အနုပညာဆိုတာအပေါ်ကို လူတွေက အမျိုးမျိုးအဓိပ္ပါယ်တွေဖွင့်ဆိုတက်ကြပါတယ်။ အသွင်သဏ္ဍာန် အမျိုးမျိုးကွဲပြားကြပေမယ့် အနုပညာကတော့ အခုအချိန်အထိ အနုပညာသာဖြစ်နေတာကို တွေ့ကြရမယ်ဖြစ်ပါတယ်။ Art For Art ဆိုတဲ့ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ ကြွေးကြော်သံကို ကြွေးကြော်ပြီး ရှေ့ကိုဆက်သွားနေကြသူတွေရှိသလို Art For Money ဆိုပြီး အနုပညာဟာ ငွေကြေးအတွက်ဆိုပြီး ရှေ့ဆက်သွားနေကြတဲ့လူတွေကို ကျွန်တော်တို့ရဲ့ မြန်မာအနုပညာအသိုင်းအ၀ိုင်းမှာ အများကြီးတွေ့နေရပါတယ်။ ဒီအပေါ်ကို ကျွန်တော်က အနုပညာ အနုပညာအတွက်ရယ်လို ရည်မှန်းပြီး လုပ်ကိုင်နေကြသူများဟာ အနုပညာအတွက် အမှန်တကယ်လိုအပ်တယ်လို့ ဆိုလို့ရတယ်ဆိုပေမယ့် မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းအတွက်ကိုတော့ သိပ်ပြီး အကျိုးကျေးဇူးရှိလှတယ်ရယ်လို့ မထင်မိပါဘူး။ အနုပညာဟာ ငွေကြေးအတွက်ဆိုပြီး မကြွေးကြော်ပေမယ့် လုပ်ကိုင်နေကြတဲ့သူတွေဟာ လည်း ကျွန်တော်တို့လူ့အဖွဲ့အစည်းကို သိပ်ပြီးအကျိုးမဖြစ်ထွန်းစေတာကိုတွေ့နေရပါတယ်။ သူတို့ဖန်တီထားကြတဲ့အနုပညာတွေမှာ ခေတ်ကိုထင်ဟပ်ပေါ်လွင်နေတဲ့ ခေတ်ပြိုင်အထောက်အထားတွေကို ရှာလို့မတွေ့ရပါဘူး။ ဒါပေမယ့်လည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ တောဂေါ်လီသီချင်းဟာ မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းအတွင်းမှာတော့ အတော်လူကြိုက်များနေတယ်ဗျ။ ဒါကိုကြည့်ရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနုပညာအရည်အသွေးဟာ တိုးတက်လာတာလား ဒါမှမဟုတ် ဆုတ်ရုတ်သွားတာလားဆိုတာ အဖြေထုတ်ဖို့မလိုတဲ့ မေးခွန်းဖြစ်လာပါပြီ။ ဒီလိုပါပဲ အဲ့ဒီအနုပညာတွေကို ကြိုက်နှစ်သက်နေကြတဲ့ လူ့အဖွဲ့အစည်းကရော ဘာဖြစ်သွားပြီလဲ။ အနုပညာစံနှုန်းသက်မှတ်ချက်တွေ ပြောင်းလဲသွားကြတာလား။ အနုပညာအပေါ် ခံစားချက်တွေ ပြောင်းလဲသွားကြတာလား။ ဒါဟာ သူတို့ဖြတ်သန်းနေကြရတဲ့ လူမှုဘ၀တွေအပေါ်မှာ အများကြီး မူတည်နေတယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းဆိုနိုင်မယ်မထင်ပါဘူး။
အံ့ဘုန်းမြတ်
Leave a Reply