ကျွန်တော် ငယ်ငယ်တုန်းက တောင်ကြီးတန်ဆောင်တိုင်ပွဲခင်းထဲမှာ မိဘတွေနဲ့ ကွဲသွားခဲ့ဘူးတယ်။ ကျွန်တော်လက်ထဲမှာ မေမေ၀ယ်ပေးခဲ့တဲ့ ကားရုပ်လေးရယ်.. ကျွန်တော်အရမ်းပူဆာလို့ ၀ယ်ကျွေးခဲ့တဲ့ ရေခဲမုန့်ကလေးရယ်ကိုင်ပြီး… ကျွန်တော် အချိန်တော်တော်ကြာအောင် စိတ်ထိ ခိုက်ခဲ့ဘူးတယ်။ ဒါဟာ ကျွန်တော့်ကလေးဘ၀ရဲ့ နာကျင်ဖွယ်ရာဖြစ်ရပ်လေးတွေထဲမှာ တစ်ခုအပါအ၀င်ပေါ့။
ညမီးရောင်တွေအောက်မှာ… တဖောင်းဖောင်းပေါက်နေတဲ့ မီးရှုးမီးပန်းတွေကြည့်ရင်… ကျွန်တော် ပျော်ရကောင်းမှန်းမသိခဲ့တာ အဲ့ဒီအချိန်တုန်းကဆိုပါတော့…။ ဒါကြောင့် တန်ဆောင်တိုင်ပွဲတော်ကိုရောက်တိုင်း.. နောက်ထပ်ကျွန်တော် ဘယ်သူမှ ဘာမှမပူဆာတော့ပဲ ဘယ်မှမသွားဖြစ်ခဲ့တော့တာ တော်တော်ကြာခဲ့ပါပြီ။
အခု ချင်းမိုင်မှာရောက်နေတဲ့အချိန်မှာတော့ ကျွန်တော်ရဲ့ ကျောင်းတက်ဖော်သူငယ်ချင်း တစ်သိုက်နဲ့ ကျွန်တော် ထိုင်းနိုင်ငံရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ လွိုင်ကထုံတန်ဆောင်တိုင်ပွဲတော်ကိုတော့ ကျွန်တော်ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်က မိဘတွေနဲ့ ကွဲခဲ့ရတဲ့ပွဲတော်လိုပဲ… တော်တော်စည်ကားတယ်လို့ပြောရမှာ။ ဘာသာစကား အခက်အခဲကြောင့် ကျွန်တော့်ပတ်ဝန်းကျင်က ထိုင်းလူမျိုး တွေရဲ့ ပျော်ရွှင်ပီတိသံတွေကို ကျွန်တော်နားမလည်ခဲ့မိပေမယ့် သူတို့တွေရဲ့ မျက်နှာတွေမှာတော့ အပျော်တွေလွှမ်းနေတယ်ဆိုတာ ကျွန်တ်ာနားလည်မိတယ်။
တစ်ချိန်က ကျွန်တော်မပျော်နိုင်ခဲ့တဲ့ ဗျောက်အိုးဖောက်သံတွေနဲ့ မီးပန်းပေါက်သံတွေကြားမှာ အခုတော့ ကျွန်တော်ပျော်ရွှင်ခဲ့မိပါတယ်။ ကျွန်တော်ရဲ့ ပျော်ရွှင်မှုတွေထဲမှာ တစ်စုံတစ်ခုတော့ ကျန်နေသေးသလိုပဲဗျ။ အဲ့ဒါဘာလဲ… ကျွန်တော်စဉ်းစားကြည့်မိတယ်။ ရန်ကုန်မှာ ကျန်ခဲ့တဲ့ မိဘ ညီအစ်ကိုမောင်နှစ်မတွေကြောင့်လား။ ဒါနဲ့တင်ပြည့်စုံပြီလား။ မပြည့်စုံသေးဘူးလို့ ကိုယ့်ကိုယ်ကိုယ်တော့ ထင်မိတယ်။ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ လက်ချင်းတွဲပြီး လမ်းလျှောက်နေကြတဲ့ ထိုင်းစုံတွဲတွေကိုမြင်တိုင်း… ရန်ကုန်မှာ ကျွန်တော်နဲ့အတူ လက်ချင်းတွဲပြီး အင်းလျားကန်ဘောင်ပေါ်မှာ လမ်းလျှောက်ခဲ့ဘူးတဲ့ ကောင်မလေးတစ်ယောက်ကိုလည်း သတိရသလိုလိုရှိလာတယ်။ ဒါက ကလေးဘ၀တုန်းက ပွဲခင်းမှာ မိဘတွေနဲ့ကွဲခဲ့ဘူးတဲ့ ခံစားချက်မျိုးနဲ့တော့ မတူတော့ပြန်ဘူးဗျ။ တစ်မျိုးလေးပေါ့။
ချင်းမိုင် လွိုင်ကထုံပွဲတော် လှည့်တဲ့နေရာက တစ်ချိန်တုန်းက ယိုးဒယား-မြန်မာနယ်စပ်ဖြစ်ခဲ့ဘူးတယ်တဲ့။ တစ်ဖက်ကမ်းက ထိုင်း၊ တစ်ဖက်ကမ်းက မြန်မာ။ မြန်မာတွေက အခု မီးမျှောပွဲလုပ်တဲ့ ချောင်းကို ဖြတ်ဖြတ်ပြီး ထိုင်းဘက်ကို အမြဲတမ်းလာလာတိုက်တဲ့အတွက် တစ်ရက်မှာတော့ ထိုင်းတွေက မြန်မာတွေကို ရေငုတ်ပြိုင်ဖို့စိန်ခေါ်ပြီး မြန်မာတွေရှုံးရင် ထိုင်းဘက်ကို ဘယ်တော့မှ လာမတိုက်ဖို့နဲ့။ မြန်မာတွေနိုင်ပါက အမြဲတမ်းစစ်လာတိုက်နိုင်မယ်ဆိုတဲ့ ကတိနဲ့ ရေငုတ်ပြိုင်ခဲ့ကြပါတယ်။ ဒီမှာ ရေငုတ်ပြိုင်တဲ့ ထိုင်းအမျိုးသားက ရေအောက်ဆုံးအထိငုတ်သွားပြီး သူ့ကိုယ်သူ နွယ်တွေနဲ့ ရစ်ပတ်ပြီး အသေခံလိုက်တယ်။ နောက်ဆုံးပေါ်မလာတော့တဲ့အတွက် မြန်မာတွေအရှုံးပေးလိုက်ရပြီး။ နောက် ဘယ်တော့မှ ယိုးဒယားဘက်ကို ထပ်လာပြီး စစ်မတိုက်ဖြစ်တော့ပါဘူး။ ဒီနေရာ ထိုင်းလူမျိုးတို့ရဲ့ မျိုးချစ်စိတ်နဲ့ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ ဇာတိမာန်ကို တွဲမြင်လိုက်ရပြီး ကျွန်တော် ဂုဏ်ယူမိလိုက်ပြန်ပါသေးတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ်အသေခံပြီး နိုင်ငံနဲ့လူမျိုးအတွက် စတေးခံသွားတဲ့ ထိုင်းအမျိုးသားအတွက် ရည်စူးပြီး အခုလွိုင်ကထုံပွဲလုပ်တဲ့ လမ်းစုံလေးမှာ ဂုဏ်ပြုစေတီလေးကို တည်ထားတယ်လို့ သူငယ်ချင်း အစ်မတစ်ယောက်က ကျွန်တော်ကို ပြောပါတယ်။
ထားပါတော့လေ။ ကျွန်တော် စာတွေအများကြီးလျှောက်ရေးနေတာဖတ်ရင်း အားလုံး စိတ်ညစ်ကြရဦးမယ်။ ကျွန်တော်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရင်း… ကျွန်တော်တိုင်းပြည်ရဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ လွိုင်ကထုံ ပွဲတော် ဘာတွေ ဘယ်လိုကွာခြားလဲဆိုတာ ကျွန်တော်ဧည့်သည်တွေအတွက် ဓာတ်ပုံတွေနဲ့ ဧည့်ခံ တင်ပြလိုက်ရပါတယ်။
အံ့ဘုန်းမြတ် (14-11-2008)
Leave a Reply