သတင်းဟူသည် (ဦးစိန်ဝင်း)

ဦးစိန်ဝင်း
(အယ်ဒီတာချုပ်)
ဂါးဒီယန်းသတင်းစာ

သတင်းလိုက်နည်းနှင့် ရေးနည်းကို မပြောမီ သတင်းဆိုတာဘာလဲဆိုတာသိဖို့လိုသည်။ သတင်းကို အင်္ဂလိပ်ဘာသာဖြင့် News ဟု ခေါ်သည်။ အင်္ဂလိပ်ဘာသာ News ကို ဦးထွန်းငြိမ်း အဘိဓာန်တွင် –

        ၁။ မကြာမီကဖြစ်ပျက်သည့်အကြောင်းအရာ

        ၂။ သတင်းစကားများ

        ၃။ ကြားသိရသောအရာဟူ၍ မြန်မာဘာသာပြန်ဆိုထား၏။

အမှန်မှာ “မကြားသိရသေးသော ထူးခြားသည့်ဖြစ်ပေါ်မှု” ဟူ၍ ဘာသာပြန်ဆိုလျှင် မိုမိုနီးစပ်မည်ဟု ကျွန်တော်ယူဆ သည်။

လောကတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသော ကိစ္စများသည် သတင်းများသာဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်များ ဖြစ်ပေါ်ပုံနှင့် ထိုသို့ဖြစ်ပျက်သော အကြောင်းအခြင်းအရာများပေါ်တွင် မူတည်လျက် အရေးကြီးသော သတင်းဟုတ် မဟုတ်၊ သတင်းစာများတွင် ဖော်ပြသင့် မသင့် ဝေဖန်သုံးသပ်ရသည်။

သာမန်အားဖြင့် သတင်းများကို ရာဇ၀တ်မှုသတင်း၊ ရုံးသတင်း၊ အစိုးရသတင်း၊ အားကစားသတင်း၊ သာရေးနာရေး သတင်း၊ မိုးလေ၀သသတင်း အစရှိသဖြင့် လူ့လောကတွင်ဖြစ်ပျက်သမျှကို အမည်တပ်ပြီး ခေါ်ဝေါ်ကြသည်။

ဘယ်လို သတင်းမျိုးဘဲဖြစ်ဖြစ်၊ ထိုသတင်းသည် တန်ဘိုးရှိ-မရှိကို အောက်ပါအချက်များနှင့် နှိုင်းချိန်ပြီး သုံးသပ်နိုင်သည်။ ဖြစ်ပေါ်လာသော ကိစ္စတရပ်သည် –

၁။ အချိန်အားဖြင့် ဆက်စပ်မှု၊ နီးစပ်မှုရှိ-မရှိ။

၂။ ဒေသအာဖြင့် ဆက်စပ်မှု၊ နီးစပ်မှုရှိ-မရှိ။

၃။ လူများစုနှင့် သက်ဆိုင်မှုရှိ-မရှိ။

၎။ ဖြစ်ပျက်သည့်ကိစ္စသည် ထင်ရှားမှုရှိ-မရှိ။

၅။ ထူးခြားမှုရှိ-မရှိ။

၆။ ဆွဲဆောင်မှု၊ စိတ်ဝင်စားမှုရှိ-မရှိ။ စသော အချက်များအပေါ်တွင် မူတည်လျက် သတင်းဖြစ်သည်။ မဖြစ်သည်ကို ဆုံးဖြတ်ရသည်။

၁။ အချိန်အားဖြင့် ဆက်စပ်မှု၊ နီးစပ်မှုရှိ-မရှိ

အချိန်အားဖြင့် ဆက်စပ်မှု၊ နီးစပ်မှုရှိ-မရှိဆိုရာတွင် သာမန်အားဖြင့် လောလောလတ်လတ် သို့မဟုတ် မကြာမီအတွင်းက ဖြစ်သောသတင်းမျိုးကိုသာ တန်ဘိုးရှိသော သတင်းဟု ယူဆကြသည်။

(ဥပမာ။  ။ ရွာတစ်ရွာတွင် လွန်ခဲ့သော သီတင်းကျွတ်လက လယ်သမား ဦးတိုးကို မြွေပွေးကိုက်သဖြင့် ဆရာာတော် ဦးဝိမလက ရေမန်းနှင့် ကုသရာ ပျောက်သွားသည်ဆိုသော သတင်းသည် မနေ့တနေ့ကဖြစ်ခဲ့လျှင် တန်ဘိုးရှိကောင်း ရှိမည်။ လွန်ခဲ့သော နှစ်လသုံးလကဖြစ်သည် ဆိုလျှင် အချိန်အားဖြင့် နီးစပ်မှုမရှိ၍ တန်ဘိုးရှိသော သတင်းဟု မယူဆနိုင်ပါ။) တတ်နိုင်သရွေ့ အချိန် အားဖြင့် နီးစပ်ရန်လိုသည်။

သို့သော် သတင်းတန်ဘိုးရှိ-မရှိ သုံးသပ်ရာတွင် တခါတရံဖြစ်ပျက်သော အချိန်မှာ အဓိကမဟုတ်ပဲ ၄င်းဖြစ်ပျက်မှုကို သိရှိရသော အချိန်ကာလနှင့် ထုတ်ဖော်သော အချိန်ကာလ၏ နီးစပ်မှုကိုလိုက်ကာ သတင်းဖြစ်-မဖြစ် ဆုံးဖြတ်တက်ရသည်။

(ဥပမာ။  ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ထားခဲ့သော ရှေးဟောင်းမြို့ကြီးတစ်ခုကို ဘူမိဗေဒပညာရှင်များ မြေကြီးတူးဖော်၍ တွေ့ရှိရသောအခါ ၄င်းမြို့ဟောင်းကြီး တည်ဆောက်သည်မှာ နှစ်ပေါင်းရာပေါင်း များစွာကြာပြီဖြစ်သော်လည်း မြို့တည်ရှိခဲ့ကြောင်းကို တူးဖော်တွေ့ရှိမှ သိရှိရသဖြင့်။ တွေ့ရှိသော အချိန်ကိုသာလျှင် သတင်းအတွက် အချိန်အားဖြင့် ဆက်စပ်မှု၊ နီးစပ်မှုရှိ-မရှိ စဉ်စားရပြန်သည်။)

၂။ ဒေသအာဖြင့် ဆက်စပ်မှု၊ နီးစပ်မှုရှိ-မရှိ
ဒေသအာဖြင့် ဆက်စပ်မှု၊ နီးစပ်မှုရှိ-မရှိဆိုရာ၌ အကြောင်းချင်းရာဖြစ်ပျက်သော နေရဒေသသည် မိမိနှင့် မည်မျှဆက်စပ်သည် နီးစပ်သည်ကို ချင့်ချိန်ရမည်။
(ဥပမာ။  ။ အိန္ဒိယပြည် ကာလကတ္တားမြို့တော်ဝန်ကို လုပ်ကြံသောသတင်းသည် တောင်အမေရိက၊ အာဂျင်တီးနားပြည်၊ ဗျူနိုအေရက်စ်မြို့မှ မြို့တော်ဝန်လုပ်ကြံခံရသော သတင်းထက် ကျွန်တော်အတွက် ပို၍သတင်းတန်ဘိုးရှိသည်။) သို့ရာတွင် မိမိဒေသ၌ အရေးကြီးသော သတင်းဖြစ်လင့်ကစား တခါတရံ သတင်းစာများအတွက် သတင်းတန်ဘိုး မရှိသောအခါများလည်း ကြုံတတ်သည်။ (ဥပမာ။  ။ မိမိတို့ရွာမှ သူကြီးသား ရှင်ပြုအခမ်းအနားသည် မိမိတို့ရွာအဖို့ အရေးကြီးသောကိစ္စဖြစ်ကောင်း ဖြစ်မည်ဖြစ်သော်လည်း အခြားဒေသများတွင်လည်း ရှင်ပြုခြင်းသည် သာမန်လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ရပ်သာ ဖြစ်သဖြင့် သတင်းစာအတွက် တန်ဘိုးရှိသည့်သတင်း မဖြစ်နိုင်ပါ။ အကယ်၍သာ တစ်ရွာလုံးရှိ ကိတ္တိမသားအားလုံးကို ရှင်ပြုပေးသည့် သတင်းဖြစ်လျှင် ဆိုင်ရာဒေသသာမက အခြားဒေသများအတွက်ပါ တန်ဘိုးရှိသော သတင်းဖြစ်လာနိုင်တော့သည်။

၃။ လူများစုနှင့် သက်ဆိုင်မှုရှိ-မရှိ
လူများစုနှင့် သက်ဆိုင်မှုရှိ-မရှိဖြစ်ပေါ်သော သတင်းတစ်ရပ်သည် လူတစ်ဦးချင်း၊ နှစ်ဦးကိစ္စ လူနည်းစုတစ်စု၏ ကိစ္စများသာဖြစ်လျှင် သတင်းတန်ဘိုးမရှိပါ။ (ဥပမာ။  ။ မိမိတို့ဒေသရှိ လယ်သမားတစ်ဦး၏ တဲကလေး လေမုန်တိုင်းကြောင့် ပြို၍သွားသော သတင်းထက် ကျောင်းသား ငါးရာနေသော ရွာဦးကျောင်းပြိုသော သတင်းက ပို၍လူများစုနှင့် သက်ဆိုင်သော သတင်းဖြစ်သည်။ အခြားဥပမာတစ်ခုပြောရလျှင် မြို့ပိုင်တစ်ဦး ငွေငါးရာကျ၍ပျောက်သော သတင်းသည် အများနှင့် မသက်ဆိုင်သောလည်း ထိုမြို့ပိုင်သည် အမတော်ကြေးပေးရန်ဖြစ်သောငွေ ငါးရာကျပျောက်ခဲ့သော အဆိုပါသတင်းသည် လူများစုနှင့် သက်ဆိုင်သော သတင်းဟူ၍ခေါ်ရမည်ဖြစ်သည်။)

၎။ ဖြစ်ပျက်သည့်ကိစ္စသည် ထင်ရှားမှုရှိ-မရှိ
ဖြစ်ပျက်သည့်ကိစ္စသည် ထင်ရှားမှုရှိ-မရှိဆိုရာ၌ အချိန်ထင်ရှားမှု၊ နေရာထင်ရှားမှု၊ ပုဂ္ဂိုလ်ထင်ရှားမှု၊ ဖြစ်ပုံဖြစ်နည်း အကြောင်းခြင်းရာ ထင်ရှားမှုတို့ကို မူတည်၍ဆုံးဖြတ်ရမည်။ (ဥပမာ။  ။ မိုးတွင်း၌ ပဲခူးဘက်တွင် ရေကြီးသည်ဟူသော သတင်းမှာ အချိန်အားဖြင့် ထင်ရှားမှု မရှိလှပါ။ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ရပ်ဖြစ်သည်။ အကယ်၍ နွေခေါင်ခေါင် ပဲခူး၌ ရေကြီးသည်ဆိုပါက အချိန်၏ ထင်ရှားမှုဖြစ်နိုင်သည်။ ဥပမာ မိုးရာသီတွင် ရေကြီးနေကျဖြစ်သည့်တိုင်အောင် ပိုမို၍ အပျက်အဆီးများသောအခါ၌လည်းကောင်း၊ အခါတိုင်းကဲသို့ ရေမတက်ပဲ အပျက်အဆီးနည်းသော အခါ၌လည်းကောင်း ဖြစ်ရိုးဖြစ်စဉ်ထက် ထူးခြားသောအခါ၌ သတင်းတန်ဘိုးရှိလာပြန်သည်။ ဥပမာ။  ။ ထိုရေကြီးသည့် အရပ်သို့ သာမန် ဆည်မြောင်းအရာရှိကလေးတစ်ဦး လာရောက်ကြည့်ရှု့ခြင်းထက်။ သက်ဆိုင်ရာဝန်ကြီး လာရောက်ကြည့်ရှု့သော သတင်းက ပုဂ္ဂိုလ်အားဖြင့် ထင်ရှားမှုရှိလာ၍ သတင်းဖြစ်နိုင်သည်။)

၅။ ထူးခြားမှုရှိ-မရှိ
ထူးခြားမှုရှိ-မရှိဆိုရာ၌ သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ကိစ္စရပ်များကို ဆိုလိုသည်။ လူကို ခွေးကိုက်လျှင် သတင်းမဟုတ်သော်လည်း ခွေးကို လူက ကိုက်လျှင် သတင်းဖြစ်သည်ဟု ဆိုရိုစကားရှိကြသည့်အတိုင်း မမျှော်လင့်အပ်သည့် ထူးခြားမှုမျိုး ရှိသောအခါ ထိုဖြစ်ပျက်မှုသည် တန်ဘိုးရှိသော သတင်းတစ်ရပ်ဖြစ်နိုင်သည်။

၆။ ဆွဲဆောင်မှု၊ စိတ်ဝင်စားမှုရှိ-မရှိ
ဆွဲဆောင်မှု၊ စိတ်ဝင်စားမှုရှိ-မရှိဆိုရာ၌ သာမန်ဖြစ်ရိုးဖြစ်စဉ် သတင်းပင်ဖြစ်လင့်ကစား သတင်းတွင်ပါဝင်သော ပုဂ္ဂိုလ်၏ နောက်ကြောင်း ရာဇ၀င်ကြောင့် စိတ်ဝင်စားဖွယ်ရာ သတင်းမျိုးဖြစ်ပေါ်တက်သည်။ ဥပမာ ကားတိုက်မှုဖြစ်၍ ကားမောင်းလာသူ ယောက်ျားသေဆုံးသည့် သတင်းတွင်ပင် ကားမောင်သူသည် သာမန်ကားမောင်းသူ ယောက်ျားဖြစ်ပါက စိတ်ဝင်စားစရာ အထူးမရှိပါ။ သို့ရာတွင် ကားမောင်းသူသည် မင်္ဂလာဆောင်ပြီးစ မင်္ဂဆောင်ခန်းမမှထွက်၍ ကားမောင်းအလာတွင် ကားတိုက်၍ သေလျှင် သို့မဟုတ် ထောင်မှလွတ်လာစ အိမ်အပြန် ကားတိုက်၍သေလျှင် သို့မဟုတ် မော်တော်ကားကို ခိုး၍ပြေးလာစဉ် ကားတိုက်မှုနှင့် သေဆုံးခြင်းဖြစ်လျှင် စိတ်ဝင်စားဖွယ် သတင်းတစ်ရပ်ဖြစ်လာနိုင်သည်။

သို့ဖြစ်၍ သတင်းတစ်ရပ်ဖြစ်ပေါ်လာလျှင် ထိုကိစ္စသည် တန်ဘိုးရှိသော သတင်းဟုတ်မဟုတ်ကို အထက်ဖော်ပြပါ အချက်များဖြင့် မှတ်ကျောက်တင်ကြည့်ကြရမည်။ ရံဖန်ရံခါ အလွန်ကြီးသော သတင်းများကိုပင် သတင်းဟု မသိသဖြင့် ကျော်သွားတက်ကြသည်။ သတင်းစာ အစည်းအဝေးပွဲတစ်ခုတွင် အတူတူတက်ကြသော သတင်းထောက်ချင်း တူလင့်ကစား သတင်းထောက်၏ ဖြတ်ထိုးဥာဏ်၊ သတင်းထောက်၏ သတင်းတန်ဘိုး ဆုံးဖြတ်နိုင်မှုအပေါ်တွင်တည်၍ တစ်ဦးထက် တစ်ဦး ပိုမို၍ သတင်းရသော အခါများ ရှိတက်သည်။ လူစိမ်းတစ်ယောက်နှင့် စကားပြောနေသော အခါ၌ ထိုသူက အမှတ်မထင် ပြောလိုက်သော စကားများတွင် အလွန်တန်ဘိုးရှိသော သတင်းအစအနများ ပါဝင်နေတက်သည်။ ဥပမာ။  ။ သတင်းထောက် သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသားချင်း တွေ့ဆုံစကားပြောကြရာ၌ လာရှိုးမှလာသော သတင်းထောက်က မိမိရန်ကုန်သို့အလာလမ်းတွင် ရေကြီးနေ၍ သုံးညတိတိအိပ်ခဲ့ရကြောင်း အမှတ်မထင်ပြောသောအခါ၌ သာမန်အားဖြင့် သတင်းတန်ဘိုးရှိသော ပြောကြားချက်မဟုတ်ဟူ၍ ယူဆဖွယ်ရှိသည်။

စူးစမ်းဆင်ခြင်တက်သော သတင်းထောက်အဖို့မူ  လားရှိုးမှ ရန်ကုန်သို့အလာ လမ်းတွင်ရေကြီးသည်ဆိုရာ၌ ပဲခူးတ၀ိုက်တွင် ရေကြီးချင်းကိုဆိုလိုသော သို့မဟုတ် ရှမ်းပြည်၌ ရေကြီးသည်ကို ဆိုလိုသလော စုံစမ်းမေးမြန်းလိုစိတ် ပေါက်လာလိမ့်မည်။ ပဲခူးတ၀ိုက် ရေကြီးချင်းကြေင့်ဖြစ်ပါက လမ်းတွင် သုံးညအိပ်ရစရာအကြောင်းမရှိဟု စူးစမ်းဆင်ခြင်တတ်ရမည်။ အကယ်၍သာ ရှမ်းပြည်၌ ရေကြီး၍ နောက်ကျရပါသည်ဆိုပါက ထူးထူးခြားခြားရှမ်းပြည်၌ ရေကြီးရသည်ကို ဆက်လက်စုံစမ်းရန် သတင်းအစတစ်ခု ဖြစ်လာနိုင်သည်။ လမ်း၌ရေကြီးသည်ဟု ပြောသော သတင်းထောက်ကိုယ်တိုင်က ထိုသတင်းသည် အရေးကြီးသည်ဟု ယူဆချင်မှ ယူဆပေလိမ့်မည်။ စူးစမ်းဆင်ခြင် တတ်သော သတင်းထောက်ဖြစ်သော် ထိုသတင်းအစအနကို လိုက်၍ ဘာကြောင့် ကုန်မြင့်ပေါ်တွင် ရေကြီးရသည်ကို ဆက်လက်စုံစမ်းပေလိမ့်မည်။ ထိုအခါ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် သတင်းများကို ဆက်လက်ရရှိနိုင်ပေမည်။

ဆိုလိုရင်မှာ သတင်းထောက်သည်အစဉ်စဖြင့်စုံစမ်းလိုသောစိတ်၊ မေးမြန်းလိုသောစိတ်ရှိ၍ မိမိ၏နား မိမိမျက်စိနှင့် မိမိနှုတ်ကို အခါမလပ် သတိကြီးစွာအသုံးပြု၍ သတင်းတန်ဘိုး ရှိ-မရှိ သုံးသပ်တတ်ရမည်။

ဟာသစာရေးဆရာသည် ဖြစ်ပျက်သမျှကိစ္စကို ဟာသမျက်စိနှင့်သာ ကြည့်သကဲ့သို့ သတင်းထောက်သည်လည်း သတင်းမျက်စိနှင့်သာ ကြည့်ရပေမည်။

ဖြစ်ပေါ်သောကိစ္စသည် သတင်းဟုတ် မဟုတ်သုံးသပ်ရန် ထူးထူးခြားခြားလေ့လာရန် မလိုပါ။ သာမန်စူးစမ်းဆင်ခြင်မှုနှင့် ၀ိရိယရှိလျှင် လွယ်လွယ်နှင့်  သိနိုင်သည်။

အထူးအရေးကြီးသည်မှာ ဖြစ်ပေါ်လာသောကိစ္စတစ်ရပ်သည် ကြီးသည် ငယ်သည် မခွဲခြားပဲ ထိုကိစ္စသည် အရေးကြီးသော သတင်းဖြစ်ကောင်း ဖြစ်မည်ဟူသော မျှော်လင့်ချက်ဖြင့် စုံစမ်းလေ့လာရမည်။ စောစောက ပြောခဲ့သော ကားတိုက်မှုကို ဥပမာယူကြပါစို့ သာမန်သတင်းထောက် တစ်ယောက်အဖို့ ကားနှစ်စင်းတိုက်ကြ၍ ကားမောင်သူ မောင်နီ သေဆုံးသည်ဟူသော သတင်းကိုသာ ရေးမည်။ စူးစမ်းဆင်ခြင်တတ်သော သတင်းထောက်အဖို့ တိုက်မိသော ကားများသည် မည်သူမည်ဝါ၏ ကားများဖြစ်သနည်း။ ဘာကြောင့်တိုက်သနည်း စသဖြင့် စေ့စေ့စပ်စပ်စုံစမ်းခြင်းဖြင့် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အရေးကြီးသော သတင်းတစ်ပုဒ် ထွက်လာနိုင်သည်။

ထိုကြောင့် ဖြစ်ပေါ်လာသော ကိစ္စစတိုင်းသည် သတင်းတန်ဘိုးရှိမရှိ၊ သတင်းဟုတ်မဟုတ်၊ စေ့စေ့စပ်စပ်လေ့လာခြင်းဖြင့် သတင်းဟူသည် နေရာတကာ၌ရှိကြောင်း သိမြင်လာပေလိမ့်မည်။

Advertisements

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: