မောင်စူးစမ်း
ဂျေရုဆလင်အလင်္ကာ
“ဂျူးတို့သည် သူတို့သွားလေရာသို့ ဂျေရုဆလင်ကို တစ်ပါတည်း သယ်သွားသည်။ ထိုသို့ သယ်သွား လေ ဂျေရုဆလင်၏ ၀န်ထုပ်ကလည်း ပေါ့ပါးသွားလေးဖြစ်သည်။” ဟု ဆိုရိုးစကားရှိသည်။ အထွက်အမြတ်ထား သော ဂျေရုဆလင်ကို ဂျူးတို့က အလင်္ကာတင်စား ဥပမာ Metaphor ပြုထားခြင်းဖြစ်သည်။ ဂျေရုဆလင်ကို သင်္ကေတအဖြစ် အညွှန်းရှိသလို၊ အစစ်အမှန်အဖြစ်လည်း သရုပ်ဖော်မှုတွေရှိသည်။ ဂျူးဝတ္ထုရေးဆရာတို့သည် သင်္ကေတဖြစ်သော ဂျေရုဆလင်နှင့် တကယ့်ပစုပ္ပန်အစစ်အမှန် ဂျေရုဆလင်တို့ကို နှိုင်းယှဉ်ပြီး ဇာတ်လမ်းဖွဲ့ တတ်ကြသည်။
သင်္ကေတနှင့် အစစ်အမှန် တစ်ခြားစီကွဲလွဲနေမှု ၀ိရောဓိဖြစ်နေမှုတို့ကို ကျောရိုးပြုပြီး ဇာတ်လမ်းဖွဲ့ကြ သည်။ ဥပမာ မကြာသေးမီက ဂျူးဝတ္ထုရေးဆရာ အေဘီရာဟီရှူးဝါး၏ “ဂျေရုဆလင်မှ အမျိုးသမီးတစ်ယောက်” အမည်ရှိ ၀တ္ထုတွင် ဂျေရုဆလင်ကို သင်္ကေတအဖြစ် အများကြီးထည့်သွင်း အသုံးပြုထားသည်။
ဇာတ်လမ်းက ဆိုဗီယက်ယူနီယံအဟောင်းမှ ဂျေရုဆလင်သို့ ရွေ့ပြောင်းလာသော အပျိုတစ်ယောက် အကြောင်းဖြစ်သည်။ တစ်နေ ထိုအမျိုးသမီးသည် အသေခံဗုံးခွဲမှုကြောင့် ဆေးရုံတွင် ကွယ်လွန်သွားသည်။ ဒီအမျိုးသမီး၏ အမည်မသိ။ ဂျူးမဟုတ်ကြောင်းတော့သိသည်။ လစာဖြင့်ပေါင်မုန့်ဖိုတစ်ခုတွင်အလုပ်လုပ်ကြောင်း တော့သိသည်။ အလောင်းကို လာရောက်ရှာဖွေသူ တစ်ယောက်တလေမျှလည်းမရှိသည့် အတွက်အဖြစ်ကဆန်း သည်။ ဒီအဖြစ်အပျက်ဆန်းကို ဂျေရုဆလင်သတင်းစာတစ်စောင်က သတင်းအဖြစ်ရေးသားလိုက်သည်။ သတင်း စာက ပေါင်မုန့်ဖိုပိုင်ရှင်လည်း အကြောင်းကြားစုံစမ်းရာ ဖိုရှင်ကိုယ်တိုင်က မုန့်ဖုတ်လုပ်ငန်းအတွင် အလုပ်သမား တွေများလွန်းသဖြင့် မိမိမုန့်ဖိုမှ အလုပ်သမား ဟုတ်မဟုတ်ကိုပင် မသိပေ။ သို့ဖြင့် ဖိုပိုင်ရှင်က လူသားရင်းမြတ် မန်နေဂျာကို စုံစမ်းခိုင်းသည်။ ဒီလိုစုံစမ်းမှုသည်ပင် ၀တ္ထုကျော်ရိုးဖြစ်သည်။
ကဖေးအိုင်ကွန်း
အသေခံဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသွားသော အမျိုးသမီးသည် သူကိုယ်တိုင်ဂျူးမဟုတ်သော်လည်း ရုရှားမှ အိမ်နီးချင်း ဂျူးတို့ကိုအားကျပြီး ဂျေရုဆလင်တွင် လာရောက်အခြေချနေထိုင်ခြင်းဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သူမသည် ဂျေရုဆလင်ကို သင်္ကေတသဘောအဖြစ် သယ်ယူရုံမျှမက တကယ်လက်တွေ့ တွင် ဂျေရုဆလင်သို့ ရောက်ရှိလာသည်။ သို့သော် ဂျေရုဆလင်ကို သယ်သွားလေ၊ ဂျေရုဆလင်၏ ၀န်ထုပ်ပေါ့ပါး သွားလေဆိုသည့် သဘောမဖြစ်ဘဲ အသေခံဗုံးခွဲမှုထဲ အသက်ဆုံးရှုံးပါသွားသဖြင့် ဂျေရုဆလင်ကို သယ်ရသော ၀န်ထုပ်သည် အလွန်လေးလံလှကြောင်းပေါ်လွင်သွားသည်။ ဂျူးတို့၏ ဂျေရုဆလင်အပေါ် အစွဲကြီးမှုကို ၀တ္ထုရေးပြီး ဝေဖန်ခြင်းဖြစ်ဟန်တူသည်။
ဂျေရုဆလင်သည် ဂျူးတို့၏ အလင်္ကာ ဥပစာသာမက မွတ်ဆလင်တို့၏ အလင်္ကာ ဥပစာလည်းဖြစ် သည်။ မဟာသင်္ကေတဖြစ်သည်။ ယဉ်ကျေးမှုသမိုင်းပြောလျှင် ဂျေရုဆလင်ကို တည်ပြောရသည်။ ဂျူးတို့က ဂျေရုဆလင်ကို မဟာသင်္ကေတ မဟာဥပစာအဖြစ် တင်စားနေချိန်တွင် အမေရိကားတွင် ဂျင်းဘောင်ဘီ၊ ပြင်သစ် တွင် ကဖီးနှင့် ပင်လယ်ကမ်းခြေတို့ကို မျိုးဆက်သစ်တို့ မြတ်နိုးရာအိုင်ကွန် Icons များဖြစ်နေသည်။ ဒီမှာက “လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု” အကြောင်း ပြောသလို ပြင်သစ်တွင် ကဖေးအကြောင်း ပြောကြသည်။
ပြင်သစ်မျိုးဆက်သစ် လူငယ်တို့က ကဖေးဆိုင်တို့တွင် အချိန်ဖြုန်းခြင်းကိုကြိုက်သည်။ အားလပ်ရက်များတွင် ပင်လယ်ကမ်းခြေထွက်ပြီး ပျော်ခြင်းကို ကြိုက်ကြသည်။ ထို့ကြောင့် ပြင်သစ်တွင် ကမ်းခြေတို့သည် အိုင်ကွန်းများဖြစ်ကြရသည်။
စီလီဘရီတီနှင့် ဘစ်ဘီဇနက်
ပြစ်သစ်အစိုးရက ကဖေးဆိုင်တို့တွင် စီးကရက်မသောက်ရဟု အမိန့်ထုတ် တားမြစ်လိုက်သည်။ ပင်လယ်ကမ်းခြေအချို့တွင် ဘီကီနီမ၀တ်ရဟု တားမြစ်သည်။ ကမ်းခြေသို့သွားလျှင် ကားကို အပြိုင်မမောင်းရဟု တားမြစ်သည်။ ထိုသို့ထားမြစ်ပိတ်ပင်ချက်တို့ကို မျိုးဆက်သစ်တို့ မြတ်နိုးသော အိုင်ကွန်းတို့အား တိုက်ခိုက်ခြင်းအဖြစ် ယူဆလာကြသည်။ သင်္ကေတတို့တွင်လည်းကောင်း အိုင်းကွန်းတို့တွင်လည်းကောင်း အလေးချိန်ဝိတ်ရှိသည်။ ဂျေရုဆလင်ကို လူတိုင်း၏မြို့တော်အဖြစ် ထူထောင်ရန် ဒသနပညာရှင်နှင့် အနုပညာ ရှင်တို့က ကြိုးပမ်းကြသည်မှာ သင်္ကေတ၏၀ိတ်ကို လျှော့ချရန်ဖြစ်သည်။ သို့ရာတွင် အသေခံဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေရှိနေခြင်းက ဘာပြသနည်းဆိုလျှင် ဂျေရုဆလင်၏ သင်္ကေတ၀ိတ်သည် လျော့ပါသွားခြင်းမရှိ၊ ပိုပြီးလေး လံလာကြောင်းကို ပြသည်ဟု ယဉ်ကျေးမှုသမိုင်းပညာရှင်တို့က ပြောကြသည်။
အမေရိကန် ဂျင်းဘောင်းဘီသည် အမေရိကန် အိုင်ကွန်ဖြစ်သော်လည်း တစ်ကမ္ဘာလုံး ပျံ့နှံ့သွားသဖြင့် ဂလိုဘယ်အိုင်ကွန်ဖြစ်လာသည်။ ဆဲလ်ဖုန်းတို့ ဂလိုဘယ်အိုင်ကွန်ဖြစ်လာသလို၊ ဂျင်းဘောင်းဘီကလည်း အိုင်ကွန်းဖြစ်နေခြင်းဖြစ်သည်။ လူမှုသိပ္ပံပညာရှင်တို့က အရာဝတ္ထုတစ်ခု အိုင်ကွန်ဖြစ်၇န် နည်းလမ်းနှစ်လမ်းရှိသည်ဟု ထောက်ပြသည်။ ကျော်ကြားသူ စီလီဘရီတီတို့က ထိုအရာဝတ္ထုကို သုံးစွဲလိုက်လျှင် လူတိုင်းလိုက်သုံးသ ဖြင့် အိုင်ကွန်းဖြစ်သွားသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်း ဘိဇနက်အကြီးစားတို့က ထိုအရာဝတ္ထုတို့ကို အများအစားထုတ်လုပ်လိုက်လျှင်လည်း အရာဝတ္ထုသည် အိုင်ကွန်ဖြစ်သွားတော့သည်။ ပထမတော့ ဈေးကွက် အိုင်ကွန်အဖြစ်။ နောက်တော့ ယဉ်ကျေးမှုအိုင်ကွန်အဖြစ် အဆင့်မြင့်သွားသည်။ အိုင်ကွန်ဖြစ်လာပြီဆိုတိုင်း ပြီးပြီဟု စိတ်မချရသေးပေ။ ပြင်သစ်မှ ကဖေးနှင့် ကမ်းခြေတို့ အတိုက် အခိုက်ခံရသလို အတိုက်အခိုက်ခံရနိုင်သည်။ အိုင်ကွန်နှင့် ပေါ်ပင် Fad ခွဲခြားပြောသည်။ မကြာသေးမီက ယူကျွတ်(ဘ်) အမည်ရှိ အင်တာနက် အွန်လိုင်းတစ်ခုပေါ်သည်။ မည်သည့်နည်းလမ်းဖြင့်ရရ ဗွီဒီယိုတို့ကို ယူကျွတ်(ဘ်) အွန်လိုင်းသို့ တင်ပို့နိုင်သည်။ မိမိက ဗွီဒီယိုရယူလိုလျှင်လည်း ယူကျွတ်ဘ်မှ ဆွဲချယူနိုင်သည်။ ဗွီဒီယိုတွေ ဝေမျှသော ၀က်ဘ်ဆိုက်ဖြစ်သည်။
ထိုက်ဝက်ဘ်ဆိုက်က အလွန်ခေတ်စားလာသောအခါ ဂူဂဲလ်အင်တာနက်ကုမ္ပဏီကြီးက ယူကျွတ်ဘ်ကို ၀ယ်လိုက်သည်။ ယခင်က အွန်လိုင်းတွင် ဓာတ်ပုံမျှဝေခြင်းသာရှိခဲ့သော်လည်း ယခုဗွီဒီယိုမှန်သမျှကို မျှဝေလာနိုင် သဖြင့် အွန်လိုင်းရူးသူများကြားတွင် ပေါ်ပင် Fad ဖြစ်လာသည်။ ထိုသို့ပေါ်ပင်အဆင့်မှ အိုင်ကွန်းအဆင့်သို့ ကူးပြောင်းသွားမည့် အရိပ်အယောင်ရှိလာသည်။ ထိုအချိန်တွင် တရားမ၀င်ခွင့်ပြုချက်မရှိသော ဗွီဒီယိုတို့လည်း ၀က်ဘ်ဆိုက်တွင် အလွန်များပြားလာသဖြင့် အကျိုးရှိသူတွေရှိသလို၊ အကျိုးထိခိုက်နစ်နာသူတို့လည်း ရှိလာသည်။ သို့ဖြင့် ဗွီဒီယိုအွန်လိုင်းမျှဝေသော ၀က်ဘ်ဆိုက်ကို ဆန့်ကျင်ကန့်ကွက်သူတွေ အများအပြားပေါ်လာသည်။ ခွင့်ပြုချက်မရသော ဗီဒီယိုပေါင်း သုံးသောင်းကျော်ကို ၀က်ဘ်ဆိုက်မှ ဖယ်ရှားပေးလိုက်ရသည်။
ထိုသို့ပြုလုပ်ခြင်းသည် ၀က်ဘ်ဆိုက်ကိုယ်တိုင်က ဆင်ဆာလုပ်ခြင်းဖြစ်သည်။ မီဒီယာကုမ္ပဏီတို့က ဘက်ဘ်ဆိုက်အပေါ်မတင်မီ ဗွီဒီယိုတို့ကို ဆင်ဆာလုပ် တည်းဖြတ်ရန် တောင်းဆိုသောကြောင့်ဖြစ်သည်။ အစိုးရ တို့၏ ဆင်ဆာမဟုတ်ပေ။ ထို့ကြောင့် ပြောစရာဖြစ်လာသောအချက်မှာ ဗွီဒီယိုမျှဝေသော ၀က်ဘ်ဆိုက်သည် ပေါ် ပင်အဆင့်မှ အိုင်ကွန်းအဆင့်သို့ မကူးပြောင်းမီ အစိုးရမဟုတ်သော ဆင်ဆာနှင့် ထိလာသည်ဟူသော အချက်ဖြစ်သည်။
မောင်စူးစမ်း
(၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ 6 ရက်)
(မှတ်ချက် ။ ။ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလထုတ၊် စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၇ တွင် ဖော်ပြပါရှိခဲ့သော ဆရာမောင်စူးစမ်း၏ “အိုင်ကွန်း သင်္ကေတ ပေါ်ပင်တို့၏ ၀တ် ကြီးလာသလား” ဆောင်းပါးကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသဖြင့် စာရေးဆရာ၏ အာဘော်နှင့် ဆိုလိုရင်းအတိုင်းပင်ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။
မြန်မာဘလော့ခ်ဂါအသိုင်းအ၀ိုင်းအတွင်းမှာလည်း ပေါ်ပင်ယဉ်ကျေးမှုကနေ အိုင်ကွန်အဆင့်-ယဉ်ကျေးမှုအဆင့်သို့ တိုးတက်ရောက်ရှိလာစေရေး ဆန္ဒပြုလိုက်ရပါတယ်။)
Leave a Reply