးပြီ” ဆိုသော ကောက်ချက်မှ မြစ်ဖျားခံလာဟန်တူပါသည်။ ကျွန်တော့်သဘောကိုပြောရလျှင် ဒီကောက်ချက် မှာပင် နှစ်ခွအမြင်ရှိနေသလား စဉ်းစားမိသည်။ အနောက်တိုင်းယဉ်ကျေးမှုကြီး ဘုန်းဘုန်းလဲကျဆုံးတော့မည့်အဖြစ်ကို စိုးရိမ်ထိတ်လန့်မှုနှင့် ကျင့်ဝတ်အာဏာပိုင်ဝါဒပြိုလဲသွားခြင်းအပေါ် နှစ်ထောင်းအားရဖြစ်မှုတို့ ရောယှက်နေသည်ဟု ထင်သည်။ “ကြောက်စရာအကောင်းဆုံး မေးခွန်းထုတ်ချင်စရာအကောင်းဆုံး၊ တစ်ပြိုင်နက်တည်းမှာပင် မျှော်လင့်ချင်စရာ အကောင်းဆုံး ရှုမြင်ကွင်းများပေတကား” ဟု သူက ရေးခဲ့သည်။ ပါမောကဂလိုဗာမူ နစ်ရှေး၏စိန်ခေါ်ချက်ကို ကျွန်တော်တို့ တုံ့ပြန်ကြရတော့မည်ဟုဆိသည်။ အထူးသဖြင့် နစ်ရှေးတို့ခေတ် ၁၉ ရာစုကပင် ပြိုလဲသွားခဲ့ပြီးဖြစ်သော ကျင့်ဝတ်အာဏာ ပိုင်ဝါဒနေရာတွင် မည်သည့်အရာနှင့် အစားထိုးကြမည်နည်းဟု မေးခွန်းထုတ်သည်။ ပြောရလျှင် သူ့မေးခွန်း၏အဖြေကို အကဗာဘုရင်ကြီးက ၁၆ ရာစုကပင် ပေးခဲ့ပြီးဖြစ်ပါသည်။ သမိုင်းထဲမှ အကဗာ၏စကားများမှာ ယခုတိုင် ပဲ့တင်ထပ်နေဆဲ ဟုဆိုချင်သည်။ သူ့စကားက “ကျွနိုပ်တို့အနေနှင့် ဆင်ခြင်တုံတရားကို ဘာသာရေးပညတ်တော်များ၏ လက်အောက်ခံ မဖြစ်စေသင့်။ စိမ့်မြေလို အခြေမခိုင်သော အစဉ်အလာဆိုသည်များအပေါ်တွင်လည်း လုံးလုံးလျားလျားအားပြုမနေသင့်..” စသဖြင့်။
ဥရောပဥာဏ်အလင်းခေတ်ကလည်း ဒီပြသနာများနှင့်ပတ်သက်ပြီး အကျယ်အပြန့် ဆွေးနွေးခဲ့ကြဖူးပါသည်။ ဥာဏ်အလင်းခေတ် ပညာရှင်များကမူ ဆင်ခြင်တုံတရား၏လက်တံများကို အကောင်းမြင်ဘက်မှ ချဉ်းကပ်ခဲ့ကြသည်။ သို့နှင့်တိုင် မကြာသေးခင် နှစ်များအတွင်း အဆိုပါ ဥာဏ်အလင်းခေတ်အမြင်များမှာ အကြီးအကျယ်ထိုးနှက်တိုက်ခိုက်ခံခဲ့ရ သည်။ အဆိုပါ တိုက်ခိုက်ချေချွတ်ပွဲကြီးတွင် ပါမောကဂလိုဗာကိုယ်တိုင်လည်း တတပ်တအားပါဝင်ခဲ့သေးသည်။ “လူသား ၏ စိတ္တဗေဒနှင့်ပတ်သက်သော ဥာဏ်အလင်းခေတ်ပညာရှင်များ၏အမြင်မှာ ပါးလွှာလွန်းလှသည်။ စက်ယန္တရားဆန်သည်။ သူတို့က လူသားအချင်းချင်း စာနာထောက်ထားမှုနှင့် သိပ္ပံအမြင်များမှတဆင့် လူမှုရေးတိုးတက်မှုများ ရရှိလာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ယခုအချိန်မှ ပြန်တွေးကြည့်လိုက်သောအခါ အလွန်တရာ ရိုးစင်းလှသော ကလေးအတွေးသာ ဖြစ် တော့သည်။” စသဖြင့် ဂလိုဗာက ဝေဖန်ခဲ့သည်။
ထိုမျှမကသေး။ ၂၀ ရာစု၏ အဆိုးဝါးဆုံး အနိဌာရုံများမှာ ဥာဏ်အလင်းခေတ်သြဇာနှင့် မကင်းပြီဟူပြီး စွဲချက်တင် လိုက်သေးသည်။ “စတာလင်နှင့် သူ၏နောက်လိုက်နောက်ပါများကို ဥာဏ်အလင်းခေတ်ကမွေးထုတ်ပေးလိုက်သည်။ ပိုလ် ပေါ့မှာလည်း ဥာဏ်အလင်းခေတ်သြဇာကို သွယ်ဝိုက်သောနည်းဖြင့်ရရှိခဲ့သူဖြစ်သည်” ဟု သူကရေးခဲ့သည်။ ပါမောက ဂလိုဗာမှာ ကျင့်ဝတ်အာဏာပိုင်ဝါဒနှင့် အစဉ်အလာနှုန်းစံများကို လက်မခံချင်သူဖြစ်သည့်တိုင် အစားထိုးရွေးချယ်ရမည့် အော်လ်တာနေးတစ်တစ်ခုခုကိုမူ မပေး။ “ပြင်းထန်သောယုံကြည်မှု” ဆိုသည်ကိုသာ ပြသနာအားလုံး၏ ရေသောက်မြစ် အဖြစ် ဆွဲထုတ်ပြသည်။ “စတာလင်၏ရက်စက်မှုများမှာ သူ၏ယုံကြည်ချက်မှ မြစ်ဖျားခံလာသည်” ဟုဆိုသည်။
တကယ်လိုသာ စကာတင်ဝါဒနှင့် ၄င်း၏နောက်ကွယ်မှ အိုင်ဒီအိုလိုဂျီတို့၏ အဆက်အစပ်ကို စနစ်တကျခွဲခြား စိတ်ဖြာပြနိုင်လျှင်မူ ဂလိုဗာ၏စွတ်စွဲချက်များမှာ လက်ခံစဉ်းစားသင့်သော ယုတ္တိနယ်ပယ်အတွင်း ရှိနိုင်ပါသည်။ ယခုလို ၂၀ ရာစုခေတ်၏ အရမ်းအကန်ယုံကြည်မှုအားလုံးကို ဥာဏ်အလင်းခေတ်အပေါ်သို့ စုပြုံပြီး တရားခံဆွဲထုတ်ပြသည်မမူ လျှော် ကန်သင့်မြတ်မှုမရှိလှဟုဆိုချင်သည်။ “အရမ်းအကန်ယုံကြည်မှုထက် ဆင်ခြင်တုံတရားကသာ ပိုပြီးမြင့်မြတ်သာလွန်သည်” ဟု အခိုင်အမာတင်ပြခဲ့ကြသော ဥာဏ်အလင်းခေတ်ပညာရှင်များ၊ မနည်းမနောရှိခဲ့သည်သာဖြစ်ပါသည်။ စတာလင် ရက် စက်ကြမ်းကြုတ်မှုများကို ဖော်ထုတ်ဖွင့်ချသည်က ပြသနာမဟုတ်ပါ။ သို့နှင့်တိုင် သဘောတရားနှင့်လက်တွေ့၊ ကတိက ၀တ်နှင့် ကျင့်ထုံးတို့ကြား ကွာဟမှုများကိုမူ သက်သေသာဓကများဖြင့် ထင်ရှားစေဖို့လိုပါလိမ့်မည်။
ကျွန်တော်အနေနှင့် ပါမောကဂလိုဗာ၏ အသိဥာဏ်ပညာကို ဘယ်တုန်းကမှ အထင်မသေးခဲ့ပါ။ သူ၏ အခြား အဆိုပြုချက်တော်တော်များများတွင် တွေ့ရလေ့ရှိသော ကျိုးကြောင်းခိုင်လုံမှုကို ယခုတိုင် တန်ဖိုးထား အသိအမှတ်ပြုဆဲ ဖြစ်ပါသည်။ ၂၁ ရာစုခေတ်ဦးတွင် ခေတ်စားလာသော ဥာဏ်အလင်းခေတ် ဝေဖန်ချေချွတ်ရေးပွဲတော်ကြီးတွင် ပါမောက ကလိုဗာတစ်ယောက် အရေးပါလာသည့်အတွက်ကိုသာ တွေးရခက်ကြီးဖြစ်နေတော့သည်။ မည်သို့ပင်ဆိုစေ သူ၏ ယခု ဆွေးချက်မှာပင် အရေးကြီးသည်ဟု ယူဆရသော် “အစ” တစ်ခုကိုမူ တွေ့လိုက်ရသည်။ “တကယ်လို့သာ ဝေဖန်ဆန်းစစ် မှုနှင့်ယှဉ်သော ကျွန်တော်တို့၏ စဉ်းစားပုံတွင် ဖယ်ရှားဖို့မလွယ်သော ခလုတ်တံသင်းများရှိနေလျှင် (သို့မဟုတ် ဆင်ခြင်တုံ တရားတို့အပြည့်အ၀ မရှင်နိုင်လျှင်) ကျွန်တော်တို့အနေနှင့် ပဋိသန္ဓေစိတ် (ဗီဇစိတ်) ကို အားပြုလိုက်သည်က ပိုမကောင်း နိုင်ပါသလော” ဆိုသည့် ထောက်ကွက်ဖြစ်ပါသည်။
ဆိုခဲ့ပါ သူ၏ထောက်ကွက်အတွက် ပါမောက ဂလိုဗာက စတာလင်တို့၊ ပိုလ်ပေါ့တို့လောက် အစွန်းမရောက်သည့် အခြားကွန်မြူနစ်ခေါင်းဆောင်တစ်ယောက်ကို ဆွဲထုတ်ပြသည်။ လီနင်ကွယ်လွန်ပြီးနောက်ပိုင်း စတာလင်နှင့် ပါတီတွင်း တိုက်ပွဲတွင် လွင့်စင်ကျန်ရစ်ခဲ့သော “နီကိုလိုင်ဘူခါရင်” ဖြစ်သည်။ ဂလိုဗာက ဘူခါရင်၏ ရုပ်ပုံလွှာကို ယခုလိုဖွဲ့ပြသည်။ “ဘူခါရင်သည် အင်အားသုံး အရိုင်းဝါဒကို တိမ်းညွှတ်လိုလားသူမဟုတ်။ သူ၏ လူဆန်သော ပဋိသန္ဓေစိတ်နှင့် သူကိုယ် တိုင် ကာကွယ်နေသော ယုံကြည်မှုကြားတွင် ရပ်တည်နေသူဖြစ်သည်။ သူမျက်မှောက်ပြုနေရသော နိုင်ငံရေးရာသီဥတုနှင့် သူ၏ပုံသေကားကျ စဉ်းစားနည်းတို့က သူ့ကို ရှင်းရှင်းလင်းလင်းဆင်ခြင်တုံတရားမှ ဝေးရာသို့ ဆွဲခေါ်နေသည်။ ဒီဟာ အစား သူက ပဋိသန္ဓေစိတ်ဖြင့် တောင့်ခံထားသည်။ တစ်ဘက်တွင် သူ၏ခိုင်မာသောယုံကြည်ချက်ကလည်း ရှိနေပြန် သည်။ သူ့ဘ၀အနေအထားက ဘယ်ဘက်ကိုမှ အနိုင်ပေးလို့မဖြစ်” ပါမောက ဂလိုဗာကိုယ်တိုင်ကမူ ပဋိသန္ဓေစိတ်ကို အနိုင်ပေးလိုက်စေချင်ဟန်တူသည်။ ဘူခါရင်၏ တကယ့်ဘ၀တွင်လည်း ဒီအတိုင်းပင် ဆုံးဖြတ်လိုက်ရာ သူကိုယ်တိုင် ကွန်မြူနစ်ခေါင်းဆောင်မှုယန္တရားကြီး၏ သားကောင်ဖြစ်ခံရသည်။
“ဆင်ခြင်တုံတရားတို့ ပွင့်လန်းခွင့်မရလျှင် ပဋိသန္ဓေစိတ်ကို အားပြုသင့်သည်” ဆိုသော ပါမောက ဂလိုဗာ၏ အမြင်ကို လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။ သို့နှင့်တိုင် သူဖော်ထုတ်ခဲ့သော “ဆင်ခြင်တုံတရားတို့ ရှင်သန်နိုင်ရန် လိုအပ်သော ပတ်ဝန်းကျင်တစ်ခု” ဆိုသည့် ကောက်ချက်ကိုမူ အလေးထား စဉ်းစားသင့်သည်ဟု သဘောရပါသည်။
ကျော်ဝင်း
စာညွှန်း-The Reach Of Reason
(Amartya Sen)
(မှတ်ချက်။ ။၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ချယ်ရီမဂ္ဂဇင်း အမှတ် ၁၃ တွင် ဖော်ပြပါရှိသော ဆရာကျော်ဝင်း၏ “ဆင်ခြင်တုံတရား၏လက်တံများ-၁” ကို ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသဖြင့် စာရေးသူ၏အာဘော်နှင့်ဆိုလိုရင်းအတိုင်းပင်ဖြစ်တဲ့အကြောင်း ပြောပြချင်ပါတယ်။)
Leave a Reply