ဆောင်းပါး

သုံးပန်းလှနိုင်ငံနှင့် ခေတ်ရှေ့ပြေးကြ နှိုးဆော်သံ


လူထုစိန်ဝင်း

ခေတ်မီအောင် ကြိုးစားပါ

ဒီစကားဟာ ယေဘုယျအားဖြင့် လူတိုင်းပြောလေ့ရှိတဲ့ စကားဖြစ်ပါတယ်။ တိုးတက်နေတဲ့ အတွေး အခေါ် အယူအဆတွေ တိုးတက်နေတဲ့ နည်းပညာတွေ၊ တိုးတက်နေတဲ့ နေထိုင်မှုပုံစံတွေကို လေ့လာအတုယူဖို့ တိုက်တွန်းနှိုးဆော်တာဖြစ်တယ်။

သူများနောက်လိုက်ဖြစ်အောင်

တကယ်တော့ ဒီစကားကိုမကြိုက်ပါဘူး။ ဒီစကားရဲ့ သဘောက လူငယ်တွေကို ထူးချွန်တိုးတက်လာ အောင် နှိုးဆော်တိုက်တွန်းရာမကျဘဲ သူများနောက်လိုက်ဖြစ်အောင် တွန်းပို့တဲ့စကားလို ဖြစ်နေပါတယ်။ ဒီစကား အစား လူငယ်တွေကို “ခေတ်ရှေ့ကပြေးပါ” လို့ နှိုးဆော်သင့်တယ်လို့ ယူဆပါတယ်။ ရှေ့ကသွားသူရဲ့ နောက်က မီအောင်လိုက်တာဟာ နောက်လိုက်လုပ်တာပဲ ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်ဟာ မကောင်းပါဘူး။ ရှေးက လူကြီးတွေ ပြောခဲ့ကြတဲ့ “ကျွန်စိတ်” ဆိုတာနဲ့ သဘောချင်းအတူတူပဲဖြစ်ပါတယ်။ ခေတ်မီအောင် လိုက်တာလို့ပဲပြောပြော၊ နိုင်ငံတကာအဆင့်မီအောင် လိုက်တာလို့ပဲဆိုဆို တကယ်တမ်းပြောရရင် အဲ့ဒီ “ကျွန်စိတ်” သာဖြစ်ပါတယ်။

ကျွန်စိတ်တွေဖျောက်

လူငယ်တွေကို နေရာတိုင်းမှာ ရှေ့ဆောင်ရှေ့ရွက်ပြုနိုင်တဲ့သူတွေဖြစ်အောင် တပ်လှန့်နှိုးဆော်ပေးသင့် ပါတယ်။ သူများနောက်ကလိုက်ဖို့ မလှုံဆော်သင့်ဘူး။ သူများနိုင်ငံက လူငယ်တွေလည်း လူငယ်ပဲ။ ဘာကွာခြား မှုရှိလို့လဲ။ ဘာကြောင့် သူတို့နောက်လိုက်လုပ်မှာလဲ။ သူတို့ထက်သာအောင် ဘာကြောင့်မလုပ်နိုင်ရမှာလဲ။ အရေးကြီးတာက “ကျွန်စိတ်” တွေ ဖျောက်ပစ်ပြီး “သခင်စိတ်” မွေးဖို့သာဖြစ်တယ်။

လမ်းကြောင်းထွင်သူဖြစ်ပါစေ

လူငယ်ဆိုတာ လန်းဆန်းတယ်။ တက်ကြွတယ်။ အားမာန်ရှိတယ်။ ဦးနှောက်ထဲမှာ မှတ်ထားတဲ့ပမာဏ သိပ်များလွန်းတာမဟုတ်လို့ အားကောင်းတဲ့ ကာလဖြစ်တယ်။ ဒီတော့ အသစ်အသစ်တွေ တွေးခေါ်ကြံဆတီထွင် နိုင်စွမ်းရှိတယ်။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါစီးမျောမနေဘဲ ရှေ့ကဦးဆောင်ပြီး လမ်းကြောင်းထွင်သူ (Trend Setter) ဖြစ်အောင် လုပ်ချင်စိတ်သာရှိ၊ ဖြစ်အောင် လုပ်နိုင်တယ်။ လုပ်ချင်စိတ်ရှိအောင် လုပ်ရဲအောင် နှိုးဆော်ပေးဖို့ပဲ လိုပါတယ်။

လူကြီးတွေရဲ့ တာဝန်

လူငယ်တွေကို နှိုးဆော်ပေးဖို့က လူကြီးများရဲ့တာဝန်ဖြစ်တယ်။ လူကြီးတွေကိုယ်တိုင်က လူများနောက် ကလိုက်တဲ့ “ကျွန်စိတ်” တွေ ကြီးမားနေဆဲဆိုရင် လူငယ်တွေကို ဘယ်လိုလုပ်ပြီး လမ်းညွှန်နိုင်မှာလဲ။ ဒါကြောင့် ပထမဆုံး အရေးကြီးဆုံးလိုအပ်ချက်က ကျွန်တော်တို့ လူကြီးတွေရဲ့ ခေါင်းထဲမှာ “ကျွန်စိတ်” တွေ ဖျောက်ပစ်ဖို့ ဖြစ်ပါတယ်။

“ကော်ပီလုပ်” ကျေနပ်နေကြ

“သခင်စိတ်” ရှိတဲ့ လူကြီးတွေကသာ လူငယ်တွေကို “သခင်စိတ်” အမွေပေးနိုင်မှာဖြစ်တယ်။ သခင်စိတ် ရှိတဲ့ လူငယ်တွေကသာ နိုင်ငံကို တိုးတက်ထွန်းကားအောင် ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။ ဒီနေ့စာပေ လောက၊ ဂီတအနုပညာလောက၊ ပန်းချီလောက၊ ရုပ်ရှင်လောက စတဲ့ယဉ်ကျေးမှုမျက်နှာစာက ဘယ်လောက ကြည့်လိုက်ကြည့်လိုက် သူများဆီက “ကော်ပီလုပ်” ပြီး နောက်က လိုက်နေကြတာပဲ တွေ့ရတယ်။ ဘာကြောင့် ဦးဆောင်ဖို့ စိတ်ကူးမရှိကြတာလဲ။ စဉ်းစားလို့ကို မရဘူး။

ရှိတာတွေနဲ့ပဲ ရောင့်ရဲနေကြ

ဥပမာ ပန်းချီဆွဲတာ ဆိုပါစို့။ ဆေးနဲ့စုတ်တံနဲ့ ကင်းဗတ်နဲ့ဆွဲကြရတာချည်းပါပဲ။ ဒါပေမဲ့လို့ ဒါတွေက အဓိကမဟုတ်ဘူး။ အရေးကြီးဆုံးက “ခေါင်း” ပဲ။ စက်ပစည်းကရိယာတွေသုံးတဲ့နေရာမှာဆိုထားပါတော့။ “ခေါင်း” တစ်ခုပဲသုံးရတဲ့ ပန်းချီဆွဲတဲ့ကိစမျိုးမှာ ဘာကြောင့် သူတို့ကို ပုံတူကူးချနေကြရတာလဲ။ ကိုယ့်ယဉ်ကျေး မှုအခြေခံ၊ ကိုယ့်အတွေးအခေါ် အခြေခံနဲ့ ကိုယ်က နည်းတစ်ခု၊ “အစ်ဇင်” တစ်ခုတီထွင်နိုင်အောင် ဘာကြောင့် မကြိုးစားကြတာလဲ။ ဘာကြောင့် ရှိပြီးသား “အစ်ဇင်” တွေနဲ့ ရောင့်ရဲနေကြတာလဲ။

ကျွန်စိတ်

မညှာမတာပြောရရင် ဒါ သူများနောက်က နောက်မြီးဆွဲပြီး လိုက်ချင်တဲ့ “ကျွန်စိတ်” မပျောက်သေးတာ ပဲဖြစ်တယ်။ ဂီတ၊ ရုပ်ရှင်၊ စာပေတွေမှာလည်း အလားတူပါပဲ။ ကိုယ်ကတီထွင်ဆန်းသစ်နိုင်ဖို့ ကြိုးစားအားထုတ် တာမတွေ့ရပါဘူး။ သူများခင်ထားတဲ့လမ်းပေါ် လျှောက်နေကြတာပဲတွေ့ရတယ်။ ဒီစိတ်မျိုးတွေနဲ့တော့ မဖြစ် သေးဘူးလို့ပဲ ပြောလိုက်ချင်ပါတယ်။

ဘေးဆိုးကပ်ဆိုး ကင်းဝေးတဲ့နိုင်ငံ

နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်စမ်းပါ။ မြန်မာပြည်လောက် သာယာလှပတဲ့နိုင်ငံ အတော်ရှားပါ တယ်။ တချို့နိုင်ငံတွေလို အပူလွန်ကဲလို့ လူတွေထောင်ချီပြီးသေဆုံးရတာမျိုး၊ တားမနိုင်ဆီးမရတဲ့ တောမီးကြီး တွေလောင်လို့ ကိုယ့်နိုင်ငံသာမက ဘေးပတ်ဝန်းကျင်က နိုင်ငံတွေပါ မီးခိုးမှိုင်းတွေဖုံးလွှမ်းသွားတာမျိုး ဘယ် ခေတ် ဘယ်အခါကမှ မကြားဖူးပါဘူး။ အေးလွန်းလို့ မနက်မိုးမလင်းခင်မှာ မြူနီစပယ်က ပလက်ဖောင်းပေါ် တောင့်တင်းသေဆုံးနေသူတွေ လိုက်ကောက်ရတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ မိုးကြီးမားလွန်းလို့ လူတွေ ထောင်ချီသေကုန်ကြတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ မိုးခေါင်လွန်းလို့ လူသူကျွဲနွားတိရစ္ဆာန်တွေ သောင်းနဲ့ချီ သေကြရတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ ခြုံပြောရရင် ဘေးဆိုးကပ်ဆိုးကြီးတွေ ကင်းဝေးတဲ့ နိုင်ငံလို့တောင် ဆိုနိုင်မယ်ထင်ပါရဲ့။ (ဆရာလူထုစိန်ဝင် ရေးသားစဉ်အချိန် ၂၀၀၆ ခုနှစ်တွင် နာဂစ်ဆိုက်ကလုံး မ၀င်သေးပါ။)

မရှိဘူး၊ ဒါပေမယ့်ရှိတယ်

အပူလွန်တာမရှိဘူး။ ဒါပေမယ့် သဲကန္တာရသဘာဝကို ခံစားကြည့်ရှုနိုင်တဲ့ သဲကန္တာရဆန်ဆန် ဒေသမျိုး ရှိတယ်။ အအေးလွန်တာ မရှိဘူး။ ဒါပေမယ့် နှင်းတွေဖုံးတဲ့ အလှအပကို ခံစားကြည့်ရှုနိုင်တဲ့ တောင်တန်းမြင့်မြင့် ကြီးတွေရှိတယ်။ ထင်းရှုးပင်တွေနဲ့ ယူကလစ်ပင်တွေရှိတယ်။ အမေဇုံလို မုတ်သုန်သစ်တောစိမ်းစိမ်းညို့ညို့ကြီး တွေရှိတယ်။ လမုတောတွေနဲ့ လတာပြင်တွေရှိတယ်။ ပန်းစုံပွင့်တယ်။ ကျေးငှက်သာရကာမျိုးစုံ ပျော်မြူးကျက် စားတယ်။ ဘာလိုသေးလဲ။

သုံးပန်းလှနိုင်ငံ

မြန်မာနိုင်ငံဟာ နွေမိုးဆောင်း (၃) မျိုးစလုံးလှတဲ့ “သုံးပန်းလှ” နိုင်ငံဖြစ်တယ်။ ရာသီသုံးမျိုးစလုံးမှာ အရောင်အသွေးစုံလှတယ်။ ဒါလောက်လှတဲ့ အရောင်တွေ၊ ဒါလောက်လှတဲ့ ရေမြေတောတောင်တွေဟာ ပန်းချီ ဆွဲချင်စရာ၊ ကဗျာစပ်ချင်စရာတွေ မဟုတ်ဘူးလား။ ဒါတွေကို အခြေခံတဲ့ “အစ်ဇင်” တွေ ဘာကြောင့် ပေါ်ထွက် မလာကြတာလဲ။ ကိုယ်မမြင်ဖူးတဲ့ “ဂူအာနီကာ” ပန်းချီကားကြီးအကြောင်း လူအထင်ကြီးအောင် လေလုံးထွား နေမယ့်အစား “ရွှေစက်တော်သွားတောလား” ထဲက ရှုခင်းသာတွေကို ပန်းချီကားကြီးတွေဖြစ်လာအောင် စိတ်ကူး ကြသင့်တယ်ထင်တယ်။ ဒါမှမဟုတ်လည်း ကာဠုဒါယီထေရ်ရဲ့ တပေါင်းလဖွဲ့တွေကို ပန်းချီကားကြီးတွေဖြစ် အောင် ဖန်တီးသင့်ကြတယ်ထင်ပါတယ်။

ချွေးတပ်စခန်းနဲ့ သေမင်းတမာန်ရထားလမ်း

အလှကို မကြိုက်လို့ “အနီဌာရုံ” တွေနဲ့ ဘာဝနာပွားစေချင်ရင်လည်း “သံဖြူဇရပ်ချွေးတပ်စခန်း” လို “သေမင်းတမာန်မီးရထားလမ်း” လို သမိုင်းဝင်ကမ္ဘာကျော်ဖြစ်ရပ်မှန် ကိစကြီးတွေ မနည်းလှပါဘူး။ ဆရာကြီး ရွှေဥဒေါင်းရဲ့ “တစ်သက်တာမှတ်တမ်း” စာအုပ်ကြီးထဲမှာပါတဲ့ ရန်ကုန်မြို့ကြီးကို ဂျပန်တွေက ခရစမတ်လက် ဆောင် ဗုံးကြဲခဲ့တဲ့အဖြစ်အပျက်တွေဟာလည်း “ဂူအာနီကာ” လိုပဲ ပန်းချီးဆွဲဖို့ အင်မတန်ကောင်းတဲ့ အဖြစ် အပျက်တွေပါပဲ။ သေမင်းတမန်မီးရထားလမ်းအကြောင်း၊ သံဖြူဇရပ်ချွေးတပ်စခန်းအကြောင်းတော့ လျစ်လျူရှု့ ပြီး ကိုယ်မမြင်ဖူးတဲ့ “ဂူအာနီကာ” အကြောင်း ဘာကြောင့် စာဖွဲ့ပြီး ပြောနေကြ ရေးနေကြတာလဲ။ တော်တော် ရယ်စရာကောင်းတယ်။

လှုံ့ဆော်စကားများများကြားရဖို့

တကယ်တော့ ဒါ “ကျွန်စိတ်” ပဲ။ သူများနောက်လိုက်က လိုက်တဲ့စိတ်ပဲ။ လူကြီးတွေမှာ ဒီစိတ်မျိုးတွေရှိ နေသေးရင် လူငယ်တွေကို ဘယ်လိုလုပ်ပြီး မှန်မှန်ကန်ကန် လမ်းညွှန်နိုင်မှာလဲ။ အဲ့ဒီစိတ်က “ခေတ်မီအောင် လုပ်ကြ” ဆိုတဲ့ ဆုံးမစကားထွက်လာတာပဲဖြစ်တယ်။ “ခေတ်ရှေ့ကပြေးကြ” “လမ်းဖောက်သူဖြစ်အောင်လုပ်ကြ” ဆိုတဲ့ လှုံ့ဆော်စကားတွေများများကြားရဖို့ လိုနေပါပြီ။

လူထုစိန်ဝင်း

(မှတ်ချက်။ ။ ဆရာလူထုစိန်ဝင်း၏ “သုံးပန်းလှနိုင်ငံရဲ့ ခေတ်ရှေ့ပြေးကြ နှိုးဆော်သံ” ဆောင်းပါးကို ၂၀၀၇ ခုနှစ်၊ မတ်လထုတ်၊ အမှတ် (၁၄) ချင်းတွင်းမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသဖြင့် စာရေးသူ၏ မူရင်းအာဘော်နှင့် ဆိုလိုရင်းအတိုင်းပင်ဖြစ်ကြောင်း ပြောချင်ပါတယ်။)

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: