အံ့ဘုန်းမြတ် (2008.DEC 23)
ဘ၀တစ်ခုကို ပုံသေနည်းတွေနဲ့ပုံဖော်တာနဲ့ စိတ်ခံစားမှုအတိုင်း ပုံဖော်တာ ဘယ်ဟာကောင်းလဲလို့ တစ်နေက အွန်လိုင်းသူငယ်ချင်းတစ်ယောက်မေးတယ်။ ကျွန်တော် ပြတ်သားစွာနဲ့ပဲ စိတ်ခံစားမှုနဲ့ ပုံဖော်တာ ကောင်းတယ်လို့ပြောလိုက်မိတယ်။ ဒါဟာ မှန်သလား။ မှားသလားဆိုတာ အခုအချိန်ထိကျွန်တော်လည်း ကောင်းကောင်းမသိသေးပါ။ ဒါပေမယ့် စိတ်ခံစားမှုကို ဦးစားပေးပြီး ဘ၀ကို ပုံဖော်တာကိုတော့ ပိုကောင်းမယ်လို့တော့ ကျွန်တော် ယူဆထားဆဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ ကိုယ့်ဘ၀အတွက် ကိုယ့်ပုံသေနည်းကို ကိုယ်ထွင်ကြရမှာမို့လို့ပါ။ ကိုယ့်စိတ်ခံစားမှု ရွက်တိုင်အတိုင်း ကိုယ်တိုင်လှော်ခတ်ကြရမှာမို့လို့ပါ။ ကိုယ့်ဘ၀တွက် ရွက်တိုင်ဟာ သူများတကာတွေနဲ့ သမိုင်းနဲ့ချီပြီးပြဌာန်းထားကြတဲ့ ပုံသေညီမျှခြင်း တွေဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ရွက်ဘယ်လွှင့်မှန်းမသိပဲ လှော်ခတ်နေကြရမယ့် ပုံစံမျိုးဖြစ်နေမယ်လို့ ထင်မိ တယ်လေ။
ဒီနေရာမှာ ကျွန်တော်တို့လူငယ်တွေကြားထဲမှာ အများဆုံးကြုံတွေ့ရတာက မိဘအပါအ၀င် ညီအစ် ကိုမောင်နှမတွေရဲ့ ပဲ့ပြင်ထိန်းကြောင်းမှုနဲ့ လမ်းပြမှုတွေအောက်မှာ ဘယ်ရောက်လို့ ရောက်မယ်မှန်းမသိတဲ့ ပန်းတိုင်းကို လှော်ခတ်နေကြရတဲ့ လှေသမားတွေနဲ့တူနေလှပါတယ်။ ဒါကြောင့် ပုံသေညီမျှခြင်းတွေနဲ့ လမ်းညွှန်မှုတွေကိုလိုက်နာဖို့နဲ့ ကိုယ်တိုင်စိတ်ခံစားမှုနဲ့ကိုက်ညီတဲ့အရာတွေကို ရွေးချယ်ကြဖို့ အကြောင်းဖန်လာ တဲ့အချိန်မျိုးတွေမှာ ကိုယ့်ရဲ့စိတ်ခံစားမှုကို ဦးစားပေးဖို့လို့ ဆိုလိုချင်တာပါ။
ဒါပေမယ့် အခုအချိန်မှာ ကိုယ့်ရဲ့ စိတ်ခံစားမှုကတစ်မျိုး တော်ကြာနေရင် တစ်မျိုးဖြစ်မနေဖို့တော့ အထူးအရေးကြီးပါတယ်။ ဘယ်အရာကိုပဲလုပ်လုပ် အချိန်တန်ရင် ကိုယ်ရဲ့ ရင်းနှီးပေးဆပ်မှုနဲ့ ထိုက်တန်တဲ့ အရာ တွေကို တန်ရာတန်ကြေးအဖြစ် ပြန်လည်ရရှိမှာဖြစ်လို့ပါပဲ။ စိတ်ခံစားမှုတွေထဲမှာ အပြောင်းအလဲတွေများ နေမယ်ဆိုရင်တော့ ကိုယ့်ဘက်က မတန်တရာပေးဆပ်မှုတွေရှိပေမယ့်လည်း ကိုယ်ပြန်လည်ရရှိမယ့် အကျိုးတရား အကြောင်းတရားတွေဟာ တန်ရာတန်ကြေးတော့ ဖြစ်မနေနိုင်ပါဘူး။ စိတ်ခံစားမှုအတိုင်း ဆုံးဖြတ်ခဲ့တာ တွေကို တစိုက်မက်မက်လုပ်ဆောင်ကြဖို့တော့လိုပါလိမ့်မယ်။ လောကကြီးမှာ ဘယ်အရာကိုမှ အလကားမရနိုင် ဘူးဆိုတာ နှလုံးသွင်းထားသင့်ပါတယ်။ တစ်ခုပေးမှ တစ်ခုရတာပါ။ အခုအချိန်မှာ အောင်မြင်မှုမရရှိဘူးလို့ ကျွန်တော်အပါအ၀င် လူငယ်တွေ ပြောဆိုနေကြတာ တော်တော်များများပြောဆိုနေ ကြတာတွေ့ရပါတယ်။ ဒီနေရာမှာ ကိုယ့်ဘက်က ဘယ်လောက်ပေးဆပ် ရင်းနှီးခဲ့ရလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မညှာမတာစစမ်း ပြန်တွေးကြည့်လိုက်ကြပါလို့ ပြောချင်ပါတယ်။ ကိုယ်ဘက်က ဘာတွေကြိုးစားခဲ့လို့ ကိုယ်ပြန်ရတာနဲ့ မတန်ဘူး လို့ ပြောဆိုနေရတာလဲဆိုတာ သူများမျက်ချေးထက် ကိုယ့်မျက်ချေးကိုယ်ပြန်အောင် ကြိုးစားကြည့်ပါ။ ဒါဆိုရင်.. အမြင်မှန်တစ်ချို့ကို ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါအပြင် စကားလုံးတွေနဲ့မဟုတ်ပဲ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့လိုပါတယ်။ ဘာအရိပ်အယောင်မှမရှိဘဲ ဘာအိပ်မက်မှ မက်လေ့မရှိဘူး ဆိုတာ မျက်မ မြင်တွေကသက်သေပါ။ သူတို့အိပ်မက်မှာ ကျွန်တော်တို့လို အရိပ်အယောင်တွေမရှိပဲ အသံလှိုင်းတွေနဲ့သာ အိပ်မက် မက်ကြရတယ်လို့ ပြောပြကြပါလိမ့်မယ်…ဒါပါပဲ.. ကိုယ်တိုင်မမြင်ဘူးပဲ အိပ်မက် မက်လို့မရပါဘူး။ ကိုယ် တိုင်အမြင်အာရုံရှိအောင်လုပ်ကြရမယ်.. ကိုယ်တိုင် မက်စရာအိပ်မက်ကို ခေါင်းထည်းမှာ ထည့်ဖို့လိုပါတယ်။ ကျွန်တော်က ဒီလိုတွေပြောလို့ ဒီကောင်ကြီးကြီးကျယ်ကျယ်နဲ့လို့ ထင်ချင်ထင်ကြပါမယ်.. ထင်လည်း မတက်နိုင်ပါ။ ကျွန်တော် စိတ်ထင်ရာကို ပြောဆိုနေချင်းမျှသာဖြစ်ပါသည်။ လိုက်လံတွေးတောကြည့်ကြစေချင်တဲ့ စေတ္တာတစ်ခုသာရှိပါတယ်။
အံ့ဘုန်းမြတ် (2008.DEC 23)
အတွေးနဲ့အရေးကို သိပ်သဘောကျတယ်ဗျာ
LikeLike
ဒီ Blogလေးကို အခုမှ သတိထားမိတာ ။ အရမ်းကောင်းတဲ့ ပို့စ်တွေနဲ့ လူကြီးဆန်တဲ့ အရေးသားတွေကို မြင်နေရတယ် ကောင်းတယ် အစ်ကို နောက်လည်း အမြဲလာလည်လို့ရအောင် လင့်ပါယူသွားတယ် ။ ကျေးဇူးပါ
ဆော်ဝါဒီခပ် :)
LikeLike
အင်မတန်ကောင်းတဲ့ အတွေးအမြင်ပါ။
စာလုံးပေါင်းလေးများ အကြံပြုပါရစေ။
ပျက်သား – ပြတ်သား
လှော်ခက် – လှော်ခတ်
ပဲပြင် – ပဲ့ပြင်
အိမ်မက် – အိပ်မက်
အားပေးပါသည်။ ဆက်လက်၍ လာဖတ်ပါဦးမည်။
LikeLike