ဆောင်းပါး

ငြင်းခုံခြင်း ယဉ်ကျေးမှု ထွန်းကားစေချင်


လူတုစိန်ဝင်း

“ဟိုဂျာနယ်ထဲက ဆရာ့ကို တိုက်ခိုက်ထားတဲ့ ဆောင်းပါးဖတ်မိသလား၊ အဲ့ဒါဘယ်လိုယူဆသလဲ” လူငယ် ဂျာနယ်လစ်တစ်ယောက် ရောက်လာပြီးမေးလိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။ တစ်ခါကရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ် အပေါ်မှာ သဘောမတူနိုင်တဲ့ စာရေးဆရာတစ်ဦးက ပြန်ပြီး ချေပရေးသားထားတာဖြစ်ပါတယ်။ “အဲ့ဒီလို ပြန်ရေးတာကောင်းတယ်။ စာဖတ်ပရိသတ်က အယူအဆအမျိုးမျိုးကို သိနိုင်တာပေါ့” “ဆရာရေးတဲ့စာတွေအများကြီးထဲမှာ ဆရာ့စေတနာ အထင်းသားပေါ်လွင်နေတာပဲ။ ဒီဆောင်းပါး တစ်ပုဒ်တည်း ကြည့်ပြီး ခုလိုတိုက်ခိုက်တာတော့ ဘယ်ကောင်းမှာလဲ”
ဝေဖန်တာဟာ တိုက်ခိုက်တာမဟုတ်
လူငယ်လေးက တော်တော်မကျေမနပ်ဖြစ်ပုံရတယ်။ ဘာကြောင့်မကျေနပ်တာလဲလို့ စဉ်းစားကြည့် လိုက်တော့ တစ်ဘက်က ဝေဖန်ရေးသားတာကို သူက “တိုက်ခိုက်တာ” လို့ မြင်နေတဲ့အတွက်ဖြစ်တာ တွေ့ရပါ တယ်။ အဲ့ဒါကြောင့် သူ့ကိုဝေဖန်တာကို ရန်လိုတာ၊ တိုက်ခိုက်တာလို့ မရှုမြင်သင့်ကြောင်းရှင်းပြပါတယ်။ သူပြော တဲ့ဆောင်းပါးမှာ သဘောမတူတဲ့အကြောင်း ချေပပြီး သူ့အမြင် သူ့သဘောထားကို တင်ပြထားတာဖြစ်ကြောင်း၊ မယဉ်ကျေးတဲ့စကားလုံး၊ မဖွယ်ရာတဲ့အသုံးအနှုန်းများပါတာ မရှိကြောင်း၊ ဒါအပြင် အယူအဆကို ချေပချက်များ သာရှိပြီး ပုဂ္ဂိုလ်ရေးထိပါးမှုများပါတာမတွေ့ရကြောင်း၊ အဲ့ဒါကြောင့် တိုက်ခိုက်တာလို့ မယူဆသင့်ကြောင်း အကျယ်တ၀င့်ရှင်းပြရပါတယ်။
ရိုးစင်းလွန်းတယ်
လူငယ်လေး ပြန်သွားတော့လည်း ဒီအကြောင်းဆက်ပြီး စဉ်းစားနေမိတယ်။ လူတော်တော်များများဟာ ဘယ်ကိစမဆို စဉ်းစားတဲ့အခါမှာ သိပ်ပြီးရိုးစင်းလွန်းတာကို သတိပြုမိတယ်။ သူတို့က ကောင်းတာနဲ့ဆိုးတာ၊ မှား တာနဲ့မှန်တာပဲကြည့်လေ့ရှိတယ်။ လောကကြီးမှာ အကောင်းနဲ့အဆိုး၊ အမှားနဲ့အမှန်၊ အဖြူနဲ့အမည်း၊ ဒွိစုံ၊ ဒွိစုံနှစ် မျိုးတည်းရှိနေကြတာမဟုတ်ဘူးဆိုတာကို စဉ်းစားဖို့ မေ့လျော့နေကြတယ်။ ကိစတစ်ခုဟာ မမှားပေမယ့် အမှားလို့လည်း ပြောလို့မရတာမျိုး၊ မမှန်ပေမယ့် အမှန်လို့လည်း ပြောလို့မရတာမျိုးတွေ ရှိတတ်တယ်။ မိတ်ဆွေ မဟုတ်ပေမယ့် ရန်သူလည်းမဟုတ်တာမျိုး၊ ၇န်သူမဟုတ်ပေမယ့် မိတ်ဆွေလိုလည်း သတ်မှတ်လို့ မရတာမျိုးတွေ ရှိတတ်တယ်။ ဒီအချက်ကို သတိပြုမိသူရှားတယ်။


ဒွိစုံပဲရှိတယ်
ဟိုရှေးပဝေသဏီ ဘုရားကျောင်းတွေကြီးစိုးတဲ့ခေတ်က အတွေးအခေါ်မျိုးတွေ ခုထိမပျောက်သေးတာ တွေ့ရတယ်။ ဘုရားကျောင်းတွေ ကြီးစိုးတဲ့ခေတ်အခါကတော့ ကိုယ့်ဘုရားကို မယုံကြည် မကိုးကွယ်သူတိုင်းကို “ဒိဠိ” လို သတ်မှတ်ပြီး အပြက်ချေမှုန်းလိုက်ကြတာပဲ။ မဟာအလက်ဇန္ဒားခေတ်ကတည်းက ဒီ “ဒွိစုံ” အယူအဆ ကို ကိုင်စွဲပြီး၊ ကိုယ့်ဘုရားကို မယုံသူဟာ မိစ္ဆာဒိဠိပဲ။ အဲဒါကို ဖြေရှင်းနည်းကလည်း “ဒွိစုံ” ပဲ။ “Yield” or “Die” အညံ့ခံပြီး ကိုယ့်ဘုရားကို လက်ခံမလား၊ ဒါမှမဟုတ် အသေခံမလားဆိုတဲ့ လမ်း (၂) သွယ်ပဲ ပေးထားတယ်။ တခြားလမ်းဆိုတာ မပေးထားဘူး။
မတည့်အတူနေ
ဒီနေ့ခေတ်ဟာ ဘုရားကျောင်းကြီးစိုးတဲ့ခေတ်မဟုတ်တော့ဘူး။ ကိုယ့်ဘုရားမဟုတ်တဲ့အခြား ဘုရား တွေကို ယုံကြည်ကိုးကွယ်သူတွေရှိနေတာကို အသိအမှတ်ပြုခံပြီး ငြိမ်းချမ်းစွာ အတူယှဥတွဲနေထိုင်ကြတဲ့ခေတ် ဖြစ်နေပြီ။ “Agree To Disagree” မတူခြားနားချက်တွေ အသီးသီးရှိနေကြတာပါလားလို့ အားလုံးသဘောပေါက် လက်ခံကြတာကို “ယဉ်ကျေးမှုနမူနာစံ” အဖြစ် သတ်မှတ်ထားတဲ့ခေတ်ဖြစ်နေပြီ။
ကြက်တူရွေးစနစ်ကို စွန့်ပယ်
ရှေးကတော့ ကိုယ်ကိုးကွယ်တဲ့ဘုရားရဲ့ နှုတ်ကပတ် (မုကခပါဠိ) တော်တွေကို အလွတ်ရအောင် ကျက်မှတ်ပြီး ပြန်ရွတ်ပြတက်သူကို ပညာရှိ (ဘုန်းကြီး) အဖြစ်သတ်မှတ်ခဲ့ကြတယ်။ ဒီကြက်တူရွေးအလွတ် ကျက် (Rote Learning) ဟာ ဒီခေတ်လူ့အဖွဲ့အစည်းနဲ့ မလျော်ညီတော့ဘူးဆိုပြီး စွန့်ပစ်ခဲ့ကြပြီ။ အဲ့ဒီနေရာမှာ စာသင်သားရဲ့ ပိုင်းခြားဝေဖန်သုံးသပ်တဲ့ ဆင်ခြင်ဥာဏ် (Critical Thinking) နဲ့ ကိုယ်တိုင်ဖန်တီးမှု (Creativity Thinking) ကို အဓိကထားတဲ့ သင်ကြားရေးစနစ်ကို အစားထိုးခဲ့ကြတယ်။
ငြင်းခုံတတ်အောင်လုပ်
ဒီစနစ်မှာ ကျောင်းသားကိုယ်တိုင်ရဲ့ စွမ်းဆောင်မှုကို အဓိကထားရတယ်။ အဲ့ဒါကြောင့် ရှေးအစဉ်အလာ ဆရာအဓိကသင်ကြားရေးစနစ် (Teacher Centered Teaching Method) အစား ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ် (Children Centered Teaching/ Learning Method) “CCTL” အသုံးပြုလာကြတယ်။ ဒီ CCTL စနစ်မှာ ကျောင်းသားတွေရဲ့ စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေးပြီး၊ ကျောင်းသားတွေမှာ မေးမြန်းချင်စိတ်၊ ငြင်းခုံချင်စိတ်၊ စောဒကတက်ချင်စိတ်တွေ ဖြစ်လာအောင် အခြေအနေကို ဖန်တီးပေးတယ်။ ဆရာက အဖြေကို ပြောမပြဘဲ ကျောင်းသားကိုယ်တိုင်ပိုင်းခြားဝေဖန်သုံးသပ်ခြင်း အဖြေရအောင် ထုတ်ယူစေတယ်။
မတူတိုင်းရန်သူမဟုတ်
အဲ့ဒီ CCTL စနစ်ဟာ အရှေ့တိုင်းနိုင်ငံများမှာ စတင်ကျင့်သုံးတာ ဘာမှမကြာသေးတော့ လူ့အဖွဲ့ အစည်းအတွင်း ပျံ့နှံမလာသေးဘူး။ အဲ့ဒါကြောင့် ငြင်းခုံတာ၊ စောဒကတက်တာ၊ ဝေဖန်ပိုင်းခြားတာကို ရန်လိုတဲ့ အပြုအမူအဖြစ် သဘောထားနေကြသေးတာဖြစ်တယ်။ ငါနဲ့မတူ ငါ့ရန်သူလို့ ယူဆနေကြသေးတာဖြစ်တယ်။ ဒါ ကြောင့် CCTL စနစ်ရဲ့ အတွေးအခေါ်မျိုး ပျံ့နှံ့အောင်လုပ်ပေးဖို့လိုပါတယ်။ ငါနဲ့မတူတိုင်း၊ ငါ့မိတ်ဆွေမဟုတ်တိုင်း ရန်သူဖြစ်သွားကြတာ မဟုတ်ဘူးဆိုတာကို သဘောပေါက်လက်ခံတက်အောင် လုပ်ပေးဖို့လိုပါတယ်။
ငြင်းခုံခြင်းယဉ်ကျေးမှု
မိတ်ဆွေ မဟုတ်ပေမယ့် ရန်သူလည်းမဟုတ်တဲ့သူတွေကို ဘယ်လိုသဘောထားဆက်ဆံရမယ်ဆိုတာ လည်း သိဖို့လိုပါတယ်။ (Agree To Disagree) ဆိုတဲ့ ယဉ်ကျေးမှု နှုန်းစံကို သဘောပေါက်နားလည်ပြီး လက်ခံနိုင်စွမ်းရှိဖို့လည်း လိုပါတယ်။ အဲဒီအတွက် ပိုင်းခြားဝေဖန်သုံးသပ်စဉ်းစားခြင်း (Critical Thinking) အလေ့အထထွန်းကားအောင် လုပ်ပေးရပါမယ်။ ငြင်းငုံခြင်းယဉ်ကျေးမှုအမြစ်တွယ်စေချင်ပါတယ်။

လူထုစိန်ဝင်း
(၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)
(မှတ်ချက် ။ ။ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလထုတ၊် စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၇ တွင် ဖော်ပြပါရှိခဲ့သော ဆရာလူထုစိန်ဝင်း၏ “ငြင်းခုံခြင်းယဉ်ကျေးမှု ထွန်းကားစေချင်” ဆောင်းပါးကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသဖြင့် စာရေးဆရာ၏ အာဘော်နှင့် ဆိုလိုရင်းအတိုင်းပင်ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။ ဒီဆောင်းပါကူးကို မည်သူမဆိုလွတ်လပ်စွာ)

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: