ဆောင်းပါး

အလွယ်ဖတ် ဖလော်ဆော်ဖီတချို့ရဲ့ ဒဿန

အံ့ဘုန်းမြတ် (၂၈၊ ဇွန် ၂၀၁၀)

ကျွန်တော် ဆောင်းပါးနဲ့ အတွေးအမြင်တွေ မရေးဖြစ်တာတော်တော်ကြာနေပြီ၊ မရေးဖြစ်ဆို စာလည်း ပြန်မဖတ်နိုင်အောင်ကို အလုပ်တွေများနေတာကြောင့်ပါ။ ဒီကနေ့တော့ စာရေးဖို့စဉ်းစားတော့ ကျွန်တော်တို့ လူငယ်တွေ ချက်တင်တွေထဲမှာ အပြန်အလှန် အများဆုံးပြောဖြစ်ကြတဲ့ အကြောင်းအရာတွေထဲက တချို့ကို စာချရေးဖို့ စိတ်ကူးရလာပါတယ်။ ဒါကတော့ စာတွေကို ကျွန်တော်တို့ထက် အများကြီးပိုဖတ်ထားတဲ့ သူတွေအတွက် မရည်ရွယ်ပဲ စာကျွန်တော်တို့လောက် ဖတ်မထားတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး တက်သလောက် မှတ်သလောက်နဲ့ “အလွယ်ဖတ် ဖလော်ဆော်ဖီတချို့ရဲ့ ဒဿန” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးဖို့စိတ်ကူးရလိုက်ပါတယ်။ ဒီမှာတော့ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ ထိတွေ့ဆက်ဆံ ပတ်သက် နေကြရတဲ့ သိပ္ပံဆိုင်ရာနည်းပညာတွေ၊ သမိုင်းဆိုင်ရာဖြစ်စဉ်နဲ့ အဖြစ်အပျက်တွေ၊ ပညာရေးစနစ်နဲ့ ပညာရေး ဆိုင်ရာ သဘောတရားတွေ စတဲ့စတဲ့အကြောင်းအရာတွေက ကျွန်တော်တို့ လူအဖွဲ့အစည်းနဲ့ ဘယ်လောက်အထိ ပတ်သက်ဆက်နွယ်မှုတွေရှိနေလဲ အပြန်အလှန် အကျိုးပြုနိုင်အောင် ဘယ်လိုလုပ်ကြလဲ ဆိုတာတွေကို မိတ်ဆက်အနေနဲ့ ပြန်လည်စဉ်းစားနိုင်ကြအောင် ရေးသားသွားမှာဖြစ်ပါတယ်။

၁။ သိပ္ပံဆိုင်ရာ ဖလော်ဆော်ဖီ ဒဿန

သိပ္ပံဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်းပြောမယ်ဆိုရင် ပထမဆုံးအနေနဲ့ သိပ္ပံပညာရှင်နဲ့ သိပ္ပံပညာရှင်တွေရဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို စပြောရမှာဖြစ်ပါတယ်။ တချို့ဒဿနကျမ်းတွေမှာတော့ သိပ္ပံပညာရှင်နဲ့ သိပ္ပံပညာ ရှင်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး “သိပ္ပံပညာရှင်တွေဟာ သူတို့ကျွမ်းကျင်ပိုင်နိုင်တဲ့ ပညာရပ်တွေနဲ့ အကြောင်း အရာ၊ အချက်အလက်တွေကို အတွေ့အကြုံအာရုံတွေမှာ အခြေခံပြီး လက်တွေ့စမ်းသက် ပြုလုပ်ကြတယ်” လို့ ဆိုပါတယ်။ အဲ့ဒီလို လုပ်ဆောင်နိုင်မှ သိပ္ပံပညာလို့ ယူဆကြပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ ပညာရပ်အရ လုပ်ဆောင် ဖန်တီးမှုအသစ်တွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ပတ်သက်လာရင် အရာရာကို အာရုံနဲ့တိုက်ရိုက်ထိတွေ့ သိမြင်နိုင်မှုမှာတော့ အားနည်းချက် ရှိကြတယ်လို့လည်း သိပ္ပံပညာရှင်တွေကို ဒဿနပညာရှင်အချို့က ဝေဖန်ကြတာမျိုး တွေလည်းရှိပါတယ်။

ဒီနေရာမှာကျွန်တော်တို့အနေနဲ့ သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့ဖန်တီးမှုတွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ အကျိုးဆက် တွေ ကို အာရုံသိနဲ့တိုက်ရိုက်သိမြင်နိုင်တဲ့ အရာတွေမှာ အားနည်းတယ်ဆိုတော့ အတွေးက တမျိုး ဖြစ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် နျူးကလီးယား သီအိုရီကို ထုတ်ဖော်ခဲ့တဲ့ အိုက်စတိုင်းဟာ သူရဲ့ ဖန်တီးမှုနဲ့ပတ်သက်ပြီး အကျိုးဆက် အဆိုးနဲ့အကောင်း တွဲလျှက်ရှိနေနိုင် မယ်ဆိုတာ အာရုံသိနဲ့ သိမယ်ဆိုပေမယ့် ဘယ်လောက်အထိ အကျိုးဆက် အဆိုးတွေရှိမယ်ဆိုတဲ့အပိုင်းတွေ မှာတော့ အားနည်းချက်တွေရှိနေနိုင်ပါတယ်။ တကယ်လို့သာ သူမှာ ဒီအချက်နဲ့ပတ်သက်ပြီး အားမနည်းခဲ့ဘူးဆိုရင် သူ နျူကလီးယားသီအိုရီကို ထုတ်ခဲ့တော့မှာ မဟုတ်ပါဘူး။ အဲ့ဒီလိုသာ သူ မထုတ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွက် ကောင်းကျိုးတွေဖြစ်တဲ့ နျူးကလီးယားစွမ်းအင်ကို ဆေးပညာမှာသုံးတာ၊ လျှပ်စစ်ဓာတ်အားမှာသုံးတာ ဒါမျိုးတွေကို ရရှိနိုင်ကြတော့မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဖလော်ဆော်ဖီကျမ်းရင်းတစ်ခုမှာတော့ “သိပ္ပံပညာရှင်တွေ ဟာ သူတို့ရဲ့စူးစမ်း လေ့လာချက်တွေကို လက်တွေ့စမ်းသပ်တာ မလုပ်ခင် ချင့်ချိန်တွေးဆဖို့ လိုအပ်ပြီး။ အဲ့ဒီလို တွေးဆတဲ့ နေရာမှာ ပြဿနာတွေပေါ်ပေါက်လာရင် ဒဿနပညာရှင်တွေက ဝေဖန်ချင့်ချိန်တွေးဆပြီး ကူညီဖြေရှင်း အဖြေရှာပေးကြ ရတယ်။” လို့ဆိုထားပါတယ်။ ဒါအပြင် ဒဿနပညာရှင်တွေအနေနဲ့ သိပ္ပံပညာရပ်တွေကို ဘယ်လို အသုံးပြုသင့်တယ်။ အသုံးပြုအပ်တယ်ဆိုတဲ့ အချက်ကိုလည်း လူ့အဖွဲ့အစည်းရဲ့ ပြဌာန်းချက်စံနှုန်းတွေချိန်ထိုးတွက်စပြီး ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ အနုပညာ၊ ကိုယ်ကျင့်တရားစတဲ့ပညာရပ်တွေနဲ့ ဆက်စပ်ပုံဖော်ပေးတဲ့နေရာမှာလည်း ပါဝင်နေပါတယ်။

ဒီသဘောတရားတွေနဲ့ပတ်သက်ပြီး အလွယ်ပြောမယ်ဆိုရင် ကျွန်တော်တို့ဒီဘက်ခေတ်မှာ အိုင်တီနည်းပညာလို့ သိပ္ပံပညာတွေ နေစဉ်နဲ့အမျှ အသစ်အဆန်းတွေ ထွက်ရှိနေပါတယ်။ ဒါတွေကို ကျွန်တော်တို့ လူ့မှုအဖွဲ့အစည်းအတွင်း ဘယ်လို အသုံးပြုကြမလဲ။ အပေါ်မှာပြောခဲ့သလို သိပ္ပံပညာရှင်တွေ၊ အိုင်တီနည်းပညာရှင်တွေက သူတို့တာဝန်ကို သူတို့ကျေပွန်တဲ့ အနေနဲ့ နည်းပညာအသစ်အဆန်းတွေကို ထုတ်ဖော်နိုင်ခဲ့ကြတယ်ဆိုပေမယ့် အဲ့ဒီနည်းပညာတွေကို ကျွန်တော်တို့ လူငယ်တွေ ကိုယ်နဲ့သက်ဆိုင်တဲ့ ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ ကိုယ်ကျင့်တရား၊ အနုပညာ၊ ရှိမှုသိမှုပညာ စတဲ့အရာတွေနဲ့ ဆက်စပ်ပြီး ဘယ်လိုပုံဖော်ကြမလဲ ဆိုတာ စဉ်းစားဖို့လိုလာပါပြီ။


၂။ သမိုင်းဆိုင်ရာ ဖလော်ဆော်ဖီ ဒဿန

သမိုင်းဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်း ကျွန်တော်တို့ ပြောမယ်ဆိုရင်လည်း သမိုင်းပညာနဲ့ သမိုင်းပညာရှင်တွေ အကြောင်းက စပြောရမှာပါပဲဖြစ်ပါတယ်။ သမိုင်းနဲ့ သမိုင်းပညာရှင်ဆိုတဲ့အရာတွေကို ဒဿနရှု့ထောင်ကနေပြောရမယ်ဆိုရင် တော့ လူသားတွေနဲ့ပတ်သက်နွယ်နေတဲ့ ဖြစ်ပျက်ခဲ့ပြီးသမျှအကြောင်းအရာတွေကို အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအတွက် သင်ခန်းစာအဖြစ်၊ အတွေ့အကြုံအဖြစ် ယူဆောင်လာတဲ့အရာလို့ အကြမ်းပြင် အဓိပ္ပါယ်ဖွင့်ဆိုလို့ရမယ်ထင်ပါတယ်။ သမိုင်းပညာရှင်ရဲ့ အခန်းကဏ္ဍကတော့ လူသားတွေရဲ့ အတိတ်က အဖြစ်အပျက်တွေကို ရှာဖွေဖော်ထုတ် ပေးဖို့တဲ့ တာဝန်ကို ယူထားကြတဲ့ ပုဂ္ဂိုလ်တွေဆိုရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သမိုင်းပညာရှင်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဆရာကြီးဒေါက် တာသန်းထွန်းဆိုတဲ့ဘူးတဲ့ သမိုင်းပညာရှင်တစ်ယောက်ရဲ့ ရပ်တည်ချက်တွေကတော “သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။” လို့ ဆိုပါတယ်။

ဒီနေရာမှာ သမိုင်းဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်းမှာတော့ အထက်ကပြောခဲ့သလို သမိုင်းပညာရှင်တွေ ထုတ်ဖော်ခဲ့ ကြတဲ့ လူသားတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ အတိတ်ကအဖြစ်အပျက် သင်ခန်းစားတွေက အယူအဆသဘောတရားတွေကို ဒဿနအမြင်က ဆင်ခြင်သုံးသပ် ဝေဖန်စမ်းစစ်တဲ့ အခန်းကဏ္ဍကို ရောက်ရှိလာတာဖြစ်တယ်လို့ ဒဿနကျမ်းရင်း တချို့မှာ ဆိုပါတယ်။ ပြောရမယ်ဆိုရင်တော့ သမိုင်းဆိုင်ရာ သဘောသဘာဝနဲ့ပတ်သက်နေတဲ့ ပြဿနာရပ်တွေကို ဒဿနပညာက ဖြေရှင်းပြဖို့ဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ လူသားတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ အတိတ်က အဖြစ်အပျက်တွေကို ဒဿန ပညာရှင်တွေက လက်ရှိလူ့အဖွဲ့အစည်းရဲ့ ပြဌာန်းချက်စံနှုန်းတွေချိန်ထိုးတွက်စပြီး ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ အနုပညာ၊ ကိုယ်ကျင့်တရားစတဲ့ပညာရပ်တွေနဲ့ ဆက်စပ်ပုံဖော်ပေးတဲ့နေရာမှာ ပါဝင်နေပါတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ် လူ့အဖွဲ့အစည်းမှာ သမိုင်းနဲ့ပတ်သက်ပြီး အတိတ်ခေတ်သမိုင်း၊ မျက်မှောက်ခေတ်သမိုင်းနဲ့ အနာဂတ်ခေတ်သမိုင်းဆိုပြီးရှိတဲ့ နေရာမှာ အတိတ်ခေတ်သမိုင်းက အတွေ့အကြုံနဲ့ အားနည်းချက်တွေကို မျက်မှောက်ခေတ်သမိုင်းမှာ လူ့အဖွဲ့အစည်းရဲ့ ပြဌာန်းချက် စံနှုန်းတွေနဲ့ ချိန်ထိုးစဉ်းစားပြီး အနာဂတ်သမိုင်းအတွက် အလုပ်လုပ်ဆောင်ပေးကြရမယ့် တာဝန်တွေရှိလာပါပြီ။

သမိုင်းကြောင်းတလျှောက်မှာတော့ သမိုင်းဆိုင်ရာ ဒဿနပညာရှင်တွေက လူသားတွေရဲ့ လွတ်လပ်မှုကို တိုင်းတာဆုံးဖြတ် ပေးတာတွေကို ပြုလုပ်ခဲ့ကြရုံသာမက လူသားတစ်ယော်ချင်းဆီ (သမိုင်းဇာတ်ကောင်တစ်ယောက်ချင်းဆီရဲ့) လူ့ဘောင် အဖွဲ့အစည်းထဲမှာ ကိုယ်ကျင့်တရားအရ ဘယ်လိုဆောင်ရွက်ပြုမူခဲ့ကြတယ်ဆိုတာကိုလည်း ဖော်ထုတ်ပေးခဲ့ကြတာတွေ့ရပါ တယ်။ ဒီနေရာမှာ ကျွန်တော်တို့လူငယ်တွေအနေနဲ့ သမိုင်းကို မှတ်တမ်းတင်တဲ့ သမိုင်းပညာရှင်လို့ အခန်းကဏ္ဍကပဲ ရပ်တည် ကြမလား၊ ဒါမှမဟုတ် သမိုင်းကိုဖန်တီးသူတွေအဖြစ် သမိုင်းရဲ့လိုအပ်ချက်ကြောင့် မွေးဖွားလာရတဲ့ သမိုင်းဇာတ်ကောင်တွေ ဖြစ်ဖို့ ပြင်ဆင်ကြမလား။ ဒါမှမဟုတ် သမိုင်းဇာတ်ကောင်တွေရဲ့ အဖြစ်အပျက်တွေကို သမိုင်းမှတ်တမ်းတင်သူတွေပေးတဲ့ သင်ခန်းစားတွေကို လက်တွေ့လူမှုဘ၀မှာ ချိန်ထိုးတွက်ဆပြီး အနာဂတ်အတွက် ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ ကိုယ်ကျင့်တရား၊ အနုပညာ၊ ရှိမှုသိမှုပညာ စတဲ့အရာတွေအတွက် ပုံဖော်ပေးကြမယ့်လူတွေအဖြစ် လုပ်ဆောင်ကြမလားဆို တာ မေးခွန်းထုတ်ဖို့ လိုအပ်လာပါပြီ။

၃။ ပညာရေးဆိုင်ရာ ဖလော်ဆော်ဖီ ဒဿန

ပညာရေးဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်း ကျွန်တော်တို့ပြောမယ်ဆိုရင် ပညာရေးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရင် ပြောကြရမှာဖြစ်ပါတယ်။ ပညာရေးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဒဿနဗေဒကျမ်းရင်းအချို့မှာတော့ လူအဖွဲ့အစည်းအသီးသီး က အနာဂတ်လူငယ်လူရွယ်တွေအနေနဲ့ ဘ၀ရပ်တည်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ ဘာသာရပ်အလိုက်သင်ကြားပို့ချ ပေးတဲ့ အရာအဖြစ် အကြမ်း ပြင်းရှု့မြင်နိုင်မယ်လို့ ဆိုကြပါတယ်။ လူ့အဖွဲ့အစည်းတိုင်းအတွက် အနာဂတ်လူငယ်တွေအတွက် ဘ၀ရပ်တည်နိုင်ရေးကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပေးတဲ့အလုပ်ဟာ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ ပညာရေးကို နိုင်ငံအသီးသီးက အစိုးရတွေက အဓိကအားဖြင့် ဦးဆောင်ဦးရွက်လုပ်ကြပြီး နိုင်ငံအတွက် လိုအပ်တဲ့ ခေါင်ဆောင်ကောင်း တွေကို ဘယ်လိုပညာရေးစနစ်က မွေးထုတ်ပေးနိုင်မလဲဆိုတာကို ပညာရေးဆိုင်ရာ ဒဿနပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး သင်ကြားရေးပုံစံတွေ၊ ပြဌာန်းချက်တွေကို ရေးဆွဲပြီး နှစ်ရှည်စီမံကိန်းတွေနဲ့ ပြုစုပျိုးထောင်မှုပြုလုပ်ကြတာတွေရပါတယ်။

ဒီနေရာမှာ ပညာရေးဆိုင်ရာ ဖလော်ဆော်ဖီဒဿနရဲ့ အခန်းကဏ္ဍကို ရောက်လာပါပြီ နိုင်ငံတကာနဲ့ ကမ္ဘာအရပ်ရပ်မှာ အကောင်းမွန်ဆုံး သင်ကြားရေးပုံစံတွေ စနစ်တွေနဲ့ လူ့အဖွဲ့အစည်းရဲ့အဓိကကျတဲ့ လူငယ်တွေကို ပြုစုပျိုးထောင်မှုတွေ ပြုလုပ်ပေးနေချိန်မှာ ကိုယ့်နိုင်ငံက အသက်မွေးဝမ်းကြောင်းပညာအဆင့်နဲ့ ရပ်တည်နေရင် ကိုယ်နိုင်ငံရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ထုတ်ကုန်ဆိုတာ လုပ်ငန်းတစ်ခုကို လည်ပတ်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ပညာရှင်မျိုးတွေကို မွေး ထုတ်ပြီးသားဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်မှာပဲ တဖက်က လိုအပ်တဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာတွေကနေ အဆင့်မြင့်ပြီး အဆင့်မြင့်ပညာတွေကို သင်ကြားပြီး လူငယ်တွေကို ခေါင်းဆောင်ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးကိုလည်း မွေးထုတ်ဖို့ လိုအပ် လှပါတယ်။ အဲ့ဒီအခန်းကဏ္ဍကို ပညာရေးဆိုင်ရာ ဒဿနပညာရှင်တွေက ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။

ဒီနေရာမှာတော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့အစိုးရက ဘယ်လိုပညာသင်ကြားရေးပုံစံမျိုးတွေနဲ့ သင်ကြားပေးလိုက် တယ်။ နိုင်ငံအတွက် တကယ်လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးထက်မြတ်တဲ့လူငယ်တွေကို မွေးထုတ်ပေးနိုင်မယ့် ပညာရေးပုံစံနဲ့လား ဘယ်လိုဟာမျိုးနဲ့သင်ကြားပေးလိုက်တယ်ဆိုတာ ဝေဖန်ဆန်းသစ်နိုင်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ တကယ်လို့သာ ကိုယ့်ရဲ့ ဝေဖန်ဆန်းစစ်ချက်ဟာ ပြီးပြည့်စုံတဲ့ အဖြေကို မပေးနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ကျွန်တော်တို့ လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် သိပြီး ကြိုးစားကြဖို့ပဲရှိပါတယ်။ အစိုးရကိုယ်တိုင်က ပညာရေးစနစ်မှာ အားနည်းချက်တွေ ရှိနေအောင် ပြုလုပ်ထားတဲ့အခြေအနေမှာ အတွေးအခေါ်ပညာရှင်တွေက ပညာရေးစနစ်ရဲ့ အပြင်ဘက်ကနေ လူငယ်တွေအတွက် စိတ်ဓာတ်အဟာရအဖြစ် ပညာနို့ချို တိုက်ကျွေးနိုင်ကြဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ရော ကိုယ်သင်ကြားလာခဲ့ရတဲ့ ပညာရေးစနစ်ဟာ တကယ်ပဲ အကျိုးရှိတဲ ပညာရေးစနစ်လား၊ ဒီလိုမဟုတ်ပဲ အားနည်းချက်တွေရှိနေတဲ့ ပညာရေးစနစ်လားဆိုတာ ဝေဖန်ဆန်းစစ်နိုင်ကြဖို့လိုပါတယ်။ ဒီလိုဆန်းစစ်နိုင်မှ ကိုယ့်အတွက် ဘာအရေးကြီးသလဲ။ ဘာလိုအပ်သလဲ ဆိုတာကိုလည်း နားလည်လက်ခံပြီး ကြိုးစားကြရမှာဖြစ်ပါတယ်။

၅။ အနှစ်ချုပ်

အထက်မှာပြောခဲ့တဲ့ အကြောင်းအရာတွေကို ခြုံပြီးသုံးသပ်လိုက်ရင် သိပ္ပံဆိုင်ရာနဲ့ အကျွမ်းတဲ့ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ ကွန်ပျူတာဆော့ဝဲယားတွေ၊ ၀က်ဘ်ဆိုက်တွေ၊ ဘလော့ခ်တွေ၊ လူမှုရေးအွန်လိုင်းကွန်ယက်တွေနဲ့ အိုက်ဒီယို လောဂျီတွေအများကြီးကို လိုက်ပါနိုင်အောင် ကြိုးစားလေ့လာလိုက်စားနေကြရတယ်ဆိုတာတော့ အမှန်ပဲဖြစ်ပါလိမ့်မယ်။ ဒီလို လေ့လာကြတဲ့အခါမှာ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ဖို့နဲ့ ဒီနည်းပညာတွေကို ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ နိစဓူဝ အကြောင်းအရာတွေနဲ့ ချိန်ထိုးပြီး ကျွန်တော်တို့ သက်ဝင်ယုံကြည်တဲ့ ဘာသာတရား၊ ကျွန်တော်တို့နဲ့ မပတ်သက်ချင်လဲ ပတ်သက်နေရမယ့် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး၊ ကျွန်တော်တို့ကိုယ်တိုင် နေစဉ်နဲ့အမျှ ဖြတ်သန်းနေကြရတဲ့ သမိုင်းဖြစ်စဉ် တွေ၊ တစ်ယောက်နဲ့တစ်ယောက် မတူညီကွဲပြားခြားနားနေတဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စံနှုန်းတွေ၊ အနုပညာခံစားချက် တွေစတဲ့ စတဲ့အကြောင်းအရာတွေနဲ့ ချင့်ချိန်ပေါင်းစပ်ပြီး ကျွန်တော်တို့လူငယ်တွေဟာ သမိုင်းမှတ်တမ်းတင်သူတွေ၊ ဒါမှမဟုတ် သမိုင်းကိုဖန်တီးသူတွေအဖြစ်ဒါမှမဟုတ် အနာဂတ်လူဘောင်အတွက် ကိုယ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကိုသင်ခန်းစာယူပြီး ခိုင်မာတဲ့ပညာရေးစနစ်တစ်ရပ်ပေါ်ပေါက်လာအောင်၊ ဒါမှမဟုတ် လိုအပ်နေတဲ့ပညာရေးကွက်လပ်ကို ဖြည့်စည်းပေးနိုင်တဲ့သူတွေဖြစ်အောင် ဖော်ဆောင်နိုင်ကြစေဖို့ တိုက်တွန်းရင် ဒီစာကို နိဂုံးချုပ်လိုက်ချင်ပါတယ်။ အပေါ်မှာ ရေးသားခဲ့တဲ့ အကြောင်းအရာတွေဟာ မြန်မာတက္ကသိုလ်တွေမှာ သင်ကြားဖို့ ပြဌာန်းထားတဲ့ ဒဿနိကဗေဒဘာသာရပ် ပြဌာန်းစာအုပ်အချို့နဲ့ ဒဿနိကဗေဒက ဆရာတချို့ရဲ့ လမ်းဘေးဟောပြောပို့ချမှုတွေကို ကိုးကားပြီး ရေသားထားတာဖြစ် တယ်ဆိုတာ ၀န်ခံအပ်ပါတယ်။

အံဘုန်းမြတ်

=============================================

အိုက်ဒီယိုလိုဂျီနှင့် ယဉ်ကျေးမှု

မင်းခက်ရဲ (၂၀၀၇ ခုနှစ်၊ ဧပြီလထုတ် “အတွေးအမြင်”)

(ကျွန်တော်တို့လူငယ်တွေ အိုက်ဒီယိုလိုဂျီနဲ့ ယဉ်ကျေးမှုအကြောင်း အငြင်းအခုန်စကားတွေ အများကြီးပြောဖြစ်ကြတယ်။ အဲ့ဒီမှာ ဆိုကရေးတီး၊ ပလေတို၊ အရစ္စတိုတယ်ကစပြီး အလယ်ခေတ် ဟေဂယ်၊ ကားလ်မာ့ခ်စ်နဲ့ နောက်ပိုင်း တော်ဖလာရဲ့ တတိယလှိုင်းတိုင်အောင် ကျွန်တော်တို့ရဲ့ အိုက်ဒီယိုလိုဂျီနဲ့ ယဉ်ကျေးမှုတွေအတွက် သိလိုစိတ်ကို ပြည့်မှီအောင် နားမလည်နိုင်ခဲ့ပါဘူး။ တက္ကသိုလ်ကျောင်းသား ဘ၀တွေတုန်းကတော့ လက်ဘက်ရည်ဆိုင်တကာမှာ ဒီအကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြဖူးပါတယ်။ နောက် ကျောင်းတွေလည်းပြီးရော သူငယ်ချင်းဟောင်းတွေရော သူငယ်ချင်းသစ်တွေရော အွန်လိုင်းတွေပေါ်ရောက် ဂျီတော့တွေမှာ ငြင်းခုန်၊ Facebook ပေါ်မှာ ငြင်းခုန်၊ အမြင်မျိုးစုံကို ထင်မြင်ချက်တွေပေးပြီး စာနည်းနည်းပဲ ဖတ်တဲ့လူကို စားများများဖတ်ထားသူက ဆရာလုပ်။ စာများများ ဖတ်ထားသူ သူထက်စာပိုဖတ်တဲ့လူက စကားလုံးတွေနဲ့ လှိုမ့်ဆော်.. အရင်ကတော့ လက်ဘက်ရည်ဝိုင်းမှာ ငြင်းခုန်ကြတာဆိုတော့ လေထဲတင်ပျောက်ခဲ့ကြရတယ်။ ဆွေးနွေးငြင်းခုန်မှုတွေရဲ့ ရလဒ်ရယ်လို့ ဘာမှ ထွက်မလာခဲ့ပါဘူး။ ဒီဘက်ခေတ် အွန်လိုင်းပေါ်မှာ ငြင်းခုန်တဲ့ယဉ်ကျေးမှု ထွန်းကားလာတော့ အရင်ကလို လေထဲပျောက်သွားတဲ့ အဆင့်ထက်တော့ အများကြီး ကျော်လွန်လာခဲ့ပါပြီ။ ဒါကြောင့် သဲထဲရေသွန် ငြင်းခုန်မှုယဉ်ကျေးမှုကနေ နည်းနည်းပြောင်းလဲလာတဲ့ ယဉ်ကျေးမှုတစ်ခုမှာ ဆက်ပြီးတော့ ငြင်းခုန်နိုင်ဖို့ ငြင်းခုန်စရာလေးတွေပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြန်တင်ပေးလိုက်ရပါတယ်။ ဒါကတော့ ဆရာမင်းခက်ရဲရဲ့ “အိုက်ဒီယိုလိုဂျီနှင့် ယဉ်ကျေးမှု” လို့ အမည်ရတဲ့ ဆောင်းပါးလေးပါ။ ဒီဆောင်းပါးဟာ ၂၀၀၇ ခုနှစ် ဧပြီလထုတ် “အတွေးအမြင်” မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဖတ်ပြီးသူတွေလည်း ပြန်ဖတ်ပြီး ဝေဖန်ဆွေးနွေးနိုင်ဖို့ ဘလော့ခ်ပေါ်က ပြန်တင်ပေး လိုက်ရပါတယ်။)

အံ့ဘုန်းမြတ်

အိုက်ဒီယိုလိုဂျီနှင့် ယဉ်ကျေးမှု

မင်းခက်ရဲ (၂၀၀၇ ခုနှစ်၊ ဧပြီလထုတ် “အတွေးအမြင်”)

ကားလ်မာ့ခ်စ်တောင်မှ အစောပိုင်း မာ့ခ်စ်အမြင်နဲ့ နှောင်းပိုင်းမာ့ခ်စ်အမြင်တွေဆိုပြီးရှိသေးတယ်။

လူသားဆန်မှုနဲ့ သိပ္ပံပညာရှု့ထောင်က မာ့ခ်စ်အမြင်၊ ရုပ်ဝါဒဘက်က မာ့ခ်စ်အမြင်၊

အဆောက်အအုံဝါဒဘက်က မာ့ခ်စ်အမြင်၊ လီနင် မာ့ခ်စ်၊ နောက် မော်စီတုန်းမာ့ခ်စ်ဆိုတာမျိုးတွေအများကြီးပဲ….


ယဉ်ကျေးမှုကို ပုံစံအမျိုးမျိုးအဖြစ်သတ်မှတ်ကြည့်မြင်ကြတယ်။ ပထမပိုင်းက စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ အခြေအနေ တစ်ရပ်ဆိုတဲ့ ပုံအဖြစ်မြင်တာ။ နောက်တော့ ဒီထက်မကဘူး။ လူ့အဖွဲ့အစည်း၊ အုပ်စုတွေကိုထည့်ပြီး တွက်ချက်လာတယ်။ ယဉ်ကျေးမှုဆိုတာ လူ့အဖွဲ့အစည်းထဲက လူတွေရဲ့ အသိပညာနဲ့ စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ အခြေအနေတိုင်းကို သတ်မှတ်ခေါ်ဝေါ်ချင်ကြတယ်။ တချို့တော့ ယဉ်ကျေးမှုဆိုတာာ လူရဲ့အသိပညာနဲ့ တိုက်ရိုက်သတ်ဆိုင်နေတာမျိုး မဟုတ်ဘူး။ လူတွေရဲ့ ပြင်ပလူမှုရေးအခြေအနေထဲမှာ တွေ့နေရတဲ့ ပြင်ပအရှိတရားကိစ္စလို မြင်တာ။ ဥပမာအားဖြင့် ဒီလိုယူဆလိုက်တဲ့ အတွက် ယဉ်ကျေးမှုဆိုတာ လူ့အဖွဲ့အစည်းမှာ သူတို့ရဲ့ သဘောသဘာဝကို ဖော်ပြနေတဲ့ အနုပညာတွေ၊ စာပေနဲ့ အသိပညာ ဆိုင်ရာ အလုပ်တွေသာဖြစ်တယ်လို့ ယူဆတယ်။ နောက်ဆုံး ယဉ်ကျေးမှုဆိုင်ရာ လေ့လာချက်က လူတွေရဲ့ ဘ၀နေထိုင်မှုဆိုင်ရာ လမ်းကြောင်းလို့ သတ်မှတ်တယ်။
လမ်းကြောင်းဆိုရုံနဲ့ ယဉ်ကျေးမှုကိစ္စက ရှင်းလို့မပြီးသေးဘူး။ ပြဿနာတွေအများကြီး ထပ်ဝင်လာသေးတယ်။ ဘ၀နေထိုင်မှု လမ်းကြောင်းဆိုတော့ လူ့အဖွဲ့အစည်းထဲမာ ဘယ်အရာကို လမ်းကြောင်းလို့သတ်မှတ်မလဲ။ အုပ်စုတွေခွဲပြီး သတ်မှတ်မှာလား။ လူမှုရေးအဆောက်အအုံတစ်ခုအတွင်းမှာပဲ လမ်းကြောင်းတွေက အမျိုးမျိုးဖြစ်နေတာလား။ တစ်ခုတည်းရှိတာလား။ လူမှုရေး အဆောက်အအုံနဲ့ ယဉ်ကျေးမှုကိုရော ဘယ်လိုခွဲခြားမလဲ။ လူတစ်ယောက်ရဲ့ အပြုအမူဟာ လူမှုရေးအပြုအမူလား၊ ယဉ်ကျေးမှု ဆိုင်ရာအပြုအမူလား ဘယ်လိုခွဲခြားမလဲ။ ခွဲခြားလို့ရောရမလား။ လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုလို့ပြောရင် ဘယ်အရာကို ရွေးပြောမလဲ။ လူမျိုးကြီးရဲ့ ယဉ်ကျေးမှုပဲလား။ လူ့မျိုးစုတွေအားလုံးလား။ အဲ့ဒီလိုခွဲပြောလိုက်တာကလည်း ကိုယ်ပထမသိထားတဲ့ ယဉ်ကျေးမှုအမြင်တွေနဲ့ လိုက်လျောညီထွေမှုဖြစ်ရဲ့လားဆိုတဲ မေးခွန်းပေါင်းမြောက်မြားစွာရှိနေတယ်။ ဒီမေးခွန်းတွေဟာ ယဉ်ကျေးမှုဆိုတာ ဘာပါရယ်လို့ မသတ်မှတ်ရသေးခင် ထွက်လာနိုင်သလို ယဉ်ကျေးမှုဆို ဘာဖြစ်ပါတယ်လို့ သတ်မှတ်ပြီး နောက်မှာမှ ထွက်လာနိုင်တယ်။
ကားမာ့ခ်စ်ကတော့ အဓိကအားဖြင့် ယဉ်ကျေးမှုဟာ ဘယ်လိုဖြစ်ထွန်းပေါ်ပေါက်လာတယ်။ ဘယ်လိုလည်ပတ်နေတယ်။ ဘယ်အရာတွေရဲ့ လွှမ်းမိုးချုပ်ကိုင်ထားခြင်းခံရတယ်ဆိုတာကို အိုက်ဒီယိုလိုဂျီရှု့ထောင်ကနေ စဉ်းစားပြီးတွေးတောတယ်။ တနည်းအားဖြင့် ကားမာ့ခ်စ်ရဲ့ ယဉ်ကျေးမှုအမြင်က သူ့ရဲ့အိုက်ဒီယိုလိုဂျီအမြင်အပေါ်ကို အခြေခံပြီး ပေါက်ဖွားလာတာဖြစ်တယ်။ ကျွန်တော်တို့ဟာ တစ်စုံတစ်ရာကို ယဉ်ကျေးမှုလို့သတ်မှတ်လိုက်ရင်ဖြစ်စေ၊ ဒါမှမဟုတ် ယဉ်ကျေးမှုရဲ့ အဓိပ္ပယ်ကိုဖွင့်ဆို လိုက်ရင်ဖြစ်စေ၊ သူနဲ့သက်ဆိုင်တဲ့မေးခွန်းတွေကို ထပ်မံတွေ့ရမှာဖြစ်တယ်။ ကားမာ့ခ်စ်ရဲ့တွေးက ယဉ်ကျေးမှုဆိုတာ လူတွေရဲ့ ဘ၀နေထိုင်မှု လမ်းကြောင်းဖြစ်တယ်လို့ ယေဘုယျသဘောမှတ်ယူထားပြီး အလုပ်လုပ်တယ်။ သူက အိုင်ဒီယိုလော်ဂျီကြောင့် ဘ၀နေထိုင်မှုလမ်းကြောင်း (၀ါ) ယဉ်ကျေးမှုပုံစံတွေဖြစ်လာတာလို့ မြင်တယ်။ ခက်တာက မာ့ခ်စ်ဝါဒနဲ့ ယဉ်ကျေးမှုအကြောင်းကို ပြောရင် ကားလ်မာ့ခ်စ်တစ်ဦးတည်းနဲ့ မပြီးဘူး။ စာမျက်နှာကလေးပေါ်မှာ မာ့ခ်စ်ရေးသားခဲ့တဲ့ စကားလုံးတွေကို အမျိုးမျိုး အနက်ပြန်ထားတဲ့ မာ့ခ်စ်ဝါဒရှု့ထောင့်အမြင်အမျိုးမျိုးရှိနေတယ်။ ကားလ်မာ့ခ်စ်တောင်မှ အစောပိုင်း မာ့ခ်စ်အမြင်နဲ့ နှောင်းပိုင်း မာ့ခ်စ်အမြင်တွေဆိုပြီးရှိသေးတယ်။ လူသားဆန်မှုနဲ့ သိပ္ပံပညာရှု့ထောင်က မာ့ခ်စ်အမြင်၊ ရုပ်ဝါဒဘက်က မာ့ခ်စ်အမြင်၊ အဆောက်အအုံဝါဒဘက်က မာ့ခ်စ်အမြင်၊ လီနင် မာ့ခ်စ်၊ နောက် မော်စီတုန်းမာ့ခ်စ်ဆိုတာမျိုးတွေအများကြီးပဲ။ အိုက်ဒီယိုလော်ဂျီ တွေလည်ပတ်လှုပ်ရှားရင်း ထိန်းချုပ်တည်ဆောက်ရင်း ဘ၀နေထိုင်မှုလမ်းကြောင်းဖြစ်သွားတယ်ဆိုတဲ့ နေရာမှာတောင် မာ့ခ်စ်ဝါဒီတွေ ယေဘုယျလက်ခံကြပေမယ့် အိုင်ဒီယိုလိုဂျီပေါ်ကို ကြည့်မြင်တာချင်း တစ်ဦးနဲ့ တစ်ဦး တစ်ဂိုဏ်နဲ့တစ်ဂိုဏ်ကွဲနေ တယ်လို့ ဆိုလို့ရနိုင်ပါတယ်။ ဒါပေမယ့် မာ့ခ်စ်ဝါဒဟာ ယဉ်ကျေးမှုပေါ်ကို နှံ့စပ်စွာ ရှင်းပြနိုင်တဲ့နေရာမှ ယခင်က လူမှုရေး၊ အဆောက်အအုံနဲ့ ယဉ်ကျေးမှုအမြင်တို့လို မနုဿဗေဒရှု့ထောင့်ကနေ ချဉ်းကပ်ချက်တွေလိုပဲ အများကြီးထည့်ဝင်ခဲ့တယ်လို့ ဆိုရမယ်။
မာ့ခ်စ်ရဲ့ ယဉ်ကျေးမှုအကြောင်းပြောရင် အိုက်ဒီယိုလိုဂျီအကြောင်းကနေပဲစပြီး ဆွဲထုတ်ရမှာပါပဲ။ မာ့ခ်စ်နဲ့ အိန်ဂျယ်တို့ ရေးခဲ့တဲ့ The German Ideology စာအုပ်ဟာ အဆောက်အအုံမာ့ခ်စ်ဝါဒ အော့သူဆာဟ်လူမျိုးကတောင် လူသားဆန်ပြီး ရှု့ထောင့်တစ်ခုတည်း သက်သက်ကနေကြည့်ထားတဲ့ အိုင်ဒီယိုလိုဂျီဆိုင်ရာ စာအုပ်အဖြစ်ညွှန်းဆိုရတဲ့စာအုပ်ပါပဲ။ ဒီစာအုပ်ပေါ်ကို ရုပ်ကြမ်းမာ့စ်ဝါဒီအများစုက လျစ်လျူရှုခဲ့ကြတယ်။ နောက်ပိုင်း အော့သူဆာ့ဟ်တို့လို အဆောက်အအုံမာ့ခ်စ်ဝါဒီ တွေကျမှ အထူးတလည်ထားပြီး ပြန်လည်ဖော်ထုတ် ခဲ့ကြတာဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်မှန်သောသိပ္ပံနည်းကျ မာ့ခ်စ်ဝါဒ သဘောကို ပိုမိုထည့်ဝင်ထားတဲ့ စာအုပ်အဖြစ် ညွှန်းကြပါတယ်။ သိမှုပိုင်းဆိုင်ရာ ဖောက်ထွက်မှု Epistemological Otherness ကို ဒီစာအုပ်မှာတွေ့ကြလို့ပဲလို့ ဆိုကြပါတယ်။
မာ့ခ်စ်နဲ့ အိန်ဂျယ်က သူတို့ခေတ်ရဲ့ ဂျာမန်ယဉ်ကျေးမှုနဲ့ ဒဿနတွေကို ဆန့်ကျင်တုန့်ပြန်ကြတယ်။ ဒဿနအတွေးအခေါ် တွေက တကယ့်အရှိတရားတွေကိုဖုံးကွယ်ထားတယ်။ ပြီးရင် အဲ့ဒီဖုံးကွယ်နိုင်ဖို့ရာ ကားလ်မာ့ခ်စ်တို့အခေါ် အိုင်ဒီယိုလိုဂျီဆိုတဲ့ အရာကိုယူပြီး လွှမ်းမိုးပစ်တယ်။ မာ့ခ်စ်ရဲ့ အဆိုအရဆိုရင် အဲ့ဒီအိုင်ဒီယိုလိုဂျီတွေ အကုန်လုံးထဲမှာ လူနဲ့ သူ့ရဲ့ အခြေအနေတွေ ဟာ ကင်မရထဲမှာ ပြန်မြင်သလို ဇောက်ထိုးမိုးမျှော်နဲ့ ပြောင်းပြန် ပြန်မြင်နေရတာမျိုးလို့ ဆိုပါတယ်။ အိုင်ဒီယိုလိုဂျီဆိုတာ တကယ့်အစစ်အမှန်တရားကို ပြောင်းပြန်ဖြစ်သွားစေတဲ့ ကြေးမုံတစ်ချပ်လိုပဲလို့မြင်ပါတယ်။ ဒီလောကကြီးထဲမှာ ပဋိပက္ခတွေ အားလုံးကို လူတွေကျေနပ်သွားအောင်၊ အမှန်တရားလို့ မြင်လာအောင်၊ လွှမ်းမိုးကြီးစိုးတဲ့ လူတန်းစာဟာ သူတို့ကောင်းကျိုးရှိ စေမယ့်အရာကိုသာ အမှန်လို့မြင်လာအောင် သူတို့ရဲ့အိုက်ဒီယိုလိုဂျီက လုပ်ပေးနေတာပဲ။ သူက လိုလားနှစ်သက်ဖွယ်ရာ ပုံသဏ္ဍာန်မျိုးနဲ့ လာတတ်တယ်။ ကိုယ့်ကျင့်တရားလိုလို၊ ဘာသာရေးလိုလို၊ ကျိုးကြောင်းညီညွတ်ပုံပေါ်နေတဲ့ တက္ကိကဗေဒလို တာတက်တယ်လို့ မြင်တာဖြစ်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ကိစ္စတွေအားလုံးထဲမှာ အိုက်ဒီယိုလိုဂျီက အရာအားလုံးကို သာမန်သဘာဝကိစ္စလို့ မြင်လာအောင် လည်ပတ်အလုပ်လုပ်ပေးနေတာလို့ မြင်တယ်။
လူတွေရဲ့ ဘ၀နေထိုင်ပုံလမ်းကြောင်း (၀ါ) ယဉ်ကျေးမှုပုံစံဟာ ဒီလိုအိုက်ဒီယိုလိုဂျီတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ခံရတယ်။ နောက်တစ်ခုက ထုတ်လုပ်မှုနဲ့ စီးပွားရေးအခြေခံတွေကြောင့်လည်း ယဉ်ကျေးမှုဆိုတာဖြစ်ပေါ်လာသလို ပြောင်းလဲနေတယ်လို့ မြင်တယ်။ မာ့ခ်စ်ရဲ့အဆိုအရဆိုရင် အခြေခံအဆောက်အအုံတို့၊ အပေါ်ထပ်အဆောက်အအုံတို့ ဖက်စပ်မှုကြောင့်လို့လဲ ပြောရင် ဖြစ်နိုင်တယ်။ ဒါကြောင့် ယဉ်ကျေးမှု၊ ဘ၀နေထိုင်မှုလမ်းကြောင်းဆိုတာက အမြဲတမ်းလွှမ်းမိုးကြိုးစိုးဆဲ လူတန်းစားထဲက သူတို့ရဲ့အကျိုးအမြတ်အတွက် ပုံဖော်ထားတာလို့ မြင်ကြည့်လို့ရတယ်။ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားပြုမှု Culture reprentations တွေရဲ့ နောက်မှာ အဲ့ဒီလို အိုက်ဒီယိုလိုဂျီတွေဟာ လွှမ်းမိုးပို့ချနေတဲ့အခါ လူတွေကလည်း အဲ့ဒီပုံစံထဲမှာ နေရင်း ယဉ်ကျေးမှုဆိုတာမျိုးဖြစ်လာတယ်လို့ ယူဆတယ်။ အဲ့ဒီကနေတဆင့် လူ့အဖွဲ့အစည်းထဲမှာ လူတန်းစား အမျိုးမျိုး၊ အမှန်၊ အမှားအမျိုးမျိုးကို ကိုယ်စားပြုပေးတော့မှာဖြစ်တယ်။ မာ့ခ်စ်ရဲ့ ယဉ်ကျေးမှုအမြင်မှာ ရောယှက်ပေးနေတဲ့ အမြင်တွေထဲမှာ အဓိကအားနည်းချက်က လူတန်းစား Class အပေါ်ကို အသားပေးလွန်းတယ်။ လူတန်းစားကိုလည်း အသေသတ်မှတ်ထား တယ်။ ပြီးတော့ စီးပွားရေးကုန်ထုတ်လုပ်မှုဖြစ်စဉ်ကို အခြေခံအဖြစ်ထားလွန်းတယ်။ ဘယ်လိုပဲဖြစ်ပါစေ မာ့ခ်စ်ဝါဒအမြင်ကနေ ကြည့်တဲ့ ယဉ်ကျေးမှုအမြင်ဟာ ယဉ်ကျေးမှုထဲမှာ အမှန်တကယ် လှုပ်ရှားလည်ပတ်နေတဲ့ အရာတွေ၊ ကိုယ်စားပြုတွေ၊ ယဉ်ကျေးမှုပြောင်းလဲပုံတွေကို လေ့လာနိုင်တဲ့ နည်းလမ်းတစ်ခုပဲလို့ ဆိုလို့ရနိုင်ပါတယ်။

လူဆိုတ လူတွေက ဖန်တီးတည်ဆောက်ထားတဲ့ အတည်ဆောက်ခံလောကရဲ့ ဗဟိုချက်တစ်နေရာမှာပဲ ရပ်တည်ရှင်သန်နေ ရတာပါ။ လူသားက လူ့အဖွဲ့အစည်းထဲ ရှင်သန်လာပြီဆိုတာနဲ့တပြိုင်နက် သူ့စာရင်းက လူတွေတည်ဆောက်ထားတဲ့ ကိုယ်ကျင့် တရားအမြင်တွေ၊ မှန်ခြင်း၊ မှားခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းဆိုတဲ့ အရာတွေကို သင်ယူလိုက်နာရပါတယ်။ သူ့အရင်ကလူတွေ အဲ့ဒီ အရာတွေကို ဘယ်လိုဖန်တီးခဲ့ကြတာလဲ။ အေသင်မြို့ရဲ့ဆုံးဖြတ်ချက်တွေကို တောင်ကုန်းတစ်ခုပေါ်စုဝေပြီး တစ်မြို့လုံးရဲ့ ဆန္ဒကောက်ယူပြီး ဆုံးဖြတ်ခဲ့တာလား။ မဖြစ်နိုင်ပါဘူး။ ဒါမှမဟုတ် တစ်ဦးစ၊ နှစ်ဦးစကနေ သဘောတူညီမှု Agreement လုပ်နေရင်းကနေ အားလုံးဆီ ပျံ့နှံ့သွားပြီး အားလုံးက အလိုလျှောက် လိုက်နာကျင့်သုံးခဲ့ကြတာလား။ ဒါမျိုးက ပိုပြီးတောင် မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် လူ့အဖွဲ့အစည်းအတွင်းက လူသားတွေရဲ့ ယုံကြည်မှုဟာ အထက်ပါအတိုင်းဖြစ်ပေါ်လာတာလို့ လူတွေထင်လာစေလောက်အောင် လွှမ်းမိုးကြိုးစိုးသူရဲ့ ပြဌာန်းချက်တွေ လုပ်ထားတာပါပဲ။ မာ့ခ်စ်ဝါဒအမြင်နဲ့ ကြည့်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုတွေ၊ ယဉ်ကျေးမှုဆိုတာတွေဟာ လွှမ်းမိုးကြီးစိုးသူတွေရဲ့ အိုက်ဒီယိုလိုဂျီကြောင့် သာတင်မကဘူး။ သဘာဝတရားအလိုအရ အလိုလိုဖြစ်ပေါ်လာတယ်ထင်အောင်ကို လုပ်နေတာ။ အိုင်ဒီယိုလိုဂျီရဲ့ ပင်ကိုစွမ်းအား ကိုက ဒီလိုဆိုလောက်နိုင်တဲ့သတ္တိထူးရှိနေတယ်လို့ မာ့ခ်စ်ဝါဒီတွေက မြင်ပါတယ်။
ကားမာ့ခ်စ်ပြီးတဲ့နောက် မာ့ခ်စ်ဝါဒလမ်းကြောင်းထဲကနေပြီး ဖြစ်လာတဲ့ လူးကပ်စ် ဂဟွန်ချီ၊ ဂိုးလ်မင်း၊ ဘင်ဂျမင်း၊ ရေမွန်ဝီလျံတို့ရဲ့ ယဉ်ကျေးမှုအမြင်တွေကိုပါပြောဖို့ လိုပါမယ်။ ယဉ်ကျေးမှုကနေ လူတန်းစားအလွှာခွဲခြားသွားပုံအကြောင်းတွေ ပြောတဲ့အခါမှာလည်း မာ့ခ်စ်ဝါဒအမြင်ကိုပဲ အခြေခံရပါမယ်။ ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာ ထုတ်လုပ်မှု Culture Production အကြောင်း၊ အထူးသဖြင့် အော့သူဆာ့ဟ်၊ ဖရင့်ဖကျောင်းတ်ေတို့အကြောင်းပြောတဲ့အခါမှာလည်း မာ့ခ်စ်ဝါဒဆီ လှည့်ရတာပါပဲ။ အခုကားလ်မာ့ခ်စ်နဲ့ အိန်ဂျယ်ပြီးရင် အမြဲလိုလို ပညာရှင်တွေက သူတို့ရဲ့နောက်မှာကပ်ထားတဲ့ လူးကပ်စ်ရဲ့ အမြင်အချို့ကို ပြောရပါ့မယ်။ မာ့ခ်စ်ဝါဒကနေ နောက်ပိုင်းမာ့ခ်စ်ဝါဒ နှောင်းပိုင်းအမြင်တွေအထိ လမ်းကောင်းခွဲကြတဲ့ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ရသ၊ စာပေသဘောတရားကျမ်းတွေအားလုံးမှာ မာ့ခ်စ်ဝါဒအမြင်တွေပြီးရင် ဂျော့လူးကပ် ဒါမှမဟုတ် ဖရင့်ဖကျောင်းတော်ကိုပဲ ကောက်ကြောင်းဆွဲပြတာကို တွေ့ရပါမယ်။
လူးကပ်စ်က ဟန်ဂေရီနိုင်ငံသာဖြစ်ပြီး ဟန်ဂေရီနိုင်ငံရေးမှာ တက်ကြွစွာပါဝင်လှုပ်ရှားသူဖြစ်ပေမယ့် သူ့ရဲ့ပညာရေးကတော့ ဂျာမန်မှာ အခြေတည်ဖြစ်ထွန်းလာတာဖြစ်ပါတယ်။ လူးကပ်စ်က ယဉ်ကျေးမှုဆိုတာကို ဘာလို့မပြောတော့ပါဘူး။ သူဟာ မာ့ခ်စ် ၀ါဒလမ်းကြောင်းထဲမှာ ရှင်သန်ကြီးပြင်းလာသူဖြစ်တဲ့အတွက် အိုက်ဒီယိုလိုဂျီနဲ့ စီးပွားရေးကုန်ထုတ်လုပ်မှုဖြစ်စဉ်တွေက ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားပြုမှုတွေကို ထုတ်လုပ်တယ်ဆိုတာကို လက်ခံပြီးသားပါ။ ဒါကြောင့် လူးကစ်နဲ့ ယဉ်ကျေးမှုပတ်သက် သမျှဟာ အဓိကအားဖြင့် စာပေသဘောတရားကို အခြေခံနေတယ်လို့ဆိုရလို့ရပါ့မယ်။ စာပေအနုပညာကို စိစစ်ဖို့ကြိုးစားတာဟာ ယဉ်ကျေးမှုတွေ လညပတ်အလုပ်လုပ်ပုံနဲ့ ထိတွေ့နေတာပါပဲ။ စာပေဆိုတာကို သူတို့ဟာ ယဉ်ကျေးမှုထုတ်ကုန်အဖြစ်မြင် ထားတာပဲ။ လူးကပ်စ်ရဲ့အမြင်က အနုပညာ၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဆိုတာ လုံးဝခွဲခြားလို့မရလောက်အောင် တသားတည်းဖြစ် နေတာလို့ ယူဆပါတယ်။
ရသကိုခံစားတက်တဲ့စိတ်ဟာ ယဉ်ကျေးမှုနဲ့အများကြီးဆက်စပ်နေတယ်။ အနုပညာနဲ့ ဒဿနမှာတွေ့ရတဲ့ သရုပ်မှန်ဝါဒဆိုတာ လောကကြီးနဲ့ ပတ်သက်တဲ့အမြင် သင်္ကေတမျိုးမဟုတ်ဘူး။ သဘောက သရုပ်မှန်ဝါဒဆိုတာ လောကကြီးနဲ့ပတ်သက်တဲ့ လောကအမြင်တစ်ခုကို ရှု့ထောင်တစ်ခုခုက ဆန်းသစ်ပြီး ပြောပြနေတာမဟုတ်ဘူး။ သရုပ်မှန်ဝါဒဆိုတာ သူ့ကိုယ်၌က လောကကြီးနဲ့ တသားတည်းကျအောင် ခြယ်မှုန်းပြနေတဲ့ အမြင်မျိုးပဲ။ ဒါကိုတော့ လူးကပ်စ်ရဲ့ အသုံးမှာ ထင်ဟပ်ပေါ်လွင်နေ တယ်။ တနည်းအားဖြင့် လောကကြီးကို ထင်ဟပ်ပြ Reflect တယ်လို့သုံးပါတယ်။ တကယ်က ထင်ဟပ်ပြသတယ်ဆိုတဲ့နေရာ မှာတော့ လောကကြီးကနေ ကင်းလာပါပြီ။ ထင်ဟပ်ပြသနေတာမဟုတ်သလို ရှု့ထောင့်တစ်ခုခုကနေပြီး ထင်ဟပ်ပြနေတာ လည်းမဟုတ်ပါဘူး။ သူကိုယ်၌က လောက်ကြီးနဲ့ တသားတည်းကျပြီး ခြယ်မှုန်းပြနေတဲ့သဘောရှိနေပါတယ်။ လောကကြီး ထဲမှာက ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားပြုမှုတွေ လွှမ်းမိုးမှုတွေနဲ့ အရာရာအားလုံးကို ပုံဖျက် Distortion လုပ်ထားတယ်။ သရုပ်မှန်ဝါဒရဲ့ အလုပ်က လူသားတွေဟာ သဘာဝအရင်းခံကို မြင်လာအောင်လုပ်တာပါ။ ဒါကြောင့်လည်း လူးကပ်စ်က သရုပ်မှန်ဝါဒဟာ လူအများစုကြားထဲမှာ တညီတညွတ်တည်း သတ်မှတ်ထားတဲ့ဟန်တစ်ခုမဟုတ်ဘူးလို့ ဆိုတာပါ။ သူက ဒီအယူအဆတွေကိုင်စွဲပြီး မော်ဒန်စာပေကို အတ္တအဓိက၀ါဒအဖြစ်ထိုးနှက်တာပါ။ သူ့အမြင်မှာ အရေးပါတာက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သမိုင်းဆိုင်ရာ အခြေအနေတွေပေါင်းစုစည်းမှုထဲမှာ လူသားရဲ့ တကယ့်အခြေအနေမှန်ကို သိဖို့လိုတယ်လို့ မြင်တဲ့အချက်ဖြစ်ပါတယ်။ ဒီလိုပေါင်းစုစည်းမှုထဲက လူမှုဆက်သွယ်ရေးပုံစံတွေ Social Relation ဟာ လူးကပ်စပ်ရဲ့ ယဉ်ကျေးမှုအမြင်လို့ ဆိုရမှာဖြစ်ပါတယ်။
မင်းခက်ရဲ

=================================================

ဘလော့ခ်ဂါ တစ်ယောက်အတွက် အနုပညာဆိုင်ရာ အညမညဖြစ်စဉ်တရား

အံ့ဘုန်းမြတ် (2009.MARCH 11)

ကျွန်တော်ကတော့ စကားလုံးကြီးကြီးကျယ်ကျယ်တွေနဲ့ ထပ်ပြီးပေါက်ပြန်ပြီလို ထင်ကြပါဦးမယ်။ ကျွန် တော် အဲ့ဒီလိုပေါက်ချင်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် တောင်မရောက် မြောက်မရောက် ဖတ်မှတ်ထားတဲ့ အရာတွေကို အကျိုးရှိအောင်လုပ်ချင်လို့ဖြစ်ပါတယ်။ ဒီလိုပါပဲ ကျွန်တော်လို ဘလော့ခ်ရေးသား နေကြတဲ့သူတွေအတွက်ကိုလည်း အကျိုးရှိစေချင်လို့ပါ။ အထူးသဖြင့် ကျွန်တော်ပြောလိုတာက အနုပညာတွေကို ဖန်တီးမယ်လို့ စိတ်ကူးထားကြတဲ့ ဘလော့ခ်ဂါတွေအတွက် ပြောချင်တာဖြစ်ပါတယ်။ ဒီပို့စ်ကိုရေးတာက ကျွန်တော်ထက် စာပိုပြီးဖတ်ထားတဲ့သူတွေ ၀ိုင်းဝန်းစဉ်းစားနိုင်စေဖို့နဲ့ ကျွန်တော်လောက် စာဖတ်မထားတဲ့သူတွေ ဗဟုသုတရစေလိုတဲ့ ဆန္ဒတစ်ခုသာရှိပါတယ်။

ဒီလိုပါ။ ဘလော့ခ်ဂါတစ်ယောက်အတွက် ဆိုတာ ထက် ကျွန်တော် အနုပညာဆိုင်ရာအညမညဖြစ်စဉ် တရာဆို တာကို အရင်ရှင်းပြချင်ပါတယ်။ ကျွန်တော်မနေ့က တင်ခဲ့ပို့စ် ထဲကလိုပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုး တွေအနုပညာအပေါ် ခံစားတဲ့အမြင်ဟာ အနောက်တိုင်း၊ အရှေ့တိုင်းတိုရဲ့ ရသအမြင် တွေနဲ့သာမကပဲ မြန်မာစစ်စစ်ရသခံစားမှုအသိတွေကိုပါ ပိုင်ဆိုင်ထားကြလို့ပါ။ ဒီနေရာမှာ ခေတ်နောက်ကျတယ်ပဲဆိုဆို ခေတ်နောက်ပြန်ဆွဲတယ်ပဲပြောပြော ကျွန်တော် ဆရာဇော်ဂျီ တို့ခေတ်ကတင်ပြခဲ့တဲ့ မြန်မာပီသတဲ့ အနုပညာဆိုင်ရာ အည မညဖြစ်စဉ်တရား ( Dialectic View Of Art ) အမြင်တစ် ခုကို ပြောချင်ပါတယ်။

အနုပညာလက်ရာတစ်ရပ်နှင့် စပ်လျင်းပြီးစဉ်း စားရာမှာ အဲ့ဒီလက်ရာနဲ့ ဆကစပ်လျက်ရှိတဲ့ အစိတ် အပိုင်းအားလုံးကို ထည့်သွင်းစဉ်းစားခြင်းဖြစ်ပါတယ်။ အနုပညာလက်ရာတစ်ခုနဲ့ ဆက်စပ်နေတဲ့ အစိတ် အပိုင်းတွေအားလုံးဟာ လက်ရာမှာ အကျုံးဝင်းနေတဲ့ ပုံသဏ္ဍာန်နဲ့ အတွင်းသရုပ်တွေက အဲ့ဒီအနုပညာ လက်ရာကို ခံယူသူပရိသတ်၊ ပရိသတ်မှတစ်ဆင့် အကျိုး ပြုရာလူနေမှုအဖွဲ့အစည်း၊ အဲ့ဒီလူမှုအဖွဲ့ အစည်းထဲက လူမှုအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အနုပညာရှင်တို့ အပြန်အလှန် ကြောင်းကျိုးဆက်စက်နေပါတယ်။ ဒါဟာ အနုပညာရဲ့ အညမညဖြစ်စဉ်လို့ အကြမ်းပြင်းပြောကြပါတယ်။ ဒါဟာ မြန်မာလူမှုဘ၀မှာ အမှန်တကယ် တည်ရှိနေတဲ့ ဘဘောတရားတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ဒီအပေါ်ကိုလည်း ခေတ်ပညာတက်ဆိုသူတွေ ထပ်မံပေါင်း စပ်တွေးခေါ်သင့်ပါတယ်။ ကျွန်တော်ကတော့ လတ်တလောမှာ ဒီအမြင်ကိုပဲ လက်ခံထားပါတယ်။ ဒါကြောင့် ကျွန်တော် အနုပညာသမား ဘလော့ခ်ဂါအနေနဲ့ ချိတ်ဆက်စဉ်းစားကြည့်မိပါတယ်။ ဘလော့ခ်ရေးသားခြင်းဟာ အနုပညာလက်ရာတစ်ခုကို ဖန်တီးတယ်ဆိုတယ် ဆိုကြပါစို့. အဲ့ဒီဘလော့ခ်မှာရေးသားထားတဲ့ ပို့စ်တွေတစ်ခုချင်းစီရဲ့ အစိတ်အပိုင်းအားလုံးကို ထည့်သွင်းစဉ်းစားကြည့်ကြရပါ မယ်။ ဒါအပြင် ပို့စ်တစ်ခုချင်းစီရဲ့ ပုံသဏ္ဍာန်လို့ဆိုရမယ့် ရေးသားပုံ ရေးသားဟန်၊ တင်ပြတဲ့အကြောင်းအရာတွေပါဝင်နေပါတယ်။ ဒီလိုပါပဲ အတွင်းသရုပ်လို့ဆိုရရင် ရည်ရွယ်ချက် အပါအ၀င် ဘလော့ခ်ဂါတစ်ယောက်ရဲ့ တီထွင်မှု၊ သိမှု၊ ခံစားမှု၊ အတွေးအခေါ်၊ ကျွမ်းကျင်မှု စေတနာတွေဟာ ဘလော့ခ်တစ်ခုကို ၀င်ရောက်ဖတ်ရှု့တဲ့ စာဖတ်သူ (၀ါ) ပရိသတ် (၀ါ) ဘလော့ခ်ကွန်မြူနတီတွေ ဆီကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီဘလော့ခ်ကွန်မြူနတီတွေရဲ့ ရောင်ပြန်ဟပ်မှုတွေကနေတဆင့် ဘလော့ခ်ရေးသားသူ ဘလော့ခ်ဂါဆီသို့ ရောင်ပြန်ဟပ်မှုတွေ ပြန်လည်ရောက်ရှိလာမယ်လို့ ယူဆလို့ရနိုင်မယ်ထင်ပါတယ်။ ဒီအပေါ်ကိုလည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်လို့ ကျွန်တော်ယူဆပါတယ်။

ပန်းချီကားတစ်ချပ်ရဲ့ အလှတရားကို တင်ပြထားပါတယ်

ပန်းချီကားတစ်ချပ်ရဲ့ အလှတရားကို တင်ပြထားပါတယ်

အခြားတစ်ဖက်မှာဆိုရင်လည်း ဥရောပမှာ ကာမက်စ်နဲ့ အိန်ဂျယ်တို့ရဲ့ ကွန်မြူနစ်ကြေညာစာတမ်းနဲ့ ရှုပ်ရှပ်ခက်နေကြတဲ့ အချိန်မှာ ကျွန်တော်တို့ဆီမှာ လှိုင်ထိပ်ခေါင်တင်ရဲ့ ဘောလယ် ကဗျာခေတ်ကို ထူထောင် နေချိန်ဖြစ်တယ်လို့ ကိုရဲ (ဆရာသစ္စာနီ) က ဆိုပါတယ်။ ဒီလိုပါပဲ ဥရောပရဲ့ စိတ်ကူးယဉ်အနုပညာလှုပ်ရှားမှုတွေ ဆီကနေထွက်ကျလာတဲ့ ကြွေးကျော်သံတစ်ခုဟာလည်း အခုအချိန်ထိ ကျွန်တော်တို့ နားထဲမှာကြားနေရတုန်းပါ။ ဘာလဲဆိုလိုရင် အနုပညာဟာ အနုပညာအတွက် ဆိုတဲ့အရာကို ဆွဲငင်ယူဆောင်ရင်း စံနှုန်းသတ်မှတ်ချက်တွေ ကနေ လျှောင်ခွာချင်သူတွေ ဒီစကားလုံးကို အသုံးများလာကြတယ်။ ဒါပေမယ့် အနုပညာရှင်တစ်ယောက်ရဲ့ အနုပညာလက်ရာတွေဟာ ခေတ်တစ်ခေတ်ထဲမှာ ပြီးဆုံးသွားတာမျိုး မဟုတ်ဘူးလို့ထင်ပါတယ်။ ခေတ်အဆက်ဆက်မှာ ယဉ်ကျေးမှုအဖြစ် မှတ်ကျောက်တင် ကျန်ရစ်ခဲ့ကြ တာမျိုးတွေပါ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော် ကိုကျော်စိုး (မင်းခိုက်စိုးစန်) ကို မေးခွန်းအချို့မေးခဲ့ဘူးတယ်။ သူက ကိုယ်ဖန်တီးတဲ့အနုပညာ ပစည်းတွေရဲ့ တန်ဘိုးကို နောင်တစ်ခေတ်မှာ ဘယ်လိုဖြစ်ပါစေ တော့လို့ ရည်ရွယ်ပြီးလုပ် တာမျိုးမဖြစ်သင့်ဘူး။ ဘာလို့လည်းဆို တော့ ဘာသာစကားတွေတောင် မသေခြာတော့တဲ့ လောကကြီး မှာ ဘယ်အရာမှ မတည်မြဲနိုင်ဘူး။ ဒီတော့ ကိုယ်က ဘယ်လောက်ပဲ အကောင်းမြင်စိတ်နဲ့ ပြောပြော ဖြစ်လာမယ့် ခေတ်မှာ ကိုယ့်ရဲ့ အကောင်းမြင်တဲ့ အတွေးအခေါ်တွေကို အဲ့ဒီခေတ်လူတွေ လက်ခံနိုင်မှ လက်ခံတော့မယ်။ ဒီတော့ ကျွန် တော်တို့ဟာ အခုဖြစ်နေတဲ့ လူ့အဖွဲ့အစည်းနဲ့ လူမှုပတ်ဝန်းကျင်အတွက် အကျိုးရှိစေမယ့် အနုပညာဖန်တီးမှုမျိုးကို စေတနာသန့်သန့်နဲ့ လုပ်ဆောင်ဖို့ပဲလိုပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဘယ်အလုပ်ကိုပဲလုပ်လုပ် အကောင်း မြင်စိတ် စေတနာသန့်သန့်နဲ့ လုပ်သင့်တယ်။ လို့ ကျွန်တော်နဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဘူးတာကို သတိရမိပါတယ်။

ဒီတော့ ကျွန်တော်နိဂုံးချုပ်လိုက်ရင် ကျွန်တော်တို့ ဘလော့ခ်ဂါတွေရဲ့ ပို့စ်တွေတိုင်း ပို့စ်တွေတိုင်းဟာ ကျွန်တော်တို့ကိုယ်တိုင် လက်ခံယုံကြည်ထားတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာခံယူချက်၊ တီထွင်မှု၊ သိမှု၊ ခံစားမှု၊ အတွေးအခေါ်၊ ကျွမ်းကျင်မှုနဲ့ စေတနာစတာတွေနဲ့ ရေးသားမှုတွေတိုင်းဟာ ကျွန်တော်တို့ဘလော့ခ်တွေရဲ့ စာဖတ်သူ၊ ဘလော့ခ်ကွန်မြူနတီဆီကို အကျိုးသက်ရောက်မှုတွေ တစ်စုံတစ်ရာအနေနဲ့ ရောက်ရှိသွားမှာဖြစ်ပြီး အဲ့ဒီအကျိုးသက်ရောက်မှုတွေရဲ့ ဆက်စပ်တန်ပြန်အကျိုးသက်ရောက်မှုတွေဟာ ကျွန်တော်တို့ ဘလော့ခ်ဂါတွေ ရဲ့ လက်တွေ့လူမှုဘ၀ကို ပြန်လည်အကျိုးသက်ရောက်စေမှာဖြစ်ပြီး အဲ့ဒီအကျိုးသက်ရောက်မှုတွေကမှတစ်ဆင့် ကျွန်တော်တို့ နေထိုင်ကျင် လည်နေကြတဲ့ လူမှုအဖွဲ့အစည်းကို မြင့်မားတဲ့ လောကအမြင်၊ ရသအမြင်တွေကိုပေးစွမ်းရင်း တိုးတက်ဖွံ့ဖြိုးတဲ့ လူဘောင်တစ်ရပ်ကို သွားနိုင်ကြ လိမ့်မယ်လို့ ယူဆရင်း ဒီပို့စ်ကို အဆုံးသက်လိုက် ချင်ပါတယ်။ ဒီအပေါ်ကို လွတ်လပ်စွာ သဘော ထားကွဲလွဲနိုင်ကြပါတယ်။

အံ့ဘုန်းမြတ်

(2009.MARCH 11)

(မှတ်ချက်။ ။ မှတ်တမ်းစာအုပ်တွင် မှတ်သားထားတဲ့အရာတွေကို ပြန်လည်ကိုးကားပြီး ရေးသားထားခြင်းသာဖြစ်သဖြင့် ကိုးကားစာရင်းကို မဖော်ပြနိုင်သည်ကို တောင်းပန်အပ်ပါတယ်။)

=================================================

ရသပညာဆိုတာကို မြန်မာလို ဒီလိုမြင်ကြည့်လိုက်တယ်

အံ့ဘုန်းမြတ် (2009.MARCH 10)

ဒီလိုပြောလိုက်လျှင် ဒီကောင်းကြီးကြီးကျယ်ကျယ်နဲ့ကွာလို့ အထင်ခံရနိုင်ပါတယ်။ အထင်လည်းမတက်နိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လူငယ်တွေ ကြီးကြီးကျယ်ကျယ်တွေး မြင့်မြင့်မားမားကြံစည်မှ ကျွန်တော်နေထိုင်တဲ့ တိုင်းပြည်နဲ့ ကျွန်တော်တို့လူမျိုးရဲ့ အတွေးအခေါ်တွေဟာ အမြင့်ကိုရောက်နိုင်မယ်လို့ ထင်ပါတယ်။ တကယ်လို့သာ ကျွန်တော်တို့လူငယ်တွေဟာ ကြီးကြီးကျယ်ကျယ်မတွေး မြင့်မြင့်မားမားမကြံစည်ပဲ နေနေကြမယ်ဆိုရင် ဘယ်လိုအမြင့်မျိုးကိုမှ ရောက်နိုင်မယ်လို့မထင်မိပါဘူး။ ဒီအပေါ်ကိုတော့ အားလုံးနားလည် လက်ခံကြလိမ့်မယ်လို့ ယူဆမိပါတယ်။ ဒီအနေရာမှာလည်း ကြီးကျယ်မြင့်မြတ်ချင်စိတ်နဲ့ ၀မ်းစာမပြည့်ဝပဲ ရေးသားလို့ အမှားအယွင်းတွေ ပါနေခဲ့မယ်ဆိုရင်လည်း ၀ိုင်းဝန်းပြုပြင်ပေးကြဖို့ လိုလိမ့်မယ်လို့ထင်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးဆိုင်ရာ အကြပ်အတည်းတွေကို အခြေခံပြီး တိုးတက် မြင့်မားလာတဲ့ နည်းပညာရပ်တွေကြောင့် ကိုယ်စာကိုယ်ရေး၊ ကိုယ်သီချင်းကိုယ်ဆို၊ ကိုယ့်ပန်းချီ ကိုယ်ဆွဲပြီး ဘလော့ခ်စာမျက်နှာတွေထက်ကို အနုပညာပစည်းတွေ ရောက်လာကြတာတွေ့ရပါတယ်။ ကျွန်တော်တို့အပါအ၀င် လူငယ်တော်တ်ာများများဟာ စက်တင်လူထုလှုပ်ရှား မတိုင်မှီပတ်ဝန်း ကျင်တွေမှာ လုပ်ချင်ရာကို အာရုံစူးစိုက်လုပ်မိရင် ဘလော့ခ်ဂါဆိုတဲ့ဘ၀ကို ဖြစ်မှန်းမသိဖြစ်လာရတယ်။ ဒီမျိုးဆက်လူငယ်တွေမှာ တူညီတဲ့ခံယူချက်ကိုယ်ဆီ ရှိကြလိမ့်မယ်လို့လည်း ထင်မိပါတယ်။ ဒီခံယူချက် တွေကတော့ အမှန်တရားကိုမြတ်နိုးတယ်။ မဟုတ်တာကိုမခံချင်ဘူး။ ခေတ်မှီချင်တယ်။ ပညာတက် ချင်တယ်။ လူနေမှုအဆင့်အတန်းမြင့်မားချင်တယ် စသဖြင့်ပေါ့လေ။ ဒီလိုဆန္ဒကိုယ်ဆီကို ပိုင်ဆိုင်ထား ကြတဲ့တွေ့ဘ၀တွေထဲက အရာတွေကိုထင်ဟပ်ပေါ်လွင့်နေစေဖို့အတွက် စာသားအကြောင်းအရာတွေ ကိုရေးသားရင်း မြန်မာစာပေခေတ်တစ်ခေတ်ကို အင်တာနက်စာမျက်နှာတွေပေါ်မှာ စတင်ဖွင့်ဆိုခဲ့ကြ ပါတယ်။

ဆရာဇေယျ

ဆရာဇေယျ

တချို့က ခံစားချက်နဲ့ လက်တွေဘ၀တွေကို ရေးသားပုံဖော်ကြတယ် တချို့ကတော့ မကြေနပ် ချက်တွေကို ဖောက်ခွဲရာအဖြစ် အင်တာနက် ဘလော့ခ်စာမျက်နှာတွေကို အသုံးပြုလာကြတယ်။ တချို့ကတော့ စိတ်ရဲ့ လိုအင်ဆန္ဒတွေ ဖော်ညွှန်းပြောဆိုလာကြတယ်ပေါ့လေ။ အမျိုးမျိုးအဖုံဖုံပါပဲ။ အကောင်းတွေလည်းရှိသလို အဆိုးတွေလည်းရှိတယ်။ အများကောင်းကြိုးအတွက် ရေးသားနေကြတာ တွေရှိသလို လူပုဂ္ဂိုလ်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေကို ချို့နှိမ်ရေးသားကြတာတွေလည်းရှိတယ်ပေါ့။ အကောင်းနဲ့အဆိုးဆိုတာ လောကကြီးထဲမှာ ရှိနေကျ အရာတွေပဲလေ။ ဒီနေရာမှာ ကိုယ်ကျင့်တရားကို အခြေခံတဲ့ ရှုမြင်သုံးသပ်မှုတွေ စံလွဲလာကြတာမျိုးတွေလည်းရှိပါတယ်။ ဒီပို့စ်မှာတော့ ကျွန်တော် က ခံစားချက်တွေကို အနုပညာအသွင်ဆောင်ပြီး ရသအဖြစ်ပုံဖော်တဲ့နေရာမှာ ကိုယ်တိုင်ခံယူထားတဲ့ စာပေအနုပညာပိုင်းဆိုင်ရာ အမြင်လေး တွေကို ပြောပြချင်ပါတယ်။ ဒီအပေါ်ကို အမျိုးမျိုး အဖုံဖုံသဘောထားကွဲလွဲနိုင်ကြတယ်။

ကျွန်တော်တို့က ဘလော့ခ်တွေကို မြန်မာစာနဲ့ ရေးသားနေကြတဲ့ သူတွေဖြစ်တဲ့အတွက် ရသစာပေကို ဖန်တီးတဲ့နေရာမှာ မြန်မာပီပီ မြန်မာဟန်ပါဖို့လိုတယ်မြင်မိတယ်ဗျ။ တစ်နေက နားထောင်မိတဲ့ တွံတေးသိန်းတန်းသီချင်းတစ်ပုဒ်လိုပေါ့ ကိုယ့်အမေ့ပါးက သနပ်ခါးဘယ် လောက်မွှေးတယ်ဆိုတာ သိထားတော့ မြန်မာပီသတဲ့ လူမှုနီတိနဲ့ မြန်မာမှုတွေကိုတော့ ကျွန်တော် နည်းနည်းပြန်ပြောချင်ပါတယ်။

ရသပညာဆိုတဲ့စကားလုံးကို အင်္ဂလိပ်ဘာသာစကားနဲ့ ပြောရမယ်ဆိုရင် Aesthetics လို့ ဆိုရမှာဖြစ်ပြီး ဂရိဝေါဟာရ Aesthetikos က ဆင်းသက်လာတယ်လို့ ဆိုရမှာပါ။ ဒီ Aesthetics ရသပညာဆိုတဲ့ ပညာရပ်ကို အနောက်တိုင်းမှာတောင် (၁၈) ရာစုမတိုင်မီအထိ ပြည့်ပြည့်စုံစုံ လေ့လာချင်းမရှိခဲ့ကြသလို ပညာရပ်တစ်ခုအနေနဲ့တောင် သတ်မှတ်ခြင်းမရှိခဲ့ကြပါဘူး။ 1750 ပြည့်နှစ်ကိုရောက်တဲ့အခါမှ ဂျာမန်အတွေး အခေါ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ ဘောမ်ဂါတင်က Aesthetics နာမည်နဲ့ ကျမ်းတစ်စောင်ကို စတင်ရေးသားပြုစုလိုက်မှ ပညာရပ်တစ်ခုအနေနဲ့ သီးသန့်ပညာရပ်တစ်ခုအနေနဲ့ လေ့လာအသိအမှတ် ပြုခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Aesthetics ဆိုတဲ့ အင်္ဂလိပ်ဝေါ ဟာရကို အလှပညာအလှဗေဒသုခုမပညာ နဲ့ ရသပညာ ဆိုပြီး အမျိုးမျိုးခေါ်ဝေါခဲ့ကြပေမယ့် မြန်မာပညာရှင်အများစုကတော့ Aesthetics ကို ရသပညာ လို့ လက်ခံအသုံးပြုခဲ့ကြပါတယ်။

မြန်မာတို့ရဲ့ ရသပညာကို လေ့လာမယ်ဆိုတဲ့နေရာမှာလည်း အရှေ့တိုင်ရသအတွေးအခေါ်တွေပါဝင် နေတဲ့ သုဗောဓာလင်္ကာရကျမ်း လာ ရသအယူအဆ၊ မြန်မာ့ဇာတိမာန်စစ်စစ်အနုပညာ အယူအဆတွေနဲ့ ဥရောပအနုပညာ အယူအဆဆိုတဲ့ အစိတ်အပိုင်း သုံးပိုင်းခွဲခြားပြီး မြန်မာပညာရှင်တွေဖြစ်ကြတဲ့ ဆရာဇော်ဂျီ၊ ဆရာဇေယျ၊ ဦးရွှေအောင်စသူတွေက လေ့လာခဲ့ကြပါတယ်။ သုဗောဓာလင်္ကာရကျမ်း ဟာ ပုဂံခေတ်မှာ ဗုဒ္ဓအနုပညာတွေနဲ့ ရောက်ရှိလာခဲ့ပြီး ဒီကျမ်းပါ ရသကိုးပါးအမြင်ဟာလည်း မြန်မာလူမျိုးတွေအပေါ်ကို များစွာ လွှမ်းမိုးခဲ့တယ်လို့ ဆိုလို့ရပါတယ်။ ဒီကျမ်းကိုတော့ ခရစ်နှစ် 1200 လောက်မှာ သီဟိုဠ်ကျွန်းက အရှင်သင်္ဃရက္ခတမထေရ် ရေးသားပြုစုခဲ့တယ်လို့ သိရပါတယ်။ ဒီကျမ်းအပါအ၀င် အိန္ဒိယအတွေးအခေါ် ပညာရှင်တွေရဲ့ ကျမ်းတွေဖြစ်တဲ့ ဘရတရဲ့ နဋသျှတ္တရကျမ်း၊ မေဒါဝိန်ရဲ့ အလင်္ကာကျမ်း၊ ဘာအဟရဲ့ ကဗျာလင်္ကာကျမ်းတို့ဟာ လည်း သက်က္ကဘာသာကနေ ပါဠိဘာသာကို ဘာသာပြန်ဆိုပြီး ပါဠိဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုလေ့လာခဲ့  ကြတာတွေလည်းရှိပါတယ်။

အနောက်ဥရောပမှာ အနုပညာနဲ့ပတ်သက်လို့ အယူဝါဒအသီးသီးပေါ်ထွန်းခဲ့သလို အရှေ့တိုင်းအနု ပညာမှာလည်း ဘ၀ဠ်ဌာယီဘာဝ (၉) ပါး၊ ဗျာဘိစာရဘာဝ (၉) ပါးတို့ပါဝင်ခဲ့ပါတယ်။

ဘ၀ဠ်ဌာယီဘာဝ (၉) ပါး

(၁) ရတိဠာယီဘာဝ (အမျိုးသမီး၊ အမျိုးသားချစ်ကြိုက်ခြင်း)

(၂) ဟသဠာယီဘ၀ (ပြုံးရယ်ခြင်း)

(၃) ကောဓဠာယီဘာဝ (အမျက်ဒေါသ ကြမ်းကြုတ်ခြင်း)

(၄) ဥဟဌာယီဘာဝ (ရဲရင့်ခြင်း)

(၅) ဘယဌာထိဘာဝ (ကြောက်ရွံ့ခြင်း)

(၆) ဇိရုစ္ဆယဌာယီဘာဝ (ရွံ့ရှာစက်ဆုတ်ခြင်း)

(၇) ၀ိမှယဌာယီဘာဝ (အံ့သြခြင်း)

(၈) သောကဌာယီဘာဝ (ကြောင့်ကြ ကြင်နာခြင်း)

(၉) သမဌာယီဘာဝ (ရင့်ကျက် ငြိမ်သက်ခြင်း) တို့ဖြစ်ပါတယ်။

ဗျာဘိစာရဘာဝ (၉) ပါး

(၁) သင်္ဂါရ ရသ (ချစ်ခင်ခြင်း)

(၂) ဟသာရသ (ပြုံးရယ်ခြင်း)

(၃) ရုဒ္ဓရသ (ရုန့်ရင်းကြမ်းတမ်းခြင်း)

(၄) ကရုဏာရသ (သနားကြင်နာခြင်း)

(၅) ၀ီရရသ (ရဲရင့်ခြင်း)

(၆) ၀ိဘစ္ထရသ (ရွံ့ရှာစက်ဆုတ်ခြင်း)

(၇) ဘယာနကရသ (ကြောက်ရွံ့ထိတ်လန့်ခြင်း)

(၈) အဗ္ဘုတရသ (အံ့သြခြင်း)

(၉) သန္တရသ (တည်ငြိမ်ရင့်ကျက်ခြင်း) တို့ဖြစ်ပါတယ်။

ကျွန်တော်ဖတ်ခဲ့ဘူးသလောက်ကတော့ အနုပညာနဲ့ပတ်သက်တဲ့ အနောက်တိုင်းရဲ့ အတွေးအခေါ်တွေရော အရှေ့တိုင်းရဲ့အတွေး အခေါ်တွေတိုင်းမှာ ခံစားချက်ရဲ့ အခန်းကဏ္ဍကို အလေးပေးထားကြတဲ့အမြင်များ ကိုယ်စီရှိကြပေမယ့် အဲ့ဒီအမြင်နှစ်ခုလုံးမှာ ခံစားချက်ကို အလေးထားတာခြင်းတူညီပေမယ့် ခံစားချက်ကို နားလည်လက်ခံပုံတွေမှာ ကွပြားခြားနားနေကြတာကို တွေ့ရပါတယ်။ အနောက်ဥရောပ ရသဆိုင် ရာအတွေးအခေါ်တို့ကို မြန်မာတို့ ၁၉ ရာစု အင်္ဂလိပ်ကိုလိုနီလက်အောက်သို့ ကျရောက်ပြီးမှ အတွေ့အထိများပြားလာခဲ့ပြီး အင်္ဂလိပ် ယဉ်ကျေးမှုနှင့်အတူ အနောက်တိုင်းယဉ်ကျေးမှုတို့ကိုပါ လေ့လာသိရှိနိုင်ခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ မြန်မာရသပညာရှင်တွေဖြစ်ကြတဲ့ ဆရာဇေယျ၊ ဆရာဇော်ဂျီနှင့် ဆရာဦးရွှေအောင်တို့ရဲ့ ရသပညာဆိုင်ရာ အမြင်များမှာ ထင်ရှားတွေ့ကြရမှာဖြစ်ပါတယ်။

ဆရာဇေယျရေးသားခဲ့တဲ့ စာအုပ်တွေကိုတော့ မြန်မာမျက်ပွင့် (ရွာဓလေ့၊ လူဓလေ့)၊ မြန်မာမျက်ပွင့် (စာဓလေ့)၊ စာသဘင်ဇေယျ၏စာဇေယျတတမ်းမြန်မာ့စာ မြန်မာ့စိတ် မြန်မာ့မာန်စာတွေငါတွေ့ဗမာ့အရေးနှင့် အနုပညာအတွေး နှင့် စာတိုပေစဆိုတဲ့စာအုပ်တွေထင်ရှားတယ်လို့သိရပါတယ်။ ကျွန်တော်က တော့ တကသိုလ်မှာ မြန်မာစာအဓိကကျောင်းသားမဟုတ်ခဲ့တော့ ဒါတွေကို လေ့လာခွင့်မရရှိခဲ့ပါဘူး။ ဆရာ ဇေယျရဲ့ ရသအပေါ်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဆွဲထုတ်ပြီး ပြောရမယ်ဆိုရင် ဆားသည် ဟင်းလျား၏ အချုပ်ဖြစ် သကဲ့သို့ ရသသည် အနုပညာ၏ အချုပ်ဖြစ်သည်။ ထို့ကြောင့် အနုပညာရှင်တို့သည် အနုပညာလက်ရာများတွင် ရသကို ထည့်သွင်းရ မည်ဖြစ်သကဲ့သို့ အနုပညာလက်ရာတွေကို ခံစားသူတို့ကလည်း မိမိတို့ဖတ်သော စာ၊ ကြည့်ရှုသော ပန်းချီ၊ ပန်းပု၊ ဇာတ်သဘင်စသည်တို့တွင် ပါရှိသော ရသကို ခံစားတတ်ကြရမည်။ လို့ ဆိုခဲ့ပါတယ်။ ဒီလို အနုပညာဖန်တီးသူရော ခံစားသူပါ ရသအပေါ်ခံစားတက်ကြမှသာလျှင် အနုပညာလက်ရာများ၏ အဆင့်အတန်းသည် အထက်သို့ ရောက်နိုင်မယ်လို့လည်း ဆရာဇေယျကဆိုခဲ့ပါ တယ်။

ဒီနေရာမှာ ကျွန်တော်တို့ဟာလည်း ဘဘလော့ခ်စာမျက်နှာတွေထက်မှာ စာရေးသားကြတယ်ဆိုပေမယ့် ကျွန်တော်တို့ပေးချင်တဲ့ အသိ၊ ကျွန်တော် တို့ချပြချင်တဲ့ အနုပညာပစည်းတွေကို ဘယ်အတိုင်းအတာအထိ လောကအမြင်တွေကို နက်နက်ရှိုင်းပုံဖော်ပြော ဆိုနိုင်ကြမလဲဆိုတာ အရေးကြီးလှပါတယ်။ ဒီလိုပါပဲ ဘလော့ခ်တွေကို ၀င်ရောက်ကြည့်ရှု့သူ စာဖတ်သူ၊ ပရိသတ်၊ အနုပညာကိုခံစားသူတို့ရဲ့ ရသအပေါ် ဘယ်အတိုင်း အတာ အထိ နားလည်လက်ခံမှုရှိသလဲဆိုတာနဲ့ လောကအမြင်နက်ရှိုင်း ဘယ်အတိုင်းအတာ သိမြင်နားလည်မှုရှိသလဲ ဆိုတာနဲ့ သူတို့တွေရဲ့ လောကအမြင်တွေကို ဘယ်လိုမြှင့်တယ်ပေးရမယ့်ဆိုတဲ့ အနုပညာဖန်တီးသူရဲ့ တာဝန်ဆိုတာ အရေးကြီးလှပါတယ်။

ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ နေ့စဉ်ထိနေ့ ဖတ်ရှု့နေကြရတဲ့ အင်တာနက် ဘလော့ခ်စာမျက်နှာတွေဟာ ယဉ်ကျေးမှုရေးရာအရ၊ လူမှုရေးရေးရာတွေအရ၊ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာတွေအရ စည်းကမ်းသတ်မှတ် ချက်တစ်စုံတစ်ရာမရှိပဲ လွတ်လပ်စွာရေးသားခွင့်ရရှိကြတဲ့အတွက် ဘလော့ခ်ရေးသားသူ တစ်ယောက်ချင်းနဲ့ရော ဖတ်ရှုသူတစ်ယောက်ချင်းအပေါ်မှာပါ အကျိုးသက်ရောက်မှုတွေ အများအပြားရှိနေသလို ပရိသတ်ရဲ့ စိတ်ခံစားမှုအတွင်းမှာလည်း သွားပြီး အစွန်းအထင်းတွေဆွဲထင်စေတက်တာမို့ သတိပြုမိကြစေချင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုးရဲ့ ရသအပေါ်ခံစားတက်မှုဟာ အနောက်တိုင်းသားတွေရဲ့ ရသခံစားတက်မှုအသိနဲ့ ကွဲပြားခြားနားတယ်လို့ ကျွန်တော် ယူဆမိလို့လိုပါ။ အယူဝါဒပိုင်းဆိုင်ရာနဲ့ ရသကိုချင်းကပ်ကြပုံနဲ့ စိတ်ခံစားမှု အတွေ့အမြင့်ကို ဦးစားပေးခံစားတက်ကြတယ်လို့ ယူဆလို့ရပါတယ်။ ဒီနေရာမှာ မြန်မာလူမျိုးအများစုဟာ ရသနဲ့ပတ်သက်လာရင် အနောက်အတွေးအခေါ်ကိုရော အရှေ့အတိုင်းအတွေးအခေါ်တွေပါ ကိန်းအောင်း နေတာဖြစ်တဲ့အတွက် အနုပညာပစည်းတစ်ခုကို ခံစားဖို့သက်သက်မဟုတ်ပဲ လက်တွေ့ဘ၀ဖြစ်စဉ်တွေထဲမှာ အစားထိုးထည့်သွင်းတွက် ချက်ခံစားပြီး လောကအမြင်ကို ရသခံစားရင် သင်ယူကြတာမျိုးတွေလည်း ရှိနေကြပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘလော့ခ်ဂါတွေအနေနဲ့ ကိုယ်ထင်ရာ ကိုယ်မြင်ရာရေးသားနေကြတာမျိုးကို ချင့်ချိန်ပြီး ခေတ်စနစ်ဆိုးနဲ့ရင်ဆိုင်နေရတဲ့ မြန်မာလူငယ်တွေရဲ့ လောကအမြင်တွေကို ဘယ်လိုဘယ်ပုံမြှင်တင်ပေးကြ မလဲဆိုတဲ့ မေးခွန်းကို ဘလော့ခ်ဂါအားလုံးကို မေးမြန်းလိုက်ရင် ဒီပို့စ်လေးကို နိဂုံးချုပ်လိုက်ရပါတယ်။ နောက်ထပ်လည်း အချိန်ရရင်ရသလို ရသပညာနဲ့ပတ်သက်တာတွေကို ရေးသားတင်ပြပေးသွားပါ ဦးမယ်။

အံ့ဘုန်းမြတ်

(2009.MARCH 10)

(မှတ်ချက်။ ။ အကောင်းမြင်နဲ့ဖြစ်စေ၊ အဆိုးမြင်နဲ့ဖြစ်စေ ဝေဖန်အကြံပေးနိုင်ပါတယ်။)

=================================================

ဆရာသစ္စာနီ

ဆရာသစ္စာနီ

မြန်မာမော်ဒန်ဝတ္ထုရေစီးကြောင်း (၁)

သစ္စာနီ

(၁)

၁၉၇၀ ခုနှစ်တစ်ဝိုက်တွင် မြန်မာမော်ဒန်သည် စတင်အခြေတည်ခဲ့သော်လည်း မြန်မာမော်ဒန်ဝတ္ထုများ မှာမူ၊ ဆယ်စုနှစ်တစ်ခု နောက်ကျကာ ၁၉၈၀ နောက်ပိုင်းများကျမှသာ စတင်ဖြစ်ပေါ်လာသည်ကိုတွေ့ခဲ့ရသည်။ ကျွန်တော်သတိပြုမိသည်မှာ ယခင်ကရုပ်ရှင်ပဒေသာမဂ္ဂဇင်း အယ်ဒီတာ သန်းဦးလှိုင် (သူသည် မော်ဒန်ကို လိုလားသော လူငယ်အယ်ဒီတာတစ်ဦးဖြစ်ကာ၊ ရုပ်ရှင်ပဒေသာတွင်လည်း မော်ဒန်ကဗျာများကို နေရာပေးခဲ့သူ ဖြစ်သည်။) စီစဉ်သော ရုပ်ရှင်ကောင်စီမဂ္ဂဇင်းပါ မြင့်သန်း (သြစတေးလျ) ၏ ၀တ္ထုတိုလေးများဖြစ်သည်။ ကိုမြင့် သန်း၏ ၀တ္ထုတိုပေါင်းချုပ်စာအုပ်တွင် သူ့ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည့် “ချစ်ခြင်းအတွက် အခြားတစ်နေရာ” ၀တ္ထု ဖော်ပြနှစ်ကို ၁၉၈၂ ဟု ဖော်ပြထားပါသည်။ ထိုအချိန်လောက်မှာပင် ဇော်ဇော်အောင်ကလည်း မော်ဒန်ဝတ္ထုတို တွေရေးသားလေသည်။ သူ့ဝတ္ထုတိုကို ကျွန်တော်အစောဆုံးသတိပြုမိသည်မှာ “ကံ့ကော်ပင်အောက်က အေးမြ သောမီးလျှံ” ဖြစ်ကာ၊ စီးပွားရေးတကသိုလ်နှစ်လည်မဂ္ဂဇင်းတစ်ခုတွင် ဖြစ်ပါသည်။ ဆရာဇော်၏ နောက်ဆုံးထုတ် ၀တ္ထုတိုပေါင်းချုပ် “မိုးပိတောက်စကားပြေများ” တွင် ထိုဝတ္ထုတိုကို စီးပွားရေးတကသိုလ်နှစ်လည်မဂ္ဂဇင်း ၈၀-၈၁ ဟု ဖော်ပြထားသည်။ ထိုအချိန်က ထိုဝတ္ထုမျိုးကို ပြင်ပမဂ္ဂဇင်းများတွင် ဖော်ပြရန်မလွယ်ကူပါ။ ထိုစဉ်က ဆရာဇော်သည် စီးပွားရေးတကသိုလ် မြန်မာစာဌာနမှူးဟုထင်ပါသည်။ နှစ်လည်မဂ္ဂဇင်းတွင်လည်း မြန်မာစာ အယ်ဒီတာဖြစ်ပါသည်။ နောက်ထပ်ပြင်ပတွင် စတင်ဖော်ပြခံရသော ဇော်ဇော်အောင်၏၀တ္ထုမှာ “နေယျဒေါသ” ဖြစ်ပြီး စစ်တွေနောင်လတ်အယ်ဒီတာလုပ်သည့် ဂီတပဒေသာမဂ္ဂဇင်းတွင်ဖြစ်သည်။ (ထိုစဉ်က ထိုမဂ္ဂဇင်းကို စီစဉ် ထုတ်ဝေနေသူ ကိုသန်းအောင်မှာလည်း စီးပွားရေးတကသိုလ်မှ နည်းပြဆရာတစ်ဦးဖြစ်သည်။) ယင်းမှာ မြန်မာမော်ဒန်ဝထ္ထုတိုများဖြစ်ထွန်းစက အခြေအနေပင်ဖြစ်ပါသည်။

ကျန်လူတချို့မှာ လက်ရှိသရုပ်မှန်ဝတ္ထုတိုများကိုလည်း အားရကျေနပ်ခြင်းမရှိသဖြင့် ပင်မရေစီးကြောင်းမှ လမ်းခွဲထွက်ရန် စမ်းသပ်မှုပြုသည့် ၀တ္ထုတိုများကို ရေးသားနေကြဆဲဖြစ် သည်။ တချို့မှာ စိတ်ခံစားမှုသက်သက်ကို ဦးစားပေးသော ၀တ္ထုတိုများဖြစ်သည်။ ဥပမာ မောင်ရန်ပိုင်၊ သဲအိမ်မောင်နေ၀ါ၊ မြေချစ်သူ၊ ကိုဆွေစသူတို့။ ကျွန်တော်၏ပြတင်းပေါက်ကလေး (၁၉၈၄ ရုပ်ရှင်မျက်မှန်) ငန်းနဲ့ရေ (ဂီတပဒေသာ ၁၉၈၅) Semi Modern အမျိုးအစားဟု သတ်မှတ်နိုင်သည်။ (ကျွန်တော်၏ နောက်ပိုင်းလူစီးရီးဝတ္ထုတိုများမှာ ထိုဝတ္ထုများ၏ နောက်ဆက် တွဲဟု ဆိုနိုင်ပါသည်။)

ထို့နောက်တွင်မူ မော်ဒန်ဝတ္ထုတိုများကို အသားပေး ဖော်ပြသည့် ကိုတင်ကိုအောင်၏ “ဟန်သစ်” မဂ္ဂဇင်း ထွက်ပေါ် လာသည်။ မြန်မာစာပေလောကတွင် မော်ဒန်ဝတ္ထုတိုများ အင်နှင့်အားနှင့်ဖွံ့ဖြိုးတိုးတက်စေရန် ထိုမဂ္ဂဇင်းက ကြီးစွာထောက်ပံ့ပေးခဲ့သည်။ ကျွန်တော်ကိုယ်တိုင်ပင် မော်ဒန်ဝတ္ထုများကို အစဉ်တစိုက်ရေးခွင့်ရခဲ့ကာ နေမျိုး၊ ချစ်ထူးစသည့်မော်ဒန်ဝတ္ထုတိုရေးသူ အတော်များများကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ဟန်သစ်ကိုအားကျကာ တချို့မဂ္ဂဇင်း အနည်းငယ်ကလည်း မော်ဒန်ဝတ္ထုများကို နေရာပေးလာသည်။ ဥပမာ ချစ်ဝင်းမောင်၏ ရနံ့သစ်မဂ္ဂဇင်း။

(၂)

ဂန္ထ၀င်မှလမ်းခွဲထွက်သော ခေတ်စမ်းကဗျာကို ဦးဆောင်ခဲ့ကြည့် တကသိုလ်မှ လူငယ်အချို့သည် ၀ီလျံဘလိတ်၊ ဂျွန်ကိ၊ ရှယ်လီ၊ ၀စ်စ၀ပ်တို့လို နိုင်ငံခြားကဗျာများကို ဖတ်ရှုကာအားယူခဲ့ကြရသလို….

မြန်မာမော်ဒန်ကဗျာရေးသူများသည်လည်း ထင်ရှူးပင်ရိပ်အပါအ၀င် တီအက်စ်အဲလိယော့၊ မာယာကော့ စကီး၊ နီရူဒါ၊ ပိုးပါးမှအစ် ဟိုးလတ်၊ အက်ဇင်ဘာဂျာတို့အဆုံး အနောက်တိုင်းကဗျာ (တချို့ဘာသာပြန်) များကို ဖတ်ရှုကာ အသိအမြင်အာရုံခံစားမှုတို့ကို အပြောင်းအလဲလုပ်ခဲ့ကြရသည်။

မြန်မာမော်ဒန်ဝတ္ထုတိုရေးသူတို့အတွက် အဓိကအထောက်အပံ့ဖြစ်ခဲ့သည့် စာအုပ်တချို့မှာ အင်္ဂါနေ့နှင့် အခြားဝတ္ထုတိုများ (ဂျာမန်ဝတ္ထုများ ဘာသာပြန်)၊ ဆရာဦးကိုယုနှင့်အဖွဲ့ ဘာသာပြန် ဂျာမန်စာပေနှစ်တွဲ၊ ဂျာမန် သံရုံးမှ ထုတ်ဝေသည့် လှသမိန်ဘာသာပြန်သော (P.E.N) ဂျာမန်လက်ရွေးစင်ဝတ္ထု၊ အက်ဆေးကဗျာပေါင်းချုပ် တို့ဖြစ်လေသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်က စာအုပ်အဟောင်းအရောင်းဆိုင်များ

ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်က စာအုပ်အဟောင်းအရောင်းဆိုင်များ

အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုနိုင်သူများအတွင် ဆူးလေဘုရား လမ်းစာအုပ်ဆိုင်တွင် အလွယ်တကူ ၀ယ်ယူ နိုင်သည့် ပင်ဂွင်းမော်ဒန်ဝတ္ထုတိုများအတွဲ (Penguin Modern Stories) များဖြစ်သည်။ အတွဲတစ်တွဲစာရေးသူ သုံး၊ လေးယောက်ပါကာ ဆယ်တွဲကျော်ရှိသည်။ ထို့နောက် ပင်ဂွင်းမှပင်ထုတ်ဝေသည့် Writing Today အတွဲများဖြစ်သည်။ နိုင်ငံအလိုက်ထုတ် ဝေခြင်းဖြစ်ကာ အမေရိကန်၊ လက်တင်အမေရိက၊ အာဖရိက၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ချက်ကိုစလိုဗက်ကီးယား၊ ကနေဒါ၊ ကျူးဘား၊ ဂျပန်စသဖြင့် အတော်စုံစုံလင်လင်ရှိသည်။ ထိုအထဲတွင် လတ်တလောသူတို့ဆီတွင် ရေးသားနေသည့် ၀တ္ထုတို၊ ကဗျာ၊ အက်ဆေးစသည်တို့အတွက် ရတနာသိုက် သဖွယ်အကျိုးပြုခဲ့လေသည်။ ထိုပြင် ဗာဂျီနီးယားဝုဖ်၊ ဂျိမ်းဂျွိုက်၊ သောမတ်မန်း၊ လူဝစ်ဘောဂတ်စသူတို့၏ ၀တ္ထုတို တွေကိုပါ လေ့လာနိုင်ခွင့်ရခဲ့သည်။

(၃)

၁၉၉၀ တွင် ငြိမ်းအေးအိမ်စီစဉ်ထုတ်ဝေသည့် “သရဖူ” မဂ္ဂဇင်းထွက်လာခဲ့သည်။ ထိုသူသည် မော်ဒန်မှုကို လေးစား ခုံမင်သူဖြစ်ရာ မော်ဒန်စာပေသည် ပိုပြီးဖွံ့ဖြိုးစည်ပင်လာသည်။ (တကယ်တော့ မော်ဒန်စာပေသည် ဟန်သစ်မဂ္ဂဇင်းကာလကပင် လူလားမြောက်ခဲ့ပြီးဖြစ်သည်။) သရဖူကို ပို့စ်မော်ဒန်၏ ခြေလှမ်းအသစ်ဟုဆိုနိုင် သည်။ လူဟောင်းမော်ဒန်ဝတ္ထုရေးသူများသာမက လူငယ်မော်ဒန်ဝတ္ထုရေးသူအသစ်များကိုပါ မွေးထုတ်ပေးနိုင်ခဲ့ သည်။ ထင်ရှားသူနှစ်ဦး တာရာမင်းဝေနှင့် မင်းခိုက်စိုးစန်တို့ ပေါ်ထွန်းလာခဲ့သည်။ မော်ဒန်၊ ပို့စ်မော်ဒန်စာပေ သဘောတရားများဖြန့်ဖြူးရာနေရာလည်းဖြစ်လာသည်။ မောင်မောင်ဇေယျ၊ မြတ်သစ်တို့စာတွေ တွေ့လာရ သည်။ နေမျိုးရေးအားကောင်းဆဲ။ ကျော်စွာထက်နှင့် ကိုကို (အမရပူရ) တို့က မော်ဒန်နှင့်ခပ်ခွာခွာ။ သရဖူမဂ္ဂဇင်း ရပ်ဆိုင်းသွားသောအခါ မော်ဒန်အင်အားစုတွေ ပြိုကွဲပြန့်ကြဲသွားသလိုထင်ရသည်။ သို့သော် မဂ္ဂဇင်းအတော်များ များမှာပင် မော်ဒန်ဝထ္ထုတိုတွေ နေရာရသဖြင့် မော်ဒန်ဝတ္ထုတိုများ ပျောက်ကွယ်သွားစရာအကြောင်းမရှိ။ သရုပ် မှန်နှင့်အစဉ်အလာလမ်းကြောင်းမှ လမ်းခွဲထွက်လာသည့် နည်းပညာအရရော ပုံသဏ္ဍာန်ပါခြားနားသည့် မြန်မာ မော်ဒန်ဝတ္ထုတိုများ ကြွယ်ဝစွာရှိနေခဲ့တာ အသေအချာဖြစ်လာသည်။

၂၀၀၀ ခုနှစ်အလွန် မြန်မာမော်ဒန်ဝတ္ထုတိုများ၏ အခြေအနေမှာ မည်သို့ရှိသနည်း။ ယင်းမှာ မကြာခဏ ကျွန်တော်နှင့်ကြုံတိုင်း အမေခံရလေ့ရှိသော မေးခွန်းဖြစ်သည်။ ယေဘူယျဖြေဆိုရလျှင် ယနေ့မြန်မာမော်ဒန်ဝတ္ထု တိုများ၏ အခြေအနေမှာ မြန်မာမော်ဒန်ကဗျာများ၏ အခြေအနေလိုပင် ထိုက်တန်သည့် တစ်နေရာရောက်နေ သည်။ ယနေ့မြန်မာနိုင်ငံတွင်ထုတ်ဝေနေသည့် မည်သည့်မဂ္ဂဇင်းကိုပဲပို့ပို့ ကျွန်တော်တို့၏ မြန်မာမော်ဒန်ဝတ္ထုတို များမှာ အလွယ်တကူဖော်ပြခံရသည်။ မြန်မာနိုင်ငံတွင် မြန်မာမော်ဒန်ဝတ္ထုတိုပရိသတ်အခိုင်အမာရှိနေတာ ထင် ရှားသည်။ ကျွန်တော်တို့၏ မော်ဒန်ဝတ္ထုတိုများကို စုစည်းထုတ်ဝေရာ တချို့စာအုပ်များမှာ ဒုတိယအကြိမ်၊ တတိ ယအကြိမ်ရိုက်နှိပ်ရောင်းချရသည်။ (၁) စကူပေါ်က သစ်ပင်၊ (၂) ဗန္ဓတ်နှင့် အခြားဝတ္ထုတိုများ၊ (၃) လက်ရွေးစင် မော်ဒန်ဝတ္ထုတိုများ၊ (၄) ပြာဖြစ်သွားသောပန်းသီး၊ (၅) ၀တ္ထုတိုခြောက်ဆယ်စသဖြင့် တခြားသူများ (ဥပမာ ဇော်ဇော်အောင်၊ နေမျိုး၊ မင်းခိုက်စိုးစန်၊ တာရာမင်းဝေ) စသဖြင့်လည်း ရောင်းကြရသည်။ စုပေါင်းထုတ်ဝေသော စာအုပ်များလည်း အောင်မြင်သည်။

အများက ထင်ထင်ရှားရှားမြင်နိုင်သော အချက်ကို ထောက်ပြကာ မြန်မာမော်ဒန်ဝထ္ထုတိုများ၏ အနာ ဂတ်အလားအလာကို သိချင်ကြသည်။ ထိုအချက်မှာ မြန်မာမော်ဒန်ဝတ္ထုတိုရေးသူအသစ်များ ဘာကြောင့်ပေါ် ထွန်းမလာသနည်းဟူသော အချက်ဖြစ်သည်။ ယခုမော်ဒန်ဝတ္ထုတိုရေးသူမှာ လက်ချိုးရေတွက်လို ရနိုင်သော အခြေအနေဖြစ်သည်။ အစဉ်တစိုက်ရေးသူဟူရ်ျ ဇော်ဇော်အောင်၊ နေမျိုး၊ ကျွန်တော်၊ မင်းခိုက်စိုးစန်စသူတို့မျှသာ ရှိသည်။ မြတ်သစ်နှင့် မောင်မောင်ဇေယျက တစ်ခါတစ်ရံ။ သရဖူခေတ်က ရေးခဲ့ကြသော လူငယ်အတော်များများ (နန်းနွယ်၊ ကိုယ်ထိုက်၊ ရှင်ဒေ၀ီတို့မှအစ) ရေးသားတာမတွေ့ရတော့ပေ။ ဟန်သစ်တစ်ခေတ်က ပေါ်ထွန်းလာ သော ချစ်ထွန်း၊ တွတ်တွတ်မောင်စသူတို့လည်း ဟန်သစ်နှင့်အတူ ပျောက်ကွယ်သွားကြသည်။ ဒါဆို လူငယ် မော်ဒန်ဝတ္ထုတိုရေးသူတွေ မရှိကြတော့ဘူးလား။

ကျွန်တော့်အမြင်ပြောရရင် အတော်များများပင်ရှိနေပါသည်။ သို့သော်သူတို့မှာ နေရာပေးဖော်ပြခြင်း မခံရသဖြင့် တိမ်မြုတ်နေခြင်းသာဖြစ်သည်။ လက်ရှိမဂ္ဂဇင်းများအနေဖြင့် မည်သည့်မဂ္ဂဇင်းတွင်မဆို နာမည်ရှိပြီး သော မော်ဒန်စာရေးဆရာတို့၏ ၀တ္ထုတိုများကို ဖော်ပြပေးရန်ဝန်မလေးကြသော်လည်း ကလောင်သစ်များ၏ မော်ဒန်ဝတ္ထုတိုများကို အသုံးပြုမှုမရှိသလောက်နည်းပါနေတာကိုတွေ့ရသည်။ သာဓကတစ်ခုပြပါမည်။ မကြာခင် တစ်နှစ်က နရီမင်းနှင့် မောင်ဒေးစီစဉ်ထုတ်ဝေသည့် “ဟန်သစ်” မဂ္ဂဇင်းတွင် ကလောင်သစ်မော်ဒန်စာရေးဆရာ တို့၏ ၀တ္ထုတိုအတော်များများကို တွေ့မြင်လိုက်ရသည်။ ထိုမော်ဒန်ဝတ္ထုတိုများမှာ အားရကျေနပ်ဖွယ်အဆင့် လည်းရှိသည်။ မော်ဒန်စာပေသဘောတရားတွေ ရေးနေသော အောင်ခင်မြင့်ကအစ ဧဇံ၊ တေဇာဘုန်းခေါင်၊ စိုင်းလူ၊ စိုးမိုးယံ၊ သူရသစ် (Y.U) ၊ သူရနီ၊ မျိုးညိန်းဇော်၊ ဆက်သုန်း၊ မောင်ကြည်၊ သဲထူး၊ အိမ်ဝေးသူစသည့်လူ တွေဖြစ်သည်။ ယခုဟန်သစ်မရှိသောအခါ သူတို့ကိုလည်း မတွေ့ရတော့ပေ။

သေချာတာတစ်ခုတော့ရှိသည်။ မော်ဒန်ဝတ္ထုဖတ်ပရိသတ်အခိုင်အမာရှိနေသလို မော်ဒန်ဝတ္ထုတိုရေးသူ တွေလည်း အင်နဲ့အားနဲ့ရှိနေပါသည်။ မော်ဒန်စာပေ (၀တ္ထုတို) များကို အလေးပေးဖော်ပြမည့် (တစ်ခေတ်က ဟန်သစ်လို၊ သရဖူလို) မဂ္ဂဇင်းမျိုးသာ အဓိကရှိဖို့လိုအပ်နေပါတော့သည်။

သစ္စာနီ

(မှတ်ချက်။ ။ 2009 ခုနှစ်၊ ဇန်န၀ါရီလထုတ် လှိုင်းသစ်မဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၁ တွင်ဖော်ပြပါရှိခဲ့သော ဆရာသစ္စာနီ၏ “မြန်မာမော်ဒန်ဝတ္ထုရေစီးကြောင်း” ဆောင်းပါးကို ပြန်လည်ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါသဖြင့် ကိုးကားချက်အားဖော်ပြပြီး လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။)

=================================================

ဆရာမောင်စူးစမ်း

ဆရာမောင်စူးစမ်း

အပေါ်ယံကလည်း သူ့အလားအလာနှင့်သူ ဖောင်ဒေးရှင်းမလို

မောင်စူးစမ်း

ဖောင်ဒေးရှင်းနှင့် အပေါ်ယံ

အကြွင်းမဲ့တရားတွေ၊ လောကအလုံးစုံတရားတွေ Absolute And Universal တွေ ယိုင်လဲပြိုကျသည် ကပြိုကျ၊ သြဇာကျဆင်းသည်က ကျဆင်းနှင့် ဖြစ်နေသော အခြေအနေတွင် အိုင်ဒီယာတို့၏ သက်တမ်းကလည်း တိုကုန်သည်။ သက်ဆိုးမရှည်။ ယနေ့ပေါ်သော အိုင်ဒီယာလည်း နက်ဖန်တွင် မဆီလျှော်ဖြစ်သွားပြီး ပျောက်သွား နိုင်သည်။ ထို့ကြောင့် မည်သည့်အရာအတွက်မဆို တစ်ခုတည်းသော အိုင်ဒီယာ Single Idea ဆိုပြီး မရှိတော့ ပေ။ မည်သည့်အရာကိုမှ တစ်ခုတည်းသောအဓိပ္ပါ Single Meaning ဖြင့် ရှင်းပြလို့မရပြီ။

အိုင်ဒီယာတို့ အပြိုမြန်ရသည်မှာ လောကကြီးနှင့် အရာဝတ္ထုတို့ကိုယ် တိုင်က အပြောင်းအလဲမြန်ဆန် လွန်းသောကြောင့်ဖြစ်သည်။ အပြောင်းအလဲ တွေ ဘယ်လောက်တောင် မြန်ဆန်သနည်းဆိုလျှင် မိမိက ပုံသေရပ်နေပါလျက် ရပ်နေသောအောက်က ပြောင်းလဲသွားသည့် သဘောမျိုးတွေဖြစ်လာသည်။ ဘ၀ရှင်သန်ရေး သဘောတရားသည်လည်း ပြောင်းလဲသွားသည်။ အပြောင်း အလဲတို့ကို ဂရုမပြုသူသည် ဘ၀ဖြစ်တည်မှု အကျပ်အတည်းတို့နှင့် ရင်ဆိုင်ရ မည်။

အပြောင်းအလဲတို့သည် လျှင်မြန်ရုံမျှမက ခြေခြေမြစ်မြစ်ရှိလှသည်။ ဥပမာပြောရလျှင် အခြေခံအုတ်မြစ် Foundation နှင့် အပေါ်ယံ Surface တို့ကြား ဆက်စပ်မှုဖြစ်သည်။ အများသိအမြင်အရ အခြေခံအုတ်မြစ်ကို တည်ဆောက်ရင်း အပေါ်ယံဆိုတာပေါ်လာရသည်။ အပေါ်ယံသည် အခြေခံအုတ် မြစ်မှ ထိုးထောင်ထွက်လာ သောအရာဖြစ်သည်။ အပေါ်ယံသည် အခြေခံအုတ် မြစ်အပေါ် အခြေစိုက်ရသည်။ အခြေခံအုတ်မြစ်နှင့် အပေါ်ယံသည် အဆောက် အအုံတစ်ခုတည်းဖြစ်သည်။

အထွတ်အမြတ်စာသား

သို့ဖြင့် အခြေခံအုတ်မြစ်နှင့် အပေါ်ယံတို့သည် မခွဲခြားနိုင်သော အရာတို့အဖြစ် နားလည်ခဲ့ကြသည်။ ယခုပို့စ်မော်ဒန်ပညာရှင်တို့က အခြေခံ ဖောင်ဒေးရှင်းအုတ်မြစ်နှင့် အပေါ်ယံကို ခွဲကြည့်သည်၊ ခွာကြည့်သည်၊ ဖြုတ် ကြည့်သည်။ ဘာသွားတွေ့သနည်းဆိုသော် အပေါ်ယံသည် အခြေခံအုတ်မြစ် ဖောင်ဒေးရှင်းမလိုဘဲ ကိုယ့်ဟာကိုယ်ရပ်တည်ဖွံ့ဖြိုးလာသော အချက်ကိုတွေ့ရသည်။

အပေါ်ယံနှင့် အခြေခံအုတ်မြစ်ကွဲသွားသည်။ ထိုသို့ကွဲသည်မှာ အပေါ်ယံက အခြေခံအုတ်မြစ်ဖောင်ဒေး ရှင်းမလိုဘဲနှင့် ရပ်တည်လာနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပို့စ်မော်ဒန်က အခြေခံအုတ်မြစ်၏ အရေးပါမှု ကို ငြင်းဆိုသည်။ ဖောင်ဒေးရှင်းကိုပယ်သည့် အပေါ်ယံ Surface ကို သီးသန့်လေ့လာသည်။ ဖောင်ဒေးရှင်းကို မညွှန်းပေ။

ပညာနှင့် ပတ်သက်ပြီးတော့လည်း ပို့စ်မော်ဒန်က တစ်မျိုးဖြစ်သည်။ အထူးသဖြင့် သင်ရိုးညွှန်းတမ်းဖြင့် ပို့ချသောပညာကို အထွတ်အမြတ်စာသား Sacred Text အဖြစ် ပို့စ်မော်ဒန်က လက်မခံပေ။ တစ်နည်းပြောလျှင် သင်ရိုးညွှန်းတမ်းပညာကို ကျမ်းကြီးကျမ်းခိုင်အဟောအဖြစ် မမြင်ခြင်းဖြစ်သည်။ သင်ရိုးညွှန်းတမ်းပညာသည် မရွှေ့မလျား အသေရပ်နေသော ပညာမဟုတ်။ ကာလသုံးပါးစလုံး အဓွန့်ရှည်စွာ မှန်ကန်နေသော အရာမဟုတ် ပေ။ ထိုသို့ မဟုတ်ကြောင်းကို သိလိုသည့်အနေဖြင့် သင်ရိုးညွှန်းတမ်းပညာကို အမြဲတမ်းလေ့လာဆန်းစစ်ကြည့် နေရမည်ဟု ပို့စ်မော်ဒန်ကဆိုသည်။ အခြားပညာတို့နှင့် စပ်ဟပ်ကြည့်ရမည်။ အခြားပုံပြင်ပေါင်းစုံ Narratives တို့ နှင့် ညှိနှိုင်းကြည့်နေရမည်။ သို့မဟုတ်လျှင် ပညာသည် အသေဖြစ်မည်။

Absolute And Universal-1

မဟာပုံပြင်

ပို့စ်မော်ဒန်က မျိုးစုံသောအကြောင်းတို့ကြောင့် အကြွင်းမဲ့တရား၊ ယူနီဗာစယ်တရားတွေ ယိုင်လဲကုန် သည်။ အရာရာသည် Local ဖြစ်လာသည်။ ဒေသဖြစ်လာသည်။ ထိုသဘောကို ရှင်းအောင်မြန်မာမှုနှင့် ပြောရ လျှင် အရာရာသည် “သူ့အရပ်နှင့် သူဇာတ်” ဖြစ်လာချေပြီ။ တစ်ကမ္ဘာလုံး မှန်ကန်သောတရား၊ နိုင်ငံတိုင်း အတွက်မှန်ကန်သောတရား၊ လောကအလုံးစုံအတွက်မှန်ကန်သောတရားတို့ဟူပြီး မရှိပေ။ အိုင်ဒီယာနှင့် တရားတို့သည် ကာလဒေသပယောဂအလိုက်သာဖြစ်တော့သည်။

ပို့စ်မော်ဒန်က “စုံတွဲသစာ” Binary Truth ကိုလည်း ပယ်သည်။ စုံတွဲသစာဆိုသည်မှာ အကောင်းနှင့် အဆိုး၊ အမှားနှင့်အမှန်၊ အလှနှင့် အကျည်းတန်၊ ကုသိုလ်နှင့် အကုသိုလ်၊ တရားခြင်းနှင့် မတရားခြင်းစသည်ဖြင့် စုံတွဲတွဲပြီး ဖော်ပြသောတရားတို့သည်လည်း ယိုင်လဲကုန်ကြောင်း ပို့စ်မော်ဒန်က ထောက်ပြသည်။

အမှားနှင့်အမှန်ကြားထဲ တစ်ဝက်မှား၊ တစ်ဝက်မှန်တွေရှိနိုင်သည်။ အကောင်းနှင့်အဆိုးကြား အကောင်း တစ်ဝက်၊ အဆိုးတစ်ဝက်တွေရှိနိုင်သည်။ ကုသိုလ်လည်းပါဝင်၊ အကုသိုလ်လည်းပါဝင်သော သဘောတွေရှိနိုင် သည်။ လှလည်းမလှ၊ အကျည်းလည်းမတန်မှုတွေရှိနိုင်သည်။ သဘောတရားလောကနှင့် ဘ၀တရားတို့ကို ၀င်ရိုးစွန်းထဲထားကြည့်ခြင်းသည် အကြွင်းမရှိနိုင်ခြင်းကို ဟောခြင်းဖြစ်သည်။ ပို့စ်မော်ဒန်က ဝေဖန်တိုက်ခိုက် သည်။ ပို့စ်မော်ဒန်သည် ခြုံပြီးကြည့်လျှင် တစ်ခုတည်းသော မဟာပုံပြင် Single Grand Narrative ကို ဝေဖန်တိုက်ခိုက်သည်။

မောင်စူးစမ်း

(မှတ်ချက်။ ။ 2009 ခုနှစ်၊ ဇန်န၀ါရီလထုတ်၊ အမှတ် (၁) အတွဲ (၁) “လှိုင်းသစ်” မဂ္ဂဇင်းတွင်ဖော်ပြပါရှိသော ဆရာမောင်စူးစမ်း၏ အပေါ်ယံကလည်း သူ့အလားအလာနှင့်သူ ဖောင်ဒေးရှင်းမလို ဆောင်းပါးကို ပြန်လည်တင်ပြ ထားခြင်းဖြစ်ပါသည်။)

=================================================

အစဉ်အလာနယ်ပယ်မှ ယဉ်ကျေးမှုအမြင်

မင်းခက်ရဲ

ယဉ်ကျေးမှုဖွင့်ဆိုချက်ကို အဓိကလေ့လာခဲ့ကြတာက စာပေအနုပညာနယ်ပယ်ဖြစ်ပေမယ့် ကိုယ်ကျင့် တရားဒသနအမြင်တွေမှာလည်း တွေ့ကြရတယ်လို့ မြင်ပါတယ်။ အရစတိုတယ်၊ ဂျွန်လော့ခ်၊ ဗီကို၊ တာဂေါ့(တ်)၊ ဘမ်သမ်စတဲ့ပုဂ္ဂိုလ်တွေရဲ့ ဒသနအမြင်တွေမှာ ယဉ်ကျေးမှုသဘောကို တွေ့ရပါတယ်။ ဒါပေမယ့် သူတို့က ယဉ် ကျေးမှုသဘောကို တိုက်ရိုက်ဖော်ထုတ်ထားတာမဟုတ်ပါဘူး။ ကြိုတင်ယူဆနိုင်စရာ (တစ်နည်းအားဖြင့်) ယဉ် ကျေးမှုအကြောင်းတွေကို အတိအလင်းလေ့လာ၊ ဖွင့်ဆို၊ ချဉ်းကပ်တာတွေ မလုပ်ကြခင်ကတည်းက ဒီလိုလုပ်တဲ့ အခါမှာ အထောက်အပံ့ပေးတဲ့ အရာတွေကိုသာ ဖော်ထုတ်ပေးခဲ့ကြပါတယ်။ ဒါကြောင့် သူတို့က ကိုယ်ကျင့် တရားစံကိုသာ အဓိကထားပြောခဲ့ကြတာပါ။ အရစတိုတယ်က ကောင်းခြင်း (Good) ဆိုတာ ကောင်းမြတ်သော အပြုအမူတွေကြောင့် ဖြစ်ပေါ်လာသော ပျော်ရွှင်ဝမ်းမြောက်မှုလို့ဆိုကြပါတယ်။ သူရဲ့ကောင်းခြင်းဟာ ယဉ်ကျေး သောအပြုအမူ။ အဲ့ဒီကနေ တစ်ဆင့်ဖြစ်ပေါ်လာမယ့် ယဉ်ကျေးမှုစတာတွေကို အရိပ်အယောင်းအဖြစ် ပြနေတဲ့ သဘောပါပဲ။

ဂျွန်လော့ခ်ဟာ ယဉ်ကျေးမှုနဲ့ တိုက်ရိုက်ပတ်သက်မှု မရှိပေမယ့် လူ့အဖွဲ့အစည်းအတွင်းရဲ့ သိပုံသိနည်း နဲ့ လူ့အဖွဲ့အစည်းထဲက သင်ယူပုံသင်ယူနည်းသဘောတွေကို လေ့လာတယ်။ သဘောက လူသားရဲ့ သိစိတ် သဘာဝကို လေ့လာတယ်။ သူသားရဲ့ သိစိတ်သဘာဝကို လေ့လာတဲ့ သူ့ရဲ့ An Essay Concerning, Human Under-standing (1690) ဟာ ထင်ရှားတယ်။ ဗြိတိန်ဒသနလောကအပေါ်မှာ လွှမ်းမိုးနိုင်ခဲ့တဲ့ စာအုပ်တစ်အုပ်ပါ ပဲ။ ဒီထဲမှာ သူအဓိကတင်ပြထားတာက လူသားရဲ့ သိစိတ်၊ သိမှုဟာ သူ့ပတ်ဝန်းကျင်က လူ့အ၀ိုင်းအ၀ိုင်းရဲ့ အသိပညာ (၀ါ) စုပေါင်း အသိပညာ (Collective Knowledge) ထဲကို ဘယ်လို ကိန်းအောင်းပျော်ဝင်သွားသလဲ ဆိုတာပြနေပါတယ်။ သိစိတ်ဆိုတာက ပကတိကြည့်လင်သန့်ရှင်းတဲ့အရာ၊ ပြင်ပက ၄င်းကို လာရိုက်ခတ်မှ ထင်ဟပ်လာတာမျိုးလို့ မြင်တယ်။ တစ်နည်းအားဖြင့် လော့ခ်ရဲ့ သိစိတ်ကို လေ့လာတင်ပြပုံဟာ ၄င်းသိစိတ်ဟာ နယ်ပယ်ဒေသသဘောဆန်ပြီး အသိပညာကိုလည်း သူနဲ့ သက်ဆိုင်ထိတွေ့ရတဲ့ ပတ်ဝန်းကျင် နယ်ပယ်ကလေး ကနေ ဘယ်လိုမျှဝေယူဆောင်သွားနိုင်သလဲဆိုတာကို ပြခဲ့တယ်။ ၁၈ ရာစုက ဒသနပညာရှင် ဗီကို (Vico) က တော့ လော့ခ်တို့ထက်စာရင် ယဉ်ကျေးမှုဆိုင်ရာ (Culture) သဘောတွေနဲ့ အများကြီး ရင်းနှီးလာပြီလို့ဆိုရပါ မယ်။ သူရဲ့ ၁၇၄၄ ခုနှစ်ထုတ် (New Science) စာအုပ်ဟာ ထင်ရှားပါတယ်။ ဥာဏ်အလင်းပွင့်လင်းခေတ်ရဲ့ သိမှု ဆိုင်ရာ နိုးကြားမှုတွေကလည်း ဒီလိုလူသားရေးရာတွေကို စိတ်ဝင်တစား ပြန်လည်ကိုင်တွယ်လာဖို့ အဓိကတွန်း အားပါပဲ။

John Locke

John Locke

ဗီကိုရဲ့ New Science စာအုပ်ဟာ လူမှုရေး သီအိုရီတွေ အတွက် ရှေ့တော်ပြေးပါပဲ။ အထူးသဖြင့် ကလော်ဒီလေးဗီးစထရို (Cloude Levi Strauss) တို့ လေ့လာတဲ့ အဆောက်အအုံဝါဒ ဆိုင်ရာ မနုသဗေဒ၊ လူမှုရေးဗေဒတို့ရဲ့ ရှေ့တော်ပြေးပါ။ ဗီကိုက လူသားသဘာဝကို လေ့လာစူးစမ်းရာမှာ ၄င်းတို့ရဲ့ သင်္ကေတ ဆိုင်ရာဖန်တီးမှုသဘာဝကို အထူပြုလေ့လာပါတယ်။ လူသားဟာ သူတို့ရဲ့ သမိုင်း၊ သူတို့ရဲ့ ဆက်သွယ်မှုပုံစံ၊ သူတို့ရဲ့ယုံကြည်မှု စနစ်များ၊ သူတို့ရဲ့ဥပဒေ၊ အစဉ်အလာလုပ်ထုံးတွေကနေတဆင့် သင်္ကေတ (Symbols) တွေဖြစ်လာတယ်။ လူသားဟာ ၄င်းသင်္ကေတတွေတဆင့် သင်္ကေတ (Symbols) တွေဖြစ်လာတယ်။ လူသားဟာ ၄င်း သင်္ကေတတွေနဲ့ ပြန်ညှိယူနေ ထိုင်ပြီး ကျင့်သုံးရပုံကိစကို လေ့လာတယ်။ ဗီကိုလေ့လာခဲ့တဲ့ ယုံကြည်မှုစနစ်၊ ဥပဒေ၊ ဆက်သွယ်မှုစတဲ့ အကြောင်းအရာ အတော်များများဟာ ယနေ့ယဉ်ကျေးမှုကို အဓိပ္ပါယ်ဖွင့်ကြည်ကြ ရာမှာ အဓိကအခြေပြုထားတဲ့ အုတ်မြစ်တွေဖြစ်တယ်။ ဗီကိုက သင်္ကေတဆိုင်ရာ ပုံသဏ္ဍာန်ပြောင်းလဲမှု (Symbolic Transpormation) အကြောင်းကိုပြောတယ်။ ယခင်က သဘာဝ တရားဆိုင်ရာကိစတွေ (Natural) ကနေ ယခု ယဉ်ကျေးမှုဆိုင်ရာ (Cultural) အဖြစ် ပြောင်းလဲသွားပုံပါပဲ။ ဥပမာ-ယခင် သဘာဝ တရားက လူဟာ အ၀တ်အထည်နေရာမှာ တိရစ္ဆာန်အရေကိုခြုံစေ ပါတယ်။ ဒါဟာ သဘာဝနဲ့ ဆက်စပ်နေတဲ့ သင်္ကေတကိစတစ်ခု ဖြစ်ပါတယ်။ ယခုအခါမှ လူက ဖျင်အင်္ကျီကိုခြုံမယ်။ ဒါက ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတတစ်ခုဖြစ်တယ်။ နောက် ဂျင်း အင်္ကျီးကိုဝတ်မယ်၊ ဂျင်းဘောင်းဘီကိုဝတ်မယ် ဒါဟာ သင်္ကေတ တွေပါ။ ဗီကိုက ၄င်းအရာလိုမျိုးသင်္ကေတဆိုင်ရာ ပုံသဏ္ဍာန် ပြောင်းလဲမှုကို အထူးပြုလေ့လာတာပါပဲ။ ဗီကိုက လူမှုရေးဗေဒ ပညာရှင်တွေထဲမှာ အဓိကထင်ရှားသူပါ။ သူကလည်း ယဉ်ကျေးမှု ကို တိုက်ရိုက်ကိုင်တွယ်ပြောနေတာမျိုး မဟုတ်ပေမယ့် သူ့ရဲ့အမြင် တွေဟာ ယဉ်ကျေးမှုဖွင့်ဆိုချက်အတွက် အရေးပါတဲ့ အမြင်တွေပဲလို့ဆိုရပါမယ်။

ဗီကိုဟာ ဒဏ္ဍာရီဆန်မှု (Myth) တွေကိုလည်း လေ့လာစီစစ်တယ်။ ဒဏ္ဍာ ရီဆိုတာဟာ လူ့အဖွဲ့အစည်း ထဲမှာ ယုံကြည်လက်ခံထားတဲ့ သဘာဝလွန်ကိစတွေလို့ (၄င်းကာလလောက်က အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးလို့) ဆိုနိုင်ပါတယ်။ အဲ့ဒီစိစစ်မှုကတော့ လူမှုရေးဆိုင်ရာ ယဉ်ကျေးမှုသဘာဝဖြစ်ထွန်းလာမှုသဘောကို ဖော်ထုတ်ပြ တဲ့အကျိုးကျေးဇူးရလာစေတယ်။ လူ့အဖွဲ့အစည်းတိုင်းဟာ အဆင့်သုံးဆင့်ကို ဖြတ်သန်းရတယ်လို့ ဗီကိုကမြင် တယ်။ နတ်ဘုရားများခေတ်၊ သူရဲကောင်းများခေတ်၊ လူသားများရဲ့ခေတ်လို့ဆိုပါတယ်။ ၄င်းအဆင့်သုံးဆင့်ဟာ လူသားရဲ့ ယဉ်ကျေးမှု ဖြစ်ထွန်းလာပုံကို ဖော်ပြနေပါတယ်။ အဓိကအားဖြင့်တော့ လူသားရဲ့ အစဉ်အလာ ရိုးရိုးထုံးစံကို အမျိုးအစားသုံးမျိုးနဲ့ ဖော်ပြထားတာပါပဲ။ နောက် ဒုတိယနဲ့ တတိယက ဥပဒေနဲ့ ဓနဥစာပိုင်ဆိုင်မှု အဓိကသဘောတွေပါ။ လူသားရဲ့ပုဂ္ဂလိက ကိုယ်ရည်ကိုယ်သွေးဟာ ကြမ်းတမ်းရက်စက်မှုကနေ ဟီးရိုး (၀ါ) သူရဲ ကောင်းခေတ်မှာ မာနတရား၊ ၄င်းကနေတဆင့် လူသားခေတ်မှာ ဆင်ခြင်တုံတရားဆိုပြီးတော့လည်း ပြောင်းလဲခဲ့ တယ်လို့ ဗီကိုကမြင်ပါတယ်။ ဒါဟာ ယဉ်ကျေးမှုဆိုတာလူသားရဲ့ အဇျတ္တအတွင်းက ကောင်းခြင်း (Goodness) ပဲလို့မြင်တဲ့ အမြင်မျိုးရဲ့ အစလို့ဆိုရမှာဖြစ်ပါတယ်။

ဘမ်သမ်ရဲ့ ယဉ်ကျေးမှုဆိုင်ရာအမြင်တချို့ကို သူရဲ့ 1789 ခုနှစ်ထုတ် (An Introduction To The Principle Of Morals And Legistation) ဆိုတဲ့ စာအုပ်မှာတွေ့ရပါမယ်။ သဘာဝတရားဟာ လူကိုနာကျင်မှုနဲ့ သာယာမှုဆိုတဲ့သဘောနဲ့ ချုပ်ကိုင်ခဲ့တယ်။ လူဟာ ၄င်းစနစ်ထဲမှာ နေထိုင်လှည့်ပတ်ခဲ့ရတယ်လို့မြင်တယ်။ ဒီနေ ရာမှာ သူက ၄င်းသဘာဝတရားရဲ့ ချုပ်ကိုင်မှုနှစ်ခုထဲက သာယာမှုကိုသာရအောင် ကြိုးပမ်းရမယ်လို့မြင်တယ်။ ယဉ်ကျေးမှုဆိုတာ ဘမ်သမ်ရဲ့အမြင်နဲ့ ဆက်စပ်ပုံက လူဟာ ၄င်းသာယာမှုကိုရအောင် အသုံးတည့်အောင် ကြိုးပမ်းရင်းကနေ ယဉ်ကျေးမှုကိစဖြစ်လာတယ်ဆိုတဲ့ အမြင်မျိုးပါပဲ။ ဒါဟာ ကိုယ်ကျင့်တရားဆိုင်ရာ ဟောပြော ပို့ချချက်တွေကနေ ယဉ်ကျေးမှုနဲ့ ဆိုင်လောက်မယ်လို့ ထင်ရတဲ့ အမြင်ကို ဖော်ထုတ်ကြည့်တာပါ။ အခု စာပေ နယ်ထဲက အရေးအသားတွေကနေ ယဉ်ကျေးမှုဖွင့်ဆိုချက်နဲ့ သက်ဆိုင်မယ့် အဆိုပြုချက်တွေအကြောင်းကိသာ ဆက်ပြောပါ့မယ်။

Vico

Vico

ကောလားရစ်(ခ်ျ) ရဲ့ ရသခံစားမှုအမြင်တွေမှာ ယဉ်ကျေးမှုရဲ့ သဘောကိ ဖော်ပြထားပါတယ်။ သူက စိတ်ပိုင်းဆိုင်ရာ အရည်းအသွေး များတိုးတက်လာအောင် ပြုစုပျိုးထောင်ခြင်းဟာ လူအဖွဲ့အစည်းရဲ့ ပန်းတိုင်ဖြစ်တယ်လို့မြင်ပါတယ်။ ပြုစုပျိုးထောင်ခြင်း (Cultivation) ဆိုတာ စိတ်ရဲ့အခြေအနေတစ်ရပ်ကို ညွှန်းဆိုတဲ့ ဝေါဟာရအဖြစ် ကော လားရစ်(ခ်ျ)ဆီမှာ အထင်အရှားတွေ့ရပါတယ်။ ဘမ်သမ်ဆိုခဲ့တဲ့ လောက ကြီးအတွက် လက်တွေ့အသုံးကျမှုအမြင်ဟာ ပြင်ပကမ္ဘာလောကကြီးက လူသားကိုချုပ်ကိုင်လွန်းအားကြီးပါတယ်။ သာယာမှုကို လက်တွေ့အသုံး အချဖို့လှုပ်ရှားမှုနဲ့ ယဉ်ကျေးမှုနဲ့ဆက်စပ်တဲ့နေရာမှာ သမ်ဘမ်ရဲ့အမြင်က ကမ္ဘာလောကကို သြဇာအပြည့်ပေးထားပါတယ်။ ကောလားရစ်ခ်ျက လူသားရဲ့ စိတ်ပိုင်းဖွံ့ဖြိုးမှုကို သမ်ဘမ်ထက်ပိုပြီး ဦးတည်ပါတယ်။ တကယ်တော့ ဘမ်သမ်၊ ကောလားရ်ခ်ျ၊ လော့ခ်တို့ဟာ ယဉ်ကျေးမှု ဆိုတာဟာ စိတ်ပိုင်းဖွံ့ဖြိုးမှု ဆိုတဲ့ ရှေးအယူအဆ၀ါဒီတွေပါပဲ။ ဒါပေမယ့် သူတို့ရဲ့စာအုပ်တွေထဲမှာ ပြောပုံဆိုပုံနဲ့ ချဉ်းကပ်ပုံတွေကွာသွားတာ ကတော့ရှိပါတယ်။ ဥပမာ ကောလားရစ်ခ်ျဆိုရင် လူသားဟာ သူ့ရဲ့စိတ် ပိုင်းအခြေအနေနဲ့ ပြင်ပလောကကြီးရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတို့နှင့် ဆန်ကျင် ပဋိပကခဖြစ်ပုံကို အဓိကဖော်ပြထားပါတယ်။ ၄င်းဟာ သူ့ရဲ့ရသအမြင် လည်း ဖြစ်ပါတယ်။ အတွေးခေါ်ပညာရှင် ကန့်ဆီကနေ ဆက်ခံထား တာပါ။ ၄င်းအတွေးအခေါ်မှာ သူအဓိကသုံးတဲ့ ဝေါဟာရက တန်ပြန် သက်ရောက်မှု (Counteraction) လို့ သုံးပါတယ်။

လူသားရဲ့ အတွင်းအဇျတ္တနဲ့ ပြင်ပက တွန်းအားတွေကြားထဲက ပဋိပကခကို ဖြေရှင်းဖို့ အခရာပဲလို့မြင်ပါ တယ်။ ကမ္ဘာလောကကြီးက လူသားကို ချုပ်ကိုင်ပြီး သူ့စိတ်ကြိုက် ဖန်တီးခွင့်မရဖို့အတွက် သူသားက ပြန်လည် တုံ့ပြန်တဲ့နေရာမှာ စိတ်ကွန်မြူးမှုက အဓိကပါပဲလို့မြင်တယ်။ ယဉ်ကျေးမှုဆိုတာဟာ အတွေးအခေါ်တစ်ခုလည်း မဟုတ်သလို ထိတွေ့ကိုင်တွယ်ပြီး ပြောလို့ရတဲ့အရာမျိုးလည်း မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ယဉ်ကျေးမှုဆို တာဟာ စိတ်အတွင်းပိုင်းနဲ့ ပြင်ပလောကကြီးနှစ်ခုကြားထဲမှာ တည်နေတဲ့ သီးခြားအရည်အသွေးတစ်ခုလိုမျိုးပါပဲ လို့ ကောလားရစ်ခ်ျက ဖော်ညွှန်းပါတယ်။ ကောလားရစ်ခ်ျက ယဉ်ကျေးမှုဆိုတာ စိတ်အတွင်းပိုင်းဖွံ့ဖြိုးမှုကိစဆို တဲ့ ဖွင့်ဆိုချက်အမြင်ထဲမှာပဲ ရှိပေမယ့် သူဟာရသခံစားမှုဖြစ်တဲ့ စိတ်ကူးကွန့်မြူးမှုကို ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ အဓိကအရာတွေလို့ ညွှန်းဆိုလိုပုံရပါတယ်။ ကောလားရစ်ခ်ျက ယဉ်ကျေးမှုဆိုတာ လူမှုရေးဘ၀ထဲက စိတ်အခြေ အနေတစ်ရပ်ရပ်ကနေ ထွက်ပေါ်လာတဲ့ အရှိတရားတွေလို့ မှတ်ယူပါတယ်။ တစ်နည်းအားဖြင့် မြို့ပြယဉ်ကျေးမှု (Civilization) နဲ့ ယဉ်ကျေးမှုဟာ မတူပါဘူး။ ယဉ်ကျေးမှုဆိုတာ နေ့စဉ်ဘ၀ထဲက ကိစမဟုတ်ပါဘူး။ ၄င်းဟာ မြို့ပြယဉ်ကျေးမှုရဲ့ သမိုင်းကိစပဲလို့မြင်တယ်။ တစ်နည်းအားဖြင့် ကောလားရစ်ချရဲ့ ရသအမြင်ကနေ ဖော်ပြနေ တာက စက်မှုအရင်းရှင်စနစ်ဖွံ့ဖြိုးမှုကြောင့် ဖြစ်လာတဲ့ အပျက်သဘောတွန်းအားတွေဟာ မြို့ပြယဉ်ကျေးမှုထဲမှာ ရှိပြီး ၄င်းအပေါ် တန်ပြန်သက်ရောက်မှု လုပ်နေတဲ့ အတွင်းစိတ်ကွန့်မြူးမှုတွေရဲ့ တွန်းအားကတော့ ယဉ်ကျေးမှု သဘောမှာရှိတယ်လို့ဆိုရပါမယ်။ နောက်တစ်ခုက လူ့အဖွဲ့အစည်းထဲက သြဇာလွှမ်းမိုးနိုင်တဲ့ အီလစ်အုပ်စုတွေ က သူတို့ရဲ့ စံယဉ်ကျေးမှု( (Ideal Culture) ကို ဖန်တီးသေးတယ်လို့ မြင်တယ်။ ဥပမာ-ခရစ်ယာန်ဘုရားကျောင်း တော်လိုမျိုးပါပဲ။ ၄င်းတို့က အစဉ်အလာ ယဉ်ကျေးမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ရာမှာ အဓိကအရာတွေ ပါပဲလို့ ဆိုပါတယ်။ ဒီအမြင်က ယနေ့ခေတ်မှာ တွေ့ရတဲ့ အိုင်ဒီယိုလိုဂျီအပေါ်ကြည့်တဲ့ အမြင်တွေနဲ့ ဆင်ပါတယ်။

စကော့လူမျိုး သောမတ်စ်ကာလိုင်းဟာ ကောလားရစ်ခ်ျရဲ့ အမြင်တွေကို ဆက်လက်ချဲ့ထွင်သူဖြစ်ပါ တယ်။ ကားလိုင်းက ယဉ်ကျေးမှုရဲ့ ဖြစ်ပျက်စီးဆင်းနေတဲ့ လကခဏာတွေကို စိတ်ဝင်စားတယ်။ ၄င်းအရာတွေ က ထိတွေ့ဆုပ်ကိုင် ပြောလို့မရဘဲ စိတ်ပိုင်းအတွေ့အကြုံနဲ့ တဖြည်းဖြည်းပုံဖော်ပြောဆိုရတဲ့အရာ ဖြစ်တယ်လို့ မြင်တယ်။ ယခင်ကောလားရစ်ခ်ျတို့တုန်းက စိတ်ပိုင်းဖြစ်စဉ်သာလျှင် ယဉ်ကျေးမှုလို့မြင်တဲ့ အမြင်ကို ကာလိုင်းက ရုပ်ပိုင်းကိစနဲ့ပေါင်းစီးလိုက်တယ်။ ဒါက ဒါဟာသူ့ခေတ်မှာ ပိုပြီး အရှိန်အဟုန်နဲ့ပေါင်းဖက်လာတဲ့ စက်မှုအရင်းရှင် စနစ်ရဲ့ သက်ရောက်မှုလို့ မြင်နိုင်ပါတယ်။ ကားလိုင်းက ယဉ်ကျေးမှုကို လူထုနေ့စဉ်လှုပ်ရှားပြုမှုအဖြစ် ပေါင်းစည်း ပြီး မြင်လိုက်တာပါပဲ။ “ယဉ်ကျေးမှုဆိုတာဟာ လူတွေရဲ့ စုပေါင်းဘ၀ကို ကိုယ်စားပြုဖော်ပြထားတဲ့အရာဖြစ်သင့် တယ်” လို့ ကားလိုင်းက မြင်ပါတယ်။

အစဉ်အလာ ယဉ်ကျေးမှုအမြင်နဲ့ ခေတ်သစ်အကြားမှာ ပေါ်ပေါက်ပြီး ယဉ်ကျေးမှုနဲ့ ပတ်သက်ရင် ဖယ်ချန်ထားလို့ မဖြစ်သူကတော့ မတ်သယူးအာနိုး (Arnold) ပါပဲ။ သူ့ရဲ့ 1869 ခုနှစ်ထုတ် (Culture And Anarchy) ဆိုတဲ့စာအုပ်မှာ ယဉ်ကျေးမှုအမြင်တွေကို တွေ့ရပါတယ်။ အာနိုးရဲ့ ခေတ်က စက်မှုအရင်းရှင်ခေတ် ယဉ်ကျေးမှုဖြစ်တဲ့အတွက် သူညွှန်းဆိုနေတဲ့ ယဉ်ကျေးမှုဆိုတာဟာ ၄င်းယဉ်ကျေးမှုဆိုတာကိုတော့ သတိထားရ ပါမယ်။ အခုပြောဆိုသွားတဲ့ ကောလားရစ်ခ်ျ၊ ကာလိုင်း၊ အာနိုးတို့ရဲ့ ယဉ်ကျေးမှုအမြင်တွေဟာ အဆင့်မြင့် ယဉ် ကျေးမှု (High Culture) အမြင်တွေပါပဲ။ တစ်နည်းအားဖြင့် ၄င်းအချိန်ကာလမှာကိုက သူတို့အနေနဲ့ “အဆင့်မြင့် ယဉ်ကျေးမှု” လက်အောက်ခံ ယဉ်ကျေးမှုစသဖြင့် မသိတတ်သေးတဲ့ သဘောရှိပါတယ်။ သူတို့ဟာ ယဉ်ကျေးမှု အကြောင်းတွေ့ရင် သူတို့ယဉ်ကျေးမှုသာ အဓိကထားပြီး ၄င်းအရာကိုသာ ရှင်းလင်းတာမျိုးလုပ်ပါတယ်။ အင်္ဂလန်ယဉ်ကျေးမှုထဲက တချို့သောကိစတွေသဘောက ယဉ်ကျေးမှုဆိုင်ရာ (Cultural) တချို့ကိစတွေကို အာနိုးက သဘောမကျပါဘူး။ ဒါပေမယ့် သူ့စိတ်ထဲမှာ ရှိနေတာက အင်္ဂလန်ယဉ်ကျေးမှုဖြစ်တယ်ဆိုတဲ့ ဗဟိုချက် ထားသိတဲ့ အသိကတော့ ရှိနေတာပါပဲ။ ဒါကြောင့် အာနိုးပြောဆိုဆွေးနွေးတဲ့ ယဉ်ကျေးမှုက အဆင့်မြင့် ယဉ်ကျေးမှု (High Culture) ပါပဲ။ ယနေ့ခေတ်မှာတော့ အဆင့်မြင့်ယဉ်ကျေးမှုလို့ဆိုရင် အကောင်းသဘောကို ညွှန်းတာမဟုတ်ဘူး။ သြဇာလွှမ်းမိုးနိုင်သူများက ချပေးထားတဲ့ ယဉ်ကျေးမှုလို့ ဆိုကြတယ်။

အာနိုးက သူရဲ့ CA စာအုပ်ကို ကြေညာချက် စာတမ်းလိုလို ပြုပြင်ရေးစာတမ်းလိုလို လုပ်ရေးတာ။ သူ ဖြစ်စေချင်တဲ့ ယဉ်ကျေးမှုသဘော နောက်လမ်းကြောင်းတစ်ခုခုကို သူ့ရဲ့သြဇာလွှမ်းမိုးနိုင်စွမ်း (Authority) ကို အသုံးချပြီး အမှန်တရားကို တည်ဆောက်ချင်တာပါပဲ။ ဒါကြောင့် သူ့ရဲ့စာအုပ်မှာ “ယဉ်ကျေးမှုဆိုတာ ပြီးပြည့်စုံမှုကို လေ့လာတာဖြစ်တယ်။ ၄င်းပြီးပြည့်စုံမှုဆီ တွန်းပို့ပေးမယ်။ ကျွန်ုပ်တို့ရဲ့ လူသားဆန်မှုကိုလည်း ပိုမို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ့်အပြင် ညှိယူနေထိုင်နိုင်စွမ်းရှိတဲ့ ပြီးပြည့်စုံခြင်းကို ပေးမှာဖြစ်တယ်” လို့ ဆိုပါတယ်။ နောက်ပြီး အာနိုးက “ယဉ်ကျေးမှုက ကျွန်ုပ်တို့ရဲ့ ယခု ပစပ္ပန်အခက်အခဲတွေကို ကြီးမားစွာ အကူအညီပေးလိမ့် မယ်ဆိုတာမျိုး၊ နောက် ယဉ်ကျေးမှုက ရတဲ့အသိပညာတွေကနေတဆင့် ကျွန်ုပ်တို့ရဲ့ အသိဥာဏ်နုံနဲမှုတွေကို ပွင့် ထွက်သွားစေတဲ့ ရေစီးကြောင်းမျိုးဖြစ်လာလိမ့်မယ်ဆိုတာမျိုးတွေပါ ရေးလားတယ်။ ဒါကြောင့် အာနိုးက ယဉ် ကျေးမှုရဲ့ သဘောသဘာဝကို သုံးသပ်ချင်တဲ့စိတ်ထက် သူ့ခေတ်မှာဖြစ်နေတဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစတွေကို တော်သင့်မှန်ကန်မယ့် လူ့အဖွဲ့အစည်းအတွက် အကျိုးမဲ့လမ်းကြောင်းတစ်စုံတစ်ရာထဲကို ချပေးဖို့ သူကအပြင်း အထန်အားထုတ်ထားတယ်ဆိုတာ ပေါ်လွင်လှပါတယ်။

အာနိုးကလည်း ယဉ်ကျေးမှုဆိုတာဖြစ်စဉ်တစ်ခုလို့ မြင်တာပါပဲ။ လူတွေရဲ့ ဘ၀နေထိုင်ပုံ၊ သူတို့ရဲ့ အလေ့အကျင့်အပြုအမူ၊ သူတို့ရဲ့ အသံနေအသံထားတွေ၊ နောက် သူတို့ဖတ်တဲ့ စာအုပ်တွေ၊ သတို့ပါးစပ်က ပြောတဲ့ စကားလုံးတွေ၊ စိတ်ထဲမှာ စိုးမိုးနေတဲ့ အတွေးပုံသဏ္ဍာန်တွေကို အဓိကထည့်ပြီးကြည့်ရင် ၄င်းလူသား တွေရဲ့ ယဉ်ကျေးမှုကို တွေ့နိုင်တယ်လို့ အာနိုးက ယုံကြည်တယ်။ောနက်ပြီး ဒီလိုအရာမျိုးတွေဖြစ်ပေါ်လာ အောင်လုပ်တာ ဘယ်အရာလဲ၊ တစ်နည်းအားဖြင့် ဒီလို ဘ၀နေထိုင်မှုတွေ၊ အပြုအမူနဲ့ ကြံဆတွေးခေါ်မှုတွေ ပေါ်လာအောင် ဖန်တီးထားတာက ဘာလဲလို့ဆိုရာမှာတော့ သူက ယဉ်ကျေးမှုဆိုတာ နိုင်ငံတော်ရဲ့ ပေါ်လစီး တွေကနေတဆင့် တဖြည်းဖြည်းပျံ့နှံ့ဝင်လာတဲ့အရာလို့ အထူးရှုမြင်ထားတာကိုပါ တွေ့ရပါတယ်။

မင်းခက်ရဲ

(မှတ်ချက် – ၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ၊ စာစဉ်-၁၈၀ “အတွေးအမြင်” စာစောင်တွင် ဖော်ပြပါရှိခဲ့သော ဆရာမင်းခက်ရဲ၏ အစဉ်အလာနယ်ပယ်မှ ယဉ်ကျေးမှုအမြင်” ဆောင်းပါးကို ပြန်လည်းကူးယူဖော်ပြထားခြင်းဖြစ် ပါသည်။)

=================================================

ဆင်ခြင်တုံတရား၏ လက်တံများ (၃)

ကျော်ဝင်း

ယဉ်ကျေးမှုဓလေ့ဆိုင်ရာအမြင်

ဆင်ခြင်တုံတရား၏ သက်ရောက်ခွင်ကို မထူးခြားနားသော ယဉ်ကျေးမှုဓလေ့များဖြင့် ကန့်သတ်ထား သည်။” ဆိုသော သံသယအမြင်တစ်ခုရှိသည်။ ဒီသံသယအမြင်ကို ကျော်လွှားနိုင်ဖိုဆိုလျှင် တစ်ခုနှင်တစ်ခု သီး ခြားဖြစ်နေသည့်တိုင် ဆက်စပ်နေသော အခက်အခဲနှစ်ခု အမှန်ပင်ရှိပါသည်။

ပထမအခက်အခဲမှာ “ဆင်ခြင်တုံတရားနှင့်ဆင်ခြင်မှုကို အားပြုခြင်းမှာ အနောက်တိုင်း၏ လူမှုပြသနာ များအပေါ် ချည်းကပ်နည်းမျှသာဖြစ်သည်။” ဆိုသော အယူအဆမှ လာသည်။ “လွတ်လပ်မှု” ၊ “ဆန့်ကျင့်ဘက် အယူအဆများအပေါ် သည်းခံမှု” စသည်တို့မှာ အနောက်တိုင်း လူ့အဖွဲ့အစည်းများ၏ ဗဟိုအချက်အခြာနေရာ တွင်ရှိနေပြီး၊ အီမာနျူယယ်ကန့်မှ ဂျွန်ရာဝဲ(လ) အထိ အနောက်တိုင်းဒသနဆရာ အဆက်ဆက်ဖွံ့ဖြိုးစေခဲ့သော တရားမျှတမှုအိုင်ဒီယာ၏ အခြေခံများလည်းဖြစ်ပေသည်။ အနောက်မဟုတ်သော ယဉ်ကျေးမှုများအနေနှင့် ဆိုခဲ့ပါတန်ဖိုးများကို မျှဝေလက်ခံကောင်းမှ လက်ခံပါလိမ့်မည်။ ဒီအတွက် ဥပမာပြရလျှင် မကြာသေးခင်ကာလ လောက်အထိ အလွန်ရေပန်းစားလှသော “အာရှတန်ဖိုး” အယူအဆဖြစ်ပါသည်။ ဆိုခဲ့ပါ “လွတ်လပ်မှု”၊ “ဆန့် ကျင်ဘက်အယူအဆများအပေါ် သည်းခံမှု” စသည့်တန်ဘိုးများကို အနောက်တိုင်းယဉ်ကျေးမှုဘောင်အတွင်းတွင် သာ ကန့်သတ်ထားသော “အခိုင်အမာယဉ်ကျေးမှုဓလေ” အယူအဆဖြစ်သည်။ ဒီအယူအဆသည်ပင် ဆင်ခြင်တုံ တရားနှင့်ပတ်သက်သော သံသယအမြင်များကို ကျော်လွှားနိုင်ရေးတွင် ခလုတ်ကန်သင်းဖြစ်နိုင်သည့် အခုအခံ အတားအဆီးတစ်ခုဖြစ်ပါသည်။

ဒုတိယအခက်အခဲမှာ မတူခြားနားသော ယဉ်ကျေးမှုဓလေ့များအောက်တွင် အရွယ်ရောက်ကြီးပြင်းရသူ များကြား၊ အပြန်အလှန်လေးစားမှု၊ စာနာမှုတို့လုံလောက်အောင် မဖွံ့ဖြိုးသေးခြင်းနှင့် ဆက်စပ်နေပါသည်။ သူတို့ အတွက် အပြန်အလှန်နားလည်မှုပင် မလုံမလောက်ဖြစ်နေရသည်။ ဒါကို “ယဉ်ကျေးမှုဓလေ့ဆိုင်ရာ သဟဇာတ မဖြစ်မှု” ဟု ဆိုရပါလိမ့်မည်။ ကွန်မြူနတီတစ်ခု၏ အဖွဲ့ဝင်များက အခြား ကွန်မြူနတီတစ်ခု၏အဖွဲ့ဝင်များအပေါ် ကျူးလွန်သော မျိုးဖြုတ်စစ်ပွဲများ၊ ရက်စက်ကြမ်းကြုတ်သော အပြုအမူများ အမှန်ပင်ရှိနေသေးသည်ဖြစ်ရာ ကွန်မြူနတီများကြား အပြန်အလှန် စာနာနားလည်နိုင်ရေးဆိုသည်ကို ပိုတွက်လို့ မဖြစ်နိုင်ပါ။ ထိုသို့သော အပြန် အလှန်နားလည်စာနာနိုင်မှု ခေါင်းပါးနေခြင်းသည်ပင် ပဋိပကများ၏ ရေခံမြေခံဖြစ်နိုင်ပါသည်။ ဆာ့ဗများ၊ အယ်လ ဘေးနီးယန်းများအနေနှင့် မိမိတို့ကိုယ်စီတွင်ရှိနေကြသော အမုန်းမီးပွားများကို ငြိမ်းသတ်နိုင်ကြပါမည်လော။ ဟူတူနှင့် တုဆစ်များကြား၊ ဟိန္ဒူနှင့် မွတ်စလင်များကြား၊ ဂျူးများနှင့် အာရပ်များအကြား၊ သမိုင်းအဆက်ဆက် လောင်မြိုက်ခဲ့ရသော အမုန်းများကို တစ်ခါတည်း ခ၀ါချနိုင်ပါမည်လော။ “မလွယ်လှသေး” ဟုသာ ရိုးရိုးသားသား အဖြေပေးရပါလိမ့်မည်။ စင်စစ်ထိုသို့သော အဆိုးမြင်မေးခွန်းများရှိနေခြင်းသည်ပင် လူသား၏ သံသယသဘာဝ ကို လှစ်ပြသလိုရှိပြီး ဆင်ခြင်တုံတရားနှင့် လူ့နားလည်နိုင်စွမ်း၏ အကန့်အသတ်များကို ဖော်ပြရာလည်း ရောက်ပါသည်။

=================================================

“ကပ္ပတိန်ကုတ်ကို သတ်ဖြတ်လိုက်သူများအနေနှင့် မိမိတို့ အရိုးစွဲနေသော

ယဉ်ကျေးမှုဓလေ့ဆိုင်ရာ တုပ်နှောင်မှုများမှ ချက်ချင်း ရုန်းမထွက်နိုင်ဖို့ မဖြစ်နိုင်သလို

ကပ္ပတိန်ကုတ်ကိုယ်တိုင်ကလည်း လက်ထဲမှ ပစတိုကို မပစ်ဘဲ ကိုင်ရုံကိုင်ထားဖို့လိုကြောင်း ရုတ်တရက်

သဘောမပေါက်နိုင်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။”

=================================================

ပြောရလျှင် ဆိုခဲ့ပါ “ယဉ်ကျေးမှုဓလေ့ဆိုင်ရာ သဟဇာတမဖြစ်မှု” မှာ ယနေ့ထက်တိုင် အားကောင်းရှင် သန်ဆဲဟု ဆိုရပါလိမ့်မည်။ ယဉ်ကျေးမှုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ စူးစမ်းလေ့လာချက်များကိုကြည့်လိုက်ပါ။ စစ် မြေပြင်မှာလာသော သတင်းတွေများလာ ထင်မှတ်မှားလောက်ပါပေသည်။ မတူသော သစာခံမှုကိုယ်စီရှိကြ သည်။ စစ်သတင်းထောက်များ၏ သတင်းပေးပို့ချက်များလို ခါးသီးကြမ်းရှလွန်းလှသည်။ “ယဉ်ကျေးမှုများ တိုး တိုက်မိခြင်း”၊ “ယဉ်ကျေးမှုနယ်ချဲ့ဝါဒ” စသောအသံများကို မကြားချင်အဆုံးရှိပါလိမ့်မည်။ ယနေ့ခေတ်လူ့အဖွဲ့ အစည်းအများစုမှာ ပဒေသာစုံ ယဉ်ကျေးမှုဓလေ့များရှိကြသည်ဖြစ်ရာ အဆိုပါ ထိပ်တိုက်တွေ့မှုများမှာ ကမ္ဘာလုံ ချီ အခြင်းအရာများသာမက ပြည်တွင်းနယ်နိမိတ်များအတွင်းသို့ပါ ရောက်ရှိလာခဲ့ပါသည်။ နောက်ဆုံးပါမောခ ဆယ်မျူရယ်ဟန်တင်တန်လို ပုဂ္ဂိုလ်မျိုးကပင် “အနောက်တိုင်းအမှတ်အသားသရုပ်ကို ပြန် သ ကြ” ဆိုသည်မျိုး တပ်လှန့်လာသည်အထိဖြစ်လာရသည်။

သဘောတရားရေးနယ်ပယ်မှ တံတိုင်းများ

ဆင်ခြင်တုံတရား၏ လက်တံများနှင့် ဆက်စပ်နေသော အခြားသော အခြင်းအရာတစ်ခုလည်းရှိပါသေး သည်။ ဒီအခြင်းအရာမှာ မနုသဗေဒပညာ၏ အရေးကြီးသော ဖွင့်ဆိုချက်လည်းဖြစ်သည်။ ဒီနေရာတွင် ကျွန်တော့် အနေနှင့် “ကလစ်ဖို့ဂါရက်ဇ” ၏ “ယဉ်ကျေးမှုစစ်ပွဲ” ဆိုသည်ကို ရည်ညွှန်းလိုသည်။ ဂါရက်(ဇ)အနေနှင့် ၁၇၇၉ ခုနှစ်က ဖြစ်ပွားခဲ့သော ကပ္ပတိန်ကွတ်၏ သေဆုံးခြင်းနှင့်ပတ်သက်သည့် အဓိပ္ပါယ်ကောက်ယူချက်အမျိုးမျိုး အပေါ် ဆွေးနွေးသုံးသပ်ရာတွင် ဆိုခဲ့ပါ “ယဉ်ကျေးမှုစစ်ပွဲ” ဆိုသော ဝေါဟာရကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ (ကပ္ပတိန်ကွတ်မှာ တုတ်ကွေး၊ ဓားတွေကိုင်စွဲထားသော ဟာဝိုင်ရီလူအုပ်ကြားတွင် ၀မ်းနည်းဖွယ်ရာ အသက် ပျောက်ခဲ့ရသည်။) ဒီကိစနှင့်ပတ်သက်ပြီး မနုသဗေဒပညာရှင်နှစ်ဦး၏ သီအိုရီများကို နှိုင်းယှဉ်ပြခဲ့သည်။

ပထမပညာရှင်မှာ မာရှယ်ဆာလင်းဖြစ်သည်။ သူ၏သီအိုရီက မတူခြားနားသော “အခိုင်အမာယဉ်ကျေး မှုဓလေ့”၊ အယူအဆကို အကျယ်အပြန့်ရှင်းပြပြီး ၄င်းကို လူ့အဖွဲ့အစည်းအသီးသီး၏ ဆက်နွယ်ဖွဲ့စည်းပုံများမှ တစ်ဆင့် နားလည်နိုင်စရာရှိသည်ဟုဆိုသည်။ ဒုတိယပညာရှင်မှာ “ဂန်းနက်သအိုဘီယက်စ်ခါဖြစ်သည်။ သူ၏ သီအိုရီကမူ လူ့အပြုအမူ လူ့ယုံကြည်မှုများနှင့် ၄င်းတို့ကျင်လည်ရာ ဘ၀ဆောင်တာများ၏ အဆက်အစပ်ကို နှံ့နှံ့ စပ်စပ်ရှင်းပြသည်။ ဒါတွေကို စိတ္တဗေဒရှုထောင့်မှ ချဉ်းကပ်ခြင်းဖြင့် နားလည်နိုင်ရာသည်ဟု ဆိုသည်။

ပြောရလျှင် ပညာရှင်နှစ်ယောက်၏ အမြင်နှစ်ခုလုံးမှာ ရေပတ်မ၀င်အောင် ရှင်းပြထားသည်ဖြစ်ရာ ယုံကြည်ချင်စရာ ကောင်းသည်ချည်းဖြစ်သည်။ သို့နှင့်တိုင်မေးခွန်းထုတ်ချင်စရာ တစ်ခုကား အမှန်ပင်ရှိသည်။ “လူသားအနေနှင့် မိမိ၏အစဉ်အလာအတွေးပုံစံ၊ အပြုအမူပုံစံတွေထဲတွင်သာ၊ ထာဝရကျောက်ချနေရတော့မည် လော့…။ မရုန်းထွက်နိုင်တော့ပြီလေ..” ဆာလင်းရော၊ အိုဘီယက်စခါပါ ယဉ်ကျေးမှုဓလေ့များကြား အဆက် အစပ်များမှာ အမှန်တကယ်တည်ရှိနေသည်လည်းဖြစ်ရာ အဆိုပါဆက်စပ်မှု၏ အကျိုးဆက်ကိုလည်း ချင့်တွက်ဖို့ လိုပါလိမ့်မည်။ ယဉ်ကျေးမှုဓလေ့အမျိုးမျိုးမှ လူအမျိုးမျိုးအနေနှင့် မိမိတို့အချင်းချင်းကြား ပိုမိုကောင်းမွန်သော နား လည်မှုမျိုးရစေရန် (ထိုထက်ပိုဆိုရလျှင်) အပြန်အလှန် နားလည်စာနာမှုများဖွံ့ဖြိုးလာစေ၇န် မည်သို့သော ဆင်ခြင်တုံတရားအမျိုးအစားကို အသုံးပြုဖိုလိုမည်နည်း။

ပါမောခ ဂလိုဗာကမူ ဒီမေးခွန်း၏အဖြေမှာ “ကျင့်ဝတ်ဆိုင်ရာ စိတ်ကူးစိတ်သန်း” ဟုဆိုပါသည်။ ယဉ် ကျေးမှုအုပ်စုများကြား၊ မကြာခဏဆိုသလို ကြုံတွေ့နေရသော အကြင်နာကင်းမဲမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ အတွက် လျော်ကန်သော ဖြေရှင်းနည်းတစ်ခုအဖြစ် “ကျင့်ဝတ်ဆိုင်ရာ စိတ်ကူးစိတ်သန်းများ” ရှိဖို့လိုသည်ဟု သူက ရပ်ခံတင်ပြခဲ့သည်။ ထိုသို့သော စိတ်ကူးစိတ်သန်းမျိုးကို အနြပ်အလှန်လေးစားမှု၊ စာနာမှု သည်းခံစိတ်တို့ ဖြင့် မွေးမြူရနိုင်စရာရှိလိမ့်မည်ဟုလည်း မျှော်လင့်ခဲ့သည်။

ဒီနေရာတွင် အရေးကြီးသော ပြသနာမှာ မတူသော လူ့အဖွဲ့အစည်းများကြား မည်မျှကွဲပြားခြားနားကြ သည်ဆိုသော ကိစမဟုတ်ပါ။ လူ့အဖွဲ့အစည်းတစ်ခုမှ အဖွဲ့ဝင်များအနေနှင့် ကျန်လူ့အဖွဲ့အစည်း၏ ဆောင်တာ များအပေါ်နားလည်တန်ဘိုးထားတတ်လာစေရန် မည်သို့သော အရည်အသွေးနှင့် အခွင့်အလမ်းများ မွေးမြူပွား စည်စေကြမည်နည်းဆိုသော ကိစသာဖြစ်ပါသည်။ ဒါဟာ ပဋိပခမှုတစ်ခုနှင့်ကြုံရသည့်အခိုက် ရုတ်ချည်းအသုံး တည့်နိုင်သည့် ဖြေရှင်းမှုတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ ကပ္ပတိန်ကုတ်ကို သတ်ဖြတ်လိုက်သူများအနေနှင့် မိမိတို့ အရိုးစွဲနေသော ယဉ်ကျေးမှုဓလေ့ဆိုင်ရာ တုပ်နှောင်မှုများမှ ချက်ချင်း ရုန်းမထွက်နိုင်ဖို့ မဖြစ်နိုင်သလို ကပ္ပတိန်ကုတ်ကိုယ်တိုင်ကလည်း လက်ထဲမှ ပစတိုကို မပစ်ဘဲ ကိုင်ရုံကိုင်ထားဖို့လိုကြောင်း ရုတ်တရက် သဘောမပေါက်နိုင်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဓလေ့ဟောင်းတစ်ခုကို ချေဖျက်ပြီး ဓလေ့သစ်သစ် တစ်ခု စိုက်ထူဖို့ဆိုသည်မှာ ချက်ချင်းလက်ငင်းဖြစ်နိုင်သည်မဟုတ်ပါ။ မည်သို့ပင်ဆိုစေ အပြန်အလှန်နားလည် စာနာရေးဆိုသော ဓလေ့ကောင်ကို မွေးမြူပွားစည်းစေခြင်းဖြင့် စိတ်လိုက်မာန်ပါအပြုအမူများကို ကျော်လွှာနိုင် စရာရှိသည်ကိုမူ ကောင်းကောင်းမျှော်လင့်နိုင်ပါသည်။

သည်နေရာတွင် စဉ်းစားဖို့ရှိလာပြန်သည်မှာ “အဆိုပါ ဆင်ခြင်တုံတရားဆိုင်ရာ ဓလေ့ကောင်းများ မွေးမြူပွားစည်ရာတွင် လိုအပ်သော နှုန်းစံတန်ဖိုးများ၊ မိမိယဉ်ကျေးမှုဓလေ့တွင် အဆင်သင့်မရှိလျှင် ဘယ်ပုံဖြေ ရှင်းကြမည်နည်း” ဆိုသောပုစ္ဆာဖြစ်ပါသည်။ ဒီပုစ္ဆာအဖြေရှာရေးတွင် “အခိုင်အမာယဉ်ကျေးမှုဓလေ့” သို့မဟုတ် “ယဉ်ကျေးမှုတစ်သီးတစ်သန့်ဝါဒ” မှာ ဗဟိုအချက်အခြာကျသော ပြသနာဖြစ်လာရတော့သည်။

ကျော်ဝင်း

စာညွှန်း ။ ။ The Argumentative Indian : By Amartya Sen)

(မှတ်ချက်။ ။၂၀၀၇ ခုနှစ်၊ ဧပြီလထုတ် ချယ်ရီမဂ္ဂဇင်း အမှတ် ၁၅ တွင် ဖော်ပြပါရှိသော ဆရာကျော်ဝင်း၏ “ဆင်ခြင်တုံတရား၏လက်တံများ-၃” ကို ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသဖြင့် စာရေးသူ၏အာဘော်နှင့်ဆိုလိုရင်းအတိုင်းပင်ဖြစ်တဲ့အကြောင်း ပြောပြချင်ပါတယ်။)

==========================================================

ဆင်ခြင်တုံတရား၏ လက်တံများ (၂)

ကျော်ဝင်း

ဆင်ခြင်တုံတရားနှင့် ဥာဏ်အလင်းခေတ်အမြင်

မထိတ်သာ မလန့်သာ လုပ်ရပ်များကြောင့် အမှောင်လွှမ်းနေသော ကမ္ဘာကြီးတွင် ဆင်ခြင်တုံတရားမှာ မျှော်လင့်ချက်နှင့် ယုံကြည်မှုများအတွင်း သန်စွမ်းသော ရေခံမြေခံတစ်ခု ဖြစ်နိုင်စရာရှိပါသည်။ ဘာကြောင့် ဒီလိုဖြစ်နိုင်သည်ကို အလွယ်တကူ နားလည်နိုင်ပါသည်။ ကျွန်တော်တို့အနေနဲ့နှင့် စိတ်မချမ်းသာစရာ သို့မဟုတ် စိတ်အနှောက်အယှက်ဖြစ်စရာ တစ်စုံတစ်ခုနှင့် ရုတ်တရက်တွေ့ရသည့်အခါတိုင်း တစ်စုံတစ်ရာတုံ့ပြန်မိကြပါ လိမ့်မည်။ ဒီလိုတုံ့ပြန်သည့်အခါမျိုးမှာပင် ကျွန်တော်တို့၏ တုံပြန်ပုံမှာ လျော်ကန်သင့်မြတ်ပါ၏လော၊ အလုပ်လမ်း ညွှန်ဖြစ်နိုင်ပါမည်လော…စသဖြင့် ဆင်ခြင်တုံ တရားဖြင့် မေးခွန်းထုတ်မိကြပါလိမ့်မည်။

အခြားသောသူများ၊ အခြားသောယဉ်ကျေးမှုများ၊ အခြားသောပြောဆိုချက်များနှင့်ပတ်သက်လျှင်လည်း မှန်မှန်ကန်ကန်လည်း သဘောပေါက်စေရန်၊ တုံ့ပြန်ဆက်ဆံနိုင်ရန်၊ အကျိုးသင့်အကြောင်းသင့်စဉ်းစားဆင်ခြင်ကြ ရပါသည်။ မိမိအမြင်၊ မိမိအယူအဆနှင့် မတူညီသည်ပင်ဖြစ်စေ၊ တန်ဖိုးထား လေးစားဖို့ သဘောထားကြီးစွာ ခွင့်ပြုဖို့အတွက် မတူသော အကြောင်းအခြင်းအရာများကို ဆင်ခြင်သုံးသပ်ကြရပါသည်။ အလားတူပင် မိမိတို့ ကိုယ်တိုင် ကျူးလွန်မိသော အမှားများနှင့်ပတ်သက်လျှင်လည်း ဆင်ခြင်တုံတရားနှင့်ပင် ပြန်လည်စိစစ်ကြရပါ သည်။ ထိုကဲ့သို့သော အမှားမျိုး နောင်တစ်ကြိမ် ထပ်မမှားမိစေရန် ကြိုးစားလေ့လာကြရခြင်းဖြစ်သည်။

ထိုသဘောကို အမြောအမြင်ကြီးသော ဂျပန်စာရေးဆရာကြီးနှင့် ဒသနပညာရှင်ဖြစ်သူ “ကင်ဇာဗျူရို အိုအဲ” ၏ စကားတစ်ခွန်တွင်တွေ့နိုင်သည်။ စစ်ပြီးခေတ် ဂျပန်နိုင်ငံ၏ ရွေးချယ်မှုနှင့်ပတ်သက်ပြီး မစတာအိုအဲက ယခုလို ချင့်ချင့်ချိန်ချိန်ပြောခဲ့ဘူးသည်။ “ကျွန်တော်တို့အနေနှင့် နယ်ပယ်သိမ်းပိုက်ကျူးကျော်ရေး စစ်သမိုင်းကို ဖြတ်သန်းခဲ့ရဖူးချေပြီ။ ဒီသမိုင်းမှာ မလှပသော အကျိုးဆက်များကိုလည်း နာလည်သိရှိခဲ့ကြပြီးဖြစ်သည်။ ဂျပန်၏ အနာဂတ်ကို ဘယ်ပုံတည်ဆောက်ကြမည်နည်း။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို စွဲမြဲရန် နောက်ထပ်စစ်ပွဲတစ်ခု မကျူးလွန်မိစေရန် လုံလောက်သော အကြောင်းပေါင်း အမြောက်အများရှိနေပြီဖြစ်ပါသည်။ ဆင်ခြင်တုံတရားဖြင့် အတိတ်ကိုကြည့်ပြီး ဆင်ခြင်တုံတရားဖြင့်ပင် အနာဂတ်ကို တည်ဆောက်ရပေမည်။” ဟူ၏။

အချို့သော အပြုအမူနှင့်ပေါ်လစီများမှာ မြင်သာထင်သာ ထိခိုက်နစ်နာမှုမျိုး မရှိသော်လည်း ဆိုးဝါးလှ သော အကျိုးဆက်များကား အမှန်ပင်ရှိတတ်ပါသည်။ ထိုကဲ့သို့သောကိစများကို ရင်ဆိုင်ဖြေရှင်ရာတွင်လည်း ကျွန်တော်တို့အနေနှင့် ဆင်ခြင်တုံတရားကိုသာ အားပြုကြရပါလိမ့်မည်။ ဒါကြောင့် အကောင်းဆုံးဥပမာကို ကပ်ဆိုးများနှင့်ပတ်သက်ပြီး ကျွန်တော်တို့ စဉ်းစားတုံ့ပြန်ပုံတွင် တွေ့နိုင်ပါသည်။ ဒီကပ်ဆိုးများကို ပေါ်လစီတစ် ရပ်ရပ်နှင့် ချက်ချင်းလက်ငင်းတားဆီးနိုင်သည်မဟုတ်။ သူဟာနှင့်သူ မီးဇာကုန်လျှင် ရပ်သွားလိမ့်မည်။ ဘာမျှ မတက်နိုင် စသည်ဖြင့် လွဲလွဲမှားမှား မှတ်ယူခဲ့ကြသည်က များသည်။ ထိုသို့သော အမှတ်မှား အယူမှားကြောင့်ပင် ကပ်ဘေးတော်တော်များများမှာ တားဆီပိတ်ပင်မှု အလျဉ်းမရှိဘဲ သက်ဆိုးရှည်ကြာခဲ့ရသည်။ ဒီပြသနာကို လေးနက်သော ဆင်ခြင်တုံတရားနှင့် ချဉ်းကပ်နိုင်ကြမည်ဆိုလျှင် အခြေအနေမှာ ယခုကဲ့သို့ မဆိုးနိုင်ဟု ထင်သည်။

စင်စစ် ကပ်ဘေးများအတွင်း လူတွေ ငတ်မွတ်သေဆုံးကြရသည်မှာ စားစရာမရှိသောကြောင့်မဟုတ်။ စားစရာဝယ်ဖို့ ၀င်ငွေမရှိသည်က အဓိကဖြစ်သည်။ အထူးသဖြင့် အလုပ်လက်မဲ့ပြသနာ၊ ဈေးကွက်များ ကျဉ်းကျုံ သွားသည့်ပြသနာ၊ လယ်ယာလုပ်ငန်းများ ပျက်စီးဆုံးပါးသွားသည့်ပြသနာစသော စီးပွားရေးကပ်ဘေးများကြောင့် လူ့အလွှာတစ်ခုမှ လူများ၏ ၀ယ်နိုင်စွမ်းအား သိသိသာသာကျဆင်းသွားခြင်းဖြစ်သည်။ သေကြ၊ ကြေကြပြီဆို လျှင်လည်း ထိုသို့သော ဖိုးသုညတွေသာ ရှေ့ဆုံးကသေကြရခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူတို့အတွက် အရေးပေါ် ထောက်ပံ့ရေးအစီအစဉ်များထက် ပိုအရေးကြီးသည်မှာ အလုပ်အကိုင်ရရှိရေးအစီအစဉ်များ ဆောင်ရွက်ပေးနိုင် လျှင် ကပ်ဘေးကြီးများကို မတားနိုင်သော်မှ အသေအပျောက်စာရင်းကို သိသိသာသာ လျှော့ချနိုင်စရာရှိပါသည်။

ပြောရလျှင် သဘာဝကပ်များမှာ မကောင်းဆိုးဝါးတွေနှင့် တူပါသည်။ ကံနိမ့်သူများသာ တစေခြောက်ခံရ သည်ဆိုသော ဆိုရိုးစကားအတိုင်းပင် ကပ်ဘေးကြောင့် အသက်ပေးရသူများမှာ လူ့အဖွဲ့အစည်း၏ ကံမကောင်း အကြောင်းမလှရှာသူတွေသာများပါသည်။ သူတို့တစ်တွေ၏ နိမ့်ပါသော ကံကြမာကို အစီအစဉ်ရှိရှိမြှင့်တင်ပေးနိုင် လျှင် ကပ်ဘေးကြီးများကို တားဆီနိုင်စရာရှိပါသည်။ သို့နှင့်တိုင် ကျွန်တော်တို့၏ ကပ်ဘေးကြီးများအပေါ် တုံ့ပြန် ပုံမှာ အတော်စိတ်ပျက်စရာကောင်းလှသည်။ ကျိုးကြောင်းဆီလျော်မှုမရှိသော အဆိုးမြင်များဖြင့် ရပ်ခံခြင်း၊ ဘာမှ မဖြစ်သယောင် ဟန်ဆောင်ဖုံးဖိခြင်း၊ “ပြီးတော့လည်း ပြီးတာပါပဲ” ဟု ခပ်လွယ်လွယ်တွေးကာ ဥပေကာပြုထား ခြင်း စသည်.. စသည်များဖြစ်သည်။ တာဝန်မယူရဲသော စိတ်အခံကိုဖော်ပြနေသလို ဆင်ခြင်တုံတရားကင်းမဲ့မှု၏ လက်ဏာများလည်းဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်ကိစတွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုတော် တော်များများမှာ ကမ္ဘာကြီးကို တမင်ဖျက်လိုဖျက်ဆီး လုပ်လိုသည်ထက်၊ အသိပညာချို့တဲ့မှု၊ ဆင်ခြင်တုံတရား ကင်းမဲ့မှုများကြောင့် ပေါ်ထွက်လာသည်က များပါသည်။ မည်သို့သောအကြောင်းကြောင့် ပေါ်ထွက်လာသည်ဖြစ် စေ အကျိုးဆက်ကား အန္တရာယ်ကြီးလှသည်။ လူသားတို့၏ အသိဥာဏ်နုံနဲ့မှု၊ စာနာစိတ်ကင်းမှု၊ ခေါင်းမာမှု စသောအကြောင်းများကြောင့်ဖြစ်ပေါ်လာရသော သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုများကို တားဆီးနိုင်ဖို့ဆိုလျှင် “ဆင်ခြင်တုံတရား” သည်သာ “အခရာ” ဖြစ်သည်။ လူထုဆင်ခြင်တုံတရားကို ပျိုးထောင်ပေးခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ယိုယွင်းမှုကို ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်စရာရှိပါသည်။

ကျွန်တော်အနေနှင့် ဆင်ခြင်တုံတရား၏ အခန်းကဏ္ဍကို ယခုကဲ့သို့ ဋီကာချဲ့နေရသည်မှာ အကြောင်းရှိ သောကြောင့်ဖြစ်ပါသည်။ ဆင်ခြင်တုံတရားအပေါ် အခြေခံသော ကျင့်ဝတ်အယူအဆအပေါ် အသည်းအသန် တိုက်ခိုက်ကြသည်များ မကြာသေးမီက ပေါ်ထွက်လာသောကြောင့်ဖြစ်ပါသည်။ “လူ့စိတ်တ္တဗေဒနှင့်ပတ်သက် သောဥာဏ်အလင်းခေတ်အမြင်များမှာ လူသား၏ (ပဋိသန္ဓေစိတ်အရ) တုံ့ပြန်မှုများကို လျစ်လျူရှုထားခဲ့သည်” ဆိုသော ပါမောက ဂလိုဗာ၏အဆိုကို ယခုစာစု အရှေ့ပိုင်းကပင်ဖော်ပြခဲ့ပြီးဖြစ်သည်။ “ဆင်ခြင်တုံတရားအပေါ် အားပြုအခြေခံသော လူ့အပြုအမူဆိုင်ရာ ကျင့်ဝတ်အယူအဆ (ဥာဏ်အလင်းခေတ်အမြင်ပင်ဖြစ်ပါသည်။) က လူ့ အပြုအမူနှင့် လူသားတို့၏ တန်ဘိုးထားမှုများအပေါ် အခိုင်အမာ သြဇာလွှမ်းမိုးထားသော ယဉ်ကျေးမှုဓလေ့များ ၏ အခန်းကဏ္ဍကို ပစ်ပယ်ထားသည်” ကြောင့် ဖြစ်ပါသည်။

ဒီနေရာတွင် ကျွန်တော်တို့အနေနှင့် ဆိုးခဲ့ပါအဆိုများ (တစ်နည်းဥာဏအလင်းခေတ်အပေါ် ဝေဖန်ချက် များ) ကို လေ့လာဆန်စစ်ဖို့ လိုလာသည်။ ဆင်ခြင်တုံတရား၏ လက်တံများသည် လူ့စိတ္တဗေဒ၏ အစွမ်းထက် သော သက်ရောက်မှုများနှင့် ဆက်စပ်ရမည်လော။ သို့မဟုတ် အနှံ့အပြားသဘောဆောင်နေသော ယဉ်ကျေးမှု ဓလေ့များနှင့် ချိန်ညှိဖို့လိုမည်လော။ ကျွန်တော်တို့အနာဂတ်မျှော်လင့်ချက်များနှင့် ဘ၀နေနည်း ထိုင်နည်းများမှာ ကျွန်တော်တို့ ဆင်ခြင်သုံးသပ်၊ အကဲဖြတ်ချက်များအပေါ် ကြီးမာစွာ တည်မှီနေပါလိမ့်မည်။

ဒီနေရာမှာ ဂလိုဗာ၏အမြင်မှစတင်ပါမည်။ သူက လူသားတို့အတွက် “စိတ္တဗေဒသစ်” လိုလိမ့်မည်ဟု အဆိုပြုခဲ့သည်။ နိုင်ငံရေးနှင့် စိတ္တဗေဒတို့ အပြန်အလှန်ကျေးဇူးပြုနိုင်သော နည်းလမ်းများကို ထည့်သွင်းစဉ်းစား ရမည်ဟု ဆိုသည်။ လူသားတို့အနေနှင့် မိမိ၏ ပဋိသန္ဓေစိတ်အရပင် ရက်စက်ကြမ်းကြုတ်မှုများကို မနှစ်မြို့ဟုဆို လျှင် “နိုင်ငံရေး အရိုင်းအစိုင်းဝါဒ” (Political Barbarism) ဆန့်ကျင်ရေးအတွက် မျှော်လင့်နိုင်စရာ အပြည့်အ၀ ရှိ ပါသည်။ လူသားမဆန်သော ရက်စက်ကြမ်းကြုတ်မှုများပေါ်ပေါက်လာသည့်အခါတိုင်း သူ့အလိုလို တုံ့ပြန်ဆန့် ကျင်လာကြပါလိမ့်မည်။ တကယ်လို့သာ ဒီအတိုင်း အမှန်တကယ်ဖြစ်လျှင် လူတစ်ဦးချင်းအတွက်ရော၊ လူ့အဖွဲ့ အစည်းအတွက်ပါ ကျင့်ဝတ်စံ နှုံးစံများ ဖွံ့ဖြိုးစေရေး၊ လေ့ကျင့်ပွားများစေရေးအတွက် အခွင့်အလမ်းအပြည့်အ၀ရှိ နိုင်ပါသည်။

ပြောရလျှင် ကျွန်တော်တို့တွင် ကျင့်ဝတ်ဆိုင်ရာ အရင်းအမြစ်များ အမှန်ပင်ရှိပါသည်။ ဒီသဘောကို ဂလိုဗာက “ကိုယ်ပိုင်ကျင့်ဝတ် အမှတ်အသား၏ ကိုယ်ပိုင်ခံစားသိ” ဟု ၀ိဂြိုလ်ပြုခဲ့သည်။ သို့နှင့်တိုင် ရက်စက် ကြမ်ကြုတ်မှုများကို လက်တွေ့ထိန်းချုပ်ဖို့ဆိုလျှင် သူသား၏ တုံပြန်မှုများထဲတွင် သူပြောသာ “ကိုယ်ပိုင်ကျင့်ဝတ် အမှတ်အသားများ၏ ကိုယ်ပိုင်ခံစားအသိ” ကို နက်ရှိုင်းစွာ အမြစ်တွယ်နေဖို့လိုပါလိမ့်မည်။ ဂလိုဗာက အရေးကြီး သည်ဟု ယူဆရသော တုံ့ပြန်မှုနှစ်မျိုးကို ရွေးထုတ်ပြသည်။ “လေးစားတန်ဖိုးမှု” နှင့် “ထောက်ထားစာနာမှု” တို့ ဖြစ်သည်။ အနာဂတ်မျှော်လင့်ချက်များမှာ အဆိုပါတုံ့ပြန်မှုနှစ်မျိုးကို ပြုစုပျိုးထောင်မှုအပေါ် မူတည်လိမ့်မည်ဟု ဆိုသည်။ လူ့အပြုအမူတိုင်းတွင် “ကိုယ်ပိုင်ကျင့်ဝတ်အမှတ်အသားများ၏ ကိုယ်ပိုင်အသိ” စွဲနိုင်နေသမျှ ဆိုခဲ့ပါ တုံ့ပြန်မှုနှစ်မျိုး ထွန်းကားနေလိမ့်မည်ဟုလည်း မှတ်ချက်ပြုသည်။ ထိုသည်ကိုက သူက “စိတ္တဗေဒသစ်” ဟု ဆို လိုက်ခြင်းဖြစ်သည်။

ဥာဏ်အလင်းခေတ်အမြင်များအပေါ် အပြည့်အ၀ ဘ၀င်ကျဟန်မရှိသော ဂလိုဗာက “စိတ္တဗေဒသစ် ဘက်သို့ ဦးလှည့်သင်ပြီ” ဟု အကြံပြုလိုက်သည်။ သူ့အမြင်အရ ဥာဏ်အလင်းခေတ် စိတ္တဗေဒမှာ ပါးလျပြီး ယန္တရားဆန်သည်မဟုတ်ပါလား။ သို့အတွက် ဥာဏ်အလင်းခေတ် စိတ္တဗေဒဟောင်းနေရာတွင် ပိုမိုထွေပြားသည့် တိုင် အမှန်နှင့်ပိုနီးသော စိတ္တဗေဒသစ်နှင့် အစားထိုးရမည်ဟု ဆိုလိုရင်းဖြစ်သည်။ ကျွန်တော်သဘောပြောရရင် ဂလိုဗာ၏ ရှင်းလင်းပြချက်များမှာ ရေပတ်မ၀င်မဟုတ်သည့်တိုင် ယေဘုယျလက်ခံနိုင်စရာရှိပါတယ်။ တစ်ခုပဲ ရှိသည်။ သူ၏ဥာဏ်အလင်းခေတ်အပေါ် သဘောထားမှာ တရားမျှတမှုရှိပါ၏လော ဆိုသည်ကိုမူ ဆန်းစစ်ဖို့ လိုပါ လိမ့်မည်။

ဂလိုဗာအနေနှင့် ဥာဏ်အလင်းခေတ်၏ ဆိုးယုတ်သောနမူနာ (စတာလင်နှင့် ပိုလ်ပေါ့) ကိုသာ ထုတ် နှုတ်ပြခဲ့သည်။ ကောင်းမြတ်သော နမူနာဖြစ်သည့် အဒမ်စမစ်ကိုမူ မညွှန်းခဲ့။ စင်စစ် အဒမ်းစမစ်ဆိုသော ပုဂ္ဂိုလ် ကြီးမှာ ဈေးကွက်စီးပွားရေးစနစ်၏ ခေါင်းကိုင်ဖခင်ဖြစ်ရုံမျှမက “ကျင့်ဝတ်ခံစားမှုသီအိုရီ” (The Theory Of Moral Sentiments) ကျမ်းကို ပြုစုခဲ့သူဖြစ်သည်။ စိတ်လှုပ်ရှားမှုနှင့် စိတ္တဗေဒတုံ့ပြန်မှုများ၏ အရေးပါပုံကို ဂလိုဗာထက် နှစ်ပေါင်းများစွာစောပြီး သုတေသနလုပ်ခဲ့သူဖြစ်သည်။ ဂလိုဗာပြောနေသော လူသားစိတ္တဗေဒတုံ့ ပြန်မှုများ၏ အရေးပါပုံကို ဂလိုဗာထက် နှစ်ပေါင်းများစွာစောပြီး သုတေသနပြုလုပ်ခဲ့သူဖြစ်သည်။ ဂလိုဗာပြောနေ သော လူသားစိတ္တဗေဒအကြောင်းကိုပင် “စမစ်” က “လူသားဖြစ်မှု၏ လိုလားချက်များ” ဆိုသော ခေါင်းစဉ်ဖြင့် အကျယ်အပြန့် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ခေတ်သစ် ဘောဂဗေဒက ဒီပုဂ္ဂိုလ်ကြီး၏ဒသနကို အလွန်ကျဉ်းမြောင်း စွာအဓိပ္ပာယ်ဖွင့်ထားသည့် “ကိုယ်ကျိုးစီးပွား” ဆိုသည်လောက်နှင့် ဘောင်ခတ်ထားခဲ့သော်လည်း “စမစ်” ကား လူသားအားလုံးကို ကိုယ်စားပြုသူဖြစ်သည်။ “စမစ်”၏ အခြေခံကျမ်းများကို နှံ့နှံ့စပ်စပ်လေ့လာသူဆိုလျှင် ကျန် အချက်ကို ကောင်းစွာ မှန်းဆနိုင်စရာရှိပါသည်။

ထိုသို့သော ဂုဏ်အင်များနှင့်ပြည့်လျှမ်းနေသော အဒစ်စမစ်ဆိုသည့် ပုဂ္ဂိုလ်ကြီးမှာ ကန့်၊ ကွန်ဒိုရက်၊ ဒေး ဗစ်ဟုမ်းတို့လိုပင် ဥာဏ်အလင်းခေတ်ကို စတင်တံခါးဖွင့်ပေးခဲ့သူတစ်ဦးဖြစ်သည်။ သူ့ဘ၀၏နောက်ပိုင်းအချိန်များ တွင် ဘောဂဗေဒကို ဦးစားပေးခဲ့သည့်အတွက်သာ သူ၏ဒသနအမြင်များကို ဒေးဗစ်ဟုမ်း၏ အမြင်များလောက် လူသိမများခြင်းဖြစ်တန်ရာသည်။ (ပါမောက ဂလိုဗာအနေနှင့် ဒေးဗစ်ဟုမ်း အကြောင်းကိုလည်း ပြောခဲ့သည် မဟုတ်ပါ။) ဟုမ်းက ယခုလို အခိုင်အမာပြောခဲ့ဖူးသည်။ “ကျင့်ဝတ်ဆိုင်ရာ သတ်မှတ်ပြဌာန်းချက်အားလုံး လောက်တွင်၊ ဆင်ခြင်တုံတရားနှင့် စိတ်ခံစားမှုတို့မှာသာ သဘောချင်း ကြိုက်ညီကြသည်ကများသည်။” ဟူ၏။

စမစ်၏ကျမ်းများတွင် ဒီလောက်ပွင့်ပွင့်လင်းလင်း မထုတ်ဖော်ခဲ့သည်တိုင် ဆင်ခြင်တုံတရားနှင့် စိတ်ခံ စားမှုတို့၏ အပြန်အလှန် ကျေးဇူးပြုမှုကိုမူ ပညာရှင်ကြီးနှစ်ဦးလုံးက သိမှတ်လက်ခံခဲ့ကြသည်သာဖြစ်သည်များကို မူ သူတို့နှစ်ယောက်လုံးက လက်ခံခဲ့ကြသည်မဟုတ်ပါ။ “အတိအကျလက်တွေ့ကျသော ဆင်ခြင်တုံတရားမျိုးမရှိ သလို၊ အခိုင်အမာကျင့်ဝတ်နှင့်ညီသော ဆင်ခြင်တုံတရားဆိုသည်မျိုးလည်း တွေ့နိုင်မည်မဟုတ်။ ဆင်ခြင်တုံ တရားကို အခြေခံပြီး ကျင့်ဝတ်ကို ချဉ်းကပ်ခြင်းသည်သာ လက်တွေ့နှင့် အနီးဆုံးဖြစ်ပေလိမ့်မည်။”ဟု ဟုမ်း အကြောင်းဖွင့်ဆိုရှင်းပြသော “တောမတ်နာဂဲလ်” က ရေးခဲ့ဖူးသည်။

အမှန်စင်စစ် စိတ်ခံစားမှုသဘောထားများ၏ အရေးပါပုံကိုသိမှတ်လက်ခံရုံမျှဖြင့် ကိစပြီးနိုင်သည်မဟုတ် ပါ။ ဆင်ခြင်တုံတရားနှင့်ယှဉ်ပြီး ပြုစုပျိုးထောင် ဝေဖန်ဆန်းစစ်ဖို့ လိုပါလိမ့်မည်။ ဒီသဘောကို စမစ်ကိုယ်တိုင်က ယခုလိုရေးခဲ့ဖူးသည်။ “အမှန်အမှားနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ပထမဆုံးမှတ်ယူချက်များမှာ ဆင်ခြင်တုံ တရား၏ အရာမဟုတ်ပါ။ ရုတ်တရက် တုံ့ပြန်လိုက်သော စိတ်ခံစားမှု၏ အခြင်းအရာသာ ဖြစ်ပါလိမ့်မည်။ (အာရုံသိ၊ သို့မဟုတ် ခံစားသိ) ဝေဖန်ဆန်းစစ်မှု တစ်စုံတစ်ရာဖြတ်သန်းလိုက်သည်နှင့် အဆိုပါ ပထမဆုံး ထွက် ပေါ်လာသည့် အာရုံသိကိုယ်တိုင်မှာ ပြောင်းလဲသွားနိုင်ပါသေးတယ်။ အရေးကြီးသည်မှာ ဆိုခဲ့ပါ အာရုံသိကို ဆင်ခြင်သိအဖြစ် အသွင်ပြောင်းနိုင်ဖို့ဖြစ်ပါသည်။ ထို့သို့ပြောင်းလဲနိုင်ရေးအတွက် ဆင်ခြင်တုံတရားကို အသုံးပြုရ မည်သာဖြစ်သည်။ သို့မှသာလျှင် အပြုအမူတစ်ရပ်နှင့် ၄င်း၏အကျိုးဆက်များကို ကျယ်ကျယ်ပြန့်ပြန့်မှန်းဆနိုင် စရာရှိပါသည်။” စသည်ဖြင့်။

တစ်ခါတစ်ရံတွင် ဥာဏ်အလင်းခေတ်၏ ဒေါက်တိုင်နှစ်ခုဟုဆိုနိုင်သော “ဆင်ခြင်တုံတရား” နှင့် “လူသား၏ ပြီးပြည့်စုံမှု” ဆိုသည်ကို လွဲမှားစွာ ရောထွေးပြီး တစ်သရောတည်း ဝေဖန်ဆန့်ကျင်ကြသည်များရှိ တတ်ပါသည်။ ဥာဏ်အလင်းခေတ် ပညာရှင်တော်တော်များများ၏ အရေးအသားများတွင် ဒီနှစ်ခုမှာ နီးကပ်စွာ ဆက်စပ်နေသည့်တိုင် အမှန်စင်စစ်တစ်ထပ်တည်းကျသည်တော့မဟုတ်ပါ။ သို့အတွက် တစ်ခုကိုမယုံကြည်သည် နှင့် ကျန်တစ်ခုကို အသိအမှတ်မပြုနိုင်ဆိုသော လောဂျစ်ဖြင့် မဆုံးဖြတ်သင့်ဟု သဘောရပါသည်။ လူသား၏ ကြွယ်ဝသော စရိုက်လကဏာများအကြောင်း အာဝဇ္ဇန်းကောင်းကောင်းနှင့် ဖော်ပြလေ့ရှိသော ပါမောက ဂလိုဗာ ကိုယ်တိုင်သည်ပင် “လူသား၏ ပြီးပြည့်စုံမှု” ဆိုသည်ကို မပြောခဲ့ပါ။ လူ့အဖွဲ့အစည်းအနေနှင့်သော်လည်းကောင်း လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနှင့်သော်လည်းကောင်း၊ ကျင့်ဝတ်စိတ်ကူးများကို ပြုစုပျိုးထောင်ခြင်းဖြင့် လူ့စိတ္တဗေဒဖွံ့ ဖြိုးစေရေးဆိုသည်ကိုသာ ဇောင်းပေးပြောခဲ့ပါသည်။ (စင်စစ်ထိုသို့ ပြုစုပျိုးထောင်နိုင်ရန် ဆင်ခြင်တုံတရားကို ပစ် ပယ်လို့ဖြစ်သည်မဟုတ်ပါ။) သူ၏ ထိုကဲ့သို့သောအပြုသဘောဆောင်သည့် မျှော်မှန်းချက်များကြောင့်ပင် သူ၏ ဥာဏ်အလင်းခေတ်ဆန့်ကျင်ရေးကို လက်မခံသည့်တိုင် ပါမောခ ဂလိုဗာအပေါ် လေးစားယုံကြည်မှု ပျောက်ဆုံး မသွားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

ကျော်ဝင်း

စာညွှန်း ။ ။ The Argumentative Indian : By Amartya Sen)

(မှတ်ချက်။ ။၂၀၀၇ ခုနှစ်၊ မတ်လထုတ် ချယ်ရီမဂ္ဂဇင်း အမှတ် ၁၄ တွင် ဖော်ပြပါရှိသော ဆရာကျော်ဝင်း၏ “ဆင်ခြင်တုံတရား၏လက်တံများ-၂” ကို ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသဖြင့် စာရေးသူ၏အာဘော်နှင့်ဆိုလိုရင်းအတိုင်းပင်ဖြစ်တဲ့အကြောင်း ပြောပြချင်ပါတယ်။)

==========================================================

ဆင်ခြင်တုံတရား၏ လက်တံများ (၁)

ကျော်ဝင်း

ဒဗလှူဘီယိ(ထ်စ်) က သူ၏ ကျင့်ဝတ်များ၏ မျိုးဗီဇပညာ စာအုပ်တစ်နေရာတွင် ဒီလိုရေးခဲ့ဖူးသည်။ “ညမှာ ကြယ်တွေမရှိ၊ လင်းနို့များ၊ ဇီးကွက်များနှင့် ရူးသွပ်နေသောလမင်းမှလွဲပြီး ဘာမှမရှိ…ဟု နစ်ရှေးတစ်ယောက် ဘာကြောင့် တွေးခဲ့သနည်း..” လူတစ်ယောက်၏ ခေါင်းထဲသို့ ဒီလို ခါးသီးသော အတွေးများရှိနေသည်ကို သူ အံ့သြနေဟန်တူပါသည်။ စင်စစ် နစ်ရှေးအနေနှင့် လူ့အကြင်နာတရားဆိုသည့်အပေါ် သူ့၏ မယုံကြည်မှုနှင့် မထိတ်သာမလန့်သာ အနာဂတ်အမြင် များကို ဖော်ပြခဲ့သည်မှာ ပြီးခဲ့သောရာစု မစမီကတည်းကဖြစ်ပါသည်။ ၁၉၀၀ ပြည့်နှစ်တွင် နစ်ရှေးကွယ်လွန်ခဲ့သည်။ သူမရှိ တော့သည့်နောက်ပိုင်း နှစ်ပေါင်း တစ်ရာအတွင်း ကြုံခဲ့သော ကမ္ဘာစစ်ကြီးများ၊ ကပ်ဘေးကြီးများ၊ မျိုးဖြုတ်သုတ်သင်ပွဲများ နှင့် စနစ်တကျပြင်ဆင်ဖန်တီးခဲ့ကြသော ရက်စက်ကြမ်းကြုတ်မှုမျိုးစုံက နစ်ရှေး၏ သံသယအမြင်များကို ချေဖျက်နိုင်ဖို့ အတော်ခက်ပါလိမ့်မည်။

ပဋိသန္ဓေစိတ်နှင့် လူ့အကြင်နာတရား

အောက်စဖိုဒ်တကသိုလ်မှ ဒသနပညာရှင် “ဂျော်နသန်ဂလိုဗာ” ၏ “၂၀ ရာစုကျင့်ဝတ်သမိုင်း” အမည်ရှိ စာအုပ် တစ်အုပ်မကြာခင်ကထွက်သည်။ သူ့စာအုပ်မှာ အထူးစိတ်ဝင်စားစရာကောင်းလှသည်။ ဒီစာအုပ်တွင် ပါမောက ဂလိုဗက ယခုလို အဆိုပြုထားသည်။ “ကျွန်တော်တို့အနေနှင့် ပြီးခဲ့သောရာစုက အဖြစ်အပျက်များကို အလေးထားဆင်ခြင်ကြရုံမျှနှင့် မလုံလောက်။ ကျွန်တော်တို့၏ အဇျတ္တတွင် ကိန်းနေသော အဟိတ်တိရစ္ဆာန်စိတ်ကို လှောင်ချိုင့်သွင်းပြီး ယဉ်ပါးအောင် ဘယ်လိုလုပ်ကြမည်ကို ကျကျနနစဉ်းစားကြဖို့လိုပါပြီ” ဟူ၏။

ပြောရလျှင် ပါမောကဂလိုဗာ၏အဆိုမှာ ယနေ့မျက်မှောက်လူသားအားလုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်ပါသည်။ ရာစု နှစ်တစုအကုန်နှင့် ထောင်စုနှစ်တစ်ခုအကုန်တို့ ချိန်ခါသင့်တိုက်ဆိုင်နေသော ယခုလိုကာလမျိုးတွင် လူသားတစ်ရပ်လုံးနှင့် သက်ဆိုင်သည့်အဆိုပါပြသနာမျိုးကို ဝေဖန်ဆန်းစစ်ကြသည်မှာ လျော်ကန်သင့်မြတ်သည်ဟု ဆိုချင်သည်။ မွတ်စလင် ဟီဂျရီပြကဒိန်အရ ပထမထောင်စုနှစ်ကုန်ဆုံးချိန် ၁၅၉၁ ခုနှစ်လောက်ကလည်း သူ့ခေတ်သူ့အခါ အရေးကြီးသော ပြသနာ များကို အကျယ်အပြန့်ညှိနှိုင်းဆွေးနွေးခဲ့ကြသည့် အစဉ်အလာရှိသည်။ အိန္ဒိယနိုင်ငံ၊ မဂိုအင်ပါယာမှ အကဗာဘုရင်ကြီး၏ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးများ ဖြစ်ပါသည်။

ထိုစဉ်က အကဗာဘုရင်ကြီး၏ အိန္ဒိယမှာ ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်၊ ဂျိမ်း၊ ဗုဒ္ဓ၊ ဆစ်ခ်၊ ဖရာဆီ၊ ဂျူးစသဖြင့် ဘာသာတရား မျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ စုစည်းနေထိုင်ကြသော ဗဟုလူ့အဖွဲ့အစည်းဖြစ်သည်။ သို့နှင့်အမျှ အကဗာတို့ ခေတ်၏ စိန်ခေါ်ချက်မှာ ဘာသာ တရားမျိုးစုံ၊ ယဉ်ကျေးမှုဓလေ့မျိုးစုံ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဖြစ်လာသည်။ ဒီစိန်ခေါ်ချက်ကို အမြှော်အမြင်ကြီးသော အကဗာဘုရင်ကြီးက လှလှပပတုန့်ပြန်နိုင်ခဲ့ပါတယ်။ သူ၏နန်းတော်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ဘာသာတရားပေါင်းစုံ၊ လွတ်လပ်ပွင့် လင်းစွာ နှီးနှောဖလှယ်ပွဲများဖြင့် အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်မှုကို အရယူနိုင်ခဲ့သည်။ “လောကီသီးသန့်ဝါဒ” နှင့် “ဘာသာရေး ဘက်မလိုက်ဝါဒ” တို့၏ အခြေခံကို အကဗာ ကစခဲ့သည်ဟုပင် ဆိုနိုင်ပါသည်။

ထိုစဉ်က အကဗာဘုရင်ကြီး၏ အဆိုအမိန့်များမှာ ယနေ့တိုင် ခေတ်မီနေရုံမျှမက အသုံးတည့်နေဆဲဖြစ်သည်။ ဥပမာ-“ဘာသာရေးနှင့်ပတ်သက်လျှင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ စွက်ဖက်နှောင့်ယှက်ခြင်း မရှိစေရ။ မည်သူမဆို မိမိ ယုံကြည်နှစ်သက်ရာ ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသည်” ဆိုသော အဆိုအမိန့်မျိုးဖြစ်ပါသည်။ ယနေ့ခေတ်ပြိုင် ကမ္ဘာအတွက် အရေးကြီးနေဆဲဟုယူဆရသော် အကဗာ၏ သဘောထားအမြင်တစ်ခုလည်း ရှိသေးသည်။ “ခက်ခဲ့သော လူမှုပြသနာများနှင့် ရင်ဆိုင်ရာတွင် အစဉ်အလာကို အားပြုသည်ထက် ဆင်ခြင်တုံတရားကို အားထားသည်က ပိုပြီး လျော် ကန်ပေသည်” ဆိုသော ကောက်ချက်ဖြစ်ပါသည်။

ယခု ဒုတိယထောင်စုနှစ်ကုန်ဆုံးချိန်ကိုကော ကျွန်တော်တို့မည်သို့ကြိုဆိုကြမည်နည်း။ ၀ှဲချီးကျင်းပနေကြသော ထောင်စုနှစ်ပွဲတော်များကိုမူ နိုင်ငံတိုင်းလိုလိုတွင် တွေ့နေရပါသည်။ သို့နှင့်တိုင် ဂလိုဗာသတိပေးခဲ့သော ကျွန်တော်တို့ အဇျတ္တထဲမှ အဟိတ်တိရစ္ဆာန်စိတ်ကိုမူ မေ့လျော့နေကြသလားထင်ရသည်။ သူ၏ စိန်ခေါ်ချက်ကိုလည်း လုံလောက်စွာ မတုံပြန်နိုင်သေးဟု ဆိုချင်သည်။ ဒီအတိုင်းဆိုလျှင် နစ်ရှေး၏အတွေးထဲမှ “ကြယ်မဲ့ည” ကို ကျွန်တော်တို့ ကျော်လွှားချေ ဖက်နိုင်လိမ့်မည် မထင်။ လင်းနို့များ၊ ဇီးကွက်များနှင့် ရူးသွပ်လမင်းတို့နှင့်သာ စခန်းသွားရဦးမည့်ပုံရှိသည်။

စင်စစ် နစ်ရှေး၏ သံသယ၀ါဒနှင့် မတိတ်သာမလန့်သာ အနာဂတ်ဟောကိန်းများမှာ သူ၏ “ထာဝရဘုရား သခင်သေဆုံးပြီ” ဆိုသော ကောက်ချက်မှ မြစ်ဖျားခံလာဟန်တူပါသည်။ ကျွန်တော့်သဘောကိုပြောရလျှင် ဒီကောက်ချက် မှာပင် နှစ်ခွအမြင်ရှိနေသလား စဉ်းစားမိသည်။ အနောက်တိုင်းယဉ်ကျေးမှုကြီး ဘုန်းဘုန်းလဲကျဆုံးတော့မည့်အဖြစ်ကို စိုးရိမ်ထိတ်လန့်မှုနှင့် ကျင့်ဝတ်အာဏာပိုင်ဝါဒပြိုလဲသွားခြင်းအပေါ် နှစ်ထောင်းအားရဖြစ်မှုတို့ ရောယှက်နေသည်ဟု ထင်သည်။ “ကြောက်စရာအကောင်းဆုံး မေးခွန်းထုတ်ချင်စရာအကောင်းဆုံး၊ တစ်ပြိုင်နက်တည်းမှာပင် မျှော်လင့်ချင်စရာ အကောင်းဆုံး ရှုမြင်ကွင်းများပေတကား” ဟု သူက ရေးခဲ့သည်။ ပါမောကဂလိုဗာမူ နစ်ရှေး၏စိန်ခေါ်ချက်ကို ကျွန်တော်တို့ တုံ့ပြန်ကြရတော့မည်ဟုဆိသည်။ အထူးသဖြင့် နစ်ရှေးတို့ခေတ် ၁၉ ရာစုကပင် ပြိုလဲသွားခဲ့ပြီးဖြစ်သော ကျင့်ဝတ်အာဏာ ပိုင်ဝါဒနေရာတွင် မည်သည့်အရာနှင့် အစားထိုးကြမည်နည်းဟု မေးခွန်းထုတ်သည်။ ပြောရလျှင် သူ့မေးခွန်း၏အဖြေကို အကဗာဘုရင်ကြီးက ၁၆ ရာစုကပင် ပေးခဲ့ပြီးဖြစ်ပါသည်။ သမိုင်းထဲမှ အကဗာ၏စကားများမှာ ယခုတိုင် ပဲ့တင်ထပ်နေဆဲ ဟုဆိုချင်သည်။ သူ့စကားက “ကျွနိုပ်တို့အနေနှင့် ဆင်ခြင်တုံတရားကို ဘာသာရေးပညတ်တော်များ၏ လက်အောက်ခံ မဖြစ်စေသင့်။ စိမ့်မြေလို အခြေမခိုင်သော အစဉ်အလာဆိုသည်များအပေါ်တွင်လည်း လုံးလုံးလျားလျားအားပြုမနေသင့်..” စသဖြင့်။

ဥရောပဥာဏ်အလင်းခေတ်ကလည်း ဒီပြသနာများနှင့်ပတ်သက်ပြီး အကျယ်အပြန့် ဆွေးနွေးခဲ့ကြဖူးပါသည်။ ဥာဏ်အလင်းခေတ် ပညာရှင်များကမူ ဆင်ခြင်တုံတရား၏လက်တံများကို အကောင်းမြင်ဘက်မှ ချဉ်းကပ်ခဲ့ကြသည်။ သို့နှင့်တိုင် မကြာသေးခင် နှစ်များအတွင်း အဆိုပါ ဥာဏ်အလင်းခေတ်အမြင်များမှာ အကြီးအကျယ်ထိုးနှက်တိုက်ခိုက်ခံခဲ့ရ သည်။ အဆိုပါ တိုက်ခိုက်ချေချွတ်ပွဲကြီးတွင် ပါမောကဂလိုဗာကိုယ်တိုင်လည်း တတပ်တအားပါဝင်ခဲ့သေးသည်။ “လူသား ၏ စိတ္တဗေဒနှင့်ပတ်သက်သော ဥာဏ်အလင်းခေတ်ပညာရှင်များ၏အမြင်မှာ ပါးလွှာလွန်းလှသည်။ စက်ယန္တရားဆန်သည်။ သူတို့က လူသားအချင်းချင်း စာနာထောက်ထားမှုနှင့် သိပ္ပံအမြင်များမှတဆင့် လူမှုရေးတိုးတက်မှုများ ရရှိလာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ယခုအချိန်မှ ပြန်တွေးကြည့်လိုက်သောအခါ အလွန်တရာ ရိုးစင်းလှသော ကလေးအတွေးသာ ဖြစ် တော့သည်။” စသဖြင့် ဂလိုဗာက ဝေဖန်ခဲ့သည်။

ထိုမျှမကသေး။ ၂၀ ရာစု၏ အဆိုးဝါးဆုံး အနိဌာရုံများမှာ ဥာဏ်အလင်းခေတ်သြဇာနှင့် မကင်းပြီဟူပြီး စွဲချက်တင် လိုက်သေးသည်။ “စတာလင်နှင့် သူ၏နောက်လိုက်နောက်ပါများကို ဥာဏ်အလင်းခေတ်ကမွေးထုတ်ပေးလိုက်သည်။ ပိုလ် ပေါ့မှာလည်း ဥာဏ်အလင်းခေတ်သြဇာကို သွယ်ဝိုက်သောနည်းဖြင့်ရရှိခဲ့သူဖြစ်သည်” ဟု သူကရေးခဲ့သည်။ ပါမောက ဂလိုဗာမှာ ကျင့်ဝတ်အာဏာပိုင်ဝါဒနှင့် အစဉ်အလာနှုန်းစံများကို လက်မခံချင်သူဖြစ်သည့်တိုင် အစားထိုးရွေးချယ်ရမည့် အော်လ်တာနေးတစ်တစ်ခုခုကိုမူ မပေး။ “ပြင်းထန်သောယုံကြည်မှု” ဆိုသည်ကိုသာ ပြသနာအားလုံး၏ ရေသောက်မြစ် အဖြစ် ဆွဲထုတ်ပြသည်။ “စတာလင်၏ရက်စက်မှုများမှာ သူ၏ယုံကြည်ချက်မှ မြစ်ဖျားခံလာသည်” ဟုဆိုသည်။

တကယ်လိုသာ စကာတင်ဝါဒနှင့် ၄င်း၏နောက်ကွယ်မှ အိုင်ဒီအိုလိုဂျီတို့၏ အဆက်အစပ်ကို စနစ်တကျခွဲခြား စိတ်ဖြာပြနိုင်လျှင်မူ ဂလိုဗာ၏စွတ်စွဲချက်များမှာ လက်ခံစဉ်းစားသင့်သော ယုတ္တိနယ်ပယ်အတွင်း ရှိနိုင်ပါသည်။ ယခုလို ၂၀ ရာစုခေတ်၏ အရမ်းအကန်ယုံကြည်မှုအားလုံးကို ဥာဏ်အလင်းခေတ်အပေါ်သို့ စုပြုံပြီး တရားခံဆွဲထုတ်ပြသည်မမူ လျှော် ကန်သင့်မြတ်မှုမရှိလှဟုဆိုချင်သည်။ “အရမ်းအကန်ယုံကြည်မှုထက် ဆင်ခြင်တုံတရားကသာ ပိုပြီးမြင့်မြတ်သာလွန်သည်” ဟု အခိုင်အမာတင်ပြခဲ့ကြသော ဥာဏ်အလင်းခေတ်ပညာရှင်များ၊ မနည်းမနောရှိခဲ့သည်သာဖြစ်ပါသည်။ စတာလင် ရက် စက်ကြမ်းကြုတ်မှုများကို ဖော်ထုတ်ဖွင့်ချသည်က ပြသနာမဟုတ်ပါ။ သို့နှင့်တိုင် သဘောတရားနှင့်လက်တွေ့၊ ကတိက ၀တ်နှင့် ကျင့်ထုံးတို့ကြား ကွာဟမှုများကိုမူ သက်သေသာဓကများဖြင့် ထင်ရှားစေဖို့လိုပါလိမ့်မည်။

ကျွန်တော်အနေနှင့် ပါမောကဂလိုဗာ၏ အသိဥာဏ်ပညာကို ဘယ်တုန်းကမှ အထင်မသေးခဲ့ပါ။ သူ၏ အခြား အဆိုပြုချက်တော်တော်များများတွင် တွေ့ရလေ့ရှိသော ကျိုးကြောင်းခိုင်လုံမှုကို ယခုတိုင် တန်ဖိုးထား အသိအမှတ်ပြုဆဲ ဖြစ်ပါသည်။ ၂၁ ရာစုခေတ်ဦးတွင် ခေတ်စားလာသော ဥာဏ်အလင်းခေတ် ဝေဖန်ချေချွတ်ရေးပွဲတော်ကြီးတွင် ပါမောက ကလိုဗာတစ်ယောက် အရေးပါလာသည့်အတွက်ကိုသာ တွေးရခက်ကြီးဖြစ်နေတော့သည်။ မည်သို့ပင်ဆိုစေ သူ၏ ယခု ဆွေးချက်မှာပင် အရေးကြီးသည်ဟု ယူဆရသော် “အစ” တစ်ခုကိုမူ တွေ့လိုက်ရသည်။ “တကယ်လို့သာ ဝေဖန်ဆန်းစစ် မှုနှင့်ယှဉ်သော ကျွန်တော်တို့၏ စဉ်းစားပုံတွင် ဖယ်ရှားဖို့မလွယ်သော ခလုတ်တံသင်းများရှိနေလျှင် (သို့မဟုတ် ဆင်ခြင်တုံ တရားတို့အပြည့်အ၀ မရှင်နိုင်လျှင်) ကျွန်တော်တို့အနေနှင့် ပဋိသန္ဓေစိတ် (ဗီဇစိတ်) ကို အားပြုလိုက်သည်က ပိုမကောင်း နိုင်ပါသလော” ဆိုသည့် ထောက်ကွက်ဖြစ်ပါသည်။

ဆိုခဲ့ပါ သူ၏ထောက်ကွက်အတွက် ပါမောက ဂလိုဗာက စတာလင်တို့၊ ပိုလ်ပေါ့တို့လောက် အစွန်းမရောက်သည့် အခြားကွန်မြူနစ်ခေါင်းဆောင်တစ်ယောက်ကို ဆွဲထုတ်ပြသည်။ လီနင်ကွယ်လွန်ပြီးနောက်ပိုင်း စတာလင်နှင့် ပါတီတွင်း တိုက်ပွဲတွင် လွင့်စင်ကျန်ရစ်ခဲ့သော “နီကိုလိုင်ဘူခါရင်” ဖြစ်သည်။ ဂလိုဗာက ဘူခါရင်၏ ရုပ်ပုံလွှာကို ယခုလိုဖွဲ့ပြသည်။ “ဘူခါရင်သည် အင်အားသုံး အရိုင်းဝါဒကို တိမ်းညွှတ်လိုလားသူမဟုတ်။ သူ၏ လူဆန်သော ပဋိသန္ဓေစိတ်နှင့် သူကိုယ် တိုင် ကာကွယ်နေသော ယုံကြည်မှုကြားတွင် ရပ်တည်နေသူဖြစ်သည်။ သူမျက်မှောက်ပြုနေရသော နိုင်ငံရေးရာသီဥတုနှင့် သူ၏ပုံသေကားကျ စဉ်းစားနည်းတို့က သူ့ကို ရှင်းရှင်းလင်းလင်းဆင်ခြင်တုံတရားမှ ဝေးရာသို့ ဆွဲခေါ်နေသည်။ ဒီဟာ အစား သူက ပဋိသန္ဓေစိတ်ဖြင့် တောင့်ခံထားသည်။ တစ်ဘက်တွင် သူ၏ခိုင်မာသောယုံကြည်ချက်ကလည်း ရှိနေပြန် သည်။ သူ့ဘ၀အနေအထားက ဘယ်ဘက်ကိုမှ အနိုင်ပေးလို့မဖြစ်” ပါမောက ဂလိုဗာကိုယ်တိုင်ကမူ ပဋိသန္ဓေစိတ်ကို အနိုင်ပေးလိုက်စေချင်ဟန်တူသည်။ ဘူခါရင်၏ တကယ့်ဘ၀တွင်လည်း ဒီအတိုင်းပင် ဆုံးဖြတ်လိုက်ရာ သူကိုယ်တိုင် ကွန်မြူနစ်ခေါင်းဆောင်မှုယန္တရားကြီး၏ သားကောင်ဖြစ်ခံရသည်။

ဆင်ခြင်တုံတရားတို့ ပွင့်လန်းခွင့်မရလျှင် ပဋိသန္ဓေစိတ်ကို အားပြုသင့်သည်” ဆိုသော ပါမောက ဂလိုဗာ၏ အမြင်ကို လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။ သို့နှင့်တိုင် သူဖော်ထုတ်ခဲ့သော “ဆင်ခြင်တုံတရားတို့ ရှင်သန်နိုင်ရန် လိုအပ်သော ပတ်ဝန်းကျင်တစ်ခု” ဆိုသည့် ကောက်ချက်ကိုမူ အလေးထား စဉ်းစားသင့်သည်ဟု သဘောရပါသည်။

ကျော်ဝင်း

စာညွှန်း-The Reach Of Reason

(Amartya Sen)

(မှတ်ချက်။ ။၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ချယ်ရီမဂ္ဂဇင်း အမှတ် ၁၃ တွင် ဖော်ပြပါရှိသော ဆရာကျော်ဝင်း၏ “ဆင်ခြင်တုံတရား၏လက်တံများ-၁” ကို ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသဖြင့် စာရေးသူ၏အာဘော်နှင့်ဆိုလိုရင်းအတိုင်းပင်ဖြစ်တဲ့အကြောင်း ပြောပြချင်ပါတယ်။)

==========================================================

နေခြည်ထဲတွင် ရွှေကိုမြင်သည်

ဇော်ဇော်အောင်

နေခြည်ထဲတွင်

ရွှေကိုမြင်သည်… (မင်းသုဝဏ်)

HERBEAT MARCUSE (1898-1978) ဟားဘတ်မာကျူကို “လက်ဝဲသစ်” (New Left) ရဲ့ ဖခင်ကြီးလို့ တင်စား နိုင်ပါလိမ့်မယ်။ ဖခင်ကြီးလို့ မပြောချင်ရင်တောင်မှ သူ့သြဇာဟာ “လက်ဝဲသစ်” တွေအပေါ်မှာ အလွန်ကြီးမားခဲ့တယ်လို့ တော့ အသေအချာပြောနိုင်ပါတယ်။ နှောင်းလူများ အထူးသဖြင့် ပို့စ်မာ့ကစ်ဝါဒီ (Post Marxist) တွေရဲ့ လောကမှာ သူ့ကို လွန်စွာလေးစားကြတယ်။ သူဟာ မူလကတော့ ကျော်ကြားလှတဲ့ “ဖရင့်ဖက်ဂိုဏ်” (FRANKFURT SCHOOL) က ဖြစ် တယ်။ သူရဲ့အရေးအပါဆုံး အတွေးခေါ်လည်းဖြစ်၊ နှောင်းလူများအပေါ် သြဇာအသက်ရောက်ဆုံးလည်းဖြစ်တဲ့ အတွေး အခေါ်ကတော့ အရင်းရှင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ ပစည်းမဲ့လူတန်းစားဟာ အချက်အချာနေရာမှာ မရှိတော့ဘူး။ တစ်နည်းပြောရရင် တော်လှန်ရေးရဲ့ အသည်းနှလုံးဟာ ပစည်းမဲ့လူတန်းစားမဟုတ်တော့ဘူးဆိုတဲ့ အတွေးအခေါ်ဖြစ် တယ်။ ကျမ်းရိုးမာ့ကစ်ဝါဒက ဟောညွှန်ပြခဲ့သလို တော်လှန်ရေးတွေဖြစ်မလာဘူး။ ပစည်းမဲ့လူတန်းစားကလည်း အောင်ပွဲ မခံနိုင်ဘူး။ အရင်းရှင်ဝါဒဟာလည်း ဗုန်းဗုန်းလည်းပြိုပျက်မသွားဘူး။ သိပ္ပံနဲ့နည်းပညာတိုးတက်လာတာနဲ့အမျှ စက်မှုလွန် လူ့အဖွဲ့အစည်းမှာ အရင်းရှင်စနစ်ဟာ ပိုခိုင်မာလာတယ်။ ဒါပေမယ့် လက်ဝဲသစ်တို့ရဲ့ ဂုရုကြီးမာကျူ ယုံကြည်ထားတာရှိပါ တယ်။ အဲ့ဒီတစ်ခုကတော့ နိုင်ငံရေးပုံသဏ္ဍာန်အသစ်တွေ (New Forms Of Politics) မုချမသွေ ပေါ်ထွန်းလာလိမ့်ဦးမယ် ဆိုတာပါပဲ။ ဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက ပို့စ်မော်ဒန်တွေရဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ လာတူနေတယ်ဆိုတဲ့အချက် ပါပဲ။ ပို့စ်မော်ဒန်တို့ရဲ့ နိုင်ငံရေးအမြင်ကို ဆက်ကြည့်ရပါမယ်။

HERBEAT MARCUSE

HERBEAT MARCUSE

ပို့စ်မော်ဒန်ဆိုတာဘာလဲလို့ ပြောကြစတမ်းဆိုရင် တုတ်ထမ်းဓားထမ်းပြောကြရမှာပါ။ ပြောမဆုံးပေါင် တောသုံး ထောင်ကမယ်မထင်ပါဘူး။ အဲ့ဒီအထဲက အဓိကလကခဏာကြီးတစ်ရပ်ကို ထုတ်ပြပါဆိုရင် မက်တာနရေးတစ် (METANARRATIVE) ဆိုတဲ့ “မဟာဒသနမဟာပုံပြင် မဟာစီမံကိန်းကြီး” တွေကို မယုံစားခြင်း၊ ငြင်းပယ်ခြင်းပါပဲ။ မက်တာ နရေးတစ်ဆိုတာ ဘယ်သို့ဘယ်ညာ မူးတင်ပဲတင်ဝိုက်နေတာတွေကို ကျွန်တော်တို့ နားငြီးလှပါပြီ။ ကျွန်တော်တို့အခြေ အနေနဲ့ လက်တွေ့ကျကျသက်ဆိုင်တဲ့ကိစတွေသာ အရေးကြီးပါတယ်။ ဆိုင်ရာဆိုင်ရာ ပြသနာတွေကို ငါတို့သာလျှင် ဖြေရှင်းဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ဒသနတွေ၊ အစုအသင်းအဖွဲ့အစည်းတွေဟာ မက်တာနရေးတစ်တွေ ပဲဖြစ်ပါတယ်။ အဲ့ဒါတွေကို ပို့စ်မော်ဒန်တွေ (ပို့စ်မော်ဒန်ကို လက်ခံနှစ်ခြိုက်တဲ့ကျွန်တော်တို့) က ငြင်းပယ်တယ်။ ရိုးရိုး ရှင်းရှင်းကလေးပါပဲ။ အဲ့ဒီမဏ္ဍိုင်အယူအဆအပေါ်မှာ အခြေပြုတဲ့ ပို့စ်မော်ဒန်နိုင်ငံရေးဟာ ရှေးရိုးစဉ်လာ စွဲမှတ်လက်ခံလာ ခဲ့ကြတဲ့ “အကြီးစားပါတီနိုင်ငံရေး” (Large Scale Party Politics) ကို မနှစ်သက်ဘူး။ အသစ်ဖြစ်ပေါ်လာနိုင်တဲ့ “နိုင်ငံရေး ပုံသဏ္ဍာန်သစ်များ” (New Forms Of Politics) ဆိုတာဟာ ပို့မော်ဒန်အတွေးအခေါ်အပြောရှိတဲ့ (Micro Politics) အနု နိုင်ငံရေးဆိုတာပဲဖြစ်ပါတယ်။ မိုက်ကရိုနိုင်ငံရေးလို့လည်း ခေါ်နိုင်ပါတယ်။

“ပို့စ်မော်ဒန် အနုနိုင်ငံရေး” (Postmodern Micro Politics) လို့ ခေါ်ကြပါတယ်။ အနုဆိုတာ အသေးကလေး ဆိုတဲ့အဓိပ္ပါယ်ရှိပါတယ်။ အထက်ကပြောခဲ့တဲ့ အကြီးစားပါတီနိုင်ငံရေးမဟုတ်ဘူးဆိုတာ ပထမဆုံးပြောရပါပြီ။ တစ်လော ကလုံး၊ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ရည်ရွယ်ပြီးလုပ်တာမျိုး မဟုတ်ဘူး။ ဒေသအလိုက် အစုအဖွဲ့အသင်းအပင်း အစုအဝေးကလေးတွေအတွက် ရည်ရွယ်ပြီး လုပ်တာမျိုးဖြစ်ပါတယ်။ ဒေသအလိုက် (Local) အစုအဝေးတွေ (Community) ဆိုတဲ့ သဘောတွေကို အလေးပေးပါတယ်။ တစ်လောကလုံး လူ့အဖွဲ့အစည်းအားလုံးအတွက်၊ လူသား အားလုံးအတွက် ဆောင်ရွက်တဲ့ကိစမျိုးမဟုတ်ပါဘုး။ ကျွန်တော်တို့စကားမှာ ရပ်ရေးရွာရေး၊ သာရေး၊ နာရေးဆိုတဲ့ စကား ရှိတာကို သတိပြုမိစေချင်ပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေ၊ ကိုယ့်အစုကလေးအတွက် “ရပ်ရေးရွာရေး၊ သာရေးနာရေး” ဆောင်ရွက်ကြတာဟာ ပို့စ်မော်ဒန်အမြင်အရ “နိုင်ငံရေး/အနုနိုင်ငံရေး” လုပ်တာပဲလို့ အသေအချာပြောခဲ့ပါတယ်။ ဒီမှာ အရေးတကြီးဂရုပြုမိဖို့ကတော့ ၁-အများကောင်းကျိုးအတွက်ဖြစ်ရမယ်၊ ၂-အများကိုညှိနှိုင်းတိုင်ပင်ဆောင်ရွက်တာဖြစ်ရ မယ်။ ၃-အများစိတ်ဝမ်းညီစွာ စုပေါင်းဆောင်ရွက်ကြတာဖြစ်ရမယ်။

အရင်ရေးခဲ့တဲ့ဆောင်းပါတွေ၊ စာအုပ်တွေမှာလည်း ကြိမ်ဖန်များစွာပြောခဲ့ပြီးပါပြီ။ (လောလောဆယ်၊ ကျွန်တော် ရဲ့ “စည်းဆာဖြူ” ပို့စ်မော်ဒန် မှတ်စုဆောင်းပါးများ စာအုပ် ၂၀၀၆ ကိုကြည့်ပါ။) အထက်ပါသဘောကို ဒီလိုပြောခဲ့ပါတယ်။ အရေးကြီးတယ် ယူဆတာမို့ ထမံဖော်ပြပါရစေ။

“လူ့အရေးအရာကိစတွေကို လုပ်ကိုင်ဆောင်ရွက်ရာမှာ လူ့အသင်းအဖွဲ့ အစုအဝေးသေးသေးငယ်ငယ်ကလေး တွေ (၀ါ) အုပ်စုကလေးတွေဟာ မိမိတို့ဒေသအလိုက်၊ မိမိတို့ဝန်းကျင်အလိုက် မိမိတို့နဲ့သက်ဆိုင်ရာကိစကလေးတွေကို စုပေါင်းဆွေးနွေးတိုင်ပင်ညှိနှိုင်း အဖြေရှာဆောင်ရွက်ကြတယ်။ (အဲ့ဒါမျိုးတွေကို Micro Narrative လို့ခေါ်ပါတယ်။ Little Narrative လို့လည်းခေါ်ပါတယ်။ Local Narrative လို့လည်း အခေါ်အပြောရှိပါတယ်။)

အခုလောလောဆယ် ထင်သာမြင်သာတဲ့ပုံစံတွေပြရမယ်ဆိုရင် ရုပ်ရှင်မင်းသားကျော်သူတို့ဆောင်ရွက်နေတဲ့ နာရေးကူညီမှုလုပ်ငန်းဟာ ပို့စ်မော်ဒန်အမြင်အရပြောရရင် “မိုက်ကရိုနိုင်ငံရေး/အနုနိုင်ငံရေး” ဆောင်ရွက်တောပါပဲ။ ကဗျာ ဆရာတွေ၊ ကွန်လွန်တဲ့ကဗျာဆရာတွေအတွက် တတ်နိုင်သမျှ ထောက်ပံ့ကူညီနိုင်အောင် လှုပ်ရှားဆောင်ရွက်နေတာဟာ လည်း ပို့စ်မော်ဒန်အမြင်အရပြောရရင် “မိုက်ရိုနိုင်ငံရေး/အနုနိုင်ငံရေး” ဆောင်ရွက်တောပါပဲ။ အလားတူပဲ ကဗျာအောင် ဝေးတို့၊ စောဝေတို့ ဇော်သက်ထွေးတို့ စန်းဦးတို့ ပန်းချီဆရာတွေ၊ ဂီတရုပ်ရှင်ပညာရှင်တွေ၊ မော်ဒယ်ကလေးတွေနဲ့ပေါင်းစု ပြီး ကဗျာတွေရွတ်ကြ သီချင်းတွေဆိုကြ ပါဖောမင့်လုပ်ကြတာ ခုခံအားကျဆင်းတဲ့ဝေဒနာရှင်တွေကို ကူညီတဲ့ရန်ပုံငွေပွဲဖြစ် လို့ ပို့မော်ဒန်အမြင်အရ “မိုက်ကရိုနိုင်ငံ/အနုနိုင်ငံရေး” ဆောင်ရွက်တာပါပဲ။ ဒါကလောလောဆယ်မြင်သာတဲ့ ဥပမာတွေ အဖြစ်ပြရတာပါ။ တကယ်တမ်းကျတော့ ဒီလိုရပ်ရေးရွာရေး၊ သာရေး၊ နာရေးဆောငင်ရွက်ကြတာတွေဟာ တစ်နိုင်ငံလုံးမှာ ရှိနေပါတယ်။ သမိုင်းနဲ့ချီပြီးရှိနေပါတယ်။ ကျွန်တော်တို့ ဘိုးဘေးဘီဘင်အစဥအဆက်တည်ရှိခဲ့တဲ့ မြန်မာ့တန်ဘိုး Myanmar Values တွေပါပဲ။

ကျွန်တော်တို့ ဘာသာစကားမှာ ကုသိုလ်ဖြစ်ဆိုတဲ့စကားရပ်ရှိပါတယ်။ ပရဟိတဆိုတာရှိပါတယ်။ စေတနာ့ဝန် ထမ်းဆိုတာရှိတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ယုံကြည်ကိုးကွယ်မှုတွေနဲ့ ခွဲခြားမရတဲ့တန်ဖိုးတွေဖြစ်ပါတယ်။ ခွဲခြားမရတဲ့ လုပ်ငန်းတွေလည်းဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှုဆိုရာမှာလည်း ဗုဒ္ဓဘာသာတစ်ခုတည်းမဟုတ်ပါဘူး။ ခရစ်ယာန်၊ အစ လာမ်ဆိုတဲ့ ဘာသာကြီးတွေမှာလည်း အစုအသင်းအဖွဲ့အစည်းတွေဟာ ဒီလိုကုသိုလ်ဖြစ်၊ ပရဟိတ၊ စေတနာ့ဝန်ထမ်း လုပ်ငန်းတွေ (စကားပမာ-မိဘမဲ့ဂေဟာတွေ၊ ဆေးပေးခန်းတွေ၊ ဆေရုံတွေ၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး လုပ်ငန်းတွေ) ကို လုပ်ကိုင်ဆောင်ရွက်နေကြတာ ရှိပါတယ်။ အခုလည်း မြန်မာနိုင်ငံတစ်ဝန်းမှာရှိနေတာပါပဲ။ အခု (ဒီနေ့) ခေတ်မှာ ကြားသိနေကြတာမှာ NGO (Non Governmental Organization) အစိုးရမဟုတ်သောအဖွဲ့အစည်းဆိုတာရှိပါ တယ်။ INGO-International (Non Governmental Organization) နိုင်ငံတကာ အစိုးရမဟုတ်သော ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းဆိုတာမျိုးတွေရှိတယ်။ GONGO (Government Organized, Non Governmental Organization) အစိုးရ ဖွဲ့စည်းပေးထားသော အစိုးရမဟုတ်သောအဖွဲ့အစည်းဆိုတာမျိုးလည်းရှိပါတယ်။ တခြားအဖွဲ့အစည်း အမျိုးအစားတွေ လည်း ရှိပါလိမ့်ဦးမယ်။ ဒါတွေမှာ ပို့စ်မော်ဒန်တို့ရဲ့ မိုက်ကရိုနိုင်ငံရေး/အနုနိုင်ငံရေးသဘောတွေ ကိန်းဝယ်တည်ရှိနေပါ တယ်။ ဆင်ခြင်ပွားများ ဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။

ကျွန်တော်တို့ အဘိုးအဘွား၊ ဘိုးဘေးဘီဘင်အစဉ်အဆက်က ကြားနာမှတ်သားဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဘာလဲဆိုတော့ ဒီလို ရပ်ရေးရွာရေး သာရေးနာရေး (ပို့စ်မော်ဒန်အနုနိုင်ငံရေး) လုပ်ငန်းတွေဟာ လူသာဓုခေါ်၊ နတ်သာဓု ခေါ်တဲ့ လုပ်ငန်းတွေဖြစ်တယ်ဆိုတဲ့စကားပါပဲ။ ဒါတွေဟာ တစ်နည်းပြောရင် “နိုင်ငံရေးပုံသဏ္ဍာန်အသစ်” တွေပါပဲ။

“နေခြည်ထဲတွင်… ရွှေကိုမြင်သည်…” (မင်းသုဝဏ်)

ဇော်ဇော်အောင်

(မှတ်ချက်။ ။ ၂၀၀၇ ခုနှစ်၊ ဇွန်လထုတ် မဟေသီမဂ္ဂဇင်း အမှတ် ၂၇၀ တွင် ဖော်ပြပါရှိခဲ့သော ဆရာဇော်ဇော်အောင်၏ “နေခြည်ထဲတွင်ရွေကိုမြင်သည်” ဆောင်းပါးကို ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသဖြင့် စာရေးသူ၏အာဘော်နှင့်ဆိုလိုရင်းအတိုင်းပင်ဖြစ်ကြောင်း ပြောချင်ပါတယ်။)

==========================================================

ရသဆိုတာ အနုပညာပစည်းတစ်ခု/အနုပညာဆောင်ရွက်မှုတစ်ခုမှာ

နဂိုကတည်းကရှိနေတဲ့ဂုဏ်အင်္ဂါတစ်ရပ်မဟုတ်ဘူး။ ဖတ်သူ၊ ကြည့်သူ၊ ခံစားသူ

(ပရိသတ်)က သူ့ဖာသာတည်ဆောက်ယူလိုက်တဲ့ ဆုံးဖြတ်ချက်

သဘောတစ်ခုသာဖြစ်တယ်။ တစ်နည်းပြောရရင် ရသဆိုတာ တုန့်ပြန်မှုတစ်ခုပဲ။

ရှိနှင့်ပြီးဖြစ်တဲ့ အတွင်းသားဂုဏ်ရည်တစ်ခုမဟုတ်ဘူး။

ဇော်ဇော်အောင်

==========================================================

ရသစာပေမြစ်ကြီးတွေ စီးလာနိုင်ပါတယ်

အံ့မောင်

ခုအချိန်မှာ ရသစာပေအားနည်းနေတယ်ဆိုတာ ဟုတ်တာပေါ့ဗျာ။ ဒါ သဘာဝကျတယ်လို့ ပြောချင်ပါတယ်။ အကြောင်းနှစ်ချက်ပြပါမယ်။ ပထမအကြောင်းကလူတွေဟာ ထမင်းလုံးနောက်တအား လိုက်နေရတယ်ဗျ။ ထမင်းစားရဖို့ ပူနေရတဲ့လူဟာ အခြားအပူတွေနောက် သိပ်မလိုက်နိုင်ဘူး။ ဥမာဒန္တီပျို့မှာ ဦးရွှန်းက ရေးတယ်။ “အစာအစား၊ ထွားထွား မြည့်ကြေ၊ ရှားပါးလေရ်ျ၊ သေကျေပျောက်စဲ၊ ငတ်မွတ်ကဲသော်၊ ပြည်ထဲရေးထက်၊ ၀မ်းရေးခက်” ၏ တဲ့။ လူတွေဟာ ရှိတဲ့ ပိုလျှံတဲ့သူတွေရော၊ မရှိတဲ့သူတွေရော၊ ပိုက်ဆံနောက် တစ်အားလိုက်နေကြတော့ အချိန်ပိုအချိန်လျှံ သိပ်နည်းသွားတယ် ထင်ပါတယ်ဗျာ။ ပိုလျှံတဲ့အချိန်ကလေးကျပြန်တော့လည်း တောနဲ့မြို့တွေအားလုံးလောက်မှာ ဗီဒီယိုနောက်လိုက်ကြပြန် တယ်ဗျ။ ဧရာမမြို့ကြီးတွေမှာတော့ ဟိုတယ်တွေ၊ နိုက်ကလပ်တွေနဲ့ အပျော်ရှာကြပြန်တာကိုးဗျ။ စာပေနောက်လိုက်ဖို့ အချိန်များကတော့ ရှားမှရှားဖြစ်ရတာပေါ့ဗျာ။

ဒုတိယအကြောင်းကတော့ အချိန်ကလေးကျန်ကောင်း ကျန်ရာ ပိုကြသေးတယ်ဆိုရင်လည်း ရေဒီယို၊ ရုပ်မြင်သံ ကြား၊ အင်တာနက်၊ ဂျာနယ်စတာတွေဘက် လိုက်ကြပြန်တာကိုးဗျ။ အားကစားဂျာနယ်တွေဆိုရင်လည်း အားကစားနဲ့ မဆိုင်တဲ့ကိစနဲ့ စိတ်ဝင်စားမှု “ခြင်္သေ့ဝေစု” ကြီးယူထားတာ အများအသိအမြင်ပါ။ စာဆိုတာ ဖတ်ကြပြန်ပါပြီတဲ့။ အလှ အပ်နည်းပေးလမ်းပြစာ၊ ကျန်းမာရေး နည်းပေးလမ်းပြစာ၊ သူဌေးဖြစ်နည်းပေးလမ်းပြစာ၊ စာမေးပွဲောအင်ရေး နည်းပေး လမ်းပြစာ၊ မော်ဒယ်ကြော်ငြာစာတွေပဲ ဖတ်ကြပြန်ပါရောဗျာ။ ရသဆိုတဲ့ဝတ္ထုကိုဖက်သူ ရှားပြန်ပါရောဗျာ။ ကဗျားများဆိရင် စာမျက်နှာတွေကျော်လှန်သွားလိုက်ကြတာပဲ။ ဒါတောင်ကဗျာလူကြီးမင်းတွေက ပူညံပူညံ ကော်ရင်ဂျီရန်ဖြစ်သလို လုပ်နေ တတ်ကြသေးဗျား။ ဒီတော့ ချုပ်ပြောကြရရင် ကနေရသစာပေကို ဖတ်သူ အားပေးသူ နည်းလှပါတယ်ခင်ဗျ။

ရသဆိုတာ ဆက်စဉ်းစားမိတယ်။ ရုပ်ရှင်တို့ ဗီဒီယိုတို့မှာတောင် ရသသဘောအဓိကဆိုရင် အကြည့်နည်းတတ် ကြတယ်။ အကြမ်းအရမ်း၊ အပစ်အခတ်၊ အညှစ်အသတ်၊ အညစ်အပတ်တွေကျတော့ ပိုလူကြည့်များ။ ဒီတော့ အဲ့ဒီလောက (အထူးသဖြင့် အနောက်) မှာလည်း ပစ်-ညှစ်-ညစ်ဖော်မြူလာ ပိုသုံးလာတတ်တယ်။ ခပ်ညံ့ညံ့အပေါစား ဖျော်ဖြေရေးကားတွေ ပိုများလာတယ်။ ဒါပေမယ့် ဘ၀သံသရာလိုကားကောင်းမျိုးကျတော့လည်း ဆူကြုံနိမ့်မြင့်မရွေး ကြိုက်သူများပါတယ်။ ခြုံကြည့်လိုက်တော့ တကယ်အနုပညာကောင်းရင် ကြိုက်သူတွေလည်းများတယ်။ ကြိုက်ရုံသာမက အသည်းထဲလည်း စွဲမြဲသွားတတ်ပါသေးတယ်။

ပဒေသရာဇ်ခေတ်တုန်းက အနုပညာနဲ့ စာပေဟာ နန်းတော်နဲ့ ဘုန်းကြီးကျောင်းဝန်းကျင်မှာသာ အပျံ့များတယ်။ အရပ်ထဲ၊ လူထဲသိပ်မရောက်ဘူး။ ဒါပေမယ့် အဲ့ဒီအနုပညာနဲ့ စာပေရောက်သွားတဲ့နေရာတွေမှာတော့ နှစ်နှစ်သက်သက် မြတ်မြတ်နိုးနိုးရှိခဲ့ကြပါတယ်။ အဲ့ဒီတုန်းက ပျို့ ကဗျာ စတာတွေ ဖတ်တဲ့သူတွေဟာ သာမန်ဖတ်ရုံလောက်သာမကပဲ အာရုံစွဲသွားအောင် ကျက်ကြ၊ ယူကြ၊ ရွတ်ကြ၊ ဖတ်ကြပါတယ်။

အရင်းရှင်ခေတ်ဆိုတာဘက် ကူးလာပြန်တော့လည်း စာဖတ်သူတွေဟာ စကားပြေ၀တ္ထုရှည်ကြီးတွေကို အလွန် ကြိုက်ကြ၊ ဖတ်ကြအားပေးကြပြန်ပါတယ်။ ကဗျာတွေကလည်း လွတ်လပ်တောင်ပံတွေနဲ့ ပျံသန်းကြပါတော့တယ်။ အားပေးနှစ်သက်သူတွေလည်းပြည့်လို့။ အထူးသဖြင့် စကားပြေ၀တ္ထုအတတ်ပညာဟာ ပရိသတ်ကို လုံးဝဖမ်းစားသွားနိုင် ပါတယ်။ စာအုပ်နယ်၊ စာနယ်အကျယ်ကြီး မကျယ်လှပေမယ့် သူနယ်နဲ့သူ စည်စည်ကားကား မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။

အခုတလောကျမှ စာပေရသခံစားမှုက ကျသွားတာကိုးဗျ။ ဒါဟာ ယာယီပဲဖြစ်ပါလိမ့်မယ်။ အခြားအခြေအနေ များ အဆင်ပြေလာတဲ့အခါ ယဉ်ကျေးမှုရဲ့ ၀ိညာဉ်ဖြစ်တဲ့ ရသစာပေဟာလည်း မုတ်သုံတိမ်တိုက်ကြီးတွေလို ပြတ်တက်လာမှာပါ။ကျွန်တော်တော့ အကောင်းမြော်၊ အကောင်းမြင်စိတ်ပိုရှိပါတယ်။

အနောက်နိုင်ငံတွေနဲ့ အခြားဖွံ့ဖြိုးတိုးတက်နိုင်ငံတွေမှာ မီဒီယာအမျိုးမျိုး ဘယ်လိုထွန်းကားပေမယ့် အပျော် အပါး အဆွဲအဆောင်တွေ ဘယ်လောက်များပေမယ့် ရသစာပေ၀တ္ထုရှည်၊ ၀တ္ထုတိုဟာ အဆက်မပြက်ပေါ်ထွက်အားကောင်းနေ တာပါပဲ။ စာပေနိုဗယ်ဆုနဲ့ အခြားစာပေဆုတွေ ပေးနေတာကိုကြည့်လိုက်ရင် ရသစာပေဟာ ကမ္ဘာမြေပေါ်မှာ အမြစ်တွယ်ရုံသာမက အသီးအပွင့်တွေ ဝေနေတယ်ဆိုတာ အထင်အရှားပါ။

ကျွန်တော်တို့ဆီမှာ မြန်မာစာရေးဆရာတွေဟာ ၀တ္ထုရေး အလွန်ကောင်းကြပါတယ်။ လောလောဆယ်တော့ အခိုင်အခံ့ဝတ္ထုရှည်ကြီးတွေထက် အနုပညာဈာန်ပိုညွန်တဲ့ ၀တ္ထုတိုတွေက ပိုများနေတာတွေ့ရပါတယ်။ ကဗျာဆရာတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကလည်း နင်လားငါလားရှိပါပေတယ်။ အက်ဆေးဆရာတွေတောင် အစွမ်းပြလာကြပါတယ်။

မြန်မာစာရေးဆရာတွေဟာ လက်ကောင်းရှိကြပါတယ်။ သူတို့ကြိုးစားရင် စာပေရွှေခေတ်ကြီးတွေနဲ့ ယှဉ်လာ နိုင်ကြပါလိမ့်မယ်။ ကုန်ကြမ်းကောင်းကလည်း ပေါသလားမမေးနဲ့။

ကျွန်တော်တို့လူမျိုးက ဇာတက ၅၅၀ ၀တ္ထုတွေနဲ့ လူဖြစ်လာကြတာဆိုတော့ ရသစာပေနဲ့ ရင်းနှီးပြီးသား။ ရသနဲ့ မွေးလာကြတာလို့တောင် ပြောရမလား။ ဒီတော့ ဒီမှာရသနှစ်သက်မှု ခံစားမှုအတွက် ရေမြေကောင်းရှိပြီးသားပါ။

ရသကို လူတွေနဲ့ အမြဲရင်းနှီးပြီး တစ်သွေးတစ်သားတည်းဖြစ်နေအောင် ကျောင်းတွေ တကသိုလ်တွေမှာ ရသ စာပေသင်ကြားမှုကို ပိုဂရုစိုက် ကြိုးပမ်းဆောင်ရွက်သင့်ကြပါတယ်။ ရေဒီယို၊ ရုပ်မြင်သံကြားစတဲ့ မီဒီယာတွေမှာလည်း ရသစာပေ၊ ရသအနုပညာတွေကို ပိုဖြန့်ချိပေးသင့်ပါတယ်။

နိုင်ငံခြားက ရသစာပေ၀တ္ထု၊ ရသရုပ်ရှင်စတာတွေကိုလည်း ပိုတင်သွင်းဖြန့်ဝေပြီး ဘာသာပြန်မှုတွေ ပိုလုပ်သင့်ပါ တယ်။ အထူးသဖြင့်တော့ ရသစာပေကောင်းတွေကို ပြုစုနိုင်ကြဖို့အတွက် လတ်လပ်ဝန်းကျင်လိုအပ်ပါတယ်။ လွတ်လပ် ခြင်းနဲ့အနုပညာ ပြုစုခြင်းဟာ ဒင်္ဂါရဲ့ ခေါင်းနဲ့ပန်းပါပဲ။ စာပေသမားတွေဟာ မိမိတိုင်းပြည်နဲ့ လူမျိုးကိုသာမက လူသားတစ်ရပ်လုံးကိုပါ ချစ်တဲ့သူတွေဖြစ်ကြတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနဲ့ လူသားတွေ ဒုက္ဃရောက်အောင် ဘယ် တော့မှ ရေးကြမှာ မဟုတ်ဘူးဆိုတာကို စိတ်ချသင့်ပါတယ်။

အံ့မောင်

(မှတ်ချက်။ ။ဆရာအံ့မောင်ရဲ့ “ရသစာပေ မြစ်ကြီးတွေ စီးလာနိုင်ပါတယ်” ဆောင်းပါးကို ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ်

အတွဲ (၂၃)၊ အမှတ် (၂)၊ ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသဖြင့်

မူရင်းစာရေးသူ၏ အာဘော်နှင့် ဆိုလိုရင်းအတိုင်းပင်ဖြစ်ကြောင်းပြောချင်ပါတယ်။)

==========================================================

လူငယ်၊ နည်းပညာနှင့် အင်တာနက်ရာဇ၀တ်မှုများ

မောင်ဒေး

ပြီးခဲ့တဲ့ လေး၊ ငါးနှစ်ကာလတွင် Internet Chatting တွေ အရမ်းခေတ်စားလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖူးသူတွေဟာ အင်တာနက်ပေါ်မှာ မိတ်ဖွဲ့ကြတယ်။ တောင်တောင်အီအီတွေ ပြောကြတယ်။ အခုဆို ကင်မရာကိုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဖန်သားပြင်ပေါ်မှာတောင် မြင်နိုင်ပြီ။ အင်တာနက် ဆက်သွယ်မှုတွေကောင်းလာတော့ အင်တာနက်ကိုအသုံးချပြီး အမြတ်ထုတ်ချင်သူတွေလည်း များလာတယ်။ သူတို့က “ဘယ်သူ ဘယ်ဝါမှန်းမသိခြင်း” (Anonymity) ကို အသုံးချပြီး အင်တာနက် ရာဇ၀တ်မှုတွေ ကျူးလွန် လာပါတယ်။

Internet Chatting အကြောင်းပြောရင် နိုင်ငံခြားက ပညာပေးကြော်ငြာလေးတစ်ခုကို သတိရမိတယ်။ အဲ့ဒီကြော်ငြာထဲမှာ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်တို့ ကင်မရာသုံးပြီး Internet Chatting လုပ်ကြ တယ်။ ဒါကို Webcam Chatting လို့လည်းခေါ်ကြပါတယ်။ ဒီကောင်လေးနဲ့ ကောင်မလေးတို့ဟာ ဆယ်ကျော် သက်အရွယ်တွေ။ သူတို့ပြောတဲ့စကားတွေက လိင်နှိုးဆွမှုကို အသားပေးတဲ့စကားတွေ။ ဒီတော့ လည်ပင်းကနေ ခါးလောက်အထိပဲ ကွန်ပျူတာဖန်သားမှာ ပေါ်တယ်။ ကောင်လေးက တီရှပ်အဖြူ (အဖြူလို့ ထင်တာပဲ) ၀တ်ထား ပြီး ကောင်မလေးက တီရှုပ်အနီပေါ်မှာ အရုပ်ပါတာ ၀တ်ထားတယ်။ သူတို့နှစ်ယောက် ညစ်ညစ်ညမ်းညမ်းတွေ ပြောပြီးနောက် ကောင်လေးက ကောင်မလေးကို အင်္ကျီချွတ်ပြဖို့တောင်းဆိုတယ်။ ကောင်မလေးက လက်ခံလိုက် တယ်။ အဲ့ဒီအချိန်မှာပဲ အောက်ထပ်က အမေဖြစ်သူက ကောင်လေးကို နေ့လည်စာစားဖို့ လှမ်းအော်တော့ ကောင်လေးလည်း အရှိန်ပျက်သွားပြီး အောက်ထပ်ဆင်းလာတယ်။ ထမင်းဝိုင်းမှာ ၀င်ထိုင်တယ်။ ထမင်းဝိုင်းမှာ ကောင်လေးအဖေ၊ အေမေနဲ့ ကောင်လေး စုစုပေါင်း သုံးယောက်။ ခဏနေတော့ ကောင်လေးရဲ့ ညီမဖြစ်သူ ထမင်းဝိုင်းမှာ လာထိုင်တယ်။ သူမရဲ့ အခန်းထဲကထွက်လာတာပဲ။ ကောင်မလေး ထမင်းဝိုင်းမှာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်လေးမျက်စိမျက်နှာပျက်သွားတယ်။ ကောင်မလေးလည်းခေါင်း ငိုက်စိုက်ကျပြီး ချက်ချင်းထ ထွက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးဟာ အရုပ်ပါတဲ့တီရှပ်အနီနဲ့ဖြစ်ပြီး ကောင်လေးကလည်း တီရှပ်အဖြူနဲ့။ သူတို့နှစ်ယောက် ချက်ချင်းအခြေအနေကို သိသွားကြတာ။ မိဘတွေကတော့ မသိရှာဘူး။ သူတို့ မောင်နှမနှစ်ယောက် ကိုယ်တိုင်လည်း ခုနက ကွန်ပျူတာမှာ ပြောနေချိန်အထိ မသိပါဘူး။ တကယ့်ကို ထိတ်လန့် စရာကောင်းတဲ့အဖြစ်ပါ။ တစ်ယောက်ကိုတစ်ယောက် ဘယ်သူမှန်းမသိတဲ့ နာမည်အတုတွေနဲ့ Chat လုပ်ကြ။ အခုတော့ ကိုယ်ကျိုးနည်းပြီ။

အမေရိကနဲ့ ဥရောပမှာတော့ ဒီလိုအဖြစ်တွေ အရမ်းများနေပြီ။ ဒါကြောင့်လည်း အခုလို ပညာပေးကြော် ငြာတွေလုပ်ပြီး တားဆီးနေတာ။ ဒီလိုအဖြစ်ဆိုးတွေအပြင် အခြားအင်တာနက်ရာဇ၀တ်မှုတွေလည်း ဒုနဲ့ဒေးရှိပါ သေးတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်နဲ့ ကလေးအရွယ်တို့ဟာ အင်တာနက်မုဆိုးတွေရဲ့သားကောင် ငယ်တွေဖြစ်နေကြရတယ်။ အင်တာနက်ရာဇ၀တ်ကောင်တွေရဲ့ အဓိကအားသာချက်တွေကတော့ လူငယ်တွေ ဟာ ယုံလွယ်တယ်၊ အတွေ့အကြုံနုတယ်၊ စပ်စုတယ်၊ စွန့်စားလိုတယ်။ ပြီးတော့ သူများရဲ့ ဂရုစိုက်မှုကို ခံယူ ချင်တယ်။ အင်တာနက်မုဆိုးတွေရဲ့ နောက်ထပ်အားသ်ာချက်တစ်ခုက သူတို့ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ် နိုင်ခြင်းပါပဲ။ ရာဇ၀တ်သမားတွေဝင်တဲ့နည်းကတော့ စောစောကလို Chat Room နဲ့ Email တို့ကတစ်ဆင့် ရင်းနှီး အောင် မိတ်ဖွဲ့၊ လက်ဆောင်နဲ့ ဓာတ်ပုံတွေဖလှယ်၊ ပြီးတော့ တစ်ဖက်လူငယ်ရဲ့ ယုံကြည်မှုကိုရအောင် တည် ဆောက် နောက်ဆုံးသူလိုချင်တာကို ရအောင်ကြိုးစားပါတော့တယ်။

အင်တာနက်ရာဇ၀တ်မှုပုံစံများ

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအပေါ် အင်တာနက်ရာဇ၀တ်ကောင်တွေသုံးတဲ့ ပုံစံတွေက-

(၁) လိင်ကိစကို ကျူးလွန်ဖို့ Online က တစ်ဆင့် မြူဆွယ်ဖြားယောင်းခြင်း။

(၂) Child Pornography ခေါ်တဲ့ ကလေးညစ်ညမ်းဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ထုတ်လုပ်ရောင်းချခြင်း။

(၃) အင်တာနက်ကိုအသုံးချပြီး ညစ်ညမ်းဗွီဒီယိုတွေ၊ ဓာတ်ပုံတွေကို ဖြန့်ဝေခြင်းနဲ့ ကျန်အင်တာနက်
အသုံးပြုသူတွေကိုပါ ဒီလို ညစ်ညမ်းကိစတွေကို ဖလှယ်ဖို့ မြူဆွယ်ခြင်း။

(၄) စီးပွားရေး အကျိုးအမြတ်အတွက်သော်လည်းကောင်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက်သော်လည်း ကောင်း၊ လိင်ဆိုင်ရာ တရားမ၀င်မှုတွေကို အကောင်အထည်ဖော်ဖို့ ကလေးငယ်တွေကို အမြတ်ထုတ် အသုံးချခြင်း စသဖြင့်ဖြစ်သည်။

(၅) အင်တာနက်ကို အသုံးပြုတာဖြစ်တဲ့အတွက် ရာဇ၀တ်ကောင်တွေအနေနဲ့ ရာဇ၀တ်မှုကို အကောင် အထည်ဖော်ဖို့ လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆက်ဆံစရာမလို။ ဒါ့အပြင် ကလေးတွေနဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေကို လိင်ဆိုင်ရာ ညစ်ညမ်းပုံတွေမှာ ကွန်ပျူတာဒီဇိုင်းပညာသုံးပြီး ရောစပ်ဖန် တီးကာ ဖြန့်ဝေကြတယ်။ ဒီလိုဖြန့်ဝေနေပါလားဆိုတာကို အသုံးချခံရသူ လူငယ်တွေအနေနဲ့ သိတောင် မသိကြပါဘူး။

(၆) အင်တာနက်ရာဇ၀တ်မှုတွေဟာ နှစ်ပေါင်းများစွာတာရှည်ခံကြပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို အင်တာနက်ပေးတင်လိုက်တာနဲ့ တစ်ပြိုင်နက် အဲ့ဒီပုံဟာ တစ်ဆင့်ပြီးတစ်ဆင့်ပျံ့သွားပြီး နှစ် ပေါင်းများစွာကြာအောင် Online ပေါ်မှာ ရှိနေကြတယ်။ အင်တာနက်ပေါ်မှာဆိုတော့ ပုံအရည်အသွေး လည်း မပျက်တော့ဘူး။

(၇) အင်တာနက်ရာဇ၀တ်မှုတွေဟာ နယ်နမိတ်တွေအများကြီးကို ကျော်ဖြတ်နိုင်သလို နိုင်ငံပေါင်းစုံက လူတွေဟာလည်း ဒီရာဇ၀တ်မှုတွေမှာ နာမည်အတုတွေနဲ့ ပါဝင်ပတ်သက်နေကြတယ်။ အသုံးချခံရမယ့် ကလေးငယ်တွေရဲ့ နေရပ်လိပ်စာဟာ ရာဇ၀တ်ကောင်တွေအတွက် အရေးမကြီးပါဘူး။

(၈) အင်တာနက်ရာဇ၀တ်မှု ကျူးလွန်ခံရသူတွေဟာ များသောအားဖြင့် သူတို့ရဲ့အဖြစ်မှန်ကို တခြားဘယ်သူ မှ မပြောပြကြပါဘူး။ အင်တာနက်ကတစ်ဆင့် အပြင်မှာပါ မတရားပြုကျင့်ခံရတဲ့ လူငယ်နဲ့ ကလေးတွေ ဟာ သူတို့ရဲ့အဖြစ်မှန်ကို မိဘတွေ ဆရာတွေကို ပြောပြသင့်ပေမယ့် မပြောပြဘဲ မြုံပြီး ကြိတ်ခံစားနေ ကြတာများပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယားတကသိုလ်မှာ Crimes Agaist Children Research Center ဆိုတဲ့ ဌာနရှိတယ်။ အဲ့ဒီဌာနရဲ့ ဒါရိုက်တာဒေါက်တာဒေးဗစ်ဖင်ကယ်လ်ဟော ဦးဆောင်ပြီး အင်တာနက် ရာဇ၀တ်မှုစစ်တမ်းထုတ်ခဲ့ရာမှာ တွေ့ရှချက်တချို့ခဲ့တယ်။

အင်တာနက်ရာဇ၀တ်မှုဆိုင်ရာ တွေ့ရှိချက်များ

လွန်ခဲ့တဲ့နှစ်က လူငယ်ငါးဦးမှာ တစ်ဦးဟာ လိင်ကိစကျူးလွန်ဖို့ ဖြားယောင်းမှုခံခဲ့ရတယ်။

လူငယ် (၃၃) ဦးမှာ တစ်ဦးဟာ လိင်ကိစဆိုင်ရာ အနိုင်ကျင့်မှု ခံခဲ့ရတယ်။

လူငယ် (၄) ဦးမှာ တစ်ဦးဟာ ၀တ်လစ်စလစ်ပုံတွေကို Email သို့မဟုတ် အင်တာနက်က တစ်ဆင့် လက်ခံရရှိခဲ့တယ်။

လူငယ် (၁၇) ဦးမှာ တစ်ဦးဟာ အခြိမ်းအခြောက်ခံရတယ်။

ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး ခံရသူလူငယ်တွေဟာ ရဲဝန်ထမ်းတွေကို မတိုင်ကြားခဲ့ ကြဘူး။

ရာဇ၀တ်မှုရဲ့သားကောင်ဖြစ်ခဲ့ရသူ လူငယ်စုစုပေါင်းရဲ့ (၂၅) ရာခိုင်နှုန်းကသာ အဖြစ်မှန်ကို မိဘတွေထံ ဖွင့်ပြောခဲ့ကြတယ်။

အိမ်တွေမှာ အင်တာနက်သုံးစွဲသူ မိဘအရေအတွက်ရဲ့ သုံးပုံတစ်ပုံကသာ ညစ်ညမ်းကိစတွေကို တားဆီတဲ့ Blocking Software တွေ တပ်ဆင်ထားကြတယ်။

ဒီအဖြစ်အပျက်တွေဟာ အစစ်အမှန်တွေပါ။ အင်တာနက်သုံးသူ လူငယ်တွေ စဉ်းစားဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။

မောင်ဒေး

(မှတ်ချက်။ ။ ဆရာမောင်ဒေးရဲ့ “လူငယ်၊ နည်းပညာနှင့်အင်တာနက်ရာဇ၀တ်မှုများ” ဆောင်းပါးကို

၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ အမှတ် (၁၃) ချင်းတွင်းမဂ္ဂဇင်းမှ

ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသဖြင့် စာရေးသူ၏ အာဘော်နှင့် ဆိုလိုရင်းအတိုင်းပင်ဖြစ်တယ်လို့

ပြောချင်ပါတယ်။)

==========================================================

သုံးပန်းလှနိုင်ငံနှင့် ခေတ်ရှေ့ပြေးကြ နှိုးဆော်သံ

လူထုစိန်ဝင်း

ခေတ်မီအောင် ကြိုးစားပါ

ဒီစကားဟာ ယေဘုယျအားဖြင့် လူတိုင်းပြောလေ့ရှိတဲ့ စကားဖြစ်ပါတယ်။ တိုးတက်နေတဲ့ အတွေး အခေါ် အယူအဆတွေ တိုးတက်နေတဲ့ နည်းပညာတွေ၊ တိုးတက်နေတဲ့ နေထိုင်မှုပုံစံတွေကို လေ့လာအတုယူဖို့ တိုက်တွန်းနှိုးဆော်တာဖြစ်တယ်။

သူများနောက်လိုက်ဖြစ်အောင်

တကယ်တော့ ဒီစကားကိုမကြိုက်ပါဘူး။ ဒီစကားရဲ့ သဘောက လူငယ်တွေကို ထူးချွန်တိုးတက်လာ အောင် နှိုးဆော်တိုက်တွန်းရာမကျဘဲ သူများနောက်လိုက်ဖြစ်အောင် တွန်းပို့တဲ့စကားလို ဖြစ်နေပါတယ်။ ဒီစကား အစား လူငယ်တွေကို “ခေတ်ရှေ့ကပြေးပါ” လို့ နှိုးဆော်သင့်တယ်လို့ ယူဆပါတယ်။ ရှေ့ကသွားသူရဲ့ နောက်က မီအောင်လိုက်တာဟာ နောက်လိုက်လုပ်တာပဲ ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်ဟာ မကောင်းပါဘူး။ ရှေးက လူကြီးတွေ ပြောခဲ့ကြတဲ့ “ကျွန်စိတ်” ဆိုတာနဲ့ သဘောချင်းအတူတူပဲဖြစ်ပါတယ်။ ခေတ်မီအောင် လိုက်တာလို့ပဲပြောပြော၊ နိုင်ငံတကာအဆင့်မီအောင် လိုက်တာလို့ပဲဆိုဆို တကယ်တမ်းပြောရရင် အဲ့ဒီ “ကျွန်စိတ်” သာဖြစ်ပါတယ်။

ကျွန်စိတ်တွေဖျောက်

လူငယ်တွေကို နေရာတိုင်းမှာ ရှေ့ဆောင်ရှေ့ရွက်ပြုနိုင်တဲ့သူတွေဖြစ်အောင် တပ်လှန့်နှိုးဆော်ပေးသင့် ပါတယ်။ သူများနောက်ကလိုက်ဖို့ မလှုံဆော်သင့်ဘူး။ သူများနိုင်ငံက လူငယ်တွေလည်း လူငယ်ပဲ။ ဘာကွာခြား မှုရှိလို့လဲ။ ဘာကြောင့် သူတို့နောက်လိုက်လုပ်မှာလဲ။ သူတို့ထက်သာအောင် ဘာကြောင့်မလုပ်နိုင်ရမှာလဲ။ အရေးကြီးတာက “ကျွန်စိတ်” တွေ ဖျောက်ပစ်ပြီး “သခင်စိတ်” မွေးဖို့သာဖြစ်တယ်။

လမ်းကြောင်းထွင်သူဖြစ်ပါစေ

လူငယ်ဆိုတာ လန်းဆန်းတယ်။ တက်ကြွတယ်။ အားမာန်ရှိတယ်။ ဦးနှောက်ထဲမှာ မှတ်ထားတဲ့ပမာဏ သိပ်များလွန်းတာမဟုတ်လို့ အားကောင်းတဲ့ ကာလဖြစ်တယ်။ ဒီတော့ အသစ်အသစ်တွေ တွေးခေါ်ကြံဆတီထွင် နိုင်စွမ်းရှိတယ်။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါစီးမျောမနေဘဲ ရှေ့ကဦးဆောင်ပြီး လမ်းကြောင်းထွင်သူ (Trend Setter) ဖြစ်အောင် လုပ်ချင်စိတ်သာရှိ၊ ဖြစ်အောင် လုပ်နိုင်တယ်။ လုပ်ချင်စိတ်ရှိအောင် လုပ်ရဲအောင် နှိုးဆော်ပေးဖို့ပဲ လိုပါတယ်။

လူကြီးတွေရဲ့ တာဝန်

လူငယ်တွေကို နှိုးဆော်ပေးဖို့က လူကြီးများရဲ့တာဝန်ဖြစ်တယ်။ လူကြီးတွေကိုယ်တိုင်က လူများနောက် ကလိုက်တဲ့ “ကျွန်စိတ်” တွေ ကြီးမားနေဆဲဆိုရင် လူငယ်တွေကို ဘယ်လိုလုပ်ပြီး လမ်းညွှန်နိုင်မှာလဲ။ ဒါကြောင့် ပထမဆုံး အရေးကြီးဆုံးလိုအပ်ချက်က ကျွန်တော်တို့ လူကြီးတွေရဲ့ ခေါင်းထဲမှာ “ကျွန်စိတ်” တွေ ဖျောက်ပစ်ဖို့ ဖြစ်ပါတယ်။

“ကော်ပီလုပ်” ကျေနပ်နေကြ

“သခင်စိတ်” ရှိတဲ့ လူကြီးတွေကသာ လူငယ်တွေကို “သခင်စိတ်” အမွေပေးနိုင်မှာဖြစ်တယ်။ သခင်စိတ် ရှိတဲ့ လူငယ်တွေကသာ နိုင်ငံကို တိုးတက်ထွန်းကားအောင် ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။ ဒီနေ့စာပေ လောက၊ ဂီတအနုပညာလောက၊ ပန်းချီလောက၊ ရုပ်ရှင်လောက စတဲ့ယဉ်ကျေးမှုမျက်နှာစာက ဘယ်လောက ကြည့်လိုက်ကြည့်လိုက် သူများဆီက “ကော်ပီလုပ်” ပြီး နောက်က လိုက်နေကြတာပဲ တွေ့ရတယ်။ ဘာကြောင့် ဦးဆောင်ဖို့ စိတ်ကူးမရှိကြတာလဲ။ စဉ်းစားလို့ကို မရဘူး။

ရှိတာတွေနဲ့ပဲ ရောင့်ရဲနေကြ

ဥပမာ ပန်းချီဆွဲတာ ဆိုပါစို့။ ဆေးနဲ့စုတ်တံနဲ့ ကင်းဗတ်နဲ့ဆွဲကြရတာချည်းပါပဲ။ ဒါပေမဲ့လို့ ဒါတွေက အဓိကမဟုတ်ဘူး။ အရေးကြီးဆုံးက “ခေါင်း” ပဲ။ စက်ပစည်းကရိယာတွေသုံးတဲ့နေရာမှာဆိုထားပါတော့။ “ခေါင်း” တစ်ခုပဲသုံးရတဲ့ ပန်းချီဆွဲတဲ့ကိစမျိုးမှာ ဘာကြောင့် သူတို့ကို ပုံတူကူးချနေကြရတာလဲ။ ကိုယ့်ယဉ်ကျေး မှုအခြေခံ၊ ကိုယ့်အတွေးအခေါ် အခြေခံနဲ့ ကိုယ်က နည်းတစ်ခု၊ “အစ်ဇင်” တစ်ခုတီထွင်နိုင်အောင် ဘာကြောင့် မကြိုးစားကြတာလဲ။ ဘာကြောင့် ရှိပြီးသား “အစ်ဇင်” တွေနဲ့ ရောင့်ရဲနေကြတာလဲ။

ကျွန်စိတ်

မညှာမတာပြောရရင် ဒါ သူများနောက်က နောက်မြီးဆွဲပြီး လိုက်ချင်တဲ့ “ကျွန်စိတ်” မပျောက်သေးတာ ပဲဖြစ်တယ်။ ဂီတ၊ ရုပ်ရှင်၊ စာပေတွေမှာလည်း အလားတူပါပဲ။ ကိုယ်ကတီထွင်ဆန်းသစ်နိုင်ဖို့ ကြိုးစားအားထုတ် တာမတွေ့ရပါဘူး။ သူများခင်ထားတဲ့လမ်းပေါ် လျှောက်နေကြတာပဲတွေ့ရတယ်။ ဒီစိတ်မျိုးတွေနဲ့တော့ မဖြစ် သေးဘူးလို့ပဲ ပြောလိုက်ချင်ပါတယ်။

ဘေးဆိုးကပ်ဆိုး ကင်းဝေးတဲ့နိုင်ငံ

နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်စမ်းပါ။ မြန်မာပြည်လောက် သာယာလှပတဲ့နိုင်ငံ အတော်ရှားပါ တယ်။ တချို့နိုင်ငံတွေလို အပူလွန်ကဲလို့ လူတွေထောင်ချီပြီးသေဆုံးရတာမျိုး၊ တားမနိုင်ဆီးမရတဲ့ တောမီးကြီး တွေလောင်လို့ ကိုယ့်နိုင်ငံသာမက ဘေးပတ်ဝန်းကျင်က နိုင်ငံတွေပါ မီးခိုးမှိုင်းတွေဖုံးလွှမ်းသွားတာမျိုး ဘယ် ခေတ် ဘယ်အခါကမှ မကြားဖူးပါဘူး။ အေးလွန်းလို့ မနက်မိုးမလင်းခင်မှာ မြူနီစပယ်က ပလက်ဖောင်းပေါ် တောင့်တင်းသေဆုံးနေသူတွေ လိုက်ကောက်ရတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ မိုးကြီးမားလွန်းလို့ လူတွေ ထောင်ချီသေကုန်ကြတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ မိုးခေါင်လွန်းလို့ လူသူကျွဲနွားတိရစ္ဆာန်တွေ သောင်းနဲ့ချီ သေကြရတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ ခြုံပြောရရင် ဘေးဆိုးကပ်ဆိုးကြီးတွေ ကင်းဝေးတဲ့ နိုင်ငံလို့တောင် ဆိုနိုင်မယ်ထင်ပါရဲ့။ (ဆရာလူထုစိန်ဝင် ရေးသားစဉ်အချိန် ၂၀၀၆ ခုနှစ်တွင် နာဂစ်ဆိုက်ကလုံး မ၀င်သေးပါ။)

မရှိဘူး၊ ဒါပေမယ့်ရှိတယ်

အပူလွန်တာမရှိဘူး။ ဒါပေမယ့် သဲကန္တာရသဘာဝကို ခံစားကြည့်ရှုနိုင်တဲ့ သဲကန္တာရဆန်ဆန် ဒေသမျိုး ရှိတယ်။ အအေးလွန်တာ မရှိဘူး။ ဒါပေမယ့် နှင်းတွေဖုံးတဲ့ အလှအပကို ခံစားကြည့်ရှုနိုင်တဲ့ တောင်တန်းမြင့်မြင့် ကြီးတွေရှိတယ်။ ထင်းရှုးပင်တွေနဲ့ ယူကလစ်ပင်တွေရှိတယ်။ အမေဇုံလို မုတ်သုန်သစ်တောစိမ်းစိမ်းညို့ညို့ကြီး တွေရှိတယ်။ လမုတောတွေနဲ့ လတာပြင်တွေရှိတယ်။ ပန်းစုံပွင့်တယ်။ ကျေးငှက်သာရကာမျိုးစုံ ပျော်မြူးကျက် စားတယ်။ ဘာလိုသေးလဲ။

သုံးပန်းလှနိုင်ငံ

မြန်မာနိုင်ငံဟာ နွေမိုးဆောင်း (၃) မျိုးစလုံးလှတဲ့ “သုံးပန်းလှ” နိုင်ငံဖြစ်တယ်။ ရာသီသုံးမျိုးစလုံးမှာ အရောင်အသွေးစုံလှတယ်။ ဒါလောက်လှတဲ့ အရောင်တွေ၊ ဒါလောက်လှတဲ့ ရေမြေတောတောင်တွေဟာ ပန်းချီ ဆွဲချင်စရာ၊ ကဗျာစပ်ချင်စရာတွေ မဟုတ်ဘူးလား။ ဒါတွေကို အခြေခံတဲ့ “အစ်ဇင်” တွေ ဘာကြောင့် ပေါ်ထွက် မလာကြတာလဲ။ ကိုယ်မမြင်ဖူးတဲ့ “ဂူအာနီကာ” ပန်းချီကားကြီးအကြောင်း လူအထင်ကြီးအောင် လေလုံးထွား နေမယ့်အစား “ရွှေစက်တော်သွားတောလား” ထဲက ရှုခင်းသာတွေကို ပန်းချီကားကြီးတွေဖြစ်လာအောင် စိတ်ကူး ကြသင့်တယ်ထင်တယ်။ ဒါမှမဟုတ်လည်း ကာဠုဒါယီထေရ်ရဲ့ တပေါင်းလဖွဲ့တွေကို ပန်းချီကားကြီးတွေဖြစ် အောင် ဖန်တီးသင့်ကြတယ်ထင်ပါတယ်။

ချွေးတပ်စခန်းနဲ့ သေမင်းတမာန်ရထားလမ်း

အလှကို မကြိုက်လို့ “အနီဌာရုံ” တွေနဲ့ ဘာဝနာပွားစေချင်ရင်လည်း “သံဖြူဇရပ်ချွေးတပ်စခန်း” လို “သေမင်းတမာန်မီးရထားလမ်း” လို သမိုင်းဝင်ကမ္ဘာကျော်ဖြစ်ရပ်မှန် ကိစကြီးတွေ မနည်းလှပါဘူး။ ဆရာကြီး ရွှေဥဒေါင်းရဲ့ “တစ်သက်တာမှတ်တမ်း” စာအုပ်ကြီးထဲမှာပါတဲ့ ရန်ကုန်မြို့ကြီးကို ဂျပန်တွေက ခရစမတ်လက် ဆောင် ဗုံးကြဲခဲ့တဲ့အဖြစ်အပျက်တွေဟာလည်း “ဂူအာနီကာ” လိုပဲ ပန်းချီးဆွဲဖို့ အင်မတန်ကောင်းတဲ့ အဖြစ် အပျက်တွေပါပဲ။ သေမင်းတမန်မီးရထားလမ်းအကြောင်း၊ သံဖြူဇရပ်ချွေးတပ်စခန်းအကြောင်းတော့ လျစ်လျူရှု့ ပြီး ကိုယ်မမြင်ဖူးတဲ့ “ဂူအာနီကာ” အကြောင်း ဘာကြောင့် စာဖွဲ့ပြီး ပြောနေကြ ရေးနေကြတာလဲ။ တော်တော် ရယ်စရာကောင်းတယ်။

လှုံ့ဆော်စကားများများကြားရဖို့

တကယ်တော့ ဒါ “ကျွန်စိတ်” ပဲ။ သူများနောက်လိုက်က လိုက်တဲ့စိတ်ပဲ။ လူကြီးတွေမှာ ဒီစိတ်မျိုးတွေရှိ နေသေးရင် လူငယ်တွေကို ဘယ်လိုလုပ်ပြီး မှန်မှန်ကန်ကန် လမ်းညွှန်နိုင်မှာလဲ။ အဲ့ဒီစိတ်က “ခေတ်မီအောင် လုပ်ကြ” ဆိုတဲ့ ဆုံးမစကားထွက်လာတာပဲဖြစ်တယ်။ “ခေတ်ရှေ့ကပြေးကြ” “လမ်းဖောက်သူဖြစ်အောင်လုပ်ကြ” ဆိုတဲ့ လှုံ့ဆော်စကားတွေများများကြားရဖို့ လိုနေပါပြီ။

လူထုစိန်ဝင်း

(မှတ်ချက်။ ။ ဆရာလူထုစိန်ဝင်း၏ “သုံးပန်းလှနိုင်ငံရဲ့ ခေတ်ရှေ့ပြေးကြ နှိုးဆော်သံ” ဆောင်းပါးကို

၂၀၀၇ ခုနှစ်၊ မတ်လထုတ်၊ အမှတ် (၁၄) ချင်းတွင်းမဂ္ဂဇင်းမှ

ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသဖြင့် စာရေးသူ၏ မူရင်းအာဘော်နှင့်

ဆိုလိုရင်းအတိုင်းပင်ဖြစ်ကြောင်း ပြောချင်ပါတယ်။)

==========================================================

အိုင်ကွန်းသင်္ကေတ ပေါ်ပင်တို့၏၀ိတ် ကြီးလာသလား

မောင်စူးစမ်း

ဂျေရုဆလင်အလင်္ကာ

“ဂျူးတို့သည် သူတို့သွားလေရာသို့ ဂျေရုဆလင်ကို တစ်ပါတည်း သယ်သွားသည်။ ထိုသို့ သယ်သွား လေ ဂျေရုဆလင်၏ ၀န်ထုပ်ကလည်း ပေါ့ပါးသွားလေးဖြစ်သည်။” ဟု ဆိုရိုးစကားရှိသည်။ အထွက်အမြတ်ထား သော ဂျေရုဆလင်ကို ဂျူးတို့က အလင်္ကာတင်စား ဥပမာ Metaphor ပြုထားခြင်းဖြစ်သည်။ ဂျေရုဆလင်ကို သင်္ကေတအဖြစ် အညွှန်းရှိသလို၊ အစစ်အမှန်အဖြစ်လည်း သရုပ်ဖော်မှုတွေရှိသည်။ ဂျူးဝတ္ထုရေးဆရာတို့သည် သင်္ကေတဖြစ်သော ဂျေရုဆလင်နှင့် တကယ့်ပစုပ္ပန်အစစ်အမှန် ဂျေရုဆလင်တို့ကို နှိုင်းယှဉ်ပြီး ဇာတ်လမ်းဖွဲ့ တတ်ကြသည်။

သင်္ကေတနှင့် အစစ်အမှန် တစ်ခြားစီကွဲလွဲနေမှု ၀ိရောဓိဖြစ်နေမှုတို့ကို ကျောရိုးပြုပြီး ဇာတ်လမ်းဖွဲ့ကြ သည်။ ဥပမာ မကြာသေးမီက ဂျူးဝတ္ထုရေးဆရာ အေဘီရာဟီရှူးဝါး၏ “ဂျေရုဆလင်မှ အမျိုးသမီးတစ်ယောက်” အမည်ရှိ ၀တ္ထုတွင် ဂျေရုဆလင်ကို သင်္ကေတအဖြစ် အများကြီးထည့်သွင်း အသုံးပြုထားသည်။

ဇာတ်လမ်းက ဆိုဗီယက်ယူနီယံအဟောင်းမှ ဂျေရုဆလင်သို့ ရွေ့ပြောင်းလာသော အပျိုတစ်ယောက် အကြောင်းဖြစ်သည်။ တစ်နေ ထိုအမျိုးသမီးသည် အသေခံဗုံးခွဲမှုကြောင့် ဆေးရုံတွင် ကွယ်လွန်သွားသည်။ ဒီအမျိုးသမီး၏ အမည်မသိ။ ဂျူးမဟုတ်ကြောင်းတော့သိသည်။ လစာဖြင့်ပေါင်မုန့်ဖိုတစ်ခုတွင်အလုပ်လုပ်ကြောင်း တော့သိသည်။ အလောင်းကို လာရောက်ရှာဖွေသူ တစ်ယောက်တလေမျှလည်းမရှိသည့် အတွက်အဖြစ်ကဆန်း သည်။ ဒီအဖြစ်အပျက်ဆန်းကို ဂျေရုဆလင်သတင်းစာတစ်စောင်က သတင်းအဖြစ်ရေးသားလိုက်သည်။ သတင်း စာက ပေါင်မုန့်ဖိုပိုင်ရှင်လည်း အကြောင်းကြားစုံစမ်းရာ ဖိုရှင်ကိုယ်တိုင်က မုန့်ဖုတ်လုပ်ငန်းအတွင် အလုပ်သမား တွေများလွန်းသဖြင့် မိမိမုန့်ဖိုမှ အလုပ်သမား ဟုတ်မဟုတ်ကိုပင် မသိပေ။ သို့ဖြင့် ဖိုပိုင်ရှင်က လူသားရင်းမြတ် မန်နေဂျာကို စုံစမ်းခိုင်းသည်။ ဒီလိုစုံစမ်းမှုသည်ပင် ၀တ္ထုကျော်ရိုးဖြစ်သည်။

ကဖေးအိုင်ကွန်း

အသေခံဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသွားသော အမျိုးသမီးသည် သူကိုယ်တိုင်ဂျူးမဟုတ်သော်လည်း ရုရှားမှ အိမ်နီးချင်း ဂျူးတို့ကိုအားကျပြီး ဂျေရုဆလင်တွင် လာရောက်အခြေချနေထိုင်ခြင်းဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သူမသည် ဂျေရုဆလင်ကို သင်္ကေတသဘောအဖြစ် သယ်ယူရုံမျှမက တကယ်လက်တွေ့ တွင် ဂျေရုဆလင်သို့ ရောက်ရှိလာသည်။ သို့သော် ဂျေရုဆလင်ကို သယ်သွားလေ၊ ဂျေရုဆလင်၏ ၀န်ထုပ်ပေါ့ပါး သွားလေဆိုသည့် သဘောမဖြစ်ဘဲ အသေခံဗုံးခွဲမှုထဲ အသက်ဆုံးရှုံးပါသွားသဖြင့် ဂျေရုဆလင်ကို သယ်ရသော ၀န်ထုပ်သည် အလွန်လေးလံလှကြောင်းပေါ်လွင်သွားသည်။ ဂျူးတို့၏ ဂျေရုဆလင်အပေါ် အစွဲကြီးမှုကို ၀တ္ထုရေး ပြီး ဝေဖန်ခြင်းဖြစ်ဟန်တူသည်။

ဂျေရုဆလင်သည် ဂျူးတို့၏ အလင်္ကာ ဥပစာသာမက မွတ်ဆလင်တို့၏ အလင်္ကာ ဥပစာလည်းဖြစ် သည်။ မဟာသင်္ကေတဖြစ်သည်။ ယဉ်ကျေးမှုသမိုင်းပြောလျှင် ဂျေရုဆလင်ကို တည်ပြောရသည်။ ဂျူးတို့က ဂျေရုဆလင်ကို မဟာသင်္ကေတ မဟာဥပစာအဖြစ် တင်စားနေချိန်တွင် အမေရိကားတွင် ဂျင်းဘောင်ဘီ၊ ပြင်သစ် တွင် ကဖီးနှင့် ပင်လယ်ကမ်းခြေတို့ကို မျိုးဆက်သစ်တို့ မြတ်နိုးရာအိုင်ကွန် Icons များဖြစ်နေသည်။ ဒီမှာက “လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု” အကြောင်း ပြောသလို ပြင်သစ်တွင် ကဖေးအကြောင်း ပြောကြသည်။

ပြင်သစ်မျိုးဆက်သစ် လူငယ်တို့က ကဖေးဆိုင်တို့တွင် အချိန်ဖြုန်းခြင်းကိုကြိုက်သည်။ အားလပ်ရက်များတွင် ပင်လယ်ကမ်းခြေထွက်ပြီး ပျော်ခြင်းကို ကြိုက်ကြသည်။ ထို့ကြောင့် ပြင်သစ်တွင် ကမ်းခြေတို့သည် အိုင်ကွန်းများဖြစ်ကြရသည်။

စီလီဘရီတီနှင့် ဘစ်ဘီဇနက်

ပြစ်သစ်အစိုးရက ကဖေးဆိုင်တို့တွင် စီးကရက်မသောက်ရဟု အမိန့်ထုတ် တားမြစ်လိုက်သည်။ ပင်လယ်ကမ်းခြေအချို့တွင် ဘီကီနီမ၀တ်ရဟု တားမြစ်သည်။ ကမ်းခြေသို့သွားလျှင် ကားကို အပြိုင်မမောင်းရဟု တားမြစ်သည်။ ထိုသို့ထားမြစ်ပိတ်ပင်ချက်တို့ကို မျိုးဆက်သစ်တို့ မြတ်နိုးသော အိုင်ကွန်းတို့အား တိုက်ခိုက်ခြင်းအဖြစ် ယူဆလာကြသည်။ သင်္ကေတတို့တွင်လည်းကောင်း အိုင်းကွန်းတို့တွင်လည်းကောင်း အလေးချိန်ဝိတ်ရှိသည်။ ဂျေရုဆလင်ကို လူတိုင်း၏မြို့တော်အဖြစ် ထူထောင်ရန် ဒသနပညာရှင်နှင့် အနုပညာ ရှင်တို့က ကြိုးပမ်းကြသည်မှာ သင်္ကေတ၏၀ိတ်ကို လျှော့ချရန်ဖြစ်သည်။ သို့ရာတွင် အသေခံဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေရှိနေခြင်းက ဘာပြသနည်းဆိုလျှင် ဂျေရုဆလင်၏ သင်္ကေတ၀ိတ်သည် လျော့ပါသွားခြင်းမရှိ၊ ပိုပြီးလေး လံလာကြောင်းကို ပြသည်ဟု ယဉ်ကျေးမှုသမိုင်းပညာရှင်တို့က ပြောကြသည်။

အမေရိကန် ဂျင်းဘောင်းဘီသည် အမေရိကန် အိုင်ကွန်ဖြစ်သော်လည်း တစ်ကမ္ဘာလုံး ပျံ့နှံ့သွားသဖြင့် ဂလိုဘယ်အိုင်ကွန်ဖြစ်လာသည်။ ဆဲလ်ဖုန်းတို့ ဂလိုဘယ်အိုင်ကွန်ဖြစ်လာသလို၊ ဂျင်းဘောင်းဘီကလည်း အိုင်ကွန်းဖြစ်နေခြင်းဖြစ်သည်။ လူမှုသိပ္ပံပညာရှင်တို့က အရာဝတ္ထုတစ်ခု အိုင်ကွန်ဖြစ်၇န် နည်းလမ်းနှစ်လမ်းရှိသည်ဟု ထောက်ပြသည်။ ကျော်ကြားသူ စီလီဘရီတီတို့က ထိုအရာဝတ္ထုကို သုံးစွဲလိုက်လျှင် လူတိုင်းလိုက်သုံးသ ဖြင့် အိုင်ကွန်းဖြစ်သွားသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်း ဘိဇနက်အကြီးစားတို့က ထိုအရာဝတ္ထုတို့ကို အများအစားထုတ်လုပ်လိုက်လျှင်လည်း အရာဝတ္ထုသည် အိုင်ကွန်ဖြစ်သွားတော့သည်။ ပထမတော့ ဈေးကွက် အိုင်ကွန်အဖြစ်။ နောက်တော့ ယဉ်ကျေးမှုအိုင်ကွန်အဖြစ် အဆင့်မြင့်သွားသည်။ အိုင်ကွန်ဖြစ်လာပြီဆိုတိုင်း ပြီးပြီဟု စိတ်မချရသေးပေ။ ပြင်သစ်မှ ကဖေးနှင့် ကမ်းခြေတို့ အတိုက် အခိုက်ခံရသလို အတိုက်အခိုက်ခံရနိုင်သည်။ အိုင်ကွန်နှင့် ပေါ်ပင် Fad ခွဲခြားပြောသည်။ မကြာသေးမီက ယူကျွတ်(ဘ်) အမည်ရှိ အင်တာနက် အွန်လိုင်းတစ်ခုပေါ်သည်။ မည်သည့်နည်းလမ်းဖြင့်ရရ ဗွီဒီယိုတို့ကို ယူကျွတ်(ဘ်) အွန်လိုင်းသို့ တင်ပို့နိုင်သည်။ မိမိက ဗွီဒီယိုရယူလိုလျှင်လည်း ယူကျွတ်ဘ်မှ ဆွဲချယူနိုင်သည်။ ဗွီဒီယိုတွေ ဝေမျှသော ၀က်ဘ်ဆိုက်ဖြစ်သည်။

ထိုက်ဝက်ဘ်ဆိုက်က အလွန်ခေတ်စားလာသောအခါ ဂူဂဲလ်အင်တာနက်ကုမ္ပဏီကြီးက ယူကျွတ်ဘ်ကို ၀ယ်လိုက်သည်။ ယခင်က အွန်လိုင်းတွင် ဓာတ်ပုံမျှဝေခြင်းသာရှိခဲ့သော်လည်း ယခုဗွီဒီယိုမှန်သမျှကို မျှဝေလာနိုင် သဖြင့် အွန်လိုင်းရူးသူများကြားတွင် ပေါ်ပင် Fad ဖြစ်လာသည်။ ထိုသို့ပေါ်ပင်အဆင့်မှ အိုင်ကွန်းအဆင့်သို့ ကူးပြောင်းသွားမည့် အရိပ်အယောင်ရှိလာသည်။ ထိုအချိန်တွင် တရားမ၀င်ခွင့်ပြုချက်မရှိသော ဗွီဒီယိုတို့လည်း ၀က်ဘ်ဆိုက်တွင် အလွန်များပြားလာသဖြင့် အကျိုးရှိသူတွေရှိသလို၊ အကျိုးထိခိုက်နစ်နာသူတို့လည်း ရှိလာသည်။ သို့ဖြင့် ဗွီဒီယိုအွန်လိုင်းမျှဝေသော ၀က်ဘ်ဆိုက်ကို ဆန့်ကျင်ကန့်ကွက်သူတွေ အများအပြားပေါ်လာသည်။ ခွင့်ပြုချက်မရသော ဗီဒီယိုပေါင်း သုံးသောင်းကျော်ကို ၀က်ဘ်ဆိုက်မှ ဖယ်ရှားပေးလိုက်ရသည်။

ထိုသို့ပြုလုပ်ခြင်းသည် ၀က်ဘ်ဆိုက်ကိုယ်တိုင်က ဆင်ဆာလုပ်ခြင်းဖြစ်သည်။ မီဒီယာကုမ္ပဏီတို့က ဘက်ဘ်ဆိုက်အပေါ်မတင်မီ ဗွီဒီယိုတို့ကို ဆင်ဆာလုပ် တည်းဖြတ်ရန် တောင်းဆိုသောကြောင့်ဖြစ်သည်။ အစိုးရ တို့၏ ဆင်ဆာမဟုတ်ပေ။ ထို့ကြောင့် ပြောစရာဖြစ်လာသောအချက်မှာ ဗွီဒီယိုမျှဝေသော ၀က်ဘ်ဆိုက်သည် ပေါ် ပင်အဆင့်မှ အိုင်ကွန်းအဆင့်သို့ မကူးပြောင်းမီ အစိုးရမဟုတ်သော ဆင်ဆာနှင့် ထိလာသည်ဟူသော အချက်ဖြစ်သည်။

မောင်စူးစမ်း

(၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ 6 ရက်)

(မှတ်ချက် ။ ။ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလထုတ၊် စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၇ တွင် ဖော်ပြပါရှိခဲ့သော ဆရာမောင်စူးစမ်း၏ “အိုင်ကွန်း သင်္ကေတ ပေါ်ပင်တို့၏ ၀တ် ကြီးလာသလား” ဆောင်းပါးကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသဖြင့် စာရေးဆရာ၏ အာဘော်နှင့် ဆိုလိုရင်းအတိုင်းပင်ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။

မြန်မာဘလော့ခ်ဂါအသိုင်းအ၀ိုင်းအတွင်းမှာလည်း ပေါ်ပင်ယဉ်ကျေးမှုကနေ အိုင်ကွန်အဆင့်-ယဉ်ကျေးမှုအဆင့်သို့ တိုးတက်ရောက်ရှိလာစေရေး ဆန္ဒပြုလိုက်ရပါတယ်။)

==========================================================

စာပေလေ့လာမှုအယူအဆများ (အိုင်ဒီယိုလိုဂျီ)

မင်းခက်ရဲ

(၂) အောသူဆာဟ်နှင့် အိုင်ဒီယိုလိုဂျီ

အောသူဆာဟ် အိုင်ဒီယိုလိုဂျီဟာ အစစ်အမှန်တရားကို ပုံဖျက်ထား၊ ဖုံးကွယ်ထားတဲ့အရာမျိုးမဟုတ်ဘူး လို့မြင်တယ်။ ဒီအမြင်က ကားလ်မာ့က်စ်၊ အိန်ဂျယ်တို့ရဲ့ အမြင်နဲ့ အဓိကကွာခြားချက်ပါပဲ။ ဆန့်ကျင်ဘက်လို့ တောင်ဆိုနိုင်တယ်။ ရုပ်ကြမ်းမာ့က်စ်ဝါဒနဲ့လည်း လုံးလုံးဆန့်ကျင်တာပဲ။ အော့သူဆဟ်က မာ့က်စ်ဝါဒအမြင်ကို ဆန့်ကျင်တယ်။ နှောင်းပိုင်းမာ့က်စ်ဝါဒအမြင်တွေဟာ မာ့က်စ်ဝါဒလမ်းကြောင်းအတိုင်းဆိုပေမယ့် ကားလ်မာ့က်စ် ရဲ့ အမြင်ကိုဆန့်ကျင်တာတွေရှိပါတယ်။ ဒါပေမယ့် အခြေခံစီးပွားရေးအဆောက်အအုံနဲ့ အပေါ်ထပ်အဆောက် အအုံတို့ရဲ့ ဆက်စပ်မှုအခြေခံကို လေ့လာတဲ့အတွက် မာ့က်စ်ဝါဒလမ်းကြောင်းထဲမှာပဲ ထားထားကြတာပါ။ ဒါ ကြောင့် အောသူဆာဟ်၊ မာရှရေး၊ အီဂယ်တန်တို့ကို နှောင်းပိုင်းမာ့က်စ်ဝါဒီတွေအဖြစ် ဆိုကြပါတယ်။ ဆိုလိုတာ က မာ့က်စ်ဝါဒလမ်းကြောင်းအတိုင်း မာ့က်စ၀ါဒအတွေးအခေါ်တချို့ ဆန့်ကျင်သွေဖီပြီးထွက်လာတဲ့ အမြင်အမျိုး မျိုးကိုဆိုလိုပါတယ်။ အိုင်ဒီယိုလိုဂျီအယူအဆိုရာမှာလည်း အောသူဆာဟ်က ကားမာ့က်စ်နဲ့ ရုပ်ကြမ်းမာ့က်စ်ဝါဒီ တို့ယူဆသလို မယူတော့ဘဲ အဓိပ္ပါယ်အသစ်တွေ ပြန်လည်ဖွင့်ဆိုတယ်။

အောသူဆာဟ်က အိုင်ဒီယိုလိုဂျီကို လွှမ်းမိုးကြီးစိုးသူတွေကနေသာ ထုတ်လုပ်လိုက်တဲ့ တစ်ခုတည်း သော သဘောကိုမယူပါဘူး။ သူ့အမြင်မှာက အိုင်ဒီယိုလိုဂျီတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အများကြီးရှိနေတယ်လို့ မြင်တာပါ။ ဒါကိုပဲ အကြမ်းအားဖြင့် ပုံစံနှစ်မျိုးခွဲလိုက်တယ်။ ISAs (Ideological State Apparatus) နဲ့ ISAs (Ideological State Apparatus) လို့ ဆိုရမယ့် အပိုင်းနှစ်ပိုင်းပါ။ ISAs ဖြစ်တဲ့ အိုင်ဒီယိုလိုဂျီမှာက မိသားစုအိုင်ဒီ ယိုလိုဂျီ၊ ပညာရေးအိုင်ဒီယိုလိုဂျီ၊ ဆက်သွယ်ရေးအိုင်ဒီယိုလိုဂျီ (Family ISAs, Education ISAs, Communication ISAs ) ဆိုပြီး အများကြီး ဖော်ပြကြပါတယ်။ RSAs တွေကတော့ ဘုရားကျောင်းတော်၊ ဥပဒေ၊ တရားရုံးစတဲ့အရာတွေပါ။ ၄င်းအရာတွေက လူ့အဖွဲ့အစည်းထဲ လွှမ်းမိုးပြဠာန်းခြယ်လှယ်နေတယ်ဆိုပေမယ့် လုံးဝဖုံးကွယ်ပြီး၊ အစစ်အမှန်တရားကို ပုံဖျက်ထားတာတော့မဟုတ်ပါဘူး။ အောသူဆာ့ဟ်ရဲ့ အဆိုအရ အစစ်အမှန်တရားကို ပုံဖျက်မထားတဲ့အပြင် အစစ်အမှန်တရားအသစ် (New Realities) တွေလို့ဆိုပါတယ်။ သူကအရင်းရှင် လူ့အဖွဲ့အစည်းအတွက် အိုင်ဒီယိုလိုဂျီက လိုအပ်တယ်လို့ မြင်တဲ့အတွက်လည်း ဒီလိုသုံးနှုန်း ခဲ့တာဖြစ်ပါတယ်။

အောသူဆာဟ်က မာ့က်စ်နဲ့အိန်ဂျယ်တို့မြင်သလို စီးပွားရေးအခြေခံအဆောက်အအုံကသာလျှင် အပေါ် ထပ်အဆောက်အအုံဖြစ်တဲ့ အိုင်ဒီယိုလိုဂျီ၊ ယဉ်ကျေးမှု၊ အသိပညာတွေကို အဓိကပြဠာန်းလွှမ်းမိုးတာလို့ မမြင်ပါ ဘူး။ ၄င်းအရာတွေအားလုံး ဆက်စပ်ပုံကိုသာ ဖော်ပြတာပါ။ မာ့က်စ်အမြင်လို့ အလွှာနှစ်ထပ်တည်း မမြင်ပါဘူး။ သူက အိုင်ဒီယိုလိုဂျီကို ထိပ်ဆုံးသုံးထပ်မြောက်မှာ ထားပြီး အလယ်မှာပညာရေး၊ ဥပဒေ၊ ဘာသာရေးစတဲ့ အင်စတီကျူးရှင်းတွေကိုထားတယ်။ အောက်ဆုံးမှာတော့ စီးပွားရေးကုန်ထုတ်လုပ်မှုအခြေခံအဆောက်အအုံကို ထားတယ်။ ပြီးတော့မှ အပေါ်ဆုံးအထပ်ဖြစ်တဲ့ အိုင်ဒီယိုလိုဂျီတွေ (ISAs + RSAs) က အလယ်ထပ်ဖြစ်တဲ့ နိုင်ငံ ရေး၊ ဥပဒေ၊ ပညာရေး အင်စတီကျူးရှင်းတွေနဲ့ အောက်ဆုံးအထပ် စီးပွားရေးကုန်ထုတ်လုပ်မှုဖြစ်စဉ်ကို လွှမ်းမိုး ပြဌာန်းတယ်လို့ဆိုတယ်။ ဒါပေမယ့် အောက်နှစ်ထပ်က အပေါ်ဆုံးအထပ်အိုင်ဒီယိုလိုဂျီ အပေါ်ဆုံးရဲ့ အစိတ် အပိုင်းတစ်ရပ်အနေနဲ့ ပြန်လည်ပါဝင်နေတယ်။ ပြီးတော့ အပေါ်ထပ် အဆောက်အအုံ အိုင်ဒီယိုလိုဂျီတွေကို အောက်ဆုံး အထပ်စီးပွားရေးထုတ်လုပ်မှုက လွှမ်းမိုးပြဌာန်းနိုင်တာမျိုးမရှိပေမယ့် ပြန်လည်ခံဆောင်ပေးထား တယ်။ အောသူဆာဟ်ကတော့ ၄င်းသုံးခုဟာ တစ်ခုနဲ့တစ်ခု ကင်းပြတ်မနေဘူးဆိုပေမယ့် နှိုင်းရပိုင်စိုးမှု (Relative Autonomy) ရှိတယ်လို့ဆိုတယ်။ ဒီလိုအသုံးအနှုန်းဖြစ်တဲ့ နှိုင်းရပိုင်စိုးမှု (Relative Autonomy) ဆို တာဟာ ရုပ်ကြမ်းမာ့က်စ်ဝါဒအမြင်တွေနဲ့ လုံးဝဆန့်ကျင်တဲ့အမြင်လို့ ဆိုနိုင်တယ်။ ရုပ်ကြမ်းမာ့က်စ်ဝါဒဆိုင်ရာ အမြင်တွေက စီးပွားရေးထုတ်လုပ်မှုဖြစ်စဉ်ကသာ အခရာလို့မြင်တယ်။

အိုင်ဒီယိုလိုဂျီတွေ အလုပ်လုပ်ပုံအကြောင်းကို အော့သူဆာဟ်ပြောတဲ့နေရာမှာလည်း ရုပ်ကြမ်းမာ့က်စ် ၀ါဒဆိုင်ရာအမြင်တွေနဲ့ ကွဲပြားတယ်။ ရုပ်ကြမ်းမာ့က်စ်ဝါဒဆိုင်ရာအမြင်တွေက အုပ်စိုးသူရဲ့ လူတန်းစားအကျိုး အမြတ်အတွက် သိမှုအမှားတွေက အမှန်တရားကို ဖုံးကွယ်တယ်။ လူသားကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်လိုက် တယ်လို့မြင်တယ်။ ဘယ်လိုထိန်းချုပ်ပုံဖော်သွားသလဲဆိုတာမျိုးကို ဖော်ပြမထားပါဘူး။ အော်သူဆာဟ်က အိုင်ဒီယိုလိုဂျီတွေဟာ အကျိုးအမြတ်အတွက် လှုပ်ရှားနေတာမျိုး မဟုတ်ဘူး။ အများကြီးလည်ပတ်လှုပ်ရှားနေ တာလို့မြင်တယ်။ ဒါပေမယ့် လူသားကိုလွှမ်းမိုးပုံကို ဖော်ပြတဲ့နေရာမှာတော့ စိတ်ကူးအတ္တနယ်ပယ်လမ်းကြောင်း (Imaginary Way) ဆိုတဲ့ အသုံးအနှုန်းကို အထူးဖော်ပြပြီး သုံးတယ်။ လာကန်ရဲ့ စိတ်ခွဲပညာအမြင်တွေထဲက နေ ယူထားတာပါ။ လူသားအတ္တကို မသိစိတ်ထဲအထိ ရောက်အောင် ရောယှက်ပုံဖော်တယ်။ စိတ်ကူးအတ္တနယ် ပယ်လမ်းကြောင်းကနေ အတ္တကို လူမှုအတ္တ (Subject) ဖြစ်အောင် ပုံဖော်သွတ်သွင်း (Inter Relate) သွားတယ် လို့ဆိုတယ်။ မာ့က်စ်အမြင်မှာ မဖော်ပြခဲ့တဲ့ အိုင်ဒီယိုလိုဂျီက လူသားရဲ့ သာမန်အသိလိုမျိုးဖြစ်အောင် အလုပ်လုပ် ပုံကို အောသူဆာဟ်က ရှင်းလင်းခဲ့ပေမယ့် အီဂယ်တန်တို့ကတော့ စိတ်ခွဲပညာနယ်ပယ်က သဘောတွေ ယူသုံး ထားတဲ့အတွက် မှတ်ချက်သဘောဆန်လွန်းတယ်လို့ ဝေဖန်တယ်။ အော့သူဆာဟ်က အိုင်ဒီယိုလိုဂျီတွေကို လွှမ်း မိုးကြီးစိုးသူများက သူတို့ရဲ့ အကျိုးအမြတ်အတွက် ထုတ်လုပ်ထားတာလို့ မမြင်သလို၊ ဘယ်လူတန်းစားအကျိုး အမြတ်အတွက်မှ အခြေခံနေဲ့ အဖျက်သဘောမျိုး မဟုတ်ဘူးလို့လည်း မြင်တယ်။ ဒါပေမယ့် သူနဲ့မာ့က်စ်ရဲအမြင် မှာ ဆက်စပ်နေတာက အိုင်ဒီယိုလိုဂျီကနေ ပြဌာန်းမှု (Determinism) တွေကတော့ ရှိတယ်။ အိုင်ဒီယိုလိုဂျီရဲ့ ပြဌာန်းမှုမှာ အကြီးမားဆုံးကတော့ ပညာရေးပဲလို့ သူကထောက်ပြတယ်။ အောသူဆာဟ်က သူတို့အရင်းရှင် လူ့ အဖွဲ့အစည်းထဲကနေ ကြည့်တဲ့အတွက် ပညာရေးက အိုင်ဒီယိုလိုဂျီထုတ်လုပ်မှုနဲ့ သွတ်သွင်းမှုတွေနဲ့အတူ အများ ဆုံးလွှမ်းမိုးပြဌာန်းတယ်လို့ မြင်ပေမယ့် သူကနဂ္ဂတစ်အမြင်နဲ့မြင်တာမဟုတ်ပါဘူး။ ဖြစ်ပျက်လည်ပတ်ပုံကိုသာ ပြောတာပါ။ အောသူဆာဟ်က အအဆုံးသတ်အနေနဲ့ အိုင်ဒီယိုလိုဂျီကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှ ကိုယ်စားပြုခြင်း စနစ် (System Of Representation) လို့ ဖွင့်ဆိုပါတယ်။ ဒီတော့ အောသူဆာဟ်ရဲ့ အိုင်ဒီယိုလိုဂျီအမြင်တွေကို ပြန်ချုပ်ကြည့်ရရင်-

(၁) အောသူဆာဟ်က အိုင်ဒီယိုလိုဂျီကို မာ့က်စ်မြင်သလို သူနိုင်-ငါရှုံး (Zero Sum) အဖြစ် မမြင်ပါဘူး။ သဘောက အိုင်ဒီယိုလိုဂျီတွေက အများကြီးလည်ပတ်လှုပ်ရှားနေတာ။ လွှမ်းမိုးကြီးစိုးသူများရဲ အကျိုးအမြတ်တစ်ခုတည်းသက်သက်အတွက် လည်ပတ်လှုပ်ရှားနေတာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် ကြောင့်ပါ။

(၂) အောသူဆာဟ်က အိုင်ဒီယိုလိုဂျီဆိုတာ ကားလ်မာက်စ်မြင်သလို သိမှုအမှားဆိုတာထက် အင်စတီကျူး ရှင်းပုံစံအမျိုးမျိုးက ထုတ်လုပ်လိုက်ပြီး လည်ပတ်နေတဲ့အမှတ်အသား၊ အဓိပ္ပာယ်ဆိုင်ရာ ကိုယ်စားပြု ခြင်းတစ်ခုလို့မြင်တယ်။ ဒီသဘောက မာ့က်စ်နဲ့ အိန်ဂျယ်တို့ရဲ့ အိုင်ဒီယိုလိုဂျီတစ်ခုတည်းသဘော (Singularity) ကို ဆန့်ကျင်တဲ့ အိုင်ဒီယိုလိုဂျီမြောက်များစွာသော သဘော (Plurality) ပါပဲ။

(၃) အောသူဆာဟ်က အိုင်ဒီယိုလိုဂျီကို ဗဟုသဘောရှိတယ်လို့ မြင်ရာမှာ ၄င်းတို့ရဲ့အရည်အသွေးနဲ့ ရှု့ထောင့်တွေကသာ ဒီလိုကွဲပြားနေတာ။ အရည်အသွေးဆိုတာက အိုင်ဒီယိုလိုဂျီမှာ ကိုယ်စားပြုခြင်းသ ဘေပဲရှိတယ်။ သိမှုအမှားသဘော၊ နဂ္ဂတစ်သဘောမရှိဘူးလို့မြင်တာပါ။ ဒါပေမယ့် အိုင်ဒီယိုလိုဂျီရဲ့ အလုပ်လုပ်ပုံကတော့ ပြဌာန်းလွှမ်းမိုးထိန်းချုပ်မှုသဘောရှိတယ်လို့မြင်တယ်။ ဒီအမြင်ဟာ ဂဟွန်ဂျီ (Gramsci) ရဲ့ အမြင်ဖြစ်တဲ့ သိမ်းသွင်းထိန်းချုပ်မှု (Hegemony) နဲ့ အများကြီး ဆက်စပ်အခြေခံဖြစ် ပေါ်လာတာပါ။ မာ့က်စ်နဲ့အိန်ဂျယ်တို့ကတော့ အိုင်ဒီယိုလိုဂျီရဲ့ ရှု့ထောင့်နဲ့ အရည်အသွေးမှာကိုပဲ လွှမ်း မိုးကြီးစိုးသူများရဲ့ အကျိုးအမြတ်အတွက် ထင်ဟပ်ထားတဲ့အရာတွေလို မြင်တယ်။

(၄) အောသူဆာဟ်ရဲ့အမြင် အိုင်ဒီယိုလိုဂျီဟာ လူမှုရေးအလေ့အကျင့်တွေ (Social Practices) ကြောင့် ဖြစ်ပေါ်လာတယ်။ ISAs, RSAs တွေက လူမှုရေးအလေ့အကျင့်တွေ ဖြစ်ပေါ်လာစေတယ်။ ဒါကြောင့် လူမှုရေးအလေ့အကျင့်နဲ့ အိုင်ဒီယိုလိုဂျီဟာ တစ်ထပ်တည်းလိုလိုမျိုး ဖြစ်ပေါ်ဆက်စပ်နေတယ်။ မာ့က်စ် နဲ့ အိန်ဂျယ်တို့ဆိုသလို အိုင်ဒီယိုလိုဂျီကြောင့်ဖြစ်လာတဲ့ လူမှုရေးအလေ့အကျင့်နဲ့ သိမှုတွေဟာ တကယ့် အရှိတရားကို ပြောင်းပြန်လှန်ထားတာမျိုးတော့မဟုတ်ဘူး။ သူက မသိစိတ်ထဲဝင်ရောက်လွှမ်းမိုးခြယ် လှယ်ပြီး အတ္တကနေ အိုင်ဒီယိုလိုဂျီက ပုံဖော်ထားတဲ့ လူမှုအတ္တ (Subject) ဖြစ်အောင်လုပ်ပါတယ်။ အောသူဆာဟ်က အိုင်ဒီယိုလိုဂျီက အစစ်အမှန်တရားကို ပုံဖျက်ထားတာမျိုးလို့ မမြင်သလို၊ အိုင်ဒီယိုလို ဂျီဟာ အစစ်အမှန်တရားလုံးလုံးလို့လည်း မမြင်ဘူး။ အစစ်အမှန်တရားရဲ့ ရှု့ထောင့်တစ်မျိုးအနေနဲ့သာ သတ်မှတ်ပြီး သူက တစ်ခါတစ်ရံမှာ အစစ်အမှန်တရားသစ်တွေလို့ တင်စားပြောဆိုတယ်။

အော့သူဆာဟ့ရဲ့ အမြင်တွေမှာ အိုင်ဒီယိုလိုဂျီက လူသားကို မသိစိတ်ရဲ့ စိတ်ကူးကွန့်မြူးမှုကနေ လွှမ်းမိုးပုံဖော်တယ်။ ဒီသဘောမှာ အာရုံပြုလွန်းရင် အောသူဆာဟ်ရဲ့ အမြင်အပေါ်ကို ဖတ်ရှုရင်း ရုပ်ကြမ်းဝါဒ အစွဲထဲကို ပြန်လည်ကျရောက်သွားနိုင်တယ်လို့ ပညာရှင်တချို့က မှတ်ချက်ပေးပါတယ်။ တစ်ခုသတိထားရမှာပါ။ အိုင်ဒီယိုလိုဂျီက လွှမ်းမိုးပေမယ့် အောသူဆာ့ဟ်ပြောနေတဲ့ အိုင်ဒီယိုလိုဂျီက သိမှုအမှား၊ ပုံဖျက်ထားခြင်းတို့ မဟုတ်ဘူး။ အိုင်ဒီယိုလိုဂျီအရင်းခံတွေဖြစ်တဲ့ ISAs နဲ့ RSAs က လွှမ်းမိုးရုံ လွှမ်းတာပါ။ ဒါပေမယ့် ခြွင်းချက်ရှိတာ က သူက သူ့ရဲ့အရင်းရှင်လူ့အဖွဲ့အစည်းထဲက ISAs နဲ့ RSAs များကိုသာ ညွှန်းဆိုထားခြင်းဖြစ်ပါတယ်။

မင်းခက်ရဲ

“အောသူဆာဟ်နှင့် အိုင်ဒီယိုလိုဂျီ” အပိုင်း (၃) ကို ဆက်လက်ဖော်ပြပေးပါ့မယ်။

(မှတ်ချက် ။ ။ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလထုတ၊် စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၇ တွင် ဖော်ပြပါရှိခဲ့သော ဆရာမင်းခက်ရဲ၏ စာပေလေ့လာမှုအယူအဆများ အပိုင်း-၅ အိုင်ဒီယိုလိုဂျီ အခန်းကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသဖြင့် စာရေးဆရာ၏ အာဘော်နှင့် ဆိုလိုရင်းအတိုင်းပင်ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။)

==========================================================

စာပေလေ့လာမှုအယူအဆများ (အိုင်ဒီယိုလိုဂျီ)

မင်းခက်ရဲ
အဓိပ္ပါယ်ဖွင့်ဆိုချက်များ
အိုင်ဒီယိုလိုဂျီဟာ စာပေလေ့လာမှုနဲ့ ဝေဖန်ရေးအယူအဆမှာ အရေးပါတဲ့အရာတစ်ခုပါ။ အထူးသဖြင့် မာ့က်စ်ဝါဒအမြင် လမ်းကြောင်းအတိုင်းလျှောက်တဲ့ စာပေသီအိုရီနဲ့ ဝေဖန်ရေးအမြင်တွေမှာ အခြေံအကျဆုံး အယူအဆတစ်ခုအဖြစ်တွေ့နိုင်တယ်။ ဒါပေမယ့် ခြွင်းချက်ရှိတာက အိုင်းဒီယိုလိုဂျီကို မာ့က်စ်ဝါဒအမြင်တွေ အတွက်ချည်းသာ ကန့်သတ်သုံးနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ မာ့က်စ်ဝါဒအမြင်နဲ့ နှောင်းပိုင်းမာ့က်စ်ဝါဒဆိုင်ရာ စာပေဝေဖန်ရးအမြင်တွေမှာ မဓိကကွဲလွဲချက်ကလည်း အိုင်ဒီယိုလိုဂျီအယူအဆအပေါ် မြင်ကြပုံမှာ ပိုပြီးထင်ထင် ရှားရှားတွေ့ရမှာဖြစ်ပါတယ်။ တကယ်က အိုင်ဒီယိုလိုဂျီဟာ ဒီလိုပညာရပ်နဲ့ သီအိုရီနယ်ပယ်မှာတင်မကဘူး၊ သတင်းစာ၊ မဂ္ဂဇင်းနဲ့ လက်ဖက်ရည်ဝိုင်းများအထိတောင် သုံးစွဲနေကြလောက်အောင် အယူအဆအမျိုးမျိုးဖြစ်နေ ပါပြီ။ စာပေလေ့လာမှုတွေမှာ အိုင်ဒီယိုလိုဂျီအယူအဆ (Concept) အခြေခံပြီး ဘယ်လိုလည်ပတ် လှုပ်ရှားနေသလဲဆိုတာ မပြောခင်၊ အိုင်ဒီယိုလိုဂျီအပေါ် အမျိုးမျိုးဖွင့်ဆိုကြပုံကို ပြေကြရအောင်ပါ။
ယေဘုယျအားဖြင့်တော့ ယနေ့ခေတ်ပြိုင်ကာလမှာ အိုင်ဒီယိုလိုဂျီဆိုတာ လူ့အဖွဲ့အစည်းထဲမှာ လည် ပတ်လှုပ်ရှားနေတဲ့ အတွေးအခေါ်စိတ်ကူးများရဲ့ စနစ်တစ်ခု (A System Of Idea) လို့ဆိုကြတယ်။ ဒီလိုမြင် လိုက်ပြီဆိုတာနဲ့တင် ပြသနာကစလာတော့တာပါပဲ။ ဘယ်သူတွေရဲ့အတွေးအခေါ်လဲပေါ့။ ၄င်းအတွေးအခေါ်ကို ဘယ်သူကထုတ်ပေးပြီး၊ ဘယ်သူတွေက နာခံရသလဲပေါ့။ ဘယ်လိုထုတ်ပေးပြီး ဘယ်လိုနာခံကြရသလဲ။ ဒါမှ မဟုတ် ၄င်းအတွေးအခေါ်ဟာ ဘယ်လိုလည်ပတ်နေသလဲ။ လူတွေရဲ့ပြုမူလုပ်ဆောင်ချက်တွေကို ဘယ်လိုလွှမ်း မိုးပြီး ၄င်းတို့နဲ့ အပြန်အလှန်ဘယ်လိုဆက်စပ်နေသလဲ။ ပြီးတော့ကာ ဒီအတွေးအခေါ်တွေက စနစ်တစ်ခုလိုမျိုး ဘယ်လိုလုပ်ဖြစ်သွားတာလဲ။ သူ့အလိုလိုလား၊ တစ်စုံတစ်ယောက်ရဲ့ လွှမ်းမိုးကြီးစိုးမှုကြောင့်လား၊ ဒီအတွေးအ ခေါ်စနစ်ဟာ အထက်အောက် ဖိစီးမှုရှိသလား။ ပဋိပက္ဃတွေရောရှိသလားလို မေးခွန်းအများကြီးထွက်လာပါ တယ်။ တကယ်တော့ အထက်ပါအရာတွေကို မေးခွန်းတွေလိုမမြင်ဘဲ စာပေလက်ရာထဲမှာ လှုပ်ရှားလည်ပတ်နေ တဲ့ အိုင်ဒီယိုလိုဂျီ (၀ါ) အတွေးအခေါ်စနစ်တစ်စုံတစ်ရာကို လေ့လာဖို့အတွက် အခြေခံကောက်ကြောင်းများအဖြစ် လည်း တွေ့နိုင်ပါတယ်။ ဆိုပါစို့။ စာပေလက်ရာ၊ ကဗျာ၊ ၀တ္ထုထဲမှာ ဘယ်လိုအတွေးအခေါ်တွေ လည်ပတ်နေ သလဲ။ ဘယ်လိုအတွေးအခေါ်စနစ်အယူအဆပေါ်ကို အခြေခံပြီး စာပေကို တည်ဆောက်ထားတာလဲ။ ၀တ္ထုထဲက ဇာတ်ကောင်စရိုက်ဟာ ဘယ်လိုအတွေးအခေါ်နဲ့ တည်ဆောက်ထားပြီး၊ ဘယ်လိုအထက်အောက်ဖိစီးမှုအောက် ရောက်နေသလဲဆိုတာမျိုးကို လေ့လာနိုင်တယ်။ ဒါမှမဟုတ်လည်း အတွေးအခေါ်တွေ ဘယ်လိုပဋိပက္ဃဖြစ်နေ သလဲ စသဖြင့်အမျိုးမျိုးပါ။ ဘာပဲပြောပြော ဒီသငဘောတွေကနေ ပြန်ပြီးဆန်းစစ်ကြည့်ရင် အိုင်ဒီယိုလိုဂျီဆိုတာ လူတစ်ယောက်တည်းကနေ ဖြစ်ပေါ်လာတာမျိုး၊ ဖြစ်ရှိနေတာမျိုးမဟုတ်ဘဲ လူအများစု စုပေါင်းလက်ခံထားတဲ့ အတွေးအခေါ်တွေဟာ စနစ်တစ်ခုလိုဖြစ်ပေါ်လာတာမျိုးလို့တော့ ယေဘုယျအားဖြင့် မှတ်ယူနိုင်တယ်။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကနေ ထုတ်ဖော်ပြလိုက်တဲ့ သဘောတရားနဲ့ အတွေးအခေါ်စနစ် သက်သက်ကိုတော့ အိုင်ဒီယိုလိုဂျီလို့ ခေါ်ဖို့မဖြစ်နိုင်ဘူး။ ဒီတော့အိုင်ဒီယိုလိုဂျီလို့ခေါ်နိုင်ဖို့ရာ အခြေခံအကျဆုံးက လူ့အဖွဲ့အစည်းဝင် လူအများစုလက်ခံကိုင်စွဲ အလေ့အကျင့်ဖြစ်နေတာမျိုးကိုမှ အိုင်ဒီအိုလိုဂျီ (၀ါ) အတွေးအခေါ်များ စနစ်တစ်ခုလို့ ခေါ်နိုင်ပါမယ်။
အိုင်ဒီယိုလိုဂျီကို ကားလ်မာ့က်စ်နဲ့ အိန်ကျယ်တို့က ဂျာမန်အိုင်ဒီယိုလိုဂျီကျမ်းမှာ သိမှုအမှား (False Consciousness) လို့ အဓိပ္ပါယ်ဖွင့်တယ်။ ဒါပေမယ့် မာ့က်စ်ဝါဒနှောင်းပိုင်းအယူအဆများနဲ့ အခြားသော နယ်ပယ် တွေမှာလည်း အမျိုးမျိုးဖွင့်ကြတာရှိပါတယ်။ ဒါကိုခြုံငုံပြီး အင်္ဂလိပ်ယဉ်ကျေးမှုနဲ့စာပေပညာရှင် ရေမွန်ဝီလျံ (Raymond William) က အိုင်ဒီယိုလိုဂျီအပေါ် ဖွင့်ဖိုကြပုံသုံးမျိုးရှိကြောင်းဆိုတယ်။ ၀ီလျံရဲ့အမြင်အရ အိုင်ဒီယိုလိုဂျီဆိုတာ-
(၁) အုပ်စု (၀ါ) သီးသန့်လူတန်စားတစ်ခုရဲ့ ယုံကြည်မှုဆိုင်ရာ လက္ဃဏာများရဲ့ စနစ်တစ်ခု။
(၂) သံပ္ပံနည်းကျ အသိပညာများနဲ့ဆန့်ကျင်ဘက်လို့ဆိုနိုင်တဲ့ သိမှုအမှား (၀ါ) မှားယွင်းသော
အတွေးအခေါ်မှား၊ ဆိုလိုတာက တကယ့်အစစ်အမှန်တရားမဟုတ်ဘဲ ထင်ယောင်ထင်မှား
ယုံကြည်မှုစနစ်။
(၃) အဓိပ္ပါယ်များနဲ့ အတွေးအခေါ်များထုတ်လုပ်မှုဆိုင်ရာ ယေဘုယျဖြစ်စဉ်လို့ဆိုနိုင်တယ်။
အချက် (၁) နဲ့ (၂) က ကားလ်မာ့က်စ်နဲ့ အိန်ဂျယ်၊ ရုပ်ကြမ်းမာ့က်စ်ဝါဒဆိုင်ရာအမြင်တွေမှာလိုသလို ပေါင်းစပ်အသုံးပြုနေကြတာပါပဲ။ သဘာက ၄င်းနှစ်ခုက ရုပ်ကြမ်းမာ့က်စ်ဝါဒအမြင်တွေမှာ ထုတ်ဖော်အခြေခံထား တဲ့ အိုင်ဒီယိုလိုဂျီအယူအဆပါ။ ဥပမာအားဖြင့် အချက် (၁) ဟာ လီနင်၊ စတာလင်တို့နဲ့ ဆိုရှယ်လစ်အိုင်ဒီယိုလိုဂျီ မှာတွေ့ရတဲ့ အယူအဆပါပဲ။ အယူအဆ (၂) ကတော့ မာ့က်စ်နဲ့အိန်ဂျယ်တို့ ဖွင့်ဆိုချက်မှာ ပိုပြီးအထူးပြုထားတာ ကိုတွေ့ရမယ်။ အယူအဆ (၃) ကတော့ နှောင်းပိုင်း မာ့က်စ်ဝါဒအမြင်နဲ့ အခြားသောပညာရပ်နယ်ပယ်များထဲက အိုင်ဒီယိုလိုဂျီအမြင်တွေမှာ တွေ့ရပါမယ်။ တယ်ရီအီဂယ်တန် (Terry Eagleton) က အိုင်ဒီယိုလိုဂျီကို ဒီထက်ပိုပြီးအသေးစိတ် ဖွင့်ဆိုပိုင်းခြားထားတာရှိပါတယ်။ သမိုင်းတစ်လျှောက် ပေါ်ပေါက်ခဲ့တဲ့ အိုင်ဒီယိုလိုဂျီဖွင့် ဆိုပုံအမျိုးမျိုးကို ခြောက်မျိုးခွဲတယ်။ သူရဲ့ အမြင်အရ ခွဲခြားထားတဲ့ အိုင်ဒီယိုလိုဂျီဆိုတာ-manifesto
(၁) လူမှုဘ၀ထဲက တန်ဖိုးစံတွေ၊ ယုံကြည်မှုတွေ၊ အတွေးအခေါ်တွေရဲ့ အထွေထွေရုပ်ပိုင်းဆိုင်ရာ
ထုတ်လုပ်မှုဖြစ်စဉ်။
(၂) လူမှုရေးအရ အထူးထင်ရှားပြီ သီးသန့်ဆန်တဲ့အုပ်စု (၀ါ) လူတန်းစားရဲ့ ဘ၀အတွေ့အကြုံနဲ့
အခြေအနေကို ထုတ်ဖော်ပြနေတဲ့ ယုံကြည်မှုနဲ့ အတွေးအခေါ်ဆိုင်ရာ သင်္ကေတတွေ။
(၃) ဒီလိုလူမှုရေးအုပ်စုတွေရဲ့ အကျိုးအမြတ်ဆိုင်ရာ တိုးတက်မြင့်မားမှုနဲ့ တရားဝင်ဖြစ်မှု၊ ဒီလိုဖြစ်
ဖို့အတွက် လူမှုရေးအုပ်စုတွေဟာ သူတို့ကို ဆန့်ကျင်မယ့်အကျိုးအမြတ်တွေကို ရင်ဆိုင်ရုန်း ကန်ရင်း သူတို့ရဲ့အကျိုးအမြတ်တွေကို တရားဝင်ဖြစ်မှုအဖြစ် ပျံ့နှံ့နေအောင် ကြိုးစားတယ်။
(၄) လွှမ်းမိုးကြီးစိုးစဲ လူမှုရေးပါဝါတွေကနေလုပ်ဆောင်တဲ့အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ တိုးတက်မြင့်မားမှုနဲ့ တရားဝင်ဖြစ်မှု။
(၅) တကယ့်အရှိတရားကို ပုံဖျက်၊ ဖုံးကွယ်ပြီးအုပ်စိုးသူ လူတန်းစား (၀ါ) လူအုပ်စုရဲ့အကျိုး အမြတ်တွေ တရားဝင်ဖြစ်စေဖို့အတွက် ကူညီပံ့ပိုးပေးတဲ့ အတွေးအခေါ်နဲ့ ယုံကြည်မှုတွေ။
(၆) အထက်ပါ အမှတ် (၅) အတိုင်းဖြစ်နေတဲ့ထင်ယောင်ထင်မှား အတွေးအခေါ်နဲ့ ယုံကြည်မှုတွေ။ ဒါပေမယ့် လွှမ်းမိုးကြီးစိုးဆဲလူတန်းစားကြောင့် ဖြစ်ပေါ်လာတာမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်း ကြီးတစ်ခုလုံးမှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံကြောင့် ဖြစ်ပေါ်လာတာမျိုး။ အီဂယ်တန်ရဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံကြောင့် ဖြစ်ပေါ်လာတာမျိုး။

(၁) က မာ့က်စ်ဝါဒနယ်ပယ်ထက် ယဉ်ကျေးမှု၊ မနုသဗေဒနဲ့ လူမှုရေးဗေဒတို့ရဲ့ အိုင်ဒီယိုလိုဂျီအပေါ် မြင်ဆိုပုံလို့ဆို ရမယ်။ အမှတ် (၅) က မာ့က်စ်နဲ့ အိန်ဂျတို့ရဲ့ အမြင်တွေနဲ့ သက်ဆိုင်တယ်။ အမှတ် (၂) နဲ့ အမှတ် (၆) အမြင်တွေက နှောင်းပိုင်း မာ့က်စ်ဝါဒအမြင်တွေနဲ့ ဆက်စပ်နေပြီး၊ အမှတ် (၃) နဲ့ (၄) ကတော့ မာ့က်စ်ဝါဒ လမ်းကြောင်းထဲက အမြင်တော်တော်များများမှာ တွေ့ရမယ်။ အထူးသဖြင့် ရုပ်ကြမ်းမာ့က်စ်ဝါဒအမြင်တွေနဲ့ သရုပ်မှန်အမြင်အခြေခံ မာ့က်စ်ဝါဒဆိုင်ရာ စာပေလေ့လာသူတွေမှာ ပိုပြီး အခြေခံထားတယ်။

ဂျာမန်အိုင်ဒီယိုလိုဂျီ
အိုင်ဒီယိုလိုဂျီဆိုတဲ့စကားလုံးကို (၁၈) ရာစုမှာ ပြင်သစ်ဒသနပညာရှင် ထရာဆီ (Destutt De Tracy) က ပညာရပ်ဆိုင်ရာ အသုံးအနှုန်း (Terms) တစ်ခုအဖြစ် စတင်ရည်ညွှန်းတယ်။ ၄င်းအသုံးအနှုန်းကို အတွေး အခေါ်သိပ္ပံ (Science Of Idea) လို့ ဖွင့်ဆိုတယ်။ အတွေးအခေါ်သဘာဝအပေါ်ကို အဓိကထားတာမျိုးဖြစ်ပြီး အိုင်ဒီယိုလိုဂျီရဲ့ အဓိပ္ပါယ်ဟာ ၄င်းကာလမှာ ဂျွန်လော့ခ်ရဲ့ အာရုံအခြေပြုအစဉ်အလာ အတွေးအခေါ်လမ်း ကြောင်းကို လိုက်တယ်။ ၄င်းအချိန်မှာ အိုင်ဒီယိုလိုဂျီဆိုတဲ့ ဝေါဟာရကို အာရုံအခြေပြုသိပ္ပံရဲ့ ဘာသာရပ်ခွဲအဖြစ် မြင်ကြတယ်။ ဘာပဲပြောပြောပါ။ (၁၈) ရာစုနှောင်းပိုင်းရဲ့ အိုင်ဒီယိုလိုဂျီဖွင့်ဆိုချက်သဘောက ဒြပ်မဲ့ဆန်ပြီး လက်တွေ့မကျပါဘူး။ ဒီလိုလက်တွေမကျတဲ့ အိုင်ဒီယိုလိုဂျီသဘောကို သွတ်သွင်းသူက ကားလ်မာ့က်စ်နဲ့ အိန်ဂျယ်တို့ပါ။ အထူးသဖြင့် သူတို့ရဲ့ခေတ်ပြိုင်ဂျာမန်ဒသနအခြေအနေကို ဝေဖန်ဆန်းစစ်ထားတဲ့ ၁၈၄၆ ခု ထုတ် ဂျာမန်အိုင်ဒီယိုလိုဂျီ (German Ideology) စာအုပ်မှာ တွေ့ရမှာပါ။

KARL MARX-j

KARL MARX-j

FREDERICK ENGELS

FREDERICK ENGELS

မာ့က်စ်နဲ့ အိန်ဂျယ်တို့က ဂျာမန်ခေတ်ပြိုင်ဒသနကို ဝေဖန်ဆန်းစစ်တဲ့အခါမှာ ရှုတ်ချအထင်သေးတဲ့အ နေနဲ့ ဂျာမန်အိုင်ဒီယိုလိုဂျီလို့ အမည်ပေးလိုက်တာပါ။ သူတို့ရဲ့ အိုင်ဒီယိုလိုဂျီဆိုတဲ့ ဝေါဟာရမှာ အထင်သေးတဲ့ သဘောတွေအပြည့်ဝါနေပါတယ်။ သူတို့က ဟေဂယ်အမြင်လမ်းကြောင်း ဒသနဖြစ်နေတဲ့ သူတို့ခေတ်ပြိုင်ဂျာမန် ဒသနမှာ စိုးမိုးနေတဲ့ စိတ်ကူးစံဝါဒ (Idealism) ကို ဆန့်ကျင်တယ်။ စိတ်ကူးစံသတ်သက်ထက် သူတို့က သမိုင်းရဲ့တကယ်အခြေခံဆီကို ရောက်အောင်သွားကြတယ်။ အိုင်ဒီယိုလိုဂျီနဲ့ ပတ်သက်ပြီး သူတို့ရဲ့စာအုပ်မှာ “အုပ်စိုးသူများရဲ့ အတွေးအခေါ်ဟာ လွှမ်းမိုးကြီးစိုးဆဲ ရုပ်ပိုင်းဆက်သွယ်မှုတွေကို စိတ်ကူးစံအရ ထုတ်ဖော်ပြ ထားတာထက် မပိုဘူး” မြင်တာပါ။ သူတို့ခေတ်ရဲ့ အိုင်ဒီယိုလိုဂျီက လူသားကို တကယ့်အခြေအနေအပေါ် မြင်လာစွမ်းမရှိအောင် ဖုံးကွယ်ထားတဲ့ မှားယွင်းသောသိမှု (False Consciouness ) ကို ပေးတယ်လို့ ဝေဖန်တယ်။ သူတို့က လူသားရဲ့သိမှုနဲ့ အယူအဆအတွေးအခေါ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ အပြန်အလှန် ဆက်သွယ်မှုတွေကနေသာ တစစပုံဖော်ခံရတာ။ ဟေဂယ်ရဲ့ လမ်းကြောင်း စိတ်ကူးစံဝါဒီတွေမြင်သလို အယူ အဆ၊ အတွေးအခေါ်ဟာ ရုပ်ပိုင်းဆိုင်ရာ အပြန်အလှန်ဆက်သွယ်မှုတွေကနေ လုံးဝကင်းလွတ်ပြီး ဖြစ်နေတာလို့ မမြင်ဘူး။ ဒါကြောင့်လည်း ဂျာမန်အိုင်ဒီယိုလိုဂျီစာအုပ်မှာ (Consciousness Does Not Determine Life. Life Determines Consciousness) သိမှုက ဘ၀ကို ပြဋ္ဌာန်းပုံဖော်တယ်လို့ ခေတ်ပြိုင်ဂျာမန်အိုင်ဒီယိုလိုဂျီကို ပြက်ပြက်သားသား ဝေဖန်ဆန်းစစ်တယ်။ ဆက်ပြီး လူသားဟာ သူတို့ရှဲု့ လူမှုဆက်ဆံရေးပုံစံကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်မရှိဘူး။ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှုတွေရဲ့ ထိန်းချုပ်ပုံဖော်ခံရတယ်။ အထူးသဖြင့် သူတို့ရဲ့ စီးပွားရေးထုတ်လုပ်မှုဖြစ်စဉ် (၀ါ) အခြေခံအဆောက်အအုံ (Base) ရဲ့ ပြဠာန်းမှုသဘောကို ခံရတယ်လို့ ဆိုပါ တယ်။
အိုင်ဒီယိုလိုဂျီဆိုတာ သိမှုအမှားပဲ။ လူသားရဲ့ တကယ်အခြေအနေကို ပြောင်းပြန်မြင်လာအောင် လုပ်တယ်လို့ဆိုပြီးတဲ့အခါမှာ သူတို့ကလူ့အဖွဲ့အစည်းထဲက တကယ့်အရှိတရားကို မြင်ဖို့ရာ အရှိတရားတွေကို ပုံဖျက်ပြီး၊ ဖုံးကွယ်လွှမ်းမိုးထားတဲ့ အိုင်ဒီယိုလိုဂျီကို ဖတ်ရှားပစ်ရမယ်လို့ မာ့က်စ်ကမြင်တယ်။ ဒါကြောင့် ကားလ် မာ့က်စ်နဲ့အိန်ဂျယ်တို့ သုံးတဲ့အိုင်ဒီယိုလိုဂျီဆိုတာ ဖက်ရှားပစ်ရမယ့်အရာ၊ မလိုလားအပ်တဲ့အရာအဖြစ်သုံးတာဖြစ် တယ်။ သူတို့အမြင်အရ အိုင်ဒီယိုလိုဂျီဟာ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးနယ်ပယ်နဲ့ ယဉ်ကျေးမှုနယ်ပယ်ကြားဆက် သွယ်ချက်ထဲက အဖျက်သဘောဆောင် ဖြစ်တည်လာတဲ့အရာပါ။ ကားလ်မက်စ်နဲ့ အိန်ဂျယ်တို့ရဲ့ အိုင်ဒီယိုလိုဂျီ ကို အကျဉ်းချုပ်ကြည့်ရင်….
(၁) အိုင်ဒီယိုလိုဂျီဟာ မှားယွင်းသေငာသိမှု တစ်ခုဖြစ်တယ်။
(၂) အိုင်ဒီယိုလိုဂျီက သီးသန့်လူတန်းစားတစ်ခုရဲ့ အကျိုးအမြတ် ဒါမှမဟုတ် ဘ၀အခြေအနေနဲ့
အတွေးအခေါ်တွေကို ထင်ဟပ်ပြထားတာဖြစ်တယ်။
(၃) အိုင်ဒီယိုလိုဂျီဟာ သဘာဝတရားလိုဖြစ်နေပြီး၊ လူတိုင်းဟာ သတိမထားမိလောက်အောင် ဖြစ်နေတယ်။ သူတို့ဟာ သူတို့ရဲ့ သာမန်သိ (Commonsense) မှာကိုက အိုင်ဒီယိုလိုဂျီက ပြဠာန်းခြယ်လှယ်ပြီးသားဖြစ်နေတယ်ဆိုတာကိုတောင် မသိနိုင်ဘူး။
(၄) အိုင်ဒီယိုလိုဂျီက လွှမ်းမိုးကြီးစိုးဆဲလူတန်းစားရဲ့ အကျိုးအမြတ်အတွက် ဖြစ်ပေါ်လာတာဖြစ်ပြီး၊ ၄င်းတို့ဟာ ကျန်သူများကိုထိန်းချုပ်ပြဠာန်းပေမယ့် လွှမ်းမိုးကြီးစိုးဆဲ လူတန်းစားကိုတော့ မပြဠာန်းဘူး။
(၅) အိုင်ဒီယိုလိုဂျီဟာ လွှမ်းမိုးကြီးစိုးသူလူတန်းစားက ကျန်လူများကို ပြဠာန်းထားတဲ့ အရာမျိုးဖြစ် တဲ့အတွက် သူနိုင်-ငါရှုံး (Zero-Sum) သဘောရှိတယ်။

မင်းခက်ရဲ
“အောသူဆာဟ်နှင့် အိုင်ဒီယိုလိုဂျီ” အပိုင်းကို ဆက်လက်ဖော်ပြပေးပါ့မယ်။
(မှတ်ချက် ။ ။ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလထုတ၊် စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၇ တွင် ဖော်ပြပါရှိခဲ့သော ဆရာမင်းခက်ရဲ၏ စာပေလေ့လာမှုအယူအဆများ အပိုင်း-၅ အိုင်ဒီယိုလိုဂျီ အခန်းကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသဖြင့် စာရေးဆရာ၏ အာဘော်နှင့် ဆိုလိုရင်းအတိုင်းပင်ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။)

==========================================================

ငြင်းခုံခြင်း ယဉ်ကျေးမှု ထွန်းကားစေချင်

လူတုစိန်ဝင်း

“ဟိုဂျာနယ်ထဲက ဆရာ့ကို တိုက်ခိုက်ထားတဲ့ ဆောင်းပါးဖတ်မိသလား၊ အဲ့ဒါဘယ်လိုယူဆသလဲ” လူငယ် ဂျာနယ်လစ်တစ်ယောက် ရောက်လာပြီးမေးလိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။ တစ်ခါကရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ် အပေါ်မှာ သဘောမတူနိုင်တဲ့ စာရေးဆရာတစ်ဦးက ပြန်ပြီး ချေပရေးသားထားတာဖြစ်ပါတယ်။ “အဲ့ဒီလို ပြန်ရေးတာကောင်းတယ်။ စာဖတ်ပရိသတ်က အယူအဆအမျိုးမျိုးကို သိနိုင်တာပေါ့” “ဆရာရေးတဲ့စာတွေအများကြီးထဲမှာ ဆရာ့စေတနာ အထင်းသားပေါ်လွင်နေတာပဲ။ ဒီဆောင်းပါး တစ်ပုဒ်တည်း ကြည့်ပြီး ခုလိုတိုက်ခိုက်တာတော့ ဘယ်ကောင်းမှာလဲ”
ဝေဖန်တာဟာ တိုက်ခိုက်တာမဟုတ်
လူငယ်လေးက တော်တော်မကျေမနပ်ဖြစ်ပုံရတယ်။ ဘာကြောင့်မကျေနပ်တာလဲလို့ စဉ်းစားကြည့် လိုက်တော့ တစ်ဘက်က ဝေဖန်ရေးသားတာကို သူက “တိုက်ခိုက်တာ” လို့ မြင်နေတဲ့အတွက်ဖြစ်တာ တွေ့ရပါ တယ်။ အဲ့ဒါကြောင့် သူ့ကိုဝေဖန်တာကို ရန်လိုတာ၊ တိုက်ခိုက်တာလို့ မရှုမြင်သင့်ကြောင်းရှင်းပြပါတယ်။ သူပြော တဲ့ဆောင်းပါးမှာ သဘောမတူတဲ့အကြောင်း ချေပပြီး သူ့အမြင် သူ့သဘောထားကို တင်ပြထားတာဖြစ်ကြောင်း၊ မယဉ်ကျေးတဲ့စကားလုံး၊ မဖွယ်ရာတဲ့အသုံးအနှုန်းများပါတာ မရှိကြောင်း၊ ဒါအပြင် အယူအဆကို ချေပချက်များ သာရှိပြီး ပုဂ္ဂိုလ်ရေးထိပါးမှုများပါတာမတွေ့ရကြောင်း၊ အဲ့ဒါကြောင့် တိုက်ခိုက်တာလို့ မယူဆသင့်ကြောင်း အကျယ်တ၀င့်ရှင်းပြရပါတယ်။
ရိုးစင်းလွန်းတယ်
လူငယ်လေး ပြန်သွားတော့လည်း ဒီအကြောင်းဆက်ပြီး စဉ်းစားနေမိတယ်။ လူတော်တော်များများဟာ ဘယ်ကိစမဆို စဉ်းစားတဲ့အခါမှာ သိပ်ပြီးရိုးစင်းလွန်းတာကို သတိပြုမိတယ်။ သူတို့က ကောင်းတာနဲ့ဆိုးတာ၊ မှား တာနဲ့မှန်တာပဲကြည့်လေ့ရှိတယ်။ လောကကြီးမှာ အကောင်းနဲ့အဆိုး၊ အမှားနဲ့အမှန်၊ အဖြူနဲ့အမည်း၊ ဒွိစုံ၊ ဒွိစုံနှစ် မျိုးတည်းရှိနေကြတာမဟုတ်ဘူးဆိုတာကို စဉ်းစားဖို့ မေ့လျော့နေကြတယ်။ ကိစတစ်ခုဟာ မမှားပေမယ့် အမှားလို့လည်း ပြောလို့မရတာမျိုး၊ မမှန်ပေမယ့် အမှန်လို့လည်း ပြောလို့မရတာမျိုးတွေ ရှိတတ်တယ်။ မိတ်ဆွေ မဟုတ်ပေမယ့် ရန်သူလည်းမဟုတ်တာမျိုး၊ ၇န်သူမဟုတ်ပေမယ့် မိတ်ဆွေလိုလည်း သတ်မှတ်လို့ မရတာမျိုးတွေ ရှိတတ်တယ်။ ဒီအချက်ကို သတိပြုမိသူ ရှားတယ်။
ဒွိစုံပဲရှိတယ်
ဟိုရှေးပဝေသဏီ ဘုရားကျောင်းတွေကြီးစိုးတဲ့ခေတ်က အတွေးအခေါ်မျိုးတွေ ခုထိမပျောက်သေးတာ တွေ့ရတယ်။ ဘုရားကျောင်းတွေ ကြီးစိုးတဲ့ခေတ်အခါကတော့ ကိုယ့်ဘုရားကို မယုံကြည် မကိုးကွယ်သူတိုင်းကို “ဒိဠိ” လို သတ်မှတ်ပြီး အပြက်ချေမှုန်းလိုက်ကြတာပဲ။ မဟာအလက်ဇန္ဒားခေတ်ကတည်းက ဒီ “ဒွိစုံ” အယူအဆ ကို ကိုင်စွဲပြီး၊ ကိုယ့်ဘုရားကို မယုံသူဟာ မိစ္ဆာဒိဠိပဲ။ အဲဒါကို ဖြေရှင်းနည်းကလည်း “ဒွိစုံ” ပဲ။ “Yield” or “Die” အညံ့ခံပြီး ကိုယ့်ဘုရားကို လက်ခံမလား၊ ဒါမှမဟုတ် အသေခံမလားဆိုတဲ့ လမ်း (၂) သွယ်ပဲ ပေးထားတယ်။ တခြားလမ်းဆိုတာ မပေးထားဘူး။
မတည့်အတူနေ
ဒီနေ့ခေတ်ဟာ ဘုရားကျောင်းကြီးစိုးတဲ့ခေတ်မဟုတ်တော့ဘူး။ ကိုယ့်ဘုရားမဟုတ်တဲ့အခြား ဘုရား တွေကို ယုံကြည်ကိုးကွယ်သူတွေရှိနေတာကို အသိအမှတ်ပြုခံပြီး ငြိမ်းချမ်းစွာ အတူယှဥတွဲနေထိုင်ကြတဲ့ခေတ် ဖြစ်နေပြီ။ “Agree To Disagree” မတူခြားနားချက်တွေ အသီးသီးရှိနေကြတာပါလားလို့ အားလုံးသဘောပေါက် လက်ခံကြတာကို “ယဉ်ကျေးမှုနမူနာစံ” အဖြစ် သတ်မှတ်ထားတဲ့ခေတ်ဖြစ်နေပြီ။
ကြက်တူရွေးစနစ်ကို စွန့်ပယ်
ရှေးကတော့ ကိုယ်ကိုးကွယ်တဲ့ဘုရားရဲ့ နှုတ်ကပတ် (မုကခပါဠိ) တော်တွေကို အလွတ်ရအောင် ကျက်မှတ်ပြီး ပြန်ရွတ်ပြတက်သူကို ပညာရှိ (ဘုန်းကြီး) အဖြစ်သတ်မှတ်ခဲ့ကြတယ်။ ဒီကြက်တူရွေးအလွတ် ကျက် (Rote Learning) ဟာ ဒီခေတ်လူ့အဖွဲ့အစည်းနဲ့ မလျော်ညီတော့ဘူးဆိုပြီး စွန့်ပစ်ခဲ့ကြပြီ။ အဲ့ဒီနေရာမှာ စာသင်သားရဲ့ ပိုင်းခြားဝေဖန်သုံးသပ်တဲ့ ဆင်ခြင်ဥာဏ် (Critical Thinking) နဲ့ ကိုယ်တိုင်ဖန်တီးမှု (Creativity Thinking) ကို အဓိကထားတဲ့ သင်ကြားရေးစနစ်ကို အစားထိုးခဲ့ကြတယ်။
ငြင်းခုံတတ်အောင်လုပ်
ဒီစနစ်မှာ ကျောင်းသားကိုယ်တိုင်ရဲ့ စွမ်းဆောင်မှုကို အဓိကထားရတယ်။ အဲ့ဒါကြောင့် ရှေးအစဉ်အလာ ဆရာအဓိကသင်ကြားရေးစနစ် (Teacher Centered Teaching Method) အစား ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ် (Children Centered Teaching/ Learning Method) “CCTL” အသုံးပြုလာကြတယ်။ ဒီ CCTL စနစ်မှာ ကျောင်းသားတွေရဲ့ စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေးပြီး၊ ကျောင်းသားတွေမှာ မေးမြန်းချင်စိတ်၊ ငြင်းခုံချင်စိတ်၊ စောဒကတက်ချင်စိတ်တွေ ဖြစ်လာအောင် အခြေအနေကို ဖန်တီးပေးတယ်။ ဆရာက အဖြေကို ပြောမပြဘဲ ကျောင်းသားကိုယ်တိုင်ပိုင်းခြားဝေဖန်သုံးသပ်ခြင်း အဖြေရအောင် ထုတ်ယူစေတယ်။
မတူတိုင်းရန်သူမဟုတ်
အဲ့ဒီ CCTL စနစ်ဟာ အရှေ့တိုင်းနိုင်ငံများမှာ စတင်ကျင့်သုံးတာ ဘာမှမကြာသေးတော့ လူ့အဖွဲ့ အစည်းအတွင်း ပျံ့နှံမလာသေးဘူး။ အဲ့ဒါကြောင့် ငြင်းခုံတာ၊ စောဒကတက်တာ၊ ဝေဖန်ပိုင်းခြားတာကို ရန်လိုတဲ့ အပြုအမူအဖြစ် သဘောထားနေကြသေးတာဖြစ်တယ်။ ငါနဲ့မတူ ငါ့ရန်သူလို့ ယူဆနေကြသေးတာဖြစ်တယ်။ ဒါ ကြောင့် CCTL စနစ်ရဲ့ အတွေးအခေါ်မျိုး ပျံ့နှံ့အောင်လုပ်ပေးဖို့လိုပါတယ်။ ငါနဲ့မတူတိုင်း၊ ငါ့မိတ်ဆွေမဟုတ်တိုင်း ရန်သူဖြစ်သွားကြတာ မဟုတ်ဘူးဆိုတာကို သဘောပေါက်လက်ခံတက်အောင် လုပ်ပေးဖို့လိုပါတယ်။
ငြင်းခုံခြင်းယဉ်ကျေးမှု
မိတ်ဆွေ မဟုတ်ပေမယ့် ရန်သူလည်းမဟုတ်တဲ့သူတွေကို ဘယ်လိုသဘောထားဆက်ဆံရမယ်ဆိုတာ လည်း သိဖို့လိုပါတယ်။ (Agree To Disagree) ဆိုတဲ့ ယဉ်ကျေးမှု နှုန်းစံကို သဘောပေါက်နားလည်ပြီး လက်ခံနိုင်စွမ်းရှိဖို့လည်း လိုပါတယ်။ အဲဒီအတွက် ပိုင်းခြားဝေဖန်သုံးသပ်စဉ်းစားခြင်း (Critical Thinking) အလေ့အထထွန်းကားအောင် လုပ်ပေးရပါမယ်။ ငြင်းငုံခြင်းယဉ်ကျေးမှုအမြစ်တွယ်စေချင်ပါတယ်။

လူထုစိန်ဝင်း
(၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)
(မှတ်ချက် ။ ။ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလထုတ၊် စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၇ တွင် ဖော်ပြပါရှိခဲ့သော ဆရာလူထုစိန်ဝင်း၏ “ငြင်းခုံခြင်းယဉ်ကျေးမှု ထွန်းကားစေချင်” ဆောင်းပါးကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသဖြင့် စာရေးဆရာ၏ အာဘော်နှင့် ဆိုလိုရင်းအတိုင်းပင်ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။)

==========================================================

ကျွန်တော်တို့ဟာ ကျဆုံးခဲ့ကြသူုတွေအတွက် တာဝန်ကျေပွန်သူတွေဖြစ်ရမယ်

မင်းထက်ဘုန်းမြတ်
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလရဲ့ နောက်ဆုံးအပတ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာ့ဒီမိုကရေစီရေးနဲ့ တစ်မျိုးသားလုံးရဲ့ လူ့အခွင့်အရေးတို့အတွက် ရဟန်းသံဃာတော်တွေရဲ့ ဦးဆောင်မှုအောက်မှာ အစိုးရအနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေလုပ်ဆောင်ပေးဖို့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြနေခဲ့ကြတာ သုံးရက်မြောက်နေ့ စက်တင်ဘာ (၂၅) ရက်နေ့ကို ရောက်လိုလာပါပြီ။ ဆန္ဒပြပွဲမှာပါဝင်နေတဲ့ လူအားလုံးရဲ့ မျက်နှာတွေပေါ်မှာ တိုင်ပြည်အတွက် တာဝန်ကျေပွန်သူတွေအဖြစ် မျှော်လင့်ချက်တွေနဲ့ အပြုံးတွေက ပီတိကိုဖြစ်ပေါ်စေသလို ရန်ကုန်တစ်မြို့လုံးကိုပင် ခြေလျှင်လျှောက်နိုင်လောက်တဲ့အထိ ခွန်အားတွေကို ပေးစွမ်းစေခဲ့တာဟာ စက်တင်ဘာလှုပ်ရှားမှုအတွင်း မပါဝင်ခဲ့ ဘူးတဲ့ ဘယ်မြန်မာမှသိရှိနိုင်မှာမဟုတ်ပါဘူး။

တစ်ဆယ့်ကိုးနှစ်လုံးလုံး ကိုလိုနီခေတ်ဆိုးတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ အညွန့်မထွက်နိုင်အောင်ရှိနေတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအကြားမှာ အဆင်းရဲဆုံးတိုင်းပြည်တစ်ပြည်ဖြစ်ခဲ့ရပြီး နိမ့်ကျတဲ့စီးပွား၊ ရေးလူမှုရေးတွေနဲ့ ပညာရေးတွေကြောင့် မြန်မာဆိုရင် တစ်ကမ္ဘာလုံးက နှာခေါင်းရှုံခံရတဲ့ဘ၀ကို လွန်မြောက် နိုင်ကြ လိမ့်မယ်လို့ ဒီလှုပ်ရှားမှုအတွင်းမှာ ပါဝင်ခဲ့ကြတဲ့သူတွေအကုန်လုံးက မျှော်လင့်နေခဲ့ကြပါတယ်။

ဘယ်အစိုးရရုံးတွေမှာမဆို လဒ်ပေးလဒ်ယူမှုတွေများနေတာ။ စီးပွားရေးမကောင်းတဲ့အတွက် ဘတ်စ်ကား မှတ်တိုင်တွေမှာ ပြည့်တန်ဆာမိန်းကလေးတွေအမြောက်အများရှိနေတာ။ စာသင်ခန်းထဲမှာရှိနေရမယ့်ကလေးတွေနဲ့ ဘ၀လုံလုံခြုံခြုံရှိနေရမယ့် သက်ကြီးရွယ်အိုအများအပြား လမ်းမတွေနဲ့ မီးပွိုင့်တွေမှာ တောင်းရမ်းစားသောက်နေကြရ တာ။ ကုန်ဈေးနှုန်းအစမတန်ကြီးမြင့်မှုကြောင့် ပြည်သူတွေစီးပွားရေးအဆင်မပြေကြတော့ဘဲ ရဟန်းသံဃာတော်တွေ ကို ဆွမ်းတောင်မလောင်းလှူနိုင်တဲ့အခြေစတဲ့စတဲ့အခြေအနေတွေမှာ ပြည်သူတွေက သူတို့အခွင့်အရေးနဲ့ သူတို့မျှော် လင့်ချက်တို့အတွက် သူတို့ကိုးကွယ်ယုံကြည်ရာ သံဃာတော်တွေရဲ့ ဦးဆောင်မှုတွေနဲ့အတူ လမ်းမတွေပေါ် ထွက်လာခဲ့ကြပြီး အခွင့်အရေးအားလုံးအတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ပြည်သူဆန္ဒပြည့်ဝပါစေ….” ၊ “ဒို့ မေတ္တာစွမ်း… ကမ္ဘာလွှမ်း.. အေးချမ်းကြပါစေ…” ၊ “လူအချင်းချင်းလှည့်ပတ် ခြင်း… ကင်းရှင်းကြပါစေ…” ၊ စတဲ့ ကြွေးကြော်သံတွေကြားမှာ နအဖအစိုးရကို ဆင်းပေးဖို့ တစ်ခုမှ မတောင်းဆိုခဲ့ကြပါ ဘူး။ ဒီဆုတောင်း မေတ္တာပို့သံတွေကြားထဲမှာ မြန်မာပြည်သူတွေရဲ့ ခံစာချက်တွေကို အပြည့်အ၀ ပေါ်လွင်နေစေတယ် ဆိုတာ စက်တင်ဘာလှုပ်ရှားမှုအတွင်းက ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်က ဘယ်ပြည်သူရဲ့ မျက်နှာကိုကြည့်ကြည့် ပေါ်လွင်နေစေခဲ့ပါတယ်။

စက်တင်ဘာ လှုပ်ရှားမှုအတွင်း ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့အရေးအတွက် မျှော် လင့်ချက်တွေအများကြီး ဖြစ်ပေါ်ခဲ့ဘူးပါတယ်။ ပြည်ပမှာရှိနေတဲ့ အဝေးရောက်ညွှန်ပေါင်းအစိုးရ၊ ဒါမှမဟုတ် မြန်မာ့ဒီမို ကရေစီရေးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက ၀င်ရောက်လာပြီး ပြုပြင်ပြောင်းလဲရေးအတွက် ဦးဆောင်ကြ လိမ့်မယ်လိုပေါ့…။ စက်တင်ဘ (၂၅) ရက်နေ့ ညနေအိမ်ပြန်တဲ့လမ်းမှာ နအဖအာဏာပိုင်တွေ ကာဖြူးအမိန်ထုတ် လိုက်ပါတယ်။ အင်တာနက်ဆိုင်တွေမှာ ကွန်နက်ရှင်တွေပျက်တောက်ကုန်ပြီ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့သိချင် နေတဲ့ သတင်းအချက်အလက်တွေကို ပြည်ပအခြေဆိုက်ထုတ်လွှင့်နေတဲ့ ရေဒီယိုလိုင်းတွေကိုပဲ အားကိုးပြီး ဂရုတစိုက်နားထောင်နေရပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို ဘယ်သူတွေများ ကြားဝင်ဖြေရှင်ပေးမလဲဆိုတာကိုပါ။ ပြည်ပမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ အင်တာဗျူးတွေထုတ်လွှင့်ပြီး နအဖအစိုးရဆင်းပေးဖို့ပဲ ပြောနေကြတာကို ကျွန်တော်တို့ကြားနေရတယ်။ ဒီလိုသာ သူတို့ပြောတိုင်း နအဖဆင်းပေးသွားရင်တော့ ကောင်းတာ ပေါ့ဗျာ။ ဒါပေမယ့်…..

စက်တင်ဘာလ (၂၆) ရက် ဗုဒဟူးနေ…. ကျွန်တော့်ဘ၀မှာ ဘယ်တော့မှ မမေ့တော့မယ့် နေ့ရက်တွေထဲက တစ်ရက်ပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဆယ့်ကိုးနှစ်မှာ ဒုတိယအကြိမ်ပြန်လည်ထွက်ပေါ်လာတဲ့ အမျိုးသားရေး စိတ်ဓာတ်တွေကို ရိုက်ချိုးခံလိုက်ရတဲ့နေပါ။ ဒီနေ့နံနက်ပိုင်း နေအိမ်ရှိရာ ကမာရွတ်ကနေ မြိုထဲကို အသွားလမ်းမှာ အာဏာပိုင်တွေရဲ့ လက်ကိုင်ဒုတ်တွေက ချောဆွဲထားတဲ့ ကားတွေပေါ် အသံချဲစက်တွေတပ်ဆင်ပြီး အရပ်ဝတ်နဲ့ဒုတ် ခဲစတဲ့ လက်နက်တွေကို ကိုင်ဆောင်ထားတဲ့လူတစ်အုပ်နဲ့အတူ ပြည်သူတွေအနေနဲ့ ဆန္ဒပြမှုမှာ မပါဝင်ကြဖို့ အမိန့် ထုတ်တဲ့အနေနဲ့ လိုက်အော်နေတဲ့သံတွေကို ဘစ်ကားကြပ်ကြပ်ပေါ်ကနေ ကြားခဲ့ရတယ်။ ဒီအချိန် ကျွန်တော့် စိတ်ထဲမှာတော့ တစ်မျိုးခံစားလိုက်ရတယ်။ နအဖအနေနဲ့ မမိုက်ရိုင်းလောက်ပါဘူးလို့ပဲ စိတ်ထဲက ထင်ထားခဲ့မိပါ တယ်။ ဒီလိုနဲ့ နေလယ် (၁၁) နာရီအချိန်မှာ ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်းနဲ့အတူ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့် မီးပွိုင့်မှာဆုံမိကြပြီး အခြားသူငယ်ချင်းတွေအလာကို စောင့်နေကြပါတယ်။ ကျွန်တော်တို့ ဖုန်းကို ဗဟန်းသုံးလမ်းမှာရောက်နေတဲ့သူငယ်ချင်းက လှမ်းဆက်လာပါတယ်။ အဲ့ဒီမှာတော့ အခြေအနေမ ကောင်းဘူး။ သံဃာတော်တွေကိုရိုက်တယ်။ ဖမ်းတယ်။ ပစ်တယ်ဆိုတဲ့သတင်းတွေကို ကျွန်တော်တို့ကြားလိုက်ရ တယ်။ ဒီအချိန်မှာ ကျွန်တော်တို့အားလုံးလိုလိုတွေးထားကြတာက… နအဖစစ်တပ်က ပစ်ခတ်နှိုမ်နင်းတိုင်း ဒို့တော်လှန် ရေးကြီးက ပြီးသွားရမှာလား…။ ပြီးမသွားစေရဘူး။ စစ်တပ်ကပစ်လို့ ဒီနေရာမှာတင် ကျွန်တော်သေချင်သေသွားပါ့စေ။ ပြုပင်ပြောင်းလဲရေးသားဖြစ်မယ်ဆို ကျွန်တော်သေသွားရဲတယ်။ ကျွန်တော်လိုပဲ လမ်းနဲ့အပြည့်ဖြစ်နေတဲ့သူတွေ အားလုံးလဲ သေရဲကြမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်သား၊ ကိုယ့်မြေး၊ ကိုယ့်မြစ်တွေ ကိုယ်တွေ့ကြုံနေရတဲ့ခံစား ချက်မျိုးကို မခံစားစေချင်တော့တဲ့အတွက်ပါ။

ကျွန်တော်တို့ သာသနာ့အလံနဲ့ ဒေါင်းအလံကို ဆူးလေးမီးပွိုင့်ကနေ စောင့်မျှော်နေကြပါတယ်။ မိုးတွေလည်း အုံမှိုင်းလို့လာသလို ကျွန်တော်တို့လို စောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေလည်း တစ်ဖြည်းဖြည်းများသတဲ့များပြားလို့လာ ပါပြီ။ ဆူးလေလမ်းမကြီးလည်းအပြည့် အနော်ရထာလမ်းမကြီးလည်းအပြည့်ပါ။ တစ်ဖက်ခြမ်းမှာတော့ လမ်းကို သံစူးကြိုးတွေနဲ့ ပိတ်ကာလျှက် စစ်သား၊ ရဲသားတွေက တစ်ဖက်။ ဘုရားသားနဲ့ ကျွန်တော်တို့လိုကျောင်းသားတွေက တစ်ဖက် အားချင်းတော့ပြိုင်နေကြပါပြီ။ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က အမှန်တရား၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတို့အတွက် အင်အားကပိုများပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီမိုကရေစီအရေးကို ငြိမ်းချမ်းစွာနဲ့ တောင်းဆိုနေကြတာဖြစ်တဲ့အတွက် ပြန်ခုခံဖို့ အပ်တိုတစ်ချောင်းတောင် ယူဆောင်လာကြဖို့ မေ့ခဲ့ကြပါတယ်။ ဒါဟာ ဒီမိုကရေစီလှုပ်ရှားမှုတိုင်းရဲ့ အားနည်းချက်ဖြစ်ပါမယ်။ ဒီမိုကရေစီဆိုတာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြရတာဖြစ်တဲ့ အတွက် ဘယ်လိုနည်းနဲ့မှ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတောင်းဆိုနေလိုမရဘူး။ ဒါဟာ နောက်နောင်ပေါ်ပေါက်လာမယ့် ကျွန်တော်တို့ တော်လှန်ရေးတွေအတွက် သင်ခန်းစာတစ်ခုပါ။ ဒီအချိန်မှာ ကျွန်တော်တို့ပြည်သူတွေရဲ့ မေတ္တာပို့သံ၊ ဆုတောင်းသံတွေဟာ ဆူးလေလမ်းမတလျှောက် မိုးလုံးဟိန်းညံညံစည်လျှက်ရှိနေပါတယ်။ ဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ မေတ္တာပို့သံတွေကြောင့်ပဲလား တော့မပြောတက်ပါ။ မိုးကြိုးတစ်ချက်ပစ်ချလိုက်တာကို ကျွန်တော်ကြားမိလိုက်တယ်။ ကျွန်တော်တို့ပြည်သူတွေမှာ ဘာလက်နက်မှ မရှိပေမယ့် ကံကြမာက ကျွန်တော်တို့ဘက်မှာ ရပ်တည် နေတယ်လို့ ကျွန်တော်တို့အားလုံး တွေးထင်လိုက်ကြပါတယ်။

ဒီအချိန်မှာ ဒေါသစိတ်နဲ့ ခံပြင်စိတ်ကို မထိန်းနိုင်ကြတဲ့သူအချို့က ဆဲဆိုကြိမ်းမောင်းတာတွေ…ခဲနဲ့ လှမ်းပြစ် တာမျိုးတွေရှိတော့… စစ်ခွေးတို့အတွက် အကြောင်းပြချက်ရပြီး ပစ်ခတ်နှိုမ်နင်းတဲ့အထိရောက်ခဲ့ရတယ်။ ဒါဟာလည်း ကျွန်တော်တို့အတွက် သင်ခန်းစာတစ်ခုပါပဲ။ နောက်နောင်ပေါ်ပေါက်လာမယ့် တော်လှန်ရေးတွေမှာ ကျွန်တော်တို့ ဒါမျိုးမလုပ်သင့်ဘူး ထင်မိတယ်။ ဒါပေမယ့်လည်း ဒါက ချွင်းချက်အနေနဲ့ပါ။ ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ ဦးနုရေးတဲ့ ဒီမိုက ရေစီကာကွယ်ကြဆိုတဲ့စာအုပ်ထဲမှာ သူပြောဘူးတယ်။ ဒီမိုကရေစီဆိုတာ ကိုယ့်ရဲ့ပါးကိုလာရိုက်ရင် နောက်တစ်ဖက် ပါ ရိုက်ပါလို့ လှည့်ပေးနိုင်ရမယ်လို့ သူပြောခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ စစ်အုပ်ချုပ်ရေးမှာတော့ ဒါဟာ လုံးဝမဖြစ် နိုင်တဲ့ကိစပါ။ ကျွန်တော်တို့ အရိုက်ခံဖို့လှည်ပေးခဲ့ရတာ နေရာတောင်မကျန်တော့ဘူးဆိုတာ ကျွန်တော်တို့လို ခံစား နေကြရတဲ့ ပြည်သူတွေလောက် ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။

ပထမဆုံး ကြည်ဆယ်တောင့်လောက်ကို မိုးပေါ်ထောင်ပြီး ပစ်လိုက်တယ်။ ဆန္ဒပြဆုတောင်းနေတဲ့ လူအုပ် ကြီးစပြီး ကဆင့်ကလျားဖြစ်သွားတယ်။ ဘယ်လောက်ပဲ စိတ်ဓာတ်ပြင်းထန်တဲ့သူဖြစ်ပါ့စေ။ သေနက်နဲ့ပစ်ခတ်တာကို တော့ မကြောက်ပဲဆက်မနေရဲကြတော့ဘူးပေါ့။ ကျွန်တော့်ရှေ့က လူအုပ်ကြီး ကျွန်တော်ဆီကို ပြိုကျလာတော့ သူတို့ နဲ့အတူ အလိုက်သင့်ပြေးရုံမှတပါး အခြားရွေးစရာမရှိတော့ပါ။ မပြေးပဲသာရပ်နေမယ်ဆိုရင် ကျွန်တော် လူအနင်း ခံရတာနဲ့ နေရာမှာတင်ပွဲချင်းပြီးသွားနိုင်ပါတယ်။ ကျွန်တော် ပြေးလိုက်တာ မှန်တယ်လို ပြောရမှာပါ။ ကျွန်တော်လည်း MOON BAKERY ရှေ့ရောက်တော့ သေနက်ပစ်သံဟာ မိုးပေါ်ထောင်ပစ်တဲ့အသံမဟုတ်တော့ပဲ ကျွန်တော့်နောက် ကြောဘက်နေ ကျွန်တော့်အရှေ့အထိကို သွားတဲ့အသံမျိုးတွေဖြစ်လာတယ်။ ဒီကောင်တွေ လူအုပ်ထဲကို ပစ်ပြီဆိုတာ ကျွန်တော်သိလိုက်ရတယ်။ကျွန်တော် နောက်ကို လှည့်ကြည့်လိုက်တယ်။ ခုနကပစ်ချလိုက်တဲ့ သေနက်ပစ်သံကြောင့် လေးငါးဆယ်ယောက် လဲကျသွားတာကို တွေ့လိုက်ရတယ်။ ကျွန်တော်ဘာမှ မတက်နိုင်ပါ။ သူတို့ကို ပြန်သွားထူဖို့ ထက် အဲ့ဒီတုန်းကအတွေ့အကြုံကို ဒီလိုစာပြန်ရေးနိုင်ဖို့အတွက် ကျွန်တော်အသက်ကို ဖက်နဲ့ထုတ်ပြီး ပြေးခဲ့ရတာကို ဘယ်သူ့မှ ကျွန်တော်ကို ညံ့တယ်လို ပြောကြမယ်မထင်ပါဘူး။

ဒီအချိန်မှာ ကျွန်တော့် သွေးတွေ ဆူပွက်လိုနေတယ်။ နှလုံးခုန်သံလည်း တော်တော်မြန်နေပါပြီ ဆူးလေ ဘုရားလမ်း အထက်တစ်ဘလောက်လုံးမှာ ပုံးကွယ်စရာမရှိ။ ကားအောက်ပြေးဝင်ရင် မ၀င်ရင် ဆက်ပြေးရုံပဲရှိတော့ တယ်။ တော်ပါသေးတယ်။ အဲ့ဒီနေ့က ကျောက်တံတားရဲစခန်းက သဘောကောင်းပေလို့။ အဲ့ဒီကနေသာ ထပ်ပြီးပစ် ပြစ်ဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ စက်တင်ဘာတော်လှန် ရေးမှာ စတေးခံရမယ့်သူတွေ ပိုများသွားနိုင်ပါတယ်။

ကျွန်တော် နောက်လှည့်ကြည့် လှည့်ကြည့်နဲ့ပြေးတယ်။ ခုနက ဆုတောင်းဆန္ဒပြနေကြတဲ့သူတွေအားလုံးရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ကြောက်ရွံခြင်းတွေအပြည်နဲ့ပါ။ သူတို့မှာ အားကိုးရာမရှိတော့ပါဘူး။ သူတို့သက်ဝင်ယုံကြည်တဲ့ ကံ ကံရဲ့အကြိုးကို သူတို့ဘယ်လိုက်ရှာလို့ ရှာမှန်းမသိတော့ပါဘူး။ သူတို့တတွေရဲ့ ရှေ့မှာတင် သံဃာတော်အချို့ လဲကျသွားခဲ့တယ်။ ဒါဟာ ကံ ကံရဲ့အကြိုးလား။ လူတွေလုပ်နေကြတာလားဆိုတာ အဖြေကရှင်းနေပါတယ်။ ပြည်သူ အားလုံးရဲ့ စိတ်ဓာတ်ထဲမှာတော့ ဒီအဖြစ်အပျက်တွေဟာ သံမှိုစွဲသလို ကျွန်တော်နိုင်ငံရဲ့ အမှန်အကန်သမိုင်းထဲမှာ ထပ်ကြပ်မကွာပါသွားမှာ သေခြာပါတယ်။ စက်တင်ဘာလှုပ်ရှားမှုကနေ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး အတွက် မျိုးဆက်တစ်ဆက်ကို မွေးထုတ်ပေးလိုက်ပြန်ပါတယ်။ အဲ့ဒါတော့ သုံညမျိုးဆက်လို့ခေါ်ရမယ့် ၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်မှာ မွေးဖွားခဲ့ကြတဲ့သူတွေပါ။ သူတို့မှာ မတူညီကွဲပြားခြားနားတဲ့ခံစားချက်ကိုယ်စီနဲ့ ဘ၀နေထိုင်မှုဟန်ပန် တွေရှိကြပေမယ့် နိုင်ငံရေးနဲ့ပတ်သက်လာရင်တော့ ဘယ်တော့မှ စိတ်မကုန်တက်ကြတဲ့ လူငယ်တွေ။ ဇွဲရှိရှိနဲ့ အချိန်ကိုစောင့်ဆိုင်းပြီး တော်လှန်ယူမယ်သူတွေကို မွေးထုတ်နိုင်ခဲ့ပြန်တာပါ။ ဒါဟာ သမိုင်းတစ်ပတ်လည်တာလို့ ကျွန်တော်ပြောချင်ပါတယ်။ သူတို့ဟာ နိုင်ငံရေးမင်းသားတွေမဖြစ်ချင်ကြပါဘူး။ သာမန်ပြည်သူတွေလို နိုင်ငံရေးကို စိတ်ဝင်စားတယ်။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်တိုက်ပွဲဝင်တယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်နေတယ်။ ဖြစ်နိုင် သမျှ ကင်းကင်းနေချင်ကြတဲ့စိတ်ဓာတ်ရှိကြတဲ့သူတို့တွေ… စက်တင်ဘာတော်လှန်ရေးမှာ ဒေါင်းအလန်မရှိတဲ့အခါ အင်္ကျီအနီရောင်ကို ချွတ်ပြီး အလံလုပ်ချီတက်ခဲ့ကြတာ…. သူတို့မျက်နှာကို နောက်လူတွေသင်ကြားရမယ့် သမိုင်း စာအုပ်မှာ ပါချင်လွန်လို့လုပ်ခဲ့ကြတာမဟုတ်ပါဘူး။ ကိုယ့်ဘ၀အတွက်.. ကိုယ့်မျှော်လင့်ချက်အတွက်… ကိုယ့်အမျိုးသားထုအတွက်.. ကိုယ့်အနာဂတ်အတွက်… ကိုယ့်မျိုးဆက်အတွက် လုပ်ဆောင်ခဲ့ကြတာပါ။

စက်တင်ဘာလ (၂၆. ၂၇ . ၂၈) ရန်ကုန်တစ်မြို့လုံး ကမ္ဘာပျက်နေသလိုပါပဲ။ လမ်းလျှောက်နေတဲ့သူ အင်္ကျီအနီရောင်ဒါမှမဟုတ် အနက်ရောင်ဝတ်ထားရင် တွေ့သမျှကို ရိုက်နှက်ကားပေါ်တင်ပြီး စစ်ဆေးခံနေရတဲ့ နေရက်တွေကို အားလုံးဖြတ်သန်းနေကြရတယ်။ လူငယ်တွေလမ်းပေါ်မထွက်ရဲလောက်အောက်အထိပါပဲ။ လက်ဘက် ရည်ဆိုင်ထဲဝင်ဆွဲတယ်။ ဆံပင်ညှပ်ဆိုင်ထဲဝင်ဆွဲ… အကုန်အကုန်ပါပဲ။

သတင်းတွေအရတော့ စက်တင်ဘာလှုပ်ရှားမှုအတွင်းမှာ သံဃာတော်တော်တွေ နဲ့ကျောင်းသားတွေတော် တော်များများ စတေးခံလိုက်ရတယ်လို့ ကျွန်တော်တို့ပြန်ကြားရတယ်။ ရေဝေးသုသာန်မှာ မသေမရှင် ဖြစ်နေတဲ့သူတွေ ကို မီးရှို့ပြီးအလောင်းဖျောက်ပစ်တယ်လို့ ကျွန်တော်တို့ကြားရတယ်။ သွေးပျက်မတက်ပါဘဲ။ ကျွန်တော်တို့ရဲ့ ဒီမိုက ရေစီအရေးနဲ့ လူ့အခွင့်အရေးတို့အတွက် ဆင်နွဲခဲ့ကြတဲ့ လူထုလှုပ်ရှားမှုဟာ စစ်တပ်ရဲ့ သေနက် ပြောင်းဝမှာ အရေးနိမ်ခဲ့ကြရပါပြီ။ တော်လှန်ရေးကာလအတွင်းမှာ ကျွန်တော်နဲ့ လူအုပ်ကြားထဲမှာ ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်း အချို့ကို လူထုလှုပ်ရှားမှုပြီးတဲ့အချိန်တွေမှာ ပြန်မြင်ရဖို့ အခုအချိန်ထိမျှော်လင့်နေခဲ့မိတယ်။ ဒါပေမယ့် သူတို့ကို ပြန်မတွေ့ရတော့ဘူး။ သူတို့ဟာ တော်လှန်ရေးအတွင်းမှာပဲ စတေးခံသွားကြရပြီလား။ ဒါမှမဟုတ် ဘာတွေများဖြစ်ကုန်ကြပြီလဲဆိုတာ ကျွန်တော်မတွေးတက်ပါ။ ကျွန်တော်မှတ်မိနေပါသေးတယ်။ ကျွန်တော်ထက် အသက်လေးငါးနှစ်လောက် ငယ်မယ်ထင်ရတဲ့ ကောင်လေးတစ်ယောက် သူ့နာမည်ကိုတော့ ကျွန်တော်မသိခဲ့ရပါ။ သူက တညင်ကဆိုတာတော့ သိခဲ့ရတယ်။ သူဟာ စက်တင်ဘာတော်လှန်ရေးကာလအတွင်းမှာ ရန်ကုန်ကိုလာပြီး ဒီမိုကရေစီရေးအတွက်တောင်းဆိုဖို့ ပိုက်ဆံမရှိလို့ သူကျောင်းတက်ရင်း အသုံးပြုတဲ့ထမင်းချိုင့်လေးကို ပေါင်ပြီး ရန်ကုန်ကိုရောက်အောင်လာပြီး သူ့အခွင့်အရေး… တစ်မျိုးသားလုံးအရေးအတွက် တောင်းဆိုခဲ့တာပါ။ နောက်တစ်နေ့မှာ ကျွန်တော်တို့ ဆူးလေဘုရားလမ်းမှာ ဆုံဖို့ချိန်းခဲ့ကြပေမယ့် အဲ့ဒီနေ့က သူဆူးလေကို ရောက်မ လာနိုင်ခဲ့ရှာပါဘူး။ ရောက်ချင်လည်း ရောက်ချင်လည်းရောက်လာပါလိမ့်မယ်။ နောက်တစ်နေ့ကစပြီး သူတို့အဖွဲ့ကို လုံးဝမတွေ့ရတော့ပါဘူး။ သူတို့လည်း တော်လှန်ရေးအတွင်း စတေးခံမြေသြဇာသက်သက်များဖြစ်သွားပြီလားတွေး ရင်း ကျွန်တော် သူတို့လိုသူငယ်ချင်းတွေအတွက် တာဝန်မကြေပွန်တဲ့သူတစ်ယောက်ဖြစ်နေမှာကို စိုးရိမ်မိတယ်။ သူတို့သာ တော်လှန်ရေးကာလအတွင်း တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုပါက ကျွန်တော်တို့အတူတူဆင်နွဲခဲ့ကြတဲ့ အရေး တော်ပုံမပြီးဆုံးမချင်း မအောင်မြင်မချင်း ကျွန်တော် တာဝန်မကြေသူတစ်ယောက်ပဲဖြစ်နေလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားလိုက်ပါတယ်။

စက်တင်ဘာလှုပ်ရှားမှုပြီးသွားတဲ့အချိန်မှာ လူငယ်တွေ အရင်တုန်းကထက် ပိုပြီး သွေးစည်းလာလာကြ တယ်။ ရန်ကုန်မြို့မှာ လူငယ်အချင်းချင်း ရိုက်ကြနှက်ကြ ရန်ဖြစ်ကြတယ်ဆိုတဲ့အသံ တော်တော်ကိုကြားရခဲသွားပါပြီ။ ပညာမတက်ရင် ဘာမှ ဖြစ်မလာနိုင်ဘူးဆိုတာကို သူတို့သိလာကြတော့ သင်တန်းတွေမှာ အချိန်ကို အသုံးချလာကြ တယ်။ လက်ဘက်ရည်ဆိုင်ထိုင်ချိန်တွေ လျော့လာတယ်။ အင်တာနက်ဆိုင်တွေမှာ ကိုယ်ဝါသနာပါတာ။ ကိုယ်လေ့ လာချင်တာလေးတွေကို လေ့လာရင် ကိုယ့်အတွက်ကို ပြင်ဆင်နေကြတယ်။ ဒါ ကျွန်တော်တို့ လူငယ်တွေအတွက် အဆိုးထဲကအကောင်းလို့ပြောရမယ့်အခြေအနေမျိုးပါ။ ဘာကြောင့်လဲဆိုရင် မြန်မာပြည် ရန်ကုန်မြို့မှာ လူတန်းစား ကွာဟချက်ကြီးမားတော့ အဲ့ဒီကွာဟချက်ကို ပညာတစ်ခုတည်းနဲ့သာ ရင်ကြားစေနိုင်မယ်ဆိုတာကို လူငယ်အကုန်လုံး သဘောပေါက်လက်ခံထားကြတော့ သူတို့ဘ၀အတွက် လိုအပ်တဲ့အရာတွေကို သူတို့ဖြည့်စည်းရင်း ဘ၀ကို ချို့တဲ့စွာနဲ့ ဖြတ်သန်းကြတယ်။ အခြေအနေပေးလာရင် နိုင်ငံခြားထွက် အလုပ်လုပ်ငွေစုပြီး စားဝတ်နေရေးအဆင်မပြေတဲ့ မိသားစုကို ထောက်ပံ့ကြရတယ်။ ဒီပုံစံကိုကြည့်မယ်ဆိုရင်တော့ လူငယ်တွေဟာ နိုင်ငံရေးနဲ့ဝေးသွားပြီလို ထင်ဖို့ကောင်းပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံရေးနဲ့ဝေးသယောင်ရှိနေတယ်ထင်ရတာပါ။ အားလုံးလိုလိုမှာ နိုင်ငံရေးခံယူချက်အပြည်နဲ့ အမိမြေကို စွန့်ခွာခဲ့ကြရတာပါ။ အမိမြေမှာ မက်စရာအိပ်မက် မရှိတာထက်စာရင် ရေခြား မြေခြားမှာ သူတို့အတွက် မက်စရာအိပ်မက်တွေ ပိုရှိမယ်ဆိုတာကို သူတို့တွေ သိလာကြလို့ပါ။ ဒါဟာ နအဖအကြိုက် လမ်းစဉ်တစ်ခုဖြစ်သလို သူတို့မျှော်လင့်ထားတဲ့ အရာလည်းဖြစ်ပါ တယ်။ တော်လှန်ရေးတိုင်းမှာ လူထုကို ဦးဆောင်ဦးရွက်ပြုခဲ့ကြတာ အလက်အလက်ပညာတက်လူတန်းစားဖြစ်ပါတယ်။ အထက်တန်းလူတန်းစားကတော့ တော်လှန်ရေးကိုလက်ခံနိုင်ရင် အကူအညီအထောက်အပံ့လောက်ပဲပေးပြီး နောက်ကွယ် ကပဲ နေတက်ကြတဲ့သဘာဝရှိပြီး အခြေခံလူတန်းစားကတော့ တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်ကြလေရှိပါတယ်။ ဒါကြောင့် တော်လှန်ရေးတွေကို ဦးဆောင်လေ့ရှိတဲ့ အလယ်အလက်ပညာတက်လူတန်းစားကို တိုင်ပြည်အတွင်းမှာ မနေနိုင် အောင်နည်းမျိုးစုံနဲ့ အစိုးရက ဖိအားပေးထားတဲ့အတွက် ဒီလူငယ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်ကြရတာ အထူးအဆန်း တော့မဟုတ်ပါဘူး။ ဒီလူငယ်တွေအားလုံးရဲ့ အသိအာရုံတွေထဲမှာ စက်တင်ဘာတော်လှန်ရေးအပြီးမှာ ပေါ်ပေါက်လာတဲ့ အတွေးတွေက တော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ကျဆုံးခဲ့ကြတဲ့ ရဲဘော်များ၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလှုပ်ရှားမှု အတွင်း ကျဆုံးခဲ့ကြတဲ့ရဲဘော်များနဲ့ ဒေါ်အောင်ဆန်းဆုကြည်အပါအ၀င် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများရဲ့ ဘ၀တွေကိုစတေးခံထားရတဲ့အတွက် တော်လှန်ရေးပြီးဆုံးချိန်မတိုင်မချင်း စိတ်ရှည်ရှည်နဲ့ တော်လှန်ကြဖို့လိုပြီဆိုတဲ့ အတွေးတွေအားလုံး ခေါင်းထဲမှာ ၀င်ရောက်လာခဲ့ကြပါပြီ။

ဒီနေရာမှာ ကျွန်တော် အလောင်းဘုရားရဲ့ စိတ်ဓာတ်မျိုး အမိမြေနဲ့ဝေးနေကြတဲ့ မြန်မာတိုင်းရှိနေကြဖို့ပြောပြ ချင်ပါတယ်။ အလောင်းဘုရားရဲ့ ဗမာ့တပ်မတော်ဟာ ယိုးဒယားနိုင်ငံကိုသိမ်းပိုက်နိုင်ဖို့အတွက် အယုဒယမြို့တော်ရဲ့ အပြင်ဘက်မှာ နှစ်နဲ့ချီအောင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေလုပ်ကိုင်ရင်း ထိုင်စောင့်ပြီး စစ်တိုက်ခဲ့ပြီး အယုဒယမြို့ကို သိမ်းနိုင်ခဲ့တဲ့ဟာကို သင်ခန်းစာယူကြဖို့လို ပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာရောက်နေကြတဲ့ မြန်မာတိုင်းကသာ ဒီမိုကရေးစီအရေးလှုပ်ရှားမှုတိုင်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ရဲဘက်တွေရဲ့သွေးတွေ ခြောက်သွေ့အောင် မလုပ်ပေးနိုင်မချင်း ဒီလိုကျဆုံးခဲ့သူတွေရဲ့ ၀ိဥာဏ်တွေဟာလည်း သူတို့ရဲ့ သွေးစက်များရှိရာ ကတ္တရာလမ်းမတွေပေါ်မှာ ရှိနေကြဦးမှာပါ။ ဒီဝိဥာဏ်တွေကို ကျွန်တော်တို့ လွတ်မြောက် အောင် လုပ်ဆောင်ပေးကြဖို့လိုပါတယ်။ ဒီလိုလုပ်ဆောင်ပေးနိုင်မှသာ ကျွန်တော်တို့ဟာ ကျဆုံးခဲ့တဲ့သူတွေအပေါ် တာဝန် ကျေပွန်သူတွေဖြစ်ပါလိမ့်မယ်။ ဒီလို တာဝန်ကျေးပွန်သူတွေဖြစ်အောင် ကျွန်တော်တို့မြန်မာတိုင်း မြန်မာတိုင်းဇွဲရှိရှိနဲ့ မအောင်မြင်သေးတဲ့ တော်လှန်ရေးကို ဆက်လက်ဆင်နွဲနေကြဖို့ လိုပါတယ်။


မင်းထက်ဘုန်းမြတ်

2008 ခုနှစ်၊ နိုဝင်ဘာလ (30)
(မှတ်ချက်။ ။ မြန်မာသံတော်ဆင့် Myanmar Herald Tribune http://www.myanmarht.co.cc နှင့် http://www.punkrockmee.co.cc/search?updated-max=2008-12-09T19%3A18%3A00-08%3A00&max-results=10 တို့တွင် ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။)

==========================================================

ကဗျာဆရာနဲ့ နိုင်ငံရေးသမား

မောင်စွမ်းရည် (၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်)

ကဗျာဆရာ နိုင်ငံရေးသမား မဟုတ်ပါဘူး။ ဒါပေမယ့် ကဗျာဆရာရဲ့ သဘာဝက သူ့ဘ၀ခံစားမှုကို ကဗျာအနုနဲ့ ဖော်ထုတ်တဲ့လူတမျိုးဆိုတော့ သူ့ဘ၀မှာ နိုင်ငံရေးခံစားမှုနဲ့ကြုံရင် နိုင်ငံရေးကဗျာရေးတာပါပဲ။ ကဗျာဆရာဟာ ခံစားမှုကို လိမ်ညာပြောလေ့မရှိပါဘူး။ လိမ်ညာပြောရင် ကဗျာဂုဏ်မမြောက်တော့ဘူး။ မုသားပါရင် လင်္ကာပျက်ပါတယ်။ သူဟာ လူတောထဲမှာနေတာဆိုတော့ လူတွေနဲ့ အတူခံစားရတာပါပဲ။ လူတွေရဲ့ ခံစားမှုကို သူဟာကိုယ်စားပြုပြီး ထုတ်ဖော်တတ်တယ်။ ဒီအခါ ပြည်သူ့ခံစားမှုကဗျာအဖြစ် ထွက်ပေါ်လာပြီး ပြည် သူချစ်တဲ့ ကဗျာဆရာအဖြစ် ရှေ့တန်းရောက်လာတာပါပဲ။ သူ့အသံက ဘ၀သစာအသံ၊ ပြည်သူ့ဘ၀သစာ အသံ ဖြစ်လာတာပါပဲ။

ဘယ်သမိုင်းမှာမဆို ကဗျာဆရာမပါတဲ့ နိုင်ငံရေးမရှိပါဘူး။ ဟိုးမားတို့၊ ၀ါလိမိကိတို့လိုပေါ့။ ဗမာ့သမိုင်း မှာတော့ မှတ်တမ်း၊ မှတ်ရာအဖြစ် အစောဆုံးကျန်တဲ့အထဲမှာ ပင်းယခေတ်က ကာချင်းကဗျာဟာ နိုင်ငံရေးကဗျာ တပုဒ်ပါပဲ။ တရုတ်လာသည် ရိုင်ရိုင်လော ရိုင်ရိုင်။ မြားမိုးရွာသည် ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်။ ဟုတ်တည် ရှင်ချင် ရှင်းချင်။ ဟုတ်တည်သည် ရင်းသည်ရင် စတဲ့ကဗျာဟာ ကျူးကျော်သူ ခုခံတဲ့ကဗျာတစ်ပုဒ် ပါပဲ။

ခေတ်အဆက်ဆက်မှာ ကဗျာကို အသုံးပြုပြီး ဘုရင်ရဲ့ဘုန်းတော်ဘွဲတင် ပညာရှိတွေအများကြီးပါပဲ။ ဒီ အထဲက စိန္တကျော်သူဦးသြကိုဆိုရင် ဆရာဇော်ဂျီက အရေးတော်ပုံစာဆိုလို့ ခေါ်ခဲ့တယ်။ စာဆိုကြီးဟာ အလောင်းမင်းကို အမျိုးသားခေါင်းဆောင်အဖြစ် ဗဟိုပြုစည်းလုံးရေးအတွက် ဘုန်းတော်ဘွဲတွေ ဖွဲ့ခဲ့တာလို့ ရှင်းပြ တယ်။ စာဆိုကြီးဟာ တပ်မတော်သားတွေရဲ့ ဇွဲသတ္တိကို ရေးဖွဲ့ခဲ့ပါတယ်။ တချို့စာဆိုတွေရဲ့ မော်ကွန်းတို့ ဧချင်း တို့ဆိုတာလဲ ဇာတိမာန်ဘွဲ အကောင်းစားတွေပါပဲ။ ကျနော်တို့ ဗိုလ်အောင်ဆန်းကို စာဖွဲ့ကြသလိုပေါ့။

ရဟန်းတော်တွေကလဲ ပြည်သူ့ကြားထဲနေထိုင်ကြတာဆိုတော့ ပါတော်မူကာလတုန်းကဆိုရင် ဆီးဘန် နီဆရာတော်ကြီးရဲ့ အသံဟာ တော်တော်ကျယ်ခဲ့ပါတယ်။ “ထီးသုဉ်း နန်းသုဉ်း မြို့သုဉ်း သုည၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည်း၊ သြော်ကောင်း၏။” တဲ့ သံဝေဂသံပါပေမယ့် ကျွန်ဘ၀ရောက် လို့ မနှစ်သက်ပုံအဖြစ် ပေါ်လွင်လှပြီး နာကျည်းသံထွက်လို့လဲနေပါတယ်။ အချုပ်တန်းဆရာဖေကဆိုရင်လဲ “ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး” လို့ နာနာကျည်းကျည်း ဆိုမြည်းခဲ့ပါတယ်။ မောင်းထောင်း ဦးကျော်လှခမျာမှာ တော့ မတန်မရာ ထီးဖြူမိုးမိတဲ့ အင်္ဂလိပ်အရာရှိတယောက် မိုးကြိုးပစ်ခံရတာကို ၀မ်းမြောက်ကဗျာဖွဲ့မိလို့ အဖမ်း အချုပ်ခံလိုက်ရပါသေးတယ်။ “ထီးဖြူရုံပြသဒ်နဲ့ မအပ်တဲ့ဘုရား” စာဖြင့်ဖွဲ့ခဲ့တာပါ။ အဲ့ဒါတွေက ရှေးအဆက် ဆက်ပေါ့လေ။ စာဆိုတွေ မနေတက်ခဲ့ပုံကို ပြတာပါ။

ခေတ်သစ်မြန်မာ့သမိုင်းမှာတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာတွေဟာ ရသလဲမြောက်၊ ပြည် သူကြားလဲရောက်တဲ့ တကယ့်ပြည်သူ့ကဗျာတွေပါပဲ။ တောကျေးလက်က ကျနော်တို့ရဲ့ ဘိုးဘွားမိဘတွေလဲ တပိုင်းတစ နုတ်တက်ရွရွ ရွတ်ဆိုခဲ့ကြဖူးပါတယ်။ ဗိုလ်ဋီကာ၊ ဘွိုင်ကေက်ဋီကာ၊ ခွေးဋီကာ၊ မျောက်ဋီကာစတဲ့ ဋီကာတွေမှာ လေးချိုးကြီးတွေဖွဲ့လိုက် စကားပြေနဲ့ ရှင်းလိုက်နဲ့ ရေးဖွဲ့ခဲ့တာဆိုတော့ ကဗျာတွေအများကြီးပါ။ ပုဂံ ခေတ်ဘွဲ၊ အလောင်းမင်းတရားဘွဲ၊ ဗိုလ်ရောင်ဘွဲ့၊ ဖေပုရှိန်ဘိလပ်သွား ကိုယ်စားလှယ်များဘွဲ၊ တကသိုလ် အိုးဝေမဂ္ဂဇင်းဘွဲ့၊ ဆရာတော် ဦးဥတ္တမဘွဲ့၊ ကဠုန်ဆရာစံဘွဲ့စတဲ့ လေးချိုးကဗျာကြီးတွေ အထူးထင်ရှားလှပါ တယ်။ ဗိုလ်လရောင်ဘွဲဆိုတာ သူ့တပည့်သခင်အောင်ဆန်းကို ဂုဏ်တင်ပွဲထုတ်တဲ့ လေးချိုးကြီးပါ။ “ဖျင်းလှတဲ့ ကမြင်းမကောင် ဗိုလ်တချို့ရယ်က၊ ကိုယ်ဖို့အလွတ်ရုန်းရော့ထင့်” လို့ ပါလို့စစ်ဗိုလ်အစိုးရရဲ့ ကျောင်းတွေမှာ မသင်ရဘူး။ အိုးဝေမဂ္ဂဇင်းဘွဲ့ကဗျာကြီးမှာလဲ “ထီးမထင် ကျောင်းတော်သားတွေရဲ့ အမည်အစဉ် ခေါင်းအပေါ် ဖျားမှာလ၊ မင်းရို့ဆရာကို စာရင်းတို့ကာသာထားလိုက်ပေကြတော့” ဆိုတဲ့ ခေတ်သစ်ကျောင်းသားလှုပ်ရှားမှုမှာ အရေးကြီးဆုံးကဗျာပါ။ “အပင်းအဆိပ်ကဲ့သို့သော အင်္ဂလိပ်တွေကို ဂျောင်းဟာ ဂျောင်းလကွနဲ့ မောင်းကာသာချ လိုက်ပေတော့” လို့လဲ တိုက်ရိုက်တိုက်ခိုက်ရေးသာလို့ ရန်သူနံပတ် (၁) အဖြစ် မှတ်တမ်းတင်ခံရပါတယ်။ လယ် သမားသူပုန်ကြီးကို ဗမာခေတ်ပညာတတ်တွေက နှာခေါင်းရှုံနေချိန်မှာ ဆရာကြီးက “ရဂုံစံချစ် ဆရာတပည့်တို့မှာ ဖြင့် ဥုံအရဟံသစာကတိတွေနဲ့၊ ကဠုန်သရဏံဂစ္ဆာမိကြပေတော့” လို့ အံ့တပါး အားပေးဂုဏ်ပြုခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းရေးလှုပ်ရှားမှုတွေမှာလဲ လေးချိုးကြီးတွေ လက်စွဲပြုပြီး ပါဝင်ခဲ့ပါတယ်။ တသက် တာလုံး ကဗျာဖွဲ့ပြီး ကျောင်းသားအရေးတော်ပုံ၊ နယ်ချဲ့ဆန့်ကျင်ရေးအရေးတော်ပုံ၊ တောင်သူလယ်သမားအရေး တော်ပုံတို့မှာ ကဗျာစာဆိုကြီးဟာ ရှေဆုံးက မားမားမက်မက်ရပ်ခဲ့တာဟာဖြင့် ခေတ်စာဆိုတွေအတွက် ကဗျာ ဆရာရဲ့ တာဝန်တွေကို လမ်းခင်းပြခဲ့သလိုပါပဲ။

ခေတ်စမ်းခေတ်ကတော့ ၁၉၃၀ က ၁၉၄၀ လောက်အတွင်းဟာ အဓိကပေါ့။ ခေတ်စမ်းစာဆိုတွေ အားလုံးဟာ အမျိုးသားကျောင်းထွက် မျိုးချစ်ပုဂ္ဂိုလ်တွေချည်းဆိုတော့ သူ့နည်းနဲ့သူမျိုးချစ်အလုပ်တွေကို ပြခဲ့ကြ ပါတယ်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ဟာဆိုရင် ကျောင်းသားဘ၀မှာကတည်းက အမျိုးသားနေ့ဘွဲ့ ကဗျာ တွေဖွဲ့ခဲ့ကြပြီး တကသိုလ်ဆရာဘ၀မှာ ကိုနု၊ ကိုအောင်ဆန်း၊ မအမာတိုရဲ့ ၁၉၃၆ သပိတ်နဲ့ကြုံတော့လဲ အိုးဝေ ဘွဲ့ကဗျာတွေ ဗိုလ်အောင်ကျော်ဘွဲတွေ အမျိုးမျိုးဖွဲ့ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ဆရာဇော်ဂျီရဲ့ လွတ်လပ်ရေးနေ့ အတွေးကဗျာ၊ တို့တိုင်းပြည်ကဗျာ၊ အိုတက်လူတို့ကဗျာတွေဟာဆိုရင် အစိုးရကတောင် မကြားရဲလို့ ပိတ်ပင်ခဲ့ရ လောက်အောင် ပြောင်မြောက်ခဲ့ပါတယ်။ တို့တိုင်းပြည်ကဗျာမှာဆိုရင်….

ထလော့ မြန်မာ၊ မြန်မာထလော့၊ အားမပျော့နှင့်၊ မလျှော့လုံးလ၊ သူကစရ်ျ၊ ငါကအားလုံး၊ လက်ရုံးများ မြောင်၊ ဥာဏ်များမြောင်နဲ့၊ စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့ တဲ့။ အိုတက်လူတို့ကဗျာမှာဆိုရင်လည်း “အဟောင်းပျက်လျှင်၊ အသစ်ပြင်လော့၊ အမြင်ကျယ်ရ်ျ၊ ပညာမွေ့လော့ ယနေ့လူငယ်၊ နောင်ဝယ်လူကြီး၊ သင်လည်း တဦး၊ သားထူးသားမြတ်၊ ဖြစ်အပ်ရာသည်၊ ရှေ့သို့ရည်ရ်ျ၊ ထိုမည်မက၊ သင်္ခါရဟု၊ စိတ်ကမစော၊ လောလောဆယ် ဆယ်၊ ဒုက္ဃနယ်ကို၊ ကယ်တင်နိုင်ကြပါစေသတည်း” စသဖြင့် ရေးခဲ့ပါတယ်။ တိုင်းပြည်အရေးကြီးချိန်မှာ တရား သံဝေဂယူလေရုံမျှသာဆိုရင် ဗမာတွေဟာ ကျောင်းကြိုကျောင်းကြားမှာ ပုတီးသာအဖတ်တင်ကျန်လိမ့်မယ်လို့လဲ သတိပေးပါတယ်။ ဒီကဗျာတွေကို လူထုဦးလှရဲ့ ကြီးပွားရေးမဂ္ဂဇင်းမှာ ရေးခဲ့ပါတယ်။ လွတ်လပ်ရေးရတော့လည်း “၀မ်းမ၀ မျှမညီ၊ သည်နိုင်ငံအရေး၊ သည်လောကီသည် ရှုပ်ထွေးရှင်းနိုင်မှလေး” လို့ ရေးခဲ့ပါတယ်။ ဒါကို ၂၀၀၀ ပြည့်နှစ်က မဂ္ဂဇင်းတွေမှာ အစိုးရကပြန်လည် ဖော်ပြခွင့်မပြုခဲ့ပါဘူး။

ဆရာမင်းသုဝဏ်ရဲ့ သပြေညိုကဗျာကတော့ ကျောင်းသုံးစာအုပ်မှာပါခဲ့လို့ လူတိုင်းလောက် အလွတ်ရ နေကြပါတယ်။ “စည်တော်ကို ရည်မျှော်ရွှမ်းရအောင်၊ သပြေညိုရွှေဘိုပန်းရယ်နဲ့၊ လှမ်းကြစို့လေး” တဲ့။ အဲ့ဒါကိုလဲ အစိုးရက ကျောင်းသုံးစာအုပ်က ဖယ်ထုတ်ပစ်ခဲ့ပါပြီ။ အိုးဝေဘွဲ့၊ အောင်ကျော်ဘွဲ့တို့အပြင် မှိုင်းရာပြည့်လို့ ကဗျာ မျိုးကိုလည်း ဆရာကပဲ ရှေ့ဆုံးကနေ ရေးဖွဲ့ခဲ့တာပါ။

ဆရာက လွတ်လပ်ရေးရတာဟာ ကျောင်းသားတွေရဲ့ကျေးဇူး၊ အိုးဝေကျေးဇူးလို့ ယုံကြည်လို့ အိုးဝေဘွဲ ကဗျာတွေအများကြီးရေခဲ့တာပါ။ သာဓုသံကဗျာမှာ “အိုးဝေထိုးဆွပ်၊ ဘယ်ညာခွပ်ရ်ျ၊ လွတ်လပ်ရလေ၊ တို့တတွေ သည်၊ အိုးဝေကျေးဇူးပါတကား။” “အိုးဝေကျေးဇူး၊ မထိမ်မထိ၊ ခါဦးကောဇာ၊ က်ျအခါကို၊ သာဓုခေါ်ကြပါကုန်လော့။” တဲ့။ “ဒေါင်းမိခင်၏ စကားသုံးခွန်း” ဆိုတဲ့ကဗျာကိုတော့ တပုဒ်လုံးဖော်ပြလိုက်ချင်ပါတယ်။ ခေတ်အဆက်ဆက် ကျောင်းသားတွေကို ညွှန်းဆိုနေဟန်ရှိပါတယ်။

နားဆို့နှုတ်ပိတ်

မျက်စိမှိတ်သည်

အဟိတ်မကြား

ယုတ်တရားကို၊ မေ့သာမျက်ပျံ

တိုက်ဖျက်နှံရှင်း၊

ဒေါင်းလံလွှင့်နိုင်ပါစေသောဝ်….။

ကြီးနိုင်ငယ်ညှင်း

ကိုယ်စိတ်ကျဉ်းအောင်

ငြိုးဖျည်းမုန်းထား

ယုတ်တရားကို

မေ့သာသက်နှံ၊ တိုက်ဖျက်နွှံရှင်း

ဒေါင်းသံရင့်နိုင်ပါစေသောဝ်….။

မျက်နှာရွေးချယ်၊ ကြီးနှင့်ငယ်ဟု

လူဝယ်ခွဲခြား၊ ယုတ်တရားကို

မေ့သားညက်စံ၊ တိုက်ဖျက်နွှံရင်း

ဒေါင်းပျံဝင့်နိုင်ပါစေသော်….။

(၁၉၅၆-၁၉၅၇ အိုးဝေမဂ္ဂဇင်း)

ဒါဟာ ကဗျာဆရာကြီး မင်းသုဝဏ်ရေးဖွဲ့ခဲ့တဲ့ အိုးဝေတာဝန်သုံးရပ် ကျောင်းသားတာဝန်သုံးရပ်ပဲဖြစ်ပါ တယ်။

စစ်ပြီးခေတ်မှာတော့ ဒဂုန်တာရာ၊ ငွေတာရီ၊ ဒေါင်းနွယ်ဆွေ၊ ကြည်အေး၊ မင်းယုဝေ၊ ဂုဏ်ဝင်း၊ နွယ် (စစ်တွေ) စတဲ့ကဗျာဆရာတွေ ထင်ရှားပါတယ်။

ဆရာဒဂုန်တာရာဟာ မတ်လတော်လှန်ရေး၊ ပြည်တွင်းစစ်မီးလောင်မြေ၊ အလုပ်သမားသပိတ်၊ စစ်နဲ့ငြိမ်းချမ်းရေးအကြောင်းအရာတွေကို ရှေ့တန်းတင်ရေးဖွဲခဲ့ပြီး သူကိုယ်တိုင် ပြည်သူ့စာပေလှုပ်ရှားမှုနဲ့၊ ငြိမ်း ချမ်းရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဦးဆောင်ခဲ့ပါတယ်။ “ရင့်ကြွေညောင်းသည်၊ ရွက်ဟောင်းစွန့်ပစ်၊ ဘ၀သစ်သို့၊ သနစ်ပြောင်းသည်၊ ဖူးသစ်ပီသည်၊ အနီထဲက ကြယ်ဖြူပွင့်” လို့ ဖက်ဆစ်တော်လှန်းရေးကို မော်ကွန်းထိုးခဲ့ပါတယ်။ “ဆိတ်ငြိမ်တိတ်ကာ၊ လူမဲ့ရွာတည့်၊ ဘယ်မှာပွဲလမ်း၊ မသိစွမ်းနိုင်၊ လောင်ကျွမ်းအိမ်ခြေ၊ ပြာတွေအတိ၊ မြင်မိမီးတန်း၊ ထွန်းပွဲမဟုတ်၊ တွန့်လှုပ်မီးခိုး၊ မိုးသို့မြင့်အောင်၊ မီးလောင်မြေပြင်တကား။” (တာရာ၊ ၄၉) တဲ့ “နှင်းယွန်းဟေမန်” ဆိုတဲ့ ဖက်စစ်တော်လှန်ရေးဘွဲ့ကဗျာတပုဒ်ကိုတော့ ကျောင်းသုံးစာအုပ်မှာတွေ့နိုင်ပါတယ်။ ဒေါင်းနွယ်ဆွေရဲ့ “စက်ရုံမီးခိုး” ကဗျာကိုလဲ ကျောင်းသုံးစာအုပ်မှာ ထည့်သွင်းခဲ့တာ မဆလအစိုးရက အရေးယူတာခံရတယ်။ ဆရာ ဇော်ဂျီတာဝန်ယူဖြေရှင်ခဲ့ရပါတယ်။

ကျွန်တော်တို့အပါအ၀င် နောက်တခေတ်ကဗျာဆရာတွေလဲ ကိုယ့်ဘ၀ပတ်ဝန်းကျင်က ကမ္ဘာစစ်၊ ပြည် တွင်းစစ်၊ ကျောင်းသားမဂ္ဂဖျက်သိမ်းမှုဆိုတာတွေ့ကြုံခဲ့ရပါတယ်။ ဒါကြောင့် ဖုန်းဆိုးမြေ၊ မီးလောင်မြေ၊ သွေးထွန် တုံးစတဲ့ အကြောင်းအရာတွေကို ထင်ဟပ်ရေးဖွဲ့ခဲ့ကြတာဟာ ဒီနေ့ထိပါပဲ။ ကျွန်တော်တို့ညီငယ်တွေလည်း ဒီလို ပဲ မကြောက်မရွံတာဝန်ကျေလျက်ရှိကြပါတယ်။ ကျောက်ဆည်က ကဗျာဆရာလေးတွေက ဆန္ဒပြကြသတဲ့။ ရန် ကုန်က ကဗျာဆရာအသင်းက လူထုဆန္ဒပြပွဲကိုထောက်ခံသတဲ့။ ကဗျာဆရာတွေအများကြီးလဲ ထောင်ကျ၊ တန်း ကျနှိုပ်စက်ခံခဲ့ကြရဖူးပေမယ့် မျိုးဆက်သစ်ကဗျာဆရာတွေကလဲ နောက်မတွန့်၊ မကြောက်ရွံဘဲ ဆက်လက်ပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ စာပေလွတ်လပ်ရေးတို့အတွက် တိုက်ပွဲဝင်သွားကြမှာပါပဲ။

မောင်စွမ်းရည်

(၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်)

(မှတ်ချက်။ ။ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလထုတ် အမှတ် ၁၅၊ သစ္စာ စာပေမဂ္ဂမှ ဖော်ပြထားခြင်းကို အနည်းငယ်မျှ ပြန်လည်ပြင်ဆင်ဖော်ပြထားခြင်းဖြစ်ပါတယ်။)

==========================================================

လီယိုတော့စတွိုင်း၏ ခံစားချက်ဆက်သွယ်မှုဝါဒ

Downloading

leo_difination-of-art01

==========================================================

စစ်အစိုးရအတိုက်အခံ မြန်မာဘလော့ခ်ဂါများ (၂)

ကျွန်တော်တို့တိုင်းပြည်ဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်ဆိုးရဲ့အောက်မှာ ဘာအညွန့်မှ မထွက်နိုင်အောင်ရှိနေတဲ့ တိုင်းပြည်တစ်ပြည်ပဲဖြစ်ပါတယ်။ စစ်အစိုးရဟာ သူတို့အာဏာရှင်လက်တစ်ဆုပ်စာရဲ့ ငြိမ်းချမ်းရေးနဲ့ ဇိမ်ခံရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဒါမှမဟုတ် သူတို့ရဲ့ အုပ်ချုပ်ရေးယန္တယားမှာ အသုံးချနိုင်ဖို့အတွက်လောက်ကိုသာ ရည်ရွယ်ပြီး စစ်အမိန့်ကိုနာခံတတ်စေမယ့် ဒီအမိန့်တွေပေါ်မှာ အခြေခံပြီး ကိုယ်ကျိုးစီးပွားရှာကြံတတ်စေယုံလောက်သာရည်ရွယ်ပြီး စစ်ကျွန်ပညာရေးစနစ်နဲ့ နှေစ်နှစ်ဆယ်လုံးလုံး လူငယ်တွေရဲ့ အသိဥာဏ်တွေကို စာသင်ခန်းများအတွင်းမှာ ကျကျနနကြီးကို ဖျက်ဆီးခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ရဲ့ စစ်ကျွန်ပညာရေးစနစ်တွေအတွင်းက သခင်အားရကျွန်ပါးဝဆိုတဲ့ စစ်ကျွန်လူတန်းစားနှင့်အတူပေါက်ဖွားလာခဲ့တာက စစ်အုပ်ချုပ်ရေးကိုလုံးဝမလိုလားပဲ တော်လှန်ရေးစိတ်ဓာတ်သန္ဓေကိုအသွေးထဲအသားထဲကပါ တည်လာတဲ့ မျိုးဆက်တွေကို ပေါက်ဖွားစေခဲ့ပါတယ်။
ဒီမျိုးဆက်တွေကို ပထမပိုင်းတွေမှာ နိုင်ငံရေးလောကသားတွေနဲ့ ပညာတက်အသိုင်းအ၀ိုင်းကပုဂ္ဂိုလ်တွေဟာ ပေါ်ပင်ယဉ်ကျေးမှုတွေကို ခုံမင်နေသူရယ်လို့ ကင်ပွန်းတတ်ကာ သူတို့ရဲ့ နိုင်ငံရေးအမြင်တွေနဲ့ ခပ်ဝေးဝေးနေလိုသူတွေ ရယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကဗ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ရွှေဝါရောင်တော်လှန်းရေးအဖြစ် ထင်ရှားကျော်ကြားတဲ့ ရဟန်းသံဃာတော်များဦးဆောင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်းမှာတော့ နိုင်ငံရေးနဲ့ ခပ်ဝေးဝေးမှာနေလိုကြတယ်လို့ သူတို့ထင်မြင်ထားကြတဲ့ ကျွန်တော်တို့မျိုးဆက်တွေဟာ နှစ်နှစ်ဆယ်လုံးလုံးကောင်းမွန်စွာ အလံလွှင့်ထူနိုင်ခဲ့ကြတဲ့ ဒေါင်းအလံကို ဗကသ (ဗမာပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ) သီချင်းကို သံပြိုင်ရွတ်ဆိုလျှက် ကတ္တရာလမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီအရေးအတွက် တောင်းဆိုခဲ့ကြတာကို ကောင်းကောင်းကြီးမြင်တွေ့ခဲ့ကြမှာပါ။
ကျွန်တော်တို့တတွေဟာ လက်ဝဲဆန်စွာဖြင့် ငြိမ်းချမ်းစွာနေထိုင်လိုကြသူတွေဖြစ်သလို ငြိမ်းချမ်းစွာနေထိုင်နိုင်ကြစေဖို့ အတွက် လက်ဝဲဆန်စွာဖြင့်တော်လှန်ရေးဆင်နွဲလိုကြသူများလည်းဖြစ်ပါတယ်။ ဒါဟာ 1980 လွန် ခုနှစ်တွေမှာ မွေးဖွား လာကြတဲ့ ကျွန်တော်တို့မျိုးဆက်တွေရဲ့ ခံယူချက်ပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်မြင်တွေ့နေကြရတဲ့ အခြားတိုင်းပြည်က လူငယ်တွေရဲ့ ဘ၀လို တိုးတက်ချင်တဲ့ဆန္ဓတွေကြောင့် ကျွန်တော်တို့ဟာ စာတွေဖတ်ခဲ့ကြတယ်။ ကျွန်တော်တို့ဖတ်ခဲ့ကြတဲ့စာအုပ်တွေအတော်များများဟာ ဆိုရှယ်လစ်စနစ်ကိုဖြတ်သန်းခဲ့ရတဲ့ ကျွန်တော်တို့တိုင်းပြည် မှာ အပေါများဆုံးစာအုပ်ဖြစ်တဲ့ လက်ယာဆန်တဲ့ စာအုပ်တွေပါသလို ဂလိုဘယ်လိုက်ဇေးရှင်းတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေပါဝင်ခဲ့တယ်။ ဒီတော့ ကျွန်တော်တို့အမြင်တွေဟာ စစ်အစိုးရထင်ထားသလို ၀ါးလုံးခေါင်းထဲ လသာနေတဲ့ ဘ၀ဆိုတာမျိုးတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ကြပါတယ်။

ကျွန်တော်တို့လူငယ်တွေအားလုံးရဲ့ စိတ်ခံစားမှုတွေထဲမှာလဲ အခြားတိုင်းပြည်ကလူငယ်တွေလို မထွန်းပြောင်နိုင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်ထားကြတယ် ဆိုပေမယ့် ကျွန်တော်တို့ဟာ တစ်ကျောင်းတစ်ဂါထာနဲ့ ကြိုးစားနေကြသူတွေပဲဖြစ်ပါတယ်။ ဒီလိုတွေ ကြိုးစားလေ့လာ နေကြရင်း ကျွန်တော်တို့ဟာ အမှန်တရား၊ တရားမျှတခြင်းနဲ့ အခွင့်အရေးဆိုတဲ့အကြောင်းအရာတွေကို လက်တွေ့လူမှု ဘ၀အတွင်းက အတွေ့အကြုံတွေနဲ့ချိန်ထိုးစဉ်းစားကြည့်တော့ အမှန်တရား၊ တရားမျှတခြင်းနဲ့ အခွင့်အရေးဆိုတာ ဘာဆိုဘာမှမရှိတဲ့ ကျွန်တော်တို့ဘ၀တွေကို မြင်ယောင်လာမိပါတယ်။ ဒီအကြောင်းအရာတွေဟာ ကျွန်တော်တို့ မိဘ တွေလည်း ဘာဆိုဘာမှ လုပ်မပေးနိုင်ခဲ့ပါဘူး။ 1990 ရွေးကောက်ပွဲမှာတုန်းကလည်း ကျွန်တော်တို့မိဘတွေဟာ ကျွန်တော်တို့အတွက် သူတို့လုပ်ပေးနိုင်တာကို လုပ်ပေးခဲ့ကြပြီးပါပြီ။ သူတို့မျှော်လင့်သလို ကျွန်တော်တို့ဘ၀တွေ ဖြစ်မလာတာက သူတို့ရဲ့ရွေးချယ်မှုမှားခဲ့လို့လား။ မဖြစ်နိုင်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့ဘ၀တွေအတွက်
အကောင်းမွန်ဆုံးရွေးချယ်မှုတွေကို လုပ်ခဲ့ကြတာပဲလေ။ ဖြစ်မလာတာတော့ သူတို့မဆိုင်ပါဘူး။ မျက်နှာပြောင်တိုက်ပြီး အာဏာကို ဖင်ခုထိုင်ထားကြတဲ့ အစိမ်းရောင်ဝတ် ပုဂ္ဂိုလ်တွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ကျွန်တော်တို့မျိုးဆက်တွေက စိတ်ခံစားမှုတွေက ရှင်းပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ စကားလုံးကြီးတွေနဲ့ ပေါက်ပေါက်မဖောက်တတ်ကြသလို နိုင်ငံရေးဆိုတာကို ပညာရေးလောက် စိတ်မ၀င်စားချင်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နိစဓူဝကိစ္စရပ်တွေအားလုံးဟာ နိုင်ငံရေးသာဖြစ်နေတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ရဲ့ စာလောင်မွတ်သိပ်လျှက်ရှိနေတဲ့ အသိဥာဏ်တွေက ပြောပြနေကြပါတယ်။ အနာဂတ်မသေခြာမှုတွေက ရှင်းပြနေကြပါတယ်။ လုပ်ငန်းခွင်မတိုးတက်မှုတွေက သက်သေထူနေကြပါတယ်။ ဒါဟာ အဆိုးသံသရာက မလွတ်နိုင်ကြတဲ့ ကျွန်တော်တို့ မျိုးဆက်တွေရဲ့ ဘ၀ပဲဖြစ်ပါတယ်။
ဒီလိုနောက်ခံအကြောင်းအရာများစွာနဲ့အတူ ကျွန်တော်တို့အတွက် စစ်ရေးတော်လှန်ရေး ဒါမှမဟုတ် မီဒီယာတော်လှန်အသွင်နဲ့ သမိုင်းအတွက်လိုအပ်နေတဲ့ ကွက်လပ်တွေမှာ ဖြည့်စည်းဖို့ ကျွန်တော်တို့ မီဒီယာတိုက်ပွဲ ဆင်နွဲဖို့ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ဟာ အစိုးရရဲ့ သတင်းလက်ဝါးကြီးအုပ်မှု အမျိုးသားအကျိုးစီးပွားဆိုတာထက် စစ်တပ်အကျိုးစီးပွားကို ပြည်သူတွေတစ်ရပ်လုံးက ဆောင်ရွက်ပေးနေကြရတဲ့ ဒီလိုခေတ်ကြီးထဲမှာ ကျွန်တော်တို့ဟာ အစိုးရရဲ့ သတင်းလက်ဝါးကြီးအုပ် ချုပ်ကိုင်မှုတွေကို မျက်လုံးထဲမထည့်ပဲ အမှန်တရား…လူအခွင့်အရေး…စစ်မှန်တဲ့ အမျိုးသားအကျိုးစီးပွားတွေအတွက် ကျွန်တော်တို့ ဘလော့ခ်တွေရေးသားခဲ့ကြပါတယ်။ဂရိပုံပြင်တွေထဲကလို ကျွန်တော်တို့ဟာ မြင်းရိုင်းတွေကို ယဉ်ပါးအောင်ပြုလုပ်ပြီး တိုင်းပြည်အတွက် သမိုင်းအတွက် စစ်ထွက်တိုက်ခဲ့ကြတဲ့ ဟက်တာတွေရဲ့ခေတ်မှာ လူဖြစ်ကြီးပြင်ခဲ့ကြတာမဟုတ်ခဲ့ပေမယ့် ဒါကြောင့် လက်ရုံးရည်ပိုင်း မှာတော့ ကျွန်တော်တို့ဟာ သူတို့ကို မမှီနိုင်ပါဘူး။ ဒါပေမယ့် နည်းပညာရပ်တွေ အံ့မခန်းတိုးတက်နေတဲ့ နှစ်ဆယ့်တစ်ရာစုထဲမှာ လူဖြစ်ကြီးပြင်းလာကြရတဲ့အတွက် နိုင်ငံအတွက် သမိုင်းအတွက်ကို ကျွန်တော်တို့(IT) ကို ဆွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ ဟက်တာ မဖြစ်ခဲ့ကြပေမယ့် တိုင်းပြည်ရဲ့ ဘလောဂါ တွေဖြစ်ခဲ့ကြရပါတယ်။ ကျွန်တော်တို့ဟာ ဘလော့ဂါဘ၀တွေကို ညိုငြင်မှုတွေ ပတ်လည်ဝိုင်းနေတဲ့ကြားက သမိုင်းအတွက် ခံမင်စွာခံယူခဲ့ကြ ပြီးပါပြီ။ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ ခရီးရှည်ကြီးတစ်ခုဟာ ကျွန်တော်တို့ကို စောင့်ကြိုလျှက်ရှိနေပါတယ်။ ဒါကို ကျွန်တော်တို့ သိပေမယ့် ကျွန်တော်တို့ ရှေ့ကို ဆက်သွားကြရမှာပါ။ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်…ကျွန်တော်တို့ လူမျိုးတွေအတွက် လူ့အခွင့်အရေးတွေအတွက်ပဲဖြစ်ပါတယ်။ စစ်အစိုးရရဲ့ နည်းပညာပိုင်းဆိုင်ရာထောက်လှမ်းမှုတွေကြောင့် ရဲဘော်ရဲဘက်ဘလော့ဂါအချို့ ပဲကြွေခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် သူတို့တွေရဲ့နေရာတွေအတွက် ထောင်ပေါင်း သိန်းပေါင်းများစွာသော ကျွန်တော်တို့လူငယ်တွေဟာ ကိုယ်နည်းကိုယ်ဟန် ကိုယ်ပိုက်ဆံတွေနဲ့ လေ့လာသင်ယူပြီး ဘယ်သူဘယ်ဝါတွေရဲ့ ညွှန်ကြားချက်တစ်စုံတစ်ခုမှ မပါဘဲ ကိုယ်အသိစိတ်ဓာတ် ကိုယ်စီနဲ့ ပြင်ဆင်နေကြပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်အပါအ၀င် လက်ရှိရေးသားနေကြတဲ့ ဘလော့ဂါတွေ ပဲကြွေးသွားခဲ့သည်တိုင်အောင် ကျွန်တော်တို့တာဝန်တွေကို ပြောင်းလဲယူ မယ့် ကျွန်တော်တို့မျိုးဆက်တွေဟာ တည်ငြိမ်အေးချမ်းမှုတွေကို မရမချင်း အမှန်တရားတွေမပေါ်ထွန်းမချင်း ပြည်ဝတဲ့ လူ့အခွင့်အရေးတွေ မရမချင်း ဒေါင်းအလံတွေ မလွင့်ထူနိုင်မချင်း (IT) ကို ဆွဲကိုင်ပြီး တိုက်ပွဲဝင် ဆင်နွဲသွားကြမှာဖြစ်ပါတယ်။
မင်းထက်ဘုန်းမြတ်
(မှတ်ချက် ။ ။ မြန်မာသံတော်ဆင့် Myanmar Herald Tribune http://www.myanmarht.co.cc နှင့် http://www.punkrockmee.co.cc/2008/12/blog-post_13.html တို့တွင် ဖော်ပြခဲ့သော ဆောင်းပါးကို ပြန်လည်တင်ပြထားခြင်းဖြစ်ပါတယ်။)

=========================================================

ဆိုက်ဘာအတိုက်အခံ မြန်မာဘလော့ဂါများ (၁)

မင်းထက်ဘုန်းမြတ်
ယနေ့အချိန်အခါဟာ မြန်မာလူမျိုးများအနေဖြင့် မိမိတို့၏လူ့အခွင့်အရေးများအပြည့်အ၀ရရှိရေးနှင့် ဒီမိုကရေစီအနှစ်သာရများ ပြည့်ပြည့်၀၀ရရှိအောင် စွမ်းဆောင်နေရသော အချိန်ကာလပင်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ပြည်သူပြည်သားအားလုံးအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့အတွက် မိမိတို့၏ အသိစိတ်ဓာတ်များနှင့်အတူ အများကောင်းကျိုး သယ်ပိုးဆောင်ရွက်ကြတဲ့ ဆိုက်ဘာအတိုက်အခံ ဘလော့ဂါများဟာလည်း မြန်မာ့အွန်လိုင်းမီဒီယာ လောကမှာ ပေါ်ထွန်းလာခဲ့ကြရပါတယ်။ဒါပေမယ့် အခြားတစ်ဖက်မှာတော့ စစ်အစိုးရဟာ “သတင်းပိတ်ဆို့တားဆီးမှုများ”နှင့် “ဘလော့ဂါကို ဘလော့ဂါနှင့်တိုက်” စတဲ့ ဆောင်ပုဒ်များနှင့်အတူ အိုင်စီတီနည်းပညာကြွမ်းကျင်ပိုင်နိုင်ကြတဲ့ ခေတ်လူငယ်များကို ငွေ ကြေးအမြောက်အများနှင့် အခွင့်အရေးများပေးပြီး သတင်းပိတ်ဆို့တားဆီးမှုအတွက် နည်းပညာများကို ရယူဆောင် ရွက်နေကြသလို ဘလော့ခ်များကိုရေးသားပြီး စစ်အစိုးရကောင်းကြောင်းများနှင့် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်တဲ့ နိုင်ငံ ရေးသမားများ၏ အကြောင်းအရာများကို အပုတ်ချရေးသားပြီး အင်တာနက်အတွင်း လွှတ်တင်လျှက်ရှိနေကြတယ်ဆို တာကို အင်တာနက်ကို အမြဲမပျက်အသုံးပြုနေကြတဲ့ ကျွန်တော်တို့ရဲ့ Blog Community တစ်ခုလုံး သိရှိကြပြီးဖြစ်ပါတယ်။ဒီအကြောင်းအရာတွေဟာ အိုင်တီနည်းပညာနယ်ပယ်တွင်သာမကပါဘူး။ အပြင်လောကပတ်ဝန်းကျင် မှာလဲ စစ်အစိုးရ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအားလုံးကို ငွေကြေး၊ အာဏာ၊ လက်နက်စတဲ့အရာတွေကိုအသုံးပြု ပြီးအနိုင်ကျင့် ဗိုလ်ကျ ဖန်းဆီးထောင်ချနေတာတွေကို နေ့စဉ်နှင့်အမျှ ကျွန်တော်တို့အားထားရတဲ့ Blog တွေ ဒါမှ မဟုတ် Online Media တွေက တစ်ဆင့် မကြားချင်မှအဆုံး ကျွန်တော်တို့ ကြားနေကြရပါတယ်။ ဒါဟာ ကျွန်တော်တို့ ရဲ့ နိုင်ငံရေးအသိစိတ်ဓာတ်တွေနဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို နိုးကြားစေပါတော့တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းလို့ နာမည်ကျော်ကြားတဲ့ ရဟန်းသံဃာတော်များ ဦးဆောင်တဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို စစ်အစိုးရ လက်နက်အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ကျွန်တော်တို့တိုင်း ပြည်ရဲ့ ဒီမိုကရေစီအရေးဟာ ကမ်းမမြင်လမ်းမမြင်ရှိနေကြရတဲ့အချိန်အခါမှာ ကျွန်တော်တို့လူငယ်တွေအနေနဲ့ ဘာ လုပ်ကြမလဲဆိုတဲ့ မေးခွန်းဟာ ကျွန်တော်တို့ ဥနှောက်တွေကို များစွာ အလုပ်လုပ်စေခဲ့ပါတယ်။

ကျွန်တော်တို့တွေ လမ်းမပေါ်ထွက်ပြီး ကျွန်တော်တို့ လိုချင်တာကို တောင်းဆိုခဲ့ကြပြီးပြီ…ဒါပေမယ့် လူငယ်တွေရဲ့ အသက်သွေးချွေးတွေသာ ဆုံးရှုံးခဲ့ရပေမယ့် ကျွန်တော်တို့ ဘာဆို ဘာကိုမှ ပြန်မရခဲ့ကြပါဘူး။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ…ခေတ်ကလည်း လက်နက်ကိုင်ပြီး ကိုယ်လိုချင်တာ တိုက်ယူလို့ရမယ့် အခြေအနေ မဟုတ်တော့ဘူး…ဒီလိုလုပ်ကြဖို့ဆိုတဲ့အခါမှာလည်း ကျွန်တော်တို့ဟာ ကိုယ်ကာယခွန်အားကောင်းကြတဲ့ သူတွေက မဟုတ်ပြန်ဘူး… ကျွန်တော်တို့မှာ ကိုယ်လိုချင်တာကို တောင်းဆိုဖို့…ကိုယ်မကြေနပ်တာကို ပြောဆိုဖို့… ကိုယ်လိုချင် တာကို ရယူဖို့…. နည်းပညာရယ်…အတွေးအခေါ်ရယ်ပဲရှိတယ်လေ…ဒီလိုနဲ့ ကျွန်တော်တို့ဟာ အမှန်တရားကို ထုတ် ဖော်ဖို့…လူ့အခွင့်အရေးတွေရရှိဖို့….ဒီမိုကရေစီရရှိဖို့အတွက် ကျွန်တော်တို့ဟာ ဘလော့ဂါတွေဖြစ်ခဲ့ကြရပါတော့တယ်။

ကျွန်တော်တို့မှာ စွမ်းအားမြင့်မားတဲ့ နည်းပညာရပ်တွေကို မထုတ်လုပ်နိုင်တာသေခြာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် ဒီလိုစွမ်းအားမြင့်မားတဲ့ နည်းပညာရပ်တွေကို ဘုရားသခင်က ဖန်ဆင်းပေးနိုင်ထားခဲ့ ပါတယ်။ ဒါကတော့ ဘလော့ခ်ပလက်ဖောင်းတွေပါပဲ။ ကျွန်တော်ဟာ Google ရဲ့ http://www.blogspot.com မှာ စက်တင် ဘာလှုပ်ရှားများ မစတင်မှီအချိန်ကစပြီး ကိုယ်ပိုင်ဘလော့ခ်တစ်ခုကို စမ်းသက်ရေးသားနေခဲ့ပေမယ့် အားရကြေနပ်မှု မရှိခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ဆီမှာ စက်တင်ဘာ လူထုလှုပ်ရှားမှုကြီးဖြစ်ပွားခဲ့ပြီး ရဟန်းသံဃာတော်အများအပြားနဲ့ ကျောင်းသားပြည်သူအများအပြား သေကြေ ဖမ်းဆီးခံရကြတယ်။ ဒီသတင်းတွေကို ကျွန်တော်ရဲ့ အစမ်းလွှတ်တင်ထား တဲ့ ဘလော့ခ်လေးထဲမှာ တက်နိုင်သမျှ နိုင်ငံရေးကို ထမ်းဆောင်တဲ့အနေနဲ့ ရေးသားခဲ့ပါတယ်။ ဒီလိုရေးသားနေတဲ့ အချိန်မှာပဲ ကျွန်တော်လို မြန်မာ့အရေးကို အားပေးရေးသားနေကြတဲ့ နိုင်ငံတကာကလွှတ်တင်ထားတဲ့ Blog တွေထဲကို ၀င်ကြည့်မိတယ်။ ဒီထဲမှာတော့ မြန်မာဘလော့ဂါတွေရဲ့ ဘလော့တွေပါဝင်သလို နိုင်ငံခြားသားတွေ ရေးသား ထားတဲ့ ဘလော့ခ်တွေလဲ ပါဝင်ကြပါတယ်။ ဒါတွေကိုကြည့်ရင်း ကျွန်တော် ဘလော့ခ်ကို ဘယ်လိုဘယ်ပုံ အ ကောင်းဆုံးဖြစ်အောင် လူကြည့်များအောင် လုပ်ရမယ်ဆိုတာ အကြံဥာဏ်တွေရခဲ့တယ်လို့ ၀န်ခံအပ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် မြန်မာပြည်အတွက် အားအထားရဆုံး ဘလော့ခ်တစ်ခုဖြစ်အောင် လုပ်ဆောင်မယ်ဆိုတဲ့ ခံယူချက်တွေဖြစ် ပေါ်ခဲ့မိပါတယ်။ ဒီလိုနှင့် ကျွန်တော် “Myanmar Herald Tribune” ဘလော့ကို ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ မှာ စတင်လွှတ်တင်ခဲ့ပါတယ်။ ဒီမှာတော့ ကျွန်တော့်ရဲ့ Biography ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ ဒါဟာ ထမိန်ခြုံထဲက လက်သီးပုန်းထုတ်ပြတာမဟုတ်ပါဘူး။ ပြောင်လိန်ပြောင်စား စစ်အစိုးရကို ပြန်လည်တုန့်ပြန်ဖို့အတွက် ကျွန်တော်တို့ဟာ လျှို့ ၀ှက်လှုပ်ရှားနေကြရတာသာဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မတောက်တခေါက်လေ့လာခဲ့ဘူးတဲ့ စာနယ်ဇင်းကျင့်ဝတ်၊ စာနယ်ဇင်း ကိုယ်ကျင့်တရားလေးတွေကို အခြေခံပြီး ကျွန်တော်ဘလော့ဟာ အစိုးရရဲ့ အတိုက်အခံဘလော့တစ်ခုဖြစ်ပေမယ့် ကြည့်ရှု့သူတွေရဲ့ ယုံကြည်မှုရယူဖို့ များစွာ ပုံဖော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ရဲ့ အသက်မွေးဝမ်းကြောင်းမှု အလုပ်တွေကို လုပ်ကိုင်နေရတဲ့ သူတစ်ယောက်လည်းဖြစ်ပြန်တော့ မိမိဘလော့ရဲ့ စာဖတ်ပရိသတ်များအတွက် တာဝန်မကြေမှုတွေ များစွာဖြစ်ပေါ်ခဲ့ရပါတယ်။ တခြားသတင်းမီဒီယာများမှာ ဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူယူ ဖော်ပြပေးခဲ့ရတဲ့ အခြေအနေများတောင် ရှိခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကျွန်တော် “နယ်စီးမခြားသတင်းထောက်များအဖွဲ့” က ထုတ်ဝေတဲ့ “ဘလော့ဂါလက်စွဲ- ဆိုက်ဘာအတိုက်အခံသမားအများအတွက်” Ebook ကို ဖတ်ရှု့ ခွင့်ရခဲ့ပါတယ်။ ဒီ စာအုပ်ရဲ့ကောင်းကျိုးကြောင့် ကျွန်တော်ရဲ့ အတွေးအခေါ်နှင့် လုပ်သင့်လုပ်ထိုက်သည့်အရာများကို တိတိကျကျသိရှိခွင့် ရခဲ့ပါတယ်။ ဒါကြောင့် ဒီစာကို ရေးသားပြီး ထုတ်ဝေပေးခဲ့တဲ့ “နယ်စီးမခြားသတင်းထောက်များအဖွဲ့ ” က တာဝန်ရှိသူ တွေကို ကျေးဇူးတင်ရှိတဲ့အကြောင်း ကျွန်တော့် ဘလော့မှ ဖော်ပြပေးလိုက်ရပါတယ်။

ယခုအချိန်မှာတော့ စစ်အစိုးရဟာ သူတို့ရရှိပြီးဖြစ်တဲ့ အာဏာကို အသုံးပြုပြီး ပြည်တွင်းဘလော့ဂါတွေ နဲ့ အင်တာနက်အသုံးပြီး ပြည်ပမီဒီယာတွေကို ကြည့်ရှုသူများကို စောင့်ကြပ်ကြည့်ရှုပြီး အရေးယူဆောင်ရွက်မှုတွေ စတင်ပြုလုပ်နေပြီပဲဖြစ်ပါတယ်။ အစိုးရနဲ့ ပတ်သက်ဆက်နွယ်လျှက်ရှိတဲ့ “ပုဂံဆိုက်ဘာတက်စ်” တဆင့် လိုင်စင်နဲ့ လုပ် ကိုင်ခွင့်ချပေးထားတဲ့ ဆိုက်ဘာကဖေးတွေရဲ့ ပိုင်ရှင်တွေကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ ရဲ၊ မရက၊ တရက၊ ကြံဖွတ်စတဲ့ ပူးပေါင်းအဖွဲ့တွေက ခေါ်ယူတွေ့ဆုံပြီး ဆိုက်ဘာကဖေးတွေမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြည်ပမီဒီယာတွေ ကိုကြည့်ရှုသူများကို မှတ်သားထားပြီး ရယကမှဆင့် သတင်းပေးပို့ကြရန်နှင့် သတင်းပေးပို့ခြင်းမရှိပါက ရှောင်တခင်ဝင် ရောက်စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူမယ့်အကြောင်းတွေကို သိရှိပါကြေင်း လက်မှတ်တွေထိုးခိုင်းနေပါ တယ်။ ဒါဟာ ဘာမှမဆိုင်တဲ့ဟာပါ။ နှစ်ဆယ့်တစ်ရာစုမှာ နည်းပညာဆိုတာ အစိုးရရော ပြည်သူရော အတွက် တရားမျှ တစွာ ပေါ်ပေါက်လာတဲ့ ပဒေသာပင်တစ်ခုပါ။ ပြည်သူလည်း ပြည်သူအလျှောက် ပြုလုပ်ဆောင်ရွက်ခွင့်ရှိသလို အစိုးရ ဆိုတာကလည်း ဒီနည်းပညာတွေကို ပြည်သူတွေနဲ့ နီးနီးစပ်စပ်ရှိအောင် မြေထောင်မြှောက်ပေးကြရမှာပါ။ ဒီလို အာဏာတည်မြဲဖို့အတွက် အာဏာအသုံးပြုပြီး မပိတ်ပင်သင့်ပါဘူး။ မပိတ်ပင်ကောင်းပါဘူး။ တကယ်ဆိုရင် ကျွန်တော် တို့ဟာ အစိုးရမကောင်းသောကြောင့်သာ အစိုးရမကောင်းကြောင်း နိုင်ငံရေးဆိုတာ…ဒီမိုကရေစီအရေးဆိုတာကို ပြောဆိုနေကြရတာပဲဖြစ်ပါတယ်။ အစိုးရသာ ကောင်းနေမယ်ဆိုပါက ကျွန်တော်တို့ ဘာအစိုးရမကောင်းကြောင်းမှ ရေးနေစရာမလိုပါဘူး။ ဒီလိုမဟုတ်လို့သာ ကျွန်တော်တို့က သန်းငါးဆယ်ကျော်သော ပြည်သူလူထုတို့အတွက် အစိုးရကို အံတုနေကြတာဖြစ်ပါတယ်။ လက်တစ်စုတ်စာ အာဏာပိုင်တို့ရဲ့ အသက်စည်းစိမ်ကို ဆောင့်ရှောက်နေကြသော အသိစိတ်ဓာတ်အောက်တန်းနောက်တန်းကျသည့် စစ်ပလိတ်နောက်လိုက်များထက် ပိုပြီး မြင့်မြတ်ပါတယ်။ ဒီလိုမြင့် မြတ်တယ်ဆိုတာ ကိုယ့်ကိုယ်ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြင့်မြတ်တယ်ဆိုတာ တစ်လောကလုံးသိပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ပြည်သူပြည်သားတွေရဲ့ လူ့အခွင့်အရေး…ဒီမိုကရေစီအရေးတို့အတွက် စွမ်းစွမ်းတမံ မြင့်မြင့် မြတ်မြတ် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြတဲ့ ဘလော့ဂါများကို ဂုဏ်ပြုတဲ့အကြောင်းပြောကြားရင်….စစ်ဗိုလ်နောက် လိုက်တိရစ္ဆာန်များကိုလည်း တာဝန်တွေ သိပ်မကြေပြကြပါနဲ့…အလှည့်ဆိုတာ ရှိမှာပါ…မိုးကောင်းတုန်း သိပ်မရွာကြ ပါနဲ့…ထင်ခွေမကြုံ..ရေခပ်တော့ကြုံမှာပါ…အလှည့်ကျရင်တော့ မနွဲ့စတမ်းဆိုတာ ပြောလိုက်ရပါတယ်။ ခင်ဗျားတို့က ပိုစွမ်းမလား…ကျွန်တော်တို့ဟာ ပိုစွမ်းမလားဆိုတာ ကြည့်ကြတာပေါ့ဗျာ… မြန်မာ့ဘလော့ဂါအားလုံးကိုလည်း သတိရှိကြဖို့ ကျွန်တော်ပြောကြားလိုက်ရပါတယ်။

မင်းထက်ဘုန်းမြတ်
(မှတ်ချက် ။ ။ မြန်မာသံတော်ဆင့် Myanmar Herald Tribune http://www.myanmarht.co.cc နှင့် http://www.punkrockmee.co.cc/search?updated-max=2008-12-09T19%3A18%3A00-08%3A00&max-results=10 တို့တွင် ဖော်ပြခဲ့သော ဆောင်းပါးကို ပြန်လည်တင်ပြထားခြင်းဖြစ်ပါတယ်။)

Discussion

3 thoughts on “ဆောင်းပါး

  1. ဆောင်းပါးကောင်းတွေကို ရှာဖွေပြီး တင်ပေးထားတာ ကျေးဇူးတင်ပါတယ်…
    နောက်လည်း အမြဲလာလည်ပါ့မယ်..

    Posted by ရဲမြင့်ဟန် | February 10, 2009, 9:02 am
  2. ဆောင်းပါးကောင်းတွေပါပဲဗျို့… တန်ဖိုးရှိတယ်ဗျာ။

    Posted by ဟန်သစ်ငြိမ် | June 27, 2009, 12:21 pm
  3. Hi Bro,
    Thank you for sharing valuable posts here.. My name is Rachel Phyo Thandar Kyaw, currently residing in Singapore..

    I’d like to request you to let me share some posts to my facebook and my page in (Myanmar in Singapore) website.. I would state your links as sources and references..

    Awaiting your permission..

    Thanks..

    Rachel

    Posted by Rachel Kyaw | July 30, 2010, 10:00 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: