Archive for

ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်းမှာ မျိုးဆက်ကွာဟမှုတွေများနေတယ် ဘယ်လိုလုပ်ကြမလဲ


ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်းမှာ မျိုးဆက်ကွာဟမှုတွေများနေတယ် ဘယ်လိုလုပ်ကြမလဲ။

မျိုးဆက်ကွာဟမှုအကြောင်းကို ပြောရင်တော့ ကျွန်တော်တို့ ဘက်တော့မှ အဆုံးမရှိနိုင်တဲ့ တစ်ထောင့်တစ်ညပုံပြင်လိုပဲရှိနေပါလိမ့်မယ်။ ကျွန်တော်တို့ ရာစုသစ်မျိုးဆက်အနေနဲ့ ရင်ဆိုင်နေကြရတဲ့ လူမှုရေးပြသနာတွေကို ဘယ်ပညာရှင်ကမှ မဖြေရှင်းပေးနိုင်ကြပါဘူး။ ကျွန်တော် တို့ရဲ့ လူ့အဖွဲ့အစည်းမှာ ကြိုးနီစနစ်ကိုဖြတ်သန်းခဲ့ဘူးကြတဲ့ မျိုးဆက် အနီရောင်မျိုးဆက်ဟာ အခုဆိုရင် လုပ်ငန်းခွင်အားလုံးမှာ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူကြရတဲ့ ပုဂိုလ်တွေဖြစ်လို့နေကြပြီး စီးပွားရေးလုပ်ငန်းတွေမှာဆိုရင်လည်း အရင်ရှင်များအဖြစ်နဲ့ အသစ်ဖြစ်ပေါ်လာတဲ့ ကျွန်တော်တို့ ရာစုသစ်မျိုးဆက်တွေရဲ့ ကုန်လုပ်စွမ်းအားစုတွေကို အရင်းပြုပြီး အကျိုးစီးပွားရှာကျန်နေကြသူတွေဖြစ်လို့ နေပါပြီ။ သူတို့တွေဟာ ဒီမိုကရိုက်တက်အရောင်ဆောင်နေကြတဲ့ ဗျူရိုကရက်တွေသာဖြစ်နေကြပါတယ်။

လုပ်ငန်းခွင်များအတွင်းမှာတော့ ဒီမိုကရိုက်တစ်သဘောတရားရှိသရောင်ရောင်နဲ့ တိုင်ပြည်ရဲ့ စီးပွားရေးအခြေအနေကိုအကြောင်းပြုပြီး လုပ်ငန်းကိုလည်ပတ်အောင် မောင်းနှင်ပေးနေကြတဲ့ ရာစုသစ်မျိုးဆက်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အသုံးချပြီး နေရာပဲပေးသယောင်ယောင်၊ အလုပ်အကိုင်အခွင့်အလမ်းပဲပေးသယောင်ယောင်နဲ့ နာမည်ကောင်းယူပြီး။ လူငယ်တွေရဲ့ ခွန်အားနဲ့ ရရှိလာတဲ့ အကျိုးစီးပွားတွေကို စာရင်းမရှိ အင်းမရှိ ကိုယ်ပိုင်ဘဏ္ဍာအဖြစ် သွတ်သွင်းလျှက်ရှိကြပါတယ်။

ဒီလိုနည်းမျိုးနဲ့ ကျွန်တော်တို့လူငယ်တွေရဲ့ လူစွမ်းအားအရင်းအမြစ်တွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ရာစုသစ်မျိုးသစ်တွေ အားလုံးအသိပါပဲ။ ဒါကြောင့် ကျွန်တော်တို့မျိုးဆက်သစ်လူငယ်တွေဟာ ကျွန်တော်တို့စိတ်နှလုံးမှာ အခြေတည်လျှက်ရှိပြီးသားဖြစ်တဲ့ ဒီမိုကရိုက်တက်စိတ်ဓာတ်ဆိုတာ ဘယ်လိုရှိရတယ်ဆိုတာကို အဲ့ဒီတောင်မရောက် မြောက်မရောက်မျိုးဆက် သက်ကြားအိုကြီးတွေကို သင်ကြားပေးဖို့လိုအပ်နေပါပြီ။

ဒီမိုကရက်လူ့အဖွဲ့အစည်းအတွင်းမှာ အတ္တတွေကို ကျွန်တော်တို့ စွန့်နိုင်ကြဖို့ အဆင်သင့်ရှိနေကြပေမယ့် အဲ့ဒီလူတွေကတော့ သူတို့အတ္တအတွက် ဗျူဒိုကရက်စနစ်ကို ရည်ရှည်တည်တန့်ခိုင်မြဲစေလို့တဲ့ သဘောနဲ့ ကျွန်တော်တို့တွေ ပြန်စရာဘစ်စကားခမရှိလို့ နေပူခြစ်ခြစ်တောက်ပူတဲ့ လမ်းမတွေထက် လမ်းလျှောက်ပြီး နဖူးကချွေးခြေမကျအောင် ရုန်းကန်နေရချိန်တဲ့အချိန်မှာ သူတို့ကတော့ အဲယားကွန်းခန်းထဲက ဆုံလည်ကုလားထိုင်တွေပေါ်ထိုင်ရင်း စဉ်းစားနေကြပါလိမ့်မယ်။

ဒါဟာ ကျွန်တော်တို့မျက်မှောက်ပြုနေရတဲ့ လူ့အဖွဲ့အစည်းအတွင်းက မျိုးဆက်ကွာဟမှု ပြသနာပဲဖြစ်တယ်လို့ ကျွန်တော်ရဲ့ စိတ်ခံစားမှုကို အခြေပြုပြီး ရေချင်တာရေးလိုက်ရပါတယ်။

အနုပညာဆိုတာ ပန်းစင်္ကြာပန်ပြောင်း ကြည့်သူရဲ့ အလှည့်အပြောင်းနဲ့သာဆိုင်မယ်


အနုပညာဆိုတာအပေါ်ကို လူတွေက အမျိုးမျိုးအဓိပ္ပါယ်တွေဖွင့်ဆိုတက်ကြပါတယ်။ အသွင်သဏ္ဍာန် အမျိုးမျိုးကွဲပြားကြပေမယ့် အနုပညာကတော့ အခုအချိန်အထိ အနုပညာသာဖြစ်နေတာကို တွေ့ကြရမယ်ဖြစ်ပါတယ်။ Art For Art ဆိုတဲ့ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ ကြွေးကြော်သံကို ကြွေးကြော်ပြီး ရှေ့ကိုဆက်သွားနေကြသူတွေရှိသလို Art For Money ဆိုပြီး အနုပညာဟာ ငွေကြေးအတွက်ဆိုပြီး ရှေ့ဆက်သွားနေကြတဲ့လူတွေကို ကျွန်တော်တို့ရဲ့ မြန်မာအနုပညာအသိုင်းအ၀ိုင်းမှာ အများကြီးတွေ့နေရပါတယ်။ ဒီအပေါ်ကို ကျွန်တော်က အနုပညာ အနုပညာအတွက်ရယ်လို ရည်မှန်းပြီး လုပ်ကိုင်နေကြသူများဟာ အနုပညာအတွက် အမှန်တကယ်လိုအပ်တယ်လို့ ဆိုလို့ရတယ်ဆိုပေမယ့် မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းအတွက်ကိုတော့ သိပ်ပြီး အကျိုးကျေးဇူးရှိလှတယ်ရယ်လို့ မထင်မိပါဘူး။ အနုပညာဟာ ငွေကြေးအတွက်ဆိုပြီး မကြွေးကြော်ပေမယ့် လုပ်ကိုင်နေကြတဲ့သူတွေဟာ လည်း ကျွန်တော်တို့လူ့အဖွဲ့အစည်းကို သိပ်ပြီးအကျိုးမဖြစ်ထွန်းစေတာကိုတွေ့နေရပါတယ်။ သူတို့ဖန်တီထားကြတဲ့အနုပညာတွေမှာ ခေတ်ကိုထင်ဟပ်ပေါ်လွင်နေတဲ့ ခေတ်ပြိုင်အထောက်အထားတွေကို ရှာလို့မတွေ့ရပါဘူး။ ဒါပေမယ့်လည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ တောဂေါ်လီသီချင်းဟာ မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းအတွင်းမှာတော့ အတော်လူကြိုက်များနေတယ်ဗျ။ ဒါကိုကြည့်ရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနုပညာအရည်အသွေးဟာ တိုးတက်လာတာလား ဒါမှမဟုတ် ဆုတ်ရုတ်သွားတာလားဆိုတာ အဖြေထုတ်ဖို့မလိုတဲ့ မေးခွန်းဖြစ်လာပါပြီ။ ဒီလိုပါပဲ အဲ့ဒီအနုပညာတွေကို ကြိုက်နှစ်သက်နေကြတဲ့ လူ့အဖွဲ့အစည်းကရော ဘာဖြစ်သွားပြီလဲ။ အနုပညာစံနှုန်းသက်မှတ်ချက်တွေ ပြောင်းလဲသွားကြတာလား။ အနုပညာအပေါ် ခံစားချက်တွေ ပြောင်းလဲသွားကြတာလား။ ဒါဟာ သူတို့ဖြတ်သန်းနေကြရတဲ့ လူမှုဘ၀တွေအပေါ်မှာ အများကြီး မူတည်နေတယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းဆိုနိုင်မယ်မထင်ပါဘူး။

အံ့ဘုန်းမြတ်

အနာဂတ်မှာကောင်းဖို့ ကျန်ခဲ့ဖို့ဆိုတာ အတိတ်မှာကောင်းအောင်လုပ်ခဲ့တာနဲ့မဆိုင်ဘူး မျက်မှောက်ကာလမှာ ဘယ်လောက်အကောင်းဆုံးဖြစ်အောင် လုပ်နိုင်လဲဆိုတာပေါ်မှာ မူတည်နေပါလိမ့်မယ်။


အနာဂတ်မှာကောင်းဖို့ ကျန်ခဲ့ဖို့ဆိုတာ အတိတ်မှာကောင်းအောင်လုပ်ခဲ့တာနဲ့မဆိုင်ဘူး

မျက်မှောက်ကာလမှာ ဘယ်လောက်အကောင်းဆုံးဖြစ်အောင် လုပ်နိုင်လဲဆိုတာပေါ်မှာ မူတည်နေပါလိမ့်မယ်။

ကျွန်တော်ဒီနေ့ စာရေးဆရာမင်းခိုက်စိုးစံနဲ့ ဖက်ရှင်မဂဇင်းအထူးထုတ်အတွက် အင်တာဗျူး ဆုံဖြစ်ခဲ့တယ်။ သူနဲ့ကျွန်တော် မျက်မှောက်ခေတ်စာပေရေးရာတွေအကြောင်း စကားတွေအများကြီး ပြောဖြစ်ခဲ့ကြသလို အသက် (၃၆) နှစ်အရွယ်ကိုရောက်ရှိတော့မှာဖြစ်တဲ့ ဆရာမင်းခိုက်စိုးစံရဲ့ ပြောင်းလဲလာတဲ့ ဘ၀အမြင်တွေကိုလည်း ထိတွေ့ခွင့်ရခဲ့တယ်ဆိုရင် မမှားနိုင်ပါဘူး။ ၁၉၉၃-၁၉၉၄ ခုနှစ်ကနေ ၁၉၉၆-၁၉၉၇ ခုနှစ်ကာလလောက်တွေမှာ မြန်မာမော်ဒန်၊ ပို့စ်မော်ဒန်စာပေသဘောတရားတွေကို ဆရာဇော်ဇော်ရဲ့ ဦးဆောင်မှုအောက်မှာ ကိုရွှေဘုန်းနဲ့တွဲဖက်ပြီး ဝေေ၀ဆာဆာရေးသားခဲ့ပေမယ့် နောက်ပိုင်းကာလတွေရောက်တဲ့အခါမှာတော့ ကိုကျော်စိုး (မင်းခိုက်စိုးစံ) ဟာ သူရေးသားထားတဲ့ မျက်မှောက်ခေတ်မြန်မာ့စာပေတွေကို ထုတ်ဝေခြင်းမရှိတော့ပါဘူး။ ဒါနဲ့ပတ်သက်လို့ သူမှာ ဘယ်လိုအကြောင်းပြချက်တွေတယ်ဆိုတာတွေကို သိခဲ့ရတယ်။ သူနဲ့ သုံးနာရီအကြာ စကားပြောပြီးတဲ့အခါမှာတော့ ကျွန်တော်လို အင်တာဗျူဟာ အယ်ဒီတာပေါက်စလေးရဲ့ ဦးနှောက်ထဲမှာ ဆက်ပြီး စဉ်းစားစရာအတွေးတွေ အများကြီး ကျန်ရစ်ခဲ့ပါတော့တယ်။ ဒါဟာ ဘာလဲဆိုရင် အနာဂတ်မှာ ကောင်းဖို့ မကောင်းဖို့ဆိုတာထက် အတိတ်မှာ ကောင်းခဲ့တာ မကောင်းခဲ့တာနဲ့မဆိုင်ပဲ ပစုပ္ပန်မှာ ဘယ်လောက်ကောင်းအောင် လုပ်နိုင်လဲဆိုတဲ့ အမြင်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူကတော့ သူ့အနေအထားရ အကောင်းဆုံးဖြစ်အောင် လုပ်နေမယ့် လူတစ်ယောက်ဖြစ်သလို အင်တာဗျူးလုပ်ခဲ့တဲ့ ကျွန်တော်ဟာလည်း အကောင်းဆုံးဖြစ်အောင် လုပ်သွားရမယ်။ ကျွန်တော်တို့စာတွေကို ဖတ်ရတဲ့ လူတွေအားလုံးလည်း မျက်မှောက်ကာလမှာ အကောင်းဆုံးတွေဖြစ်အောင် လုပ်နိုင်ကြပါစေလိုတဲ့ ဆန္ဓနဲ့ ကျွန်တော် အင်တာဗျူးကိုရေးသားနေပါတယ်။

ဒါရိုက်တာမောင်မျိုးမင်းက အနုပညာတွေတိုးတက်ဖို့ဆိုရင် ခက်ထားတဲ့ဘောင်တွေကို အရင်ဖြုတ်ပေးဖို့လိုတယ်တဲ့


ဒါရိုက်တာမောင်မျိုးမင်းက အနုပညာတွေတိုးတက်ဖို့ဆိုရင် ခက်ထားတဲ့ဘောင်တွေကို အရင်ဖြုတ်ပေးဖို့လိုတယ်တဲ့

အနုပညာဆိုတာ တိုင်ပြည်တစ်ပြည်ဘယ်လောက်အထိ တိုးတက်တယ် မတိုးတက်ဘူးဆိုတာကို ဘယ်သူမှ ပြောပြစရာမလိုပဲ ကြည့်လိုက်ရုံနဲ့သိသွားနိုင်တဲ့အရာပါ။ ဒီလောက်အခြေအနေရှိတဲ့အနုပညာကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်..ဒါမှမဟုတ် နိုင်ငံတကာကို ထိုးဖောက်ချင်တယ်ဆိုရင်တော့ အနုပညာတွေကိုခက်ထားတဲ့ ဘောင်တွေအရင်ဖြုတ်ပေးဖို့လိုပါတယ်။ အနုပညာဆိုတာရဲ့ သဘော သဘာဝမှာကိုက လွတ်လပ်မှုကို အာသီသရှိတဲ့အတွက် အနုပညာတွေကို လွတ်လပ်ပွင့်လင်းစွာရှင်သန်နိုင်မယ့် ပတ်ဝန်ကျင်းကောင်းအများကြီးလိုအပ်နေပါသေးတယ်။

စကားလေးတစ်ခွန်းရဲ့ နောက်ကွယ်


ကျွန်တော်ဒီနေ့ ရွှေတိဂုံဘုရားကိုရောက်ခဲ့တယ်။ တောင်ဘက်မုဒ်ကနေဘုရားပေါ်တက်တဲ့အခါမှာတော့ အသက်ငါးနှစ်မပြည့်သေးတဲ့ကလေး ငယ်တွေက ပလတ်စတိတ်အိတ်လေးတွေကိုကိုင်ရင်း အိတ်လေးဝယ်သွားပါ။ မ၀ယ်သွားရင်လည်း မုန့်ဖိုးလေးပေးခဲ့ကြပါလို့ လိုက်ခေါ်ကြတယ်။ ကျွန်တော် တော်တော်လည်း ခံပြင်းဒေါသထွက်မိတယ်။ ဒီကလေးတွေဟာ တကယ်တမ်းမှာဆိုရင် စာသင်ခန်းထဲမှာ ရှိနေကြရမယ့် ကလေးတွေ…ဒါမှမဟုတ် မိဘရင်ခွင်မှာ လုံခြုံစွာနဲ့ အိပ်ဆက်နေကြရမယ့်သူတွေပါ။ အခုတော့ သူတို့မိဘတွေဟာ သူတို့သားသမီးတွေရဲ့ တောင်းရမ်းစားသောက်နေမှုကို ခက်ဝေးဝေး လေမိုးလုံခြုံတဲ့နေရာတွေကနေ စောင့်ဆိုင်းနေကြတယ်။ ခြေထောက်မရှိတဲ့ မိဘက မရှိဘူး။ လက်မရှိတဲ့ မိဘက မရှိဘူး။ သူတို့တွေအားလုံးဟာ လွယ်လွယ်ရတဲ့နည်းလမ်းကို အသုံးပြုပြီး ငွေကြေးရှာဖွေနေကြတာလား။ ဒါမှမဟုတ် အရှက်သိက္ခာကင်းမဲ့စွာနဲ့ တောင်းရမ်းစားသောက်ရတဲ့ဘ၀ကို ခုံမင်သွားတာမျိုးလား။ ကျွန်တော်ဘာမှဆက်ပြီး မစဉ်းစားချင်တော့ပါဘူး။ ကျွန်တော့်နောက်ကို တစ်ကောက်ကောက်လိုက်နေတဲ့ ကလေးကို ကျွန်တော့်အိတ်ထဲက ငါဆယ်တန်၊ ဒါမှမဟုတ် တစ်ရာတန်အကြွေတစ်ချို့ ပေးလိုက်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပေးလိုက်တဲ့ ငွေကြေးအနည်းငယ်ရဲ့ နောက်ကွယ်မှာ သူတို့တွေရဲ့ ကိုယ်ကျင့်တရားတွေနဲ့ စိတ်ဓာတ်ရေးရာတွေ ပျက်ပြားသွားစေနိုင်တယ်ဆိုတဲ့အတွေး ကျွန်တော့်ခေါင်းထဲကိုဝင်လာခဲ့တယ်။ ကဲတော်ပြီ မပေးတော့ဘူးလို့ဆိုတဲ့ ဆုံးဖြတ်ကိုချပြီး အဲ့ဒီကလေးကို ကျွန်တော်သွားတော့လို့တစ်ခွန်းပြောလိုက်တယ်။ ကလေးက တော်တော်ခေါင်းမာတယ်။ ဆက်လိုက်လာတယ်။ ကျွန်တော်မျက်နှာကို အတည်ဆုံးဖြစ်အောင်ထားပြီး စေ့စေ့တစ်ချက်ကြည့်လိုက်တယ်။ သူကို ချိုးနှိုမ်တဲ့အကြည့်မျိုး ဆိုတာထက် သူတောင်းရမ်းစားသောက်နေရတဲ့ဘ၀ ကျော်လွန်သွားစေချင်တဲ့စေတနာနဲ့ကြည့်လိုက်တဲ့ အကြည့်တစ်ချက်ပါ။ အဲ့ဒီကလေးငယ်က ကျွန်တော့်ကို သေခြာစေ့စေ့ပြန်ကြည့်ပြီး ပြောလိုက်တဲ့စကားလေးတစ်ခွန်က ကျွန်တော့်ကို တော်တော်တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒါကတော့ “ကပ်စေးနည်းကြီး။ ပိုက်ဆံလေးငါးဆယ်တောင်မပေးနိုင်တဲ့ မသာကြီး” ဆိုပြီး ကျွန်တော့်ရှေ့မှ ထွက်ပြေးသွားပါတော့တယ်။

(24-8-2008)

Categories

%d bloggers like this: