Archive for

လူဆိုတာ ကိုယ့်တန်ဘိုးနဲ့ကိုယ်… သူတန်ဘိုးနဲ့သူရှိဖို့လိုတယ်


ကျွန်တော် ပထမနှစ်ကျောင်းသားလောက်က ဖတ်ခဲ့ဘူးတဲ့ ဆရာဇော်ဂျီရဲ့ ပလေတိုနိဒါန်း စာအုပ်ထဲက အကြောင်းအရာတစ်ချို့ပြန်သတိရမိတယ်… “နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ကျင့်တရားဟာ ကျောက်တုံး တစ်တုံး သစ်မြစ်တစ်မြစ်ပေါ်မှာ ဖြစ်တည်လာတာမဟုတ်ဘူး။ အဲ့ဒီနိုင်ငံမှာ နေထိုင်နေကြတဲ့ နိုင်ငံသားတစ် ယောက်ချင်းစီရဲ့ ကိုယ်ကျင့်တရားပေါ်မှာ မှီတင်းဖြစ်ပေါ်လာတာ” ဆိုတဲ့ စာသားပါ အမှန်အတိုင်း ၀န်ခံရရင် အဲ့ဒီအချိန်တုန်းက ကျွန်တော် ဒီအတွေးအခေါ်ရဲ့ အတိမ်အနက် ဘယ်လောက်အထိရှိတယ်ဆိုတာ မသိခဲ့ တာအမှန်ပါ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အဲ့ဒီအတွေးအခေါ်အပိုင်းအစလေးတစ်ခုရဲ့ အတိမ်အနက်ကို သိလာ ခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့မှီတင်နေထိုင် ကျင်လည်နေကြတဲ့ လူ့အဖွဲ့အစည်းရဲ့ တန်ဘိုးကို စံနှုံးသတ်မှတ်တော့မယ်ဆိုရင် တစ်ဦးတစ်ယောက်ချင်းရဲ့ အပြုအမူ၊ ကိုယ်ကျင့်တရားတွေနဲ့ စံနှုံးသတ်မှတ်လို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ကျင်လည်ရာ လူ့အဖွဲ့အစည်းနဲ့ အသိုင်းရဲ့ အပြုအမူနဲ့ ကိုယ်ကျင့်တရားတွေကသာ စံနှုံးသတ်မှတ်ချက်တွေကို ပေးသွားမှာဖြစ်ပါတယ်။

ဆယ်တန်းအောင်စက ဖတ်ခဲ့ဘူးတဲ့ဆရာနန္ဒသိန်းဇံရဲ့ “ကိုယ်ကျင့်တည်ကြည်ခြင်းနဲ့ အဆင့်မြင့်ခရီးစဉ်” ဆိုတဲ့ထဲက ဒီအကြောင်းအရာနဲ့ တိုက်ဆိုင်တဲ့ အကြောင်းအရာလေး တစ်ခုနဲ့လည်း ကျွန်တော်ချိန်ထိုးစဉ်းစား ကြည့်မိပါတယ်။ ဆရာကတော့ အပေါင်းအသင်းမိတ်ဆွေဆိုတဲ့အပေါ် ပြောဆိုထားတယ်လို့တော့ ထင်တာပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ လူ့အဖွဲအစည်းဆိုတဲ့ ရှု့ထောင့်ကနေပဲ စဉ်းစားချင်ပါတယ်။ လူတစ်ယောက်ဟာ ဖက်ရွက်တစ်ရွက်လိုပါပဲ။ မွှေးကြိုင်သင်းပျံတဲ့ ပန်းတွေကိုထုပ်ထားတဲ့ ဖက်ရွက်ဆိုရင်တော့ ပန်းရဲ့သင်းပျံကြိုင် လှိုင်တဲ့ ရနံ့တွေကို ဆွဲမြဲနေစေမှာဖြစ်သလို ညစ်ပတ်နံစော်တဲ့မစင်ကို ထည့်ပြီးထုပ်မယ်ဆိုရင်တော့ ညစ်ပတ်နံ စော်တဲ့ မစင်ရဲ့ရနံ့ပဲဆွဲမြဲနေစေမှာလို့ ဆိုထားတာပါ။ ဒါကို ကျွန်တော် ပြောင်းပြန် ပြန်ပြီးတွေးကြည့်လိုက်တော့ ကျွန်တော်တို့ဟာ လူတစ်ဦးတစ်ယောက်အနေနဲ့ မကောင်းတဲ့ ညစ်ညမ်းမှုတွေနဲ့ လူအဖွဲ့အစည်း၊ လူ့အခွင့် အရေးတွေကိုခက်လွယ်လွယ်ချိုးဖောက်တဲ့ လူ့အဖွဲ့အစည်း၊ ကြီးနိုင်ငယ်ညှင်း လူ့အဖွဲ့အစည်းအတွင်းမှာ ရှင်သန် လာရတယ်ဆိုတော့ ကျွန်တော်တို့မှာ ကိုယ့်ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေ စွန်းထင်လာစေနိုင်တာ သဘာဝပါ။ ကောင်းမွန်သန့်ရှင်းတဲ့ လူ့အဖွဲ့အစည်းနဲ့တူတဲ့ လူ့အခွင့်အရေးပြည့်ဝမှု အပြန်အလှန်လေးစားမှုရှိတဲ့ လူ့အဖွဲ့ အစည်းအတွင်းမှာ ရှင်သန်ခဲ့ကြမယ်ဆိုရင်တော့ ကျွန်တော်တို့တတွေဟာ အမွေးရနံ့ထုံသင်းပျံ နေနိုင်မှာပဲဖြစ် ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်မှာတော့ မကောင်းတဲ့အခြေအနေကများနေတော့ ကျွန်တော်တို့ ဟာ မကောင်းမှုတွေ စွန်းထင်နေမိခဲ့ကြပါတယ်။

ဒီလိုဖြစ်မှာကို ကြိုသိနေတဲ့ဆရာကပဲ “ကြာ” ဆိုတဲ့ စာအုပ်လေးနဲ့ “ကြာ” ရဲ့ အဓိပ္ပါယ်တွေ ကျွန် တော်တို့ကို ဖွင့်ဆိုပြသခဲ့ပါတယ်။ ကြာဆိုတာဟာ ညစ်ညမ်းတဲ့ ရေရဲ့အောက်ဆုံးအပိုင်းကနေစပြီး ဖောက်ဖွား ခဲ့ပေမယ့် ပန်းအဖြစ် သူပွင့်လန်းလာချိန်မှာတော့ သူဖြတ်သန်းရှင် သန်ခဲ့တဲ့ ညစ်ညမ်းမှုတွေ တစ်ခုမှ မပါရှိအောင် အစွမ်းကုန်လှပအောင် ဖူးပွင့်ဝေဆာတော့ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် သင်ခန်းစာယူစရာပါ။ ကျွန်တော်တို့လူငယ်ဟာ ကြိုးနီစနစ်တွေနဲ့ ဖုတ်ဖုတ်ညက်ညက်ကြေနေတဲ့ ရှေ့သွားလူ့အဖွဲ့အစည်းတွေရဲ့ ပိတ်ဆိုဟန့်တားမှုတွေနဲ့ တစ်သွေးတစ်သံတစ်မိန့်တွေကို များပြားစွာဖြတ်သန်းနေကြရပါတယ်။ ဒီလိုအဖြစ် အပျက်တွေဟာ ကျွန်တော်တို့အတွက် အစွမ်းကုန်ပွင့်လန်းနိုင်စေဖို့ မြေသြဇာတွေဖြစ်တယ်ဆိုပြီး သင်ခန်းစာယူ နိုင်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်မိပါတယ်။

ဒါကြောင့် လူငယ်တွေမှာ ပြည့်ဝတဲ့လူမှုပတ်ဝန်းကျင်လိုအပ်တယ်လို့ ခဏခဏပြောတက်တဲ့ မြန်မာလူမှု အဖွဲ့အစည်းအတွင်းက ပညာတက်လူတန်းစားတွေလို့ ကိုယ့်ကိုယ်ခေါင်းစဉ်တပ်ထားကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ လူငယ် တွေအပေါ် တန်ဘိုးလျှော့တွက်ချက်မှုတွေကို လျှော့ပေါ့စေချင်တယ်လို့ ဆိုချင်ပါတယ်။ လူငယ်တွေအတွက် ပြည့်ဝတဲ့ ချမ်းသာတဲ့ လူ့မှုပတ်ဝန်းကျင်သာ လွယ်လင့်တကူရှိနေမယ်ဆိုရင် အချောင်နေ အချောင်စားစိတ် ဓာတ်နဲ့ လုပ်ငန်းခွင်တစ်ခုကိုလည်ပတ်အောင် မောင်နှင်စေနိုင်တဲ့ မောင်နှင်သူသာသာအဆင့်ရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကိုပဲ မွေးထုတ်နိုင်မှာဖြစ်လို့ပါပဲ။ တစ်သွေးတစ်သံတစ်မိန့်ကိုလိုက်နာ ရုပ်လုံးဖော်တက်တဲ့ အခိုင်းအစေခံ လူ့အရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်မှာမို့လို့ပါပဲ။ အင်္ဂလိပ်လိုပြောတက်ရင် ပညာတက်ဖြစ်ပြီ လို့ ယူဆထားတဲ့ မြန်မာလူမှုအဖွဲ့အစည်းအတွက် ပြောသမျှလိုက်လုပ်ပေးမယ့် အခိုင်းအစေခံ ၀န်ထမ်းတွေ ရှားပါးနေတာကို ဖြည့်တင်းဖို့အတွက် ဒီလိုအိုင်ဒီယိုလိုဂျီတွေနဲ့ လူငယ်တွေကို လစ်ဟနေတဲ့ ပညာရေးစနစ်ကို အခြေပြုပြီး ပညာတက်ကျွန်ဖြစ်အောင် အမှောင်ချနေခြင်းလို့ ဆိုချင်ပါတယ်။ လူငယ်တွေမှာ ကိုယ်ပိုင်ဖန်တီးခွင့် အခွင့်အရေးတွေပေးဖို့လိုပါတယ်။ လုံးစေပတ်စေဆရာလုပ်ပြပြီး လူငယ်တွေ အလွယ်မလိုက်အောင် လုပ်ပေးဖို့ လိုပါတယ်။ ခက်တာက လက်ရှိမြန်မာလူ့အဖွဲ့အစည်းအတွင်းထဲမှာကလည်း ကိုယ့်အတ္တ၊ ကိုယ့်အကျိုးစီးပွားနဲ့ ယှဉ်တွဲလာရင် ဘယ်သူကမှ အတ္တကို မလျှော့ပေါ့ပေးကြတဲ့အခြေအနေမျိုးပါ။ ဒါကြောင့် မြန်မာပြည်လွတ်လပ် ရေးဖို့အတွက် တိုက်ပွဲဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ သခင်းဘသောင်းတဲ့ အတွေးအခေါ်လေးနဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်ကြိုးစားကြဖို့ သူငယ်ချင်းအချင်းချင်း ညီအစ်ကိုအချင်း တိုက်တွန်းချင်ပါတယ်။ ဒီစကားလေးက တော့ အားလုံးသိထားကြပြီးသားဖြစ်မှာပါ။ “လူတိုင်း လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ်ခေါင်းဆောင်နေကြတာပဲ… ဘယ်သူရဲ့ အခိုင်းအစေခံ… အမောင်းနှင်ခံမဖြစ်စေနဲ့” ဆိုတဲ့ စကားလုံးလေးပါ။ ၀ါကျတိုတိုလေးနဲ့ အဓိပ္ပါယ်က တော့ အရမ်းကို ရှင်းလင်းပတ်သားလွန်းလှပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်ကိုယ်ခေါင်းဆောင်မှုအောက်မှာ တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကိုယ်ကျင့်တရားတွေကို ဗဟိုပြုပြီး ကိုယ့်ပတ်ဝန်းကျင်က မစင်ပတ်ဝန်းကျင် ဖြစ်နေဦး ကိုယ့်မှာ မစင်နံမစွဲထင်အောင် “ကြာ” တို့ရဲ့ ပုံစံမျိုးနဲ့ သူများအမောင်းအနှင်ခံမဖြစ်ရအောင် ကြိုးစားကြ ဖို့လိုတယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ အံ့ဘုန်းမြတ်ဆိုတဲ့ တောင်စဉ်ရေမရတွေ လျှောက်ရေးနေပြန်လို့ တွေးချင် လည်းတွေးကြပါ။ မကြေနပ်လို့ သဘောထားမတိုက်ဆိုင်လို့ မေးလ်ပို့ပြီးဆဲချင်လည်းဆဲကြပါ။ ကျွန်တော်ကတော့ လူတိုင်းလူတိုင်းကို ကိုယ်ကျင့်တရားကို ဗဟိုပြုထားတဲ့ လူတွေလို့ပဲ တန်ဘိုးထားပါတယ်။

အံ့ဘုန်းမြတ်

2008.DEC (29)

ဆုံးဖြတ်ချက်ဆိုတာ ပျက်သားရမယ်…..


အံ့ဘုန်းမြတ် (2008.DEC 23)

ဘ၀တစ်ခုကို ပုံသေနည်းတွေနဲ့ပုံဖော်တာနဲ့ စိတ်ခံစားမှုအတိုင်း ပုံဖော်တာ ဘယ်ဟာကောင်းလဲလို့ တစ်နေက အွန်လိုင်းသူငယ်ချင်းတစ်ယောက်မေးတယ်။ ကျွန်တော် ပြတ်သားစွာနဲ့ပဲ စိတ်ခံစားမှုနဲ့ ပုံဖော်တာ ကောင်းတယ်လို့ပြောလိုက်မိတယ်။ ဒါဟာ မှန်သလား။ မှားသလားဆိုတာ အခုအချိန်ထိကျွန်တော်လည်း ကောင်းကောင်းမသိသေးပါ။ ဒါပေမယ့် စိတ်ခံစားမှုကို ဦးစားပေးပြီး ဘ၀ကို ပုံဖော်တာကိုတော့ ပိုကောင်းမယ်လို့တော့ ကျွန်တော် ယူဆထားဆဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ ကိုယ့်ဘ၀အတွက် ကိုယ့်ပုံသေနည်းကို ကိုယ်ထွင်ကြရမှာမို့လို့ပါ။ ကိုယ့်စိတ်ခံစားမှု ရွက်တိုင်အတိုင်း ကိုယ်တိုင်လှော်ခတ်ကြရမှာမို့လို့ပါ။ ကိုယ့်ဘ၀တွက် ရွက်တိုင်ဟာ သူများတကာတွေနဲ့ သမိုင်းနဲ့ချီပြီးပြဌာန်းထားကြတဲ့ ပုံသေညီမျှခြင်း တွေဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ရွက်ဘယ်လွှင့်မှန်းမသိပဲ လှော်ခတ်နေကြရမယ့် ပုံစံမျိုးဖြစ်နေမယ်လို့ ထင်မိ တယ်လေ။

ဒီနေရာမှာ ကျွန်တော်တို့လူငယ်တွေကြားထဲမှာ အများဆုံးကြုံတွေ့ရတာက မိဘအပါအ၀င် ညီအစ် ကိုမောင်နှမတွေရဲ့ ပဲ့ပြင်ထိန်းကြောင်းမှုနဲ့ လမ်းပြမှုတွေအောက်မှာ ဘယ်ရောက်လို့ ရောက်မယ်မှန်းမသိတဲ့ ပန်းတိုင်းကို လှော်ခတ်နေကြရတဲ့ လှေသမားတွေနဲ့တူနေလှပါတယ်။ ဒါကြောင့် ပုံသေညီမျှခြင်းတွေနဲ့ လမ်းညွှန်မှုတွေကိုလိုက်နာဖို့နဲ့ ကိုယ်တိုင်စိတ်ခံစားမှုနဲ့ကိုက်ညီတဲ့အရာတွေကို ရွေးချယ်ကြဖို့ အကြောင်းဖန်လာ တဲ့အချိန်မျိုးတွေမှာ ကိုယ့်ရဲ့စိတ်ခံစားမှုကို ဦးစားပေးဖို့လို့ ဆိုလိုချင်တာပါ။

ဒါပေမယ့် အခုအချိန်မှာ ကိုယ့်ရဲ့ စိတ်ခံစားမှုကတစ်မျိုး တော်ကြာနေရင် တစ်မျိုးဖြစ်မနေဖို့တော့ အထူးအရေးကြီးပါတယ်။ ဘယ်အရာကိုပဲလုပ်လုပ် အချိန်တန်ရင် ကိုယ်ရဲ့ ရင်းနှီးပေးဆပ်မှုနဲ့ ထိုက်တန်တဲ့ အရာ တွေကို တန်ရာတန်ကြေးအဖြစ် ပြန်လည်ရရှိမှာဖြစ်လို့ပါပဲ။ စိတ်ခံစားမှုတွေထဲမှာ အပြောင်းအလဲတွေများ နေမယ်ဆိုရင်တော့ ကိုယ့်ဘက်က မတန်တရာပေးဆပ်မှုတွေရှိပေမယ့်လည်း ကိုယ်ပြန်လည်ရရှိမယ့် အကျိုးတရား အကြောင်းတရားတွေဟာ တန်ရာတန်ကြေးတော့ ဖြစ်မနေနိုင်ပါဘူး။ စိတ်ခံစားမှုအတိုင်း ဆုံးဖြတ်ခဲ့တာ တွေကို တစိုက်မက်မက်လုပ်ဆောင်ကြဖို့တော့လိုပါလိမ့်မယ်။ လောကကြီးမှာ ဘယ်အရာကိုမှ အလကားမရနိုင် ဘူးဆိုတာ နှလုံးသွင်းထားသင့်ပါတယ်။ တစ်ခုပေးမှ တစ်ခုရတာပါ။ အခုအချိန်မှာ အောင်မြင်မှုမရရှိဘူးလို့ ကျွန်တော်အပါအ၀င် လူငယ်တွေ ပြောဆိုနေကြတာ တော်တော်များများပြောဆိုနေ ကြတာတွေ့ရပါတယ်။ ဒီနေရာမှာ ကိုယ့်ဘက်က ဘယ်လောက်ပေးဆပ် ရင်းနှီးခဲ့ရလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မညှာမတာစစမ်း ပြန်တွေးကြည့်လိုက်ကြပါလို့ ပြောချင်ပါတယ်။ ကိုယ်ဘက်က ဘာတွေကြိုးစားခဲ့လို့ ကိုယ်ပြန်ရတာနဲ့ မတန်ဘူး လို့ ပြောဆိုနေရတာလဲဆိုတာ သူများမျက်ချေးထက် ကိုယ့်မျက်ချေးကိုယ်ပြန်အောင် ကြိုးစားကြည့်ပါ။ ဒါဆိုရင်.. အမြင်မှန်တစ်ချို့ကို ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါအပြင် စကားလုံးတွေနဲ့မဟုတ်ပဲ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့လိုပါတယ်။ ဘာအရိပ်အယောင်မှမရှိဘဲ ဘာအိပ်မက်မှ မက်လေ့မရှိဘူး ဆိုတာ မျက်မ မြင်တွေကသက်သေပါ။ သူတို့အိပ်မက်မှာ ကျွန်တော်တို့လို အရိပ်အယောင်တွေမရှိပဲ အသံလှိုင်းတွေနဲ့သာ အိပ်မက် မက်ကြရတယ်လို့ ပြောပြကြပါလိမ့်မယ်…ဒါပါပဲ.. ကိုယ်တိုင်မမြင်ဘူးပဲ အိပ်မက် မက်လို့မရပါဘူး။ ကိုယ် တိုင်အမြင်အာရုံရှိအောင်လုပ်ကြရမယ်.. ကိုယ်တိုင် မက်စရာအိပ်မက်ကို ခေါင်းထည်းမှာ ထည့်ဖို့လိုပါတယ်။ ကျွန်တော်က ဒီလိုတွေပြောလို့ ဒီကောင်ကြီးကြီးကျယ်ကျယ်နဲ့လို့ ထင်ချင်ထင်ကြပါမယ်.. ထင်လည်း မတက်နိုင်ပါ။ ကျွန်တော် စိတ်ထင်ရာကို ပြောဆိုနေချင်းမျှသာဖြစ်ပါသည်။ လိုက်လံတွေးတောကြည့်ကြစေချင်တဲ့ စေတ္တာတစ်ခုသာရှိပါတယ်။

အံ့ဘုန်းမြတ် (2008.DEC 23)

ခေတ်သစ်မြန်မာစာပေမှာ ရသစာပေအားနည်းသွားရသော အကြောင်းအရင်းများ


ကျွန်တော် စာပေအင်တာဗျူးတစ်ချို့လုပ်ခဲ့ဘူးပါတယ်။ အချို့စာရေးဆရာတွေက ရသရေစီးပြောင်းသွား ပြီ။ ရသစာပေတွေအားနည်းသွားပြီလို့ ပြောဆိုကြတာမျိုးတွေလည်းရှိပါတယ်။ ဒီအပေါ်ကို မော်ဒန်စာရေးဆရာ တစ်ဦးဖြစ်တဲ့ မင်းခိုက်စိုးစန်ကတော့ ရသစာပေတွေ အားနည်းသွားပြီဆိုတဲ့အပေါ်ကို အခုလို ဆိုခဲ့ဘူးပါတယ်။ ရသစာပေအားနည်းသွားပြီဆိုတဲ့နေရာမှာ မြန်မာနိုင်ငံမှာ ရှိရှိသမျှရသစာပေတွေအားလုံးဟာ ပေါ့ပျက်ပျက်တွေဖြစ် သွားပြီလို့ ဆိုလိုရာရောက်ပါတယ်။ ဒါပေမယ့် ဆရာမင်းလူတို့လို ဆရာနီကိုရဲတို့ရဲ့ စာတွေကြည့်လိုက်မယ်ဆိုရင် တော့ ဟာသရသမှာ အားနည်းမနေသေးဘူးလို့ ဆိုလို့ရမှာဖြစ်ပါတယ်။ ဒီလိုပဲ သစ္ဆေ၊ သရဲဝတ္ထုတွေမှာဆိုရင်လည်း ဘယနကရသပိုင်းမှာ အားနည်းမှုမရှိဘူးလို့ထင်ပါတယ်။ ဒီတော့ ဘယ်လိုရသမျိုးတွေ အားနည်းသွားတာလဲဆိုတာ ကို အသေးစိတ် ပြန်လေ့လာစမ်းစစ်ဖို့လိုနေပါသေးတယ်။ လို့ ဆိုခဲ့ဘူးပါတယ်။

ဟုတ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်အမြင်ကို နည်းနည်းပြောပြချင်ပါတယ်။ မြန်မာစာပေလောကဈေး ကွက်ကို အခြေတည်ပြီး စဉ်းစားဖို့လိုမယ်လို့ မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ စာပေနဲ့ ဘ၀ရပ်တည်တဲ့ စာရေးဆရာတွေမှာ ဘ၀ရပ်တည်မှုအတွက် ငွေကြေးဟာ အတိုင်းအတာတစ်ခုထိ လိုအပ်ပါ တယ်။ ဒါကြောင့် သူတို့လုပ်ချင်တာနဲ့ ရေးချင်ကြတဲ့အကြောင်းအရာမျိုးတွေထက် ဈေးကွက်တန်းဝင်မယ့် စာမျိုး တွေ ပိုမိုရေးသားနေကြရတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါဟာ ခံယူချက်တွေ ယုံကြည်ချက်တွေမဆိုင်ပါဘူး။ ဘ၀ရပ်တည်မှုနဲ့ လူနေမှုအဆင့်အတန်းမြင့်မားလိုမှုတွေနဲ့ပဲဆိုင်တယ်လို့ ကျွန်တော်မြင်မိပါတယ်။ အခုအချိန် ဟာ (၂၁) ရာစုကို ရောက်နေပြီဖြစ်တဲ့အချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးရဲ့ သုံးပုံနှစ်ပုံဟာ အစိုးရတွေရဲ့ ပြုပြင်ပြောင်းလဲရေးနဲ အမျိုးသားအကျိုးစီးပွား အမျှော်အမြင်တွေကြောင့် လူနေမှုအဆင့်အတန်းတိုးတက်မှုတွေ ရှိနေပေမယ့် ကျွန်တော်တို့ဆီမှာတော့ လက်ကိုင်ဖုန်းတစ်လုံးကိုင်နိုင်ဖို့အတွက် တော်တော်မလွယ်ကူလှတဲ့ အခြေအနေပါ။ ဒီလိုအခြေအနေမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းအရ မိမိရဲ့ဘ၀သာယာဆိုပြေဖို့အတွက် မိမိ တို့ ကျွမ်းကျင်ပိုင်ရာ အသက်မွေးဝမ်းကြောင်းမှုတွေနဲ့ ဘ၀ရဲ့ အောင်မြင်မှုကို ငွေကြေးနဲ့ တည်ဆောက်ယူကြရပါ တယ်။ ဒီလိုဘ၀ဖြတ်သန်းမှုပုံစံဟာလည်း စာပေနဲ့အသက်မွေးဝမ်းကြောင်းပြုသူတွေဆီကို အတိုင်းအတာတော် တော်များများ ရိုက်ခက်မှုတွေရှိနေပါတယ်။ ဒါကြောင့် ဈေးကွက်မှာ တန်းဝင်မယ့် စာမျိုးတွေကို အဓိကထားပြီး ရေးသားကြရာက စတင်တယ်လို့ ပြောရင်မှန်နိုင်မှာပါ။

ကျွန်တော်အမြင်ကိုပြောရရင် မီဒီယာလုပ်ငန်းမှာ နှစ်မျိုးနှစ်စားရှိနေပါတယ်။ တစ်မျိုးကတော့ အလှူငွေ တို့ ရန်ပုံငွေတို့နဲ့၊ မီဒီယာလုပ်ငန်းကို လုပ်ကိုင်တဲ့ပုံစံနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပုံစံ အရှုံးအမြတ်နဲ့ အလုပ်လုပ်ကြရတဲ့ပုံစံမျိုးပါ။ ရန်ပုံငွေနဲ့ ရပ်တည်တဲ့မီဒီယာတွေဟာ စီးပွားရေးလုပ်ငန်းပုံစံလုပ်ကိုင်ရတဲ့ မီဒီယာ တွေထက် ခံယူချက်ပိုင်းဆိုင်ရာတွေမှာ ပိုမိုသာလွန်တယ်လို့ ပြောလို့ပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်း ပုံစံရပ်တည်ကြရတဲ့ မီဒီယာတွေမှာတော့ အရှုံးအမြတ်ကို စဉ်းစားနေရတဲ့အတွက် တင်ပြမှုတစ်ခုမှာ ပရိသတ် စိတ်ဝင်စားမှုရှိမရှိ အဲ့ဒီစိတ်ဝင်စားမှုမှာ (ပရိသတ်အပေါ် လွှမ်းမိုးနိုင်မှု) အပေါ် မူတည်ပြီး သူရဲ့ စီးပွားရေးလုပ် ငန်းကို လည်ပတ်ရတာဖြစ်တဲ့အတွက် ပရိသတ်စိတ်မ၀င်စားမယ့်အရာ၊ ပရိသတ်စိတ်ဝင်စားမှုနည်းပါးမယ့် အရာ တွေကို လျှော့ပြီး ပရိသတ်စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို များများတင်ဆက်ပြသရပါတယ်။ ဒါကြောင့် အများနဲ့ဆိုင်တဲ့အရာတွေဖြစ်တဲ့အတွက် အများနားလည်နိုင်မယ့် အသုံးအနှုန်းနဲ့ ခက်ပေါ့ပေါ့တင်ဆက်ကြရပါ တယ်။ ဒီသဘောတရားဟာ မြန်မာစာပေရေးရာတွေနဲ့ပတ်သက်လာရင် အရေးကြီးတဲ့ အကြောင်းအရာတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။

မြန်မာနိုင်ငံမှာ ထုတ်ဝေသမျှ စာအုပ်၊ စာပေတွေအားလုံးဟာလည်း ဒီပုံစံနဲ့ သွားနေကြရတာဖြစ်ပါ တယ်။ လူနည်းစုနဲ့ အသိုင်းအ၀ိုင်းတစ်ခုသာ လက်ခံနိုင်လောက်မယ့်စာအုပ်တွေ ငွေကြေးစိုက်ထုတ်ပြီး ဘယ်ထုတ်ဝေသူကမှ မထုတ်လုပ်ရဲကြပါဘူး။ ထုတ်ဝေသူတွေဘက်ကကြည့်မယ်ဆိုရင်လည်း ဒါဟာ မှန်တယ်လို့ ဆိုလိုရပါတယ်။ စာပေစိတ်ဓာတ်ရှိမှာ အရှုံးခံပြီး ထုတ်လုပ်ပေးတာတို့ ဘာတို့ဆိုတာရှိတာဖြစ်ပါတယ်။ ဒါကလည်း အလွန်နည်းပါးလွန်းပါတယ်။ လူပုဂ္ဂိုလ်ခြင်းရင်းနှီးလွန်းမှ ဒါမျိုးရှိတာပါ။ ဒါကြောင့် ဒီလိုစာအုပ်မျိုးတွေ ဟာ ထွက်ရှိမှုအလွန်နည်းပါးလာရတာဖြစ်ပါတယ်။ ဒီပုံစံဟာ လူထုမှ စာပေ၊ စာပေမှ လူထုဆိုတဲ့ အပြန်အလှန် အကျိုးသက်ရောက်မှုတွေ ဆုံးရတဲ့ အခြေခံအကြောင်းတရားဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အခု ဆိုရင် ဆယ်ဆုနှစ်အနည်းငယ်ဖြတ်သန်းပြီးချိန်မှာတော့ စာပေစိတ်ဓာတ်ရှိတဲ့ ထုတ်ဝေသူအချို့ဟာ ငွေကြေးအရ အောင်မြင်နိုင်မယ့် စာအုပ်မျိုးတွေကို ဈေးကွက်အရ ထုတ်လုပ်ကြပြီ။ ရလာတဲ့ ငွေကြေးအမြတ်အစွန်းထဲကနေမှ စာပေအရအောင်မြင်မယ့် စာအုပ်မျိုးတွေကို ရွေးချယ် ထုတ်လုပ်လာကြတဲ့ အလော့အထတွေကို တွေ့လာရပါပြီ ဒါပေမယ့် အလွန်တရာနည်းပါးပါသေးတယ်။ ဒီနေရာမှာ တစ်ခုရှိလာတာက ရန်ပုံငွေတစ်မျိုးမျိုးနဲ့ ရပ်တည်ပြီး ထုတ်လုပ်ကြတဲ့ စာပေတိုက်များကထုတ်ဝေတဲ့ စာအုပ်တွေကတော့ ထင်သလောက်ကြီ မြန်မာလူ့အဖွဲ့အစည်း အတွက် အကျိုးမရှိလှပါလို့ ထင်ပါတယ်။ ဒီအမြင်ကတော့ မှန်ချင်လည်း မှားချင်လည်း မှားနိုင်ပါတယ်။ သူတို့မှာ လည်း သူတို့ရပ်တည်နဲ့ ခံယူချက်အမျိုးမျိုးတော့ရှိနေနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစာပေလောကမှာ ရသနဲ့ပတ် သက်လို့ စာပေအသိုင်းအ၀ိုင်းမှာ အံ့သြရလောက်တဲ့စာအုပ်မျိုးတွေကိုတော့ ဘယ်ရန်ပုံငွေအဖွဲ့အစည်းကမှ မထုတ်လုပ်ပေးနိုင်ခဲ့တာကတော့ အသေအခြာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ မျိုးဆက်သစ်တွေကြားမှာ ခေတ်သစ်ရသစာပေနဲ့ပတ်သက်လို့ စံအဖြစ် ထားရှိတဲ့ စာရေး ဆရာနေမျိုးရဲ့ “ရုပ်ရှင်” လို စာအုပ်မျိုးတွေဟာ ကျွန်တော်တို့ မြန်မာ့စာပေနဲ့ပတ်သက်လာရင် အသစ်ကို တင်ပြ ထားတာဖြစ်တဲ့အတွက် အမှန်တကယ်အကျိုးရှိတဲ့စာအုပ်မျိုးဖြစ်ပါတယ်။ အခြား စာပေအရအောင်မြင်တဲ့ စာအုပ် မျိုးတွေဆိုရင်လည်း အရင်ကနာမည်ကြီးခဲ့တဲ့ စာရေးဆရာကြီးတွေရဲ့ စာအုပ်မျိုးတွေကိုပဲ အကြိမ်ရေမြောက်များ စွာရိုက်နှိုပ်ထုတ်ဝေနေကြပြီး သုံးထောင်၊ လေးထောင်၊ ငါးထောင်စဖြင့် ဈေးကွက်မှာ ရောင်းချကြပါတယ်။ ဒါဟာ လစာနည်း လူနေမှုအဆင့်နိမ့်ကျလွန်လှတဲ့ ပရိသတ်ဆီက ငွေကြေးကို ကျောက်တုံးရေညှစ်သလို ညှစ်ယူနေတဲ့ ပုံစံမျိုးတောင်ဖြစ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ စာပေလောက က စာရေးဆရာတွေမှာ ရသပိုင်း တွေအားနည်းသွားတာမျိုးမဟုတ်ပဲ ထုတ်ဝေသူတွေက စီးပွားရေးအခြေအနေအရ ဈေးကွက်နောက်ကိုလိုက်ပြီး ထုတ်ဝေနေကြရတာဖြစ်ပါတယ်။ ဒါဟာလည်း ပြည်သူတွေအနေနဲ့ စာဝတ်နေရေးအပြင် အခြားဘယ်အရာကို စဉ်းစားလို့မရတဲ့အတွက် စာအုပ်လေးဖတ်လိုက်၊ စကားလေးပြောလိုက်နဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပတ်ဝန်းကျင်က ဘ၀နေထိုင်မှုဟန်ပန်မျိုး မရှိကြတော့တာကတစ်ကြောင်း၊ ဖျော်ဖြေရေးကြားခံမီဒီယာအမျိုးမျိုးက တစ်နေ့ထက် တစ်နေဆန်းသစ်တိုးတက်လာတာကတစ်ကြောင်းစတဲ့တဲ့အခြေအနေတွေကြောင့် စာဖတ်ချိန်တွေလျော့နည်းလာ ရကြတာဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်အားနည်းသွားတဲ့ ပရိသတ်တွေကို စာဖတ်အားပြန်များလာအောင် စာပေမှ ပရိသတ်အတွက် ပြုစုပျိုးထောင်မှုတွေ ပြန်လုပ်ပေးနိုင်ဖို့ လိုလှပါတယ်။ ဒီလိုပြုစုပျိုးထောင်မှုတွေပေး တဲ့နေရာမှာလည်း ကိုယ်လူမျိုးတွေရဲ့ အခြေခံစိတ်နေသဘောသဘာဝနဲ့ ကိုက်ညီမယ့် ရသစာမျိုးတွေဖြစ်ဖို့တော့ လိုလိမ့်မယ်လို့ မြန်မာရသစာပေပိုမိုဖွံ့ဖြိုးဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်။

အံ့ဘုန်းမြတ်

(အထက်ပါဆောင်းပါးနဲ့ပတ်သက်ပြီး ဝေဖန်ဆွေးနွေးလိုပါက ကျွန်တော်ရဲ့ မေးလ်လိပ်စာဖြစ်တဲ့ ahuntphone.myat@gmail.com ကို ဆက်သွယ်နိုင်ကြပါတယ်။)

Categories

%d bloggers like this: