ချင်းမိုင်တစ်မြို့လုံးရဲ့ ကောင်းကင်ပြင်မှာ လက်ညှိုးထိုးလို့မလွတ်အောင် မီးပုံးပျုံတွေက လွင့်ဝဲလျှက်ရှိနေကြပါတယ်။ လေချွန်သံလို အသံကျယ်ကျယ်တစ်သံကို ကြားရတိုင်း ကျွန်တော် တစ်ချက်တစ်ချက် မော့ကြည့်လိုက်တဲ့အချိန်တိုင်းမှာ မီးပန်းတွေက အရောင်စုံ… ပုံစံစုံနဲ့ ကျွန်တော်ခေါင်းပေါ် လင်းကတည်း လက်ကတည်းပါ။ ဒီလို ကောင်းကင်ပြင်တစ်ခုလုံးမှာတင် အရောင်အသွေးတွေ စုံညီနေတာမဟုတ်ပါဘူး။ လွိုင်ကထုံပွဲတော်ကိုရောက်လာကြတဲ့ ထိုင်းလူမျိုးတိုင်းဟာလည်း အရောင်အသွေးစုံ နောက်ဆုံးဖော် ဖက်ရှင်ဒီဇိုင်းမျိုးစုံနဲ့ သစ်လွင်လှပလျှက်ရှိနေပါတယ်။
ထိုင်းမှာရောက်နေတဲ့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ သူတို့လူမျိုးတွေကို အားကျမိတယ်။ သူတို့ဘ၀တွေလို ဘ၀ဖြတ်သန်းမှုပုံစံမျိုးတွေ မျိုးကို ကျွန်တော်မျှော်လင့်မိတာတော့ အမှန်ပါ။ နိုင်ငံခြားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်တဲ့ သူတို့နိုင်ငံမှာ တိုးတက်မှုရော ဆုတ်ယုတ်မှု ရော နှစ်မျိုးစလုံးကို ဒွန်တွဲတွေ့မြင်နေရပါတယ်။ ဒါဟာ အကောင်းဘက်က ရှုမြင်လို့လည်း ရနိုင်သလို မကောင်းတဲ့ဘက်ကလည်း ရှုမြင်သုံးသပ်နိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လတ်တလောအခြေအနေမျိုးသာ အခြားသူထက်ဆင်းရဲတဲ့နိုင်ငံတစ်ခုမှာ ပေါ်ပေါက်ခဲ့မယ်ဆိုရင် ဒီထက်ဆိုးကျိုးပိုများမယ်လို့ ကျွန်တော် တွေးဆမိတယ်ဗျ။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်ရောက်ခဲ့တဲ့ လွိုင်ကထုံပွဲတော်ရဲ့အကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ ပေမမှီဒေါက်မမှီဒဿနတွေထက် ကျွန်တော် ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေက ကျွန်တော်ဧည့်သည်တွေကို ပိုပြီး စိတ်ဝင်စားစေမှာပါ။
ဒီပွဲတော်ကို ထိုင်းအစိုးရနဲ့ ချင်းမိုင်စည်ပင်သာယာရေးအဖွဲ့က ကြီးမှုးပြီးတော့ ကျင်းပတာဖြစ်တဲ့အတွက် ချင်းမိုင်မြို့နယ်ပတ်ဝန်းကျင်မှာ ရှိကြတဲ့ တက္ကသိုလ်ကျောင်းတွေ၊ အထက်တန်းကျောင်းတွေ၊ အသင်းအဖွဲ့တွေအားလုံးက ပွဲတော်ကို စည်စည်ကားကားဖြစ်အောင် အပြိုင်အဆိုင်ကြိုးစားဖော်ဆောင်ခဲ့ကြတာလို့ ချင်းမိုင်မှာ အနေကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုပြောပါတယ်။
ပြောဆိုတဲ့ဘာသာစကား၊ နေထိုင်ရာပတ်ဝန်းကျင် မတူညီကြပေမယ့် ထိုင်းလူမျိုးနဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ သွေးချင်းတွေဖြစ် တယ်ဆိုတဲ့အကြောင်းကိုတော့ သူတို့ရဲ့ သက်ဝင်ယုံကြည်မှုပုံစံတွေနဲ့ ၀တ်စားဆင်ယင်မှုပုံစံစတာတွေက များစွာထောက်ပြ ပြောဆိုနေကြပါတယ်။
ကျွန်တော်အတွေးအာရုံတွေထဲမှာတော့ သူတို့ကို အားကျမိတဲ့စိတ်က တော်တော်လွှမ်းမိုးနေပါတယ်။ ဘာကြောင့်လဲဆိုရင်… ထိုင်းလူမျိုး အများစုဟာ ကျွန်တော်တို့လူမျိုးတွေလောက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံစားချက်နဲ့ မျှော်လင့်ချက်အိမ်မက် သိပ်ပြီး မကြီးကျယ်ကြပေမယ့် သူတို့ရဲ့ဘ၀ဟာ လူသားဆန်မှုရဲ့ အနှစ်သာရကို အပြည့်အ၀ခံစားနေကြရတဲ့အတွက်ကြောင့်ပါ။ သူများတိုင်းပြည်ကို ခေါင်းမော့ပြီး မကြည့်ချင်ပေမယ့် အခုတော့ ကျွန်တော် ခေါင်းမော့ယုံတင်မက ပါစပ်ပါဟပြီး နေရလောက်အောင်အထိ သူတို့ရဲ့ ဘာသာရေးဆိုင်ရာ ပွဲတော်တစ်ခုကို ကျင်းပတဲ့ပုံစံက ကြီးကျယ်ခမ်းနားလွန်းလှပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာလည်း ဒီလိုလုပ်နိုင်မယ်၊ ဖြစ်နိုင်မယ်ဆိုရင် သိပ်ကောင်းမှာပါပဲဗျာ။
အံ့ဘုန်းမြတ် (14-11-2008)
Leave a Reply