အံ့ဘုန်းမြတ်
တောင်ပံဆိုတာ ကောင်းကင်ရှိမှ အဓိပ္ပါယ်ပြီးပြည့်စုံမယ်လို့ ထင်ပါတယ်… ကောင်းကင်မရှိတဲ့ အချိန် တွေမှာတော့ တောင်ပံဆိုတာဟာလည်း ဘာအဓိပ္ပါယ်မှရှိတော့မယ် မထင်ပါဘူး။ ဒီလိုပါပဲ.. ကျွန်တော်မှာ ကောင်းကင်နဲ့အတူ တွဲဖက်နေချင်တဲ့ တောင်ပံတစ်စုံရှိချင်ခဲ့ပါတယ်..။ ဒီတောင်ပံတစ်စုံကိုအားပြုရင်း ဟိုး…လူတွေမမြင်နိုင်တဲ့ အမြင့်အမြင့်ဆုံးတစ်နေရာကို ရောက်သွားချင်ခဲ့ဘူးတယ်… ဒီလိုပါပဲ ဘ၀ရဲ့မွန်ကြပ်မှုတွေ အားလုံးကို တောင်ပံတစ်စုံနဲ့ ကျော်ဖြတ်သွားချင်ခဲ့တဲ့ မျှော်လင့်ချက်တွေ မွေးဖွားခဲ့ပါတော့တယ်.. ဒီလိုနဲ့ကျွန်တော် ကောင်းကင်ပြင်ကြီးရှိရာကို ခုန်ထွက်မိတယ်..။ မွန်းကြပ်ပိတ်လောင်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရချိန်တွေဆိုတော့ ကျွန်တော်ရောက်သွားချင်တဲ့ ကောင်ကင်ပြင်ကြီးမှာ လွတ်လပ်မှုတွေအပြည့်ရှိနေလိမ့်မယ်.. မျှော်လင့်ချက် အိပ်မက်အသစ်တွေ ရှိနေလိမ့်မယ်လို့ ကျွန်တော်တွေးထင်ခဲ့ဘူးတယ်… အမှန်တကယ် ကောင်း ကင်ပြင်ကြီှးဆီကို ကျွန်တော် တောင်ပံတစ်စုံရဲ့ခွန်အားနဲ့ ပျံသန်းမိလိုက်ချိန်မှာတော့ အပြောကျယ်တဲ့ ဒီကောင်းကင်ပြင်ကြီးမှာလည်း မိုးကုတ် စက်ဝိုင်းတို့ရဲ့ နယ်နိမိတ်သတ်မှတ်ချက်တွေ… လေဖိအားတွေရဲ့ အကာအကွယ်အတားအဆီးတွေ ရှိတယ်ဆိုတာကို သိလိုက်ရတော့ တယ်…။
ခက်တာ ကျွန်တော်က အသိုက်အမြုံထဲကနေ စထွက်လာကတည်းက ပြန်လမ်းမဲ့အရပ်ဆီ ခြေဦးတည့် ခဲ့ရတယ်ဆိုတာ မေ့လျှော့နေခဲ့မိ လို့ပဲလေ..။ ကျွန်တော် စွန့်လွှတ်ခဲ့ရတဲ့အရာတွေ ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး ဆိုတာသိသိကြီးနဲ့ပဲ ကျွန်တော် ကောင်းကင်ပြင်ကြီးရှိရာကို အရဲစွန်ထွက်ခွာလာခဲ့တယ်.. အသိုက်အမြုံထဲကလို မွန်းကြပ်တဲ့ခံစားချက်တွေကနေ လွတ်မြောက်ခွင့်ရခဲ့တယ် ဆိုပေမယ့်လည်း မိခင်ရဲ့အငွေ့အသက်တွေ.. ကြင်လည်ရာပတ်ဝန်းကျင်က အဆွေခင်ပွန်းတွေ အားလုံးကိုထားခဲ့ပြီး.. လွတ်လပ်ခွင့်ဆိုတာ တစ်ခု တည်းအတွက် ဒီခရီးကို ရွက်လွှင့်တာပဲလေ…။
မှားနေလား .. မှန်နေလားဆိုတာ မှန်ချင်မှန်မယ်.. မှားချင်မှားမယ်ဆိုတဲ့ အဖြေမသိရတဲ့ ပုဒ်စာတစ် ပုဒ်လိုပါပဲ…။ သေခြာတာကတော့ ကျွန်တော်စွန့်ခွာခဲ့တဲ့ အသိုက်အမြုံလေးတစ်ခုဆီကိုတော့ ဘယ်တော့မှ ပြန်မ ရောက်နိုင်တော့ဘူးဆိုတာပါပဲ… ဒီလိုနဲ့ကျွန်တော် “အားလုံးကိုစွန့်လွှတ်ခဲ့ရတောင် သတိရခြင်းကိုတော့ ပိုင်ဆိုင် ခွင့်ရှိတယ်” ဆိုတဲ့ စကားလုံးကို တေးသံအဖြစ် ကျူးရင့်ရင်း… ဟိုး လူတွေမြင်နိုင်သေးတဲ့ အနာဂတ်မိုးကောင်း ကင်ထဲကို သူများတကာတွေရဲ့ ရှေ့ကရောက်အောင် တောင်ပံတစ်စုံအားပြုရင်း.. ဆက်ပျံသန်းလိုက်တော့ မယ်.. ဒီလိုနဲ့ကျွန်တော်.. လည်ဆန်မွှေးတွေကို နှုတ်သီးနဲ့ပြန်စွ အားပေးနှစ်သိမ့်ရင်း… ဘယ်အချိန်နိဂုံး ချုပ်မယ်ဆိုတာ မျှော်လင့်ရခက်တဲ့ အနာဂက်ဆီကို မိုးကုတ်စက်ဝိုင်းတွေ တစ်ခုပြီးတစ်ခုကျော်ဖြတ်.. လေဖိအားတွေကို ရုန်းကန်ရင်း… တောင်ပံတွေဆက်ခက် လိုက်တော့တယ်… တောင်ပံခက်သံတွေက ခွန်းအားအဖြစ် ပြောင်းစေသား…။
အံ့ဘုန်းမြတ်
2009 FEB (9)
====================================================================
အံ့ဘုန်းမြတ် (2008.DEC 23)
ဘယ်နေ့…. ဘယ်အချိန်… ဘယ်နှစ်ကာလတုန်းကလဲဆိုတာတော့ ကျွန်တော်ကောင်းကောင်းမမှတ် မိတော့ပါ။ ဒါပေမယ့် အဲ့ဒီနေ့က ကျွန်တော့်ဂျီတော့ရဲ့စာရင်းထဲကို သူမပထမဆုံးရောက်ရှိလာတဲ့ နေဆိုတာတော့ ကျွန်တော် မှတ်မိနေလေရဲ့။။။ တခြားကျွန်တော် မှတ်မိ သလောက်ကတော့ အဲ့ဒီနေ့က မိုးမရွာဘူးဆိုတာရယ်… ကျွန်တော်ကြိုက်တဲ့ ပျဉ်းမပန်းတွေ မဖူးပွင့်ခဲ့ဘူးဆိုတာကိုပေါ့…။ မှတ်မှတ်ရရပါပဲ… အဲ့ဒီနေ့က သူငယ်ချင်း ကဗျာဆရာတစ်ယောက်နဲ့ လမ်းဘေးလက်ဘက်ရည်ဆိုင်လေးထဲမှာ ပျဉ်းမပန်းတွေအကြောင်း ပြောမိခဲ့သေးတယ်။ အဲ့ဒီတုန်းက ပျဉ်းမပန်းတွေရဲ့ ခရမ်းနုရောင်အကြောင်းကို ကျွန်တော်တို့ တစ်ယောက်တစ်ပေါက်နဲ့ တခမ်းတနား ဖွင့်ဆိုခဲ့ကြဘူးတယ်….။ ဒီအချိန်ထိ ကျွန်တော်အိမ်မက်တွေ ရွှေအတိပြီးနေတုန်းပါပဲ…။
ကော်ဖီခါးခါးတစ်ခွက်ဘေးက သံပုရာသီးတစ်ခြမ်းလေးပါတယ်….သကြားဘူးလေးပါတယ်.. မှိန်ပြပြမီးရောင်လေးတွေပါတယ်လို့ ကျွန်တော်နဲ့ သူမရဲ့ ပထမဆုံး ဆုံစည်းမှုကို အဓိပါယ်ဖွင့်ဆိုမိလိုက်တယ်… အဲ့ဒီနေ့က သူမဟာ အပြုံးတွေချွေချတက်တဲ့ နှင်းဆီတစ်ပွင့်လို့ပဲ…. ဒီအပြုံးတွေနဲ့ ကျွန်တော့်ရဲ့ နောက်ဆုံး ခံတပ်ကို အလွယ်တကူ သိမ်းပိုက်သွားနိုင်လိမ့်မယ်လို့ တွေးမထင်ခဲ့မိတာ အမှန်ပါ…။
ဒီလိုနဲ့ ကျွန်တော်ချစ်တဲ့ ပျဉ်းမပန်းတွေ ဖူးပွင့်လာခဲ့တယ်…ရန်ကုန်မြို့ရဲ့ မဟာဗန္ဓုလလမ်းပေါ်က ပျဉ်းမပင်တွေရဲ့ ပထမဆုံးပွင်းလန်း တဲ့နေလို့တော့ထင်တယ်… ကျွန်တော်မျက်ဝန်းတွေထဲမှာ ခရမ်းနုရောင်တွေပြည့်နှက်လို့ပေါ့… လှည်းတန်းလမ်းမပေါ်မှာ အတူတူလမ်းလျှောက် ရင်း.. လက်ဖျားအချင်းအချင်း မတော်တဆထိတွေ့မှုလေးတစ်ခုကို သူရော ကျွန်တော်ရော တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်ကြည့်ရင်း… ပြိုင်တူ ရယ်မောမိခဲ့ကြဘူးတယ်လေ…. ဒီလိုနဲ့ ကျွန်တော်စံမြန်ရာနန်းတော် ကျဆုံးခဲ့ရတာပေါ့…။ အဲ့ဒီနေ့ကပဲ ကျွန်တော်ကို သူမက “ရှင့်ကိုချစ်ပါ တယ်ကွာ” ဆိုတဲ့ အဖြေပြန်ပေးခဲ့တယ်…။ အဲ့ဒီနေ့ကတော့ ကျွန်တော် ကျဆုံးခန်းကို ရောက်နေမှန်းမသိတဲ့ စစ်သူကြီးတစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ ကျွန်တော် ပီတိဖြစ်နေခဲ့ဘူးတယ်…။
ကျွန်တော့်ဘ၀ရဲ့ မျှော်လင့်ချက်တွေအကြောင်း အကြိမ်ကြိမ်အခါခါ ပြောပြမိတယ်… သူမကတော့ ဂဏန်းပေါင်းစက်တွေ… ကိန်းဂဏန်း တွေနဲ့ သူ့ဘ၀ကို သူပြုစုပျိုးထောင်ချင်နေသူပါ… မှတ်မိပါသေးတယ်.. အဲ့ဒီတုန်းက သူပြောခဲ့တဲ့စကားလေးတစ်ခွန်းလေ… “ကျွန်မက ရှင့်ရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးချင်တဲ့သူပါ…” တဲ့ အိမ်မက်တွေကို ရူးသွပ်ခုန်မင်တဲ့ကျွန်တော်… သူမရဲ့ အိမ်မက်တွေထဲ… အလိုက်မသိစွာနဲ့ စီး မျောနေလိုက်မိတယ်။ ဒီလိုနဲ့… ကျွန်တော် နှလုံးသွေးကြောထဲ… စူးရှထက်မြက်တဲ့ ဓားတစ်လက်စိုက်ဝင်လို့ သွားခဲ့တာတောင် အပြုံးမပျက်ခဲ့ဘူး… အဲ့ဒီလောက်အထိ ချစ်ခဲ့ဘူးပါတယ်… ခရမ်းနုရောင်ပွင့်ဖက်စလေးရယ်….။။။။
တကယ်တမ်းပြောကြစတမ်းဆိုတော့… အလွမ်းတွေတောင် ပန်းအဖြစ် မဖူးပွင့်နိုင်တဲ့ကျွန်တော်က… အလွမ်းတွေကို ရနံတွေအဖြစ် ဘယ်လိုလုပ် ထုံသင်းမွှေးပျံစေမှာလဲဗျာ…။ ဒီလိုနဲ့ သူမရဲ့ စံနှုံးသက်မှတ်ချက်တွေထဲက တစ်စတစ်စ ကျွန်တော် နှုတ်ပယ်ခြင်းကို ခံခဲ့ရတယ်…။ ဒါဟာ မိန်းမတစ်ယောက်ရဲ့ မာယာပါလို့ ကျွန်တော်ပြောဆိုသုံးနှုံးရင် လွန်တယ်လို့ထင်ခံရဦးမယ်။ ဟုတ်ပါတယ်… ဒါဟာ မာယာမဟုတ်ဘူး လို့လည်း ကျွန်တော်ထင်ပါတယ်… ခေတ်သစ်လူ့အဖွဲ့အစည်းထဲမှာ အကြုံးဝင်တဲ့သူမဟာ နှလုံးသားနဲ့စဉ်းစားပြီး ဥနှောက်နဲ့ခံစား တက်နေတဲ့… ရသမျိုးကို ပေါင်းစပ်ဖော်ဆောင်ထားသူတစ်ယောက်ပဲလေ။ အချစ်ကို အချစ်လို… နှလုံးသားရဲ့ စည်းချက်ကို နှလုံးသားနဲ့နားစွန့်တက်တဲ့… ကျွန်တော်က သူမရဲ့ စည်းချက်တွေနဲ့ မယိမ်းနွဲ့နိုင်တော့တာ.. ကျွန်တော်အပြစ်လို့တော့ ထင်ပါတယ်…. ဒီလိုနဲ့ကျွန်တော်.. အချစ်ကို မချစ် အောင်… နှလုံးသားရဲ့ စည်းချက်တွေကိုမနာလည်အောင်… ဦးနှောက်နဲ့ မခံစားတက်အောင် မကြိုးစားနိုင်ခဲ့ပါဘူး… သူမကိုလည်း အချစ်ကို ချစ်တက်သူ…နှလုံးသား ရဲ့စည်းချက်ကို နှလုံးသားနဲ့ နားဆင်နိုင်တဲ့သူအဖြစ် ကျွန်တော့်ရှေ့ကို ပျဉ်းမပန်းတွေနဲ့အတူ ပြန်ရောက်လာစေ ချင်ပါတယ်… ချစ်သော ခရမ်းနုရောင်ပွင့်ဖက်စလေးရယ်….။
အံ့ဘုန်းမြတ် (2008.DEC 23)
====================================================================
အံ့ဘုန်းမြတ် (2008.DEC 18)
ကျွန်တော်မှာ ဆောင်းဦးပုံပြင်လေးတစ်ပုဒ်ရှိခဲ့ဘူးတယ်…။ ဒီပုံပြင်လေးထဲက ဂန္ထမြောက် ရင်ခုန်သံ တစ်ချို့ကိုတော့ သူမနဲ့ကျွန်တော်ကလွဲရင် ဘယ်သူမှ သိနိုင်မယ်မထင်လှပါဘူး။ အသံဖမ်းစက်တစ်လုံးရယ်…. ကင်မရာတစ်လုံးရယ်…သူ့ရှေ့မှာချထားတဲ့ ဖက်ရှင်ဒီဇိုင်းစာအုပ်တွေတော့ သက်သေအဖြစ်ရှိခဲ့တာပေါ့။ မှတ်မိပါ သေးတယ်…အဲ့ဒီတုန်းက ကော်ဖီချိုချိုတစ်ခွက်ရယ်… ဂျပန်နာမည်တစ်လုံး ရယ်နဲ့ ကျွန်တော့် ဆောင်းညအိမ်မက် တွေထဲ သူမပဲ စိုးမိုးမင်းမူခဲ့တာပေါ့။
လှပတဲ့ ဒီဇင်ဘာလို့ သူကို ကျွန်တော် ကင်ပွန်းတပ်ပေးလိုက်တဲ့နေ့က ကျွန်တော်လိပ်စာကဒ်လေးပေါ်မှာ သူ့လက်ချောင်းသွယ်သွယ် လေးတွေနဲ့ ကျွန်တော့်ယူနီဘောလ် ဘောပင်လေးယူပြီး သူ့အီးမေးလ်လိပ်စာလေး ရေးပေးခဲ့တဲ့နေဆိုတာတော့ ကျွန်တော်မှတ်မိနေသေးတယ်။ အမှတ်တရလေးပါပဲ။ ဘယ်တုန်းကမှ ဖြစ်ချင်တာနဲ့ ဖြစ်နေတာနဲ့ တစ်ထပ်တည်းမကျခဲ့တဲ့ဘ၀မှာ အဲ့ဒီနေ့က အပျော်ဆုံးလို့ ကျွန်တော်ဆိုရင်… ကျွန်တော်ကို လွန်တယ်လို့တော့ မထင်လိုက်ပါနဲ့။ မှတ်မှတ်ရရအဲ့ဒီနေ့က စက်တင်ဘာလရဲ့ နောက်ဆုံးအပတ်လောက်လို့တော့ စိတ်ထဲမှာ ထင်လိုက်မိတယ်။
လက်ချိုးရည်တွက်လို့ရတဲ့ သူမနဲ့ ကျွန်တော်နဲ့ရဲ့အမှတ်တရတွေထဲမှာ ဗိုလ်ချုပ်ဈေးကုန်တံတားပေါ်က သူမျက်နှာလေးပါတယ်။ ရွှေဘုံသာလမ်း ထဲက ဂျစ်ကားအနီလေးပေါ်က အိပ်ပုတ်ကြီးတဲ့ကောင်မလေးတစ်ယောက်ပါတယ်။ မိုးပိုင်စိုးရဲ့ဓာတ်ပုံစတူဒီယိုထဲက ပန်းခြောက်ရောင်လို့ ခက်လွယ်လွယ် ကျွန်တော်အမည် တပ်ထားတဲ့ ရင်စည်းဒီဇိုင်းအကျီင်္လေးရယ်… ကြာရိုးလေးနှစ်ချောင်းရယ်ပေါ့…။
ပါးဖောင်းဖောင်းလေးနဲ့ကောင်မလေးကို ကီမိုနိုဝတ်စုံလေးနဲ့ ဂျာနယ်စာမျက်နှာတစ်ခုပေါ် ကျွန်တော့် မျက်လုံးကစားမိရာက စိတ်ဝင်စားခဲ့မိတာ ကစလို့… အဲ့ဒီဆောင်းညအိပ်မက်တွေ….မက်ဖြစ်ခဲ့တာလေ။ ဂျီတော့စာ သားတွေထဲမှာ ဘာသာရေးကြောင်းတွေပါတယ်၊ တရားထိုင်တဲ့ အကြောင်းတွေပါတယ်။ ပုဂံကနံရံဆေးရေးတွေအကြောင်းပါတယ်… ဖက်ရှင်ဒသနတွေပါတယ်… နိုင်ငံခြားဖက်ရှင်ဒီဇိုင်နာ တွေအကြောင်း ပါတယ်… နီပွန်းနိုင်ငံအကြောင်းပါတယ်… သီချင်းတွေအကြောင်းပါတယ်။ သောကြာသမီးနဲ့ တနင်္ဂနွေသားအတွက် ဥသာ၊ စိန်ပန်း၊ ဒန်းလှကို ဆောင်ဆိုတဲ့ ဖူးစာဘက်အကြောင်းပြောရင်း နှစ်ယောက်သားရယ်မောခဲ့ကြဘူးခဲ့တယ်။ ဒီလိုနဲ့ သူမသဘောကျတဲ့ နိုင်ငံခြား ဖက်ရှင်ဒီဇိုင်နာတွေ အကြောင်း ကျွန်တော်မဂ္ဂဇင်းမှာ ထည့်ပေးဖြစ်လာတဲ့အထိပေါ့..။ ဘာပဲပြောပြောလေ… ခေတ်တစ်ခေတ်ကို ပြောင်းလဲနိုင်ရစေ မယ်လို့ ခံယူထားကြတဲ့လူငယ်ချင်းအတူတူမို့ လို့လားတော့မပြောတက်… သူမဟာ ကျွန်တော့် နေရာတော်တော်များများကို ပိုင်စိုးလာခဲ့တယ်။
မနက်ဖြန်မှာ ရောက်လာမယ့် သူ့ရဲ့မွေးနေ့မှာ… သူမဘ၀ရဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနေပါလိမ့်မယ်… မီးရောင်တွေအောက်မှာ… လက်ခုတ်သံတွေကြားမှာ… အံ့သြမှုတွေကြားမှာ…ဂုဏ်ယူမှုတွေကြားမှာပေါ့…။ သူမ ပန်းစည်းလေးကို ကိုင်ဆောင်ခွင့်ရတော့မယ်။ ဒီအချိန် သူမနဘေးမှာ ကျွန်တော်ရှိမနေနိုင်ခဲ့ပေမယ့် မနေ့ကတော့ ဖုန်းပြောရင်း.. သူ့ကို စိတ်ပူလိုက်မိသေးတယ်… အိပ်ရေးတွေအပျက်ခံပြီး ဒီဇိုင်းတွေထုတ်နေရလို့ နည်းနည်း တောင်ပိန်သွားတယ်တဲ့… ကျွန်တော်ချစ်တဲ့ ပါးဖောင်းဖောင်းလေးတော့ အဲ့ဒီနေ့မှာ ပါးချိုင့်ကလေးပေါ်အောင် ပြုံးနေနိုင်ပါစေလို့ ဆုတောင်းနေမိတယ်…။ ကော်ဖီတွေမသောက်ဖို့… လှုပ်ရှားနေတဲ့ စိတ်ကို အမြဲထိန်းဖို့ ကျွန်တော် သတိပေးရတာအမောပေါ့…။ ဘာပဲပြောပြောလေ… ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ဝေးလွှင့်မှုတွေထဲကနေပဲ သူမအတွက် ပြုံးပျော်နေမိပါတယ်…။
လူတန်းစားကွာဟမှုတွေ…ဆင်းရဲမွဲတေမှုတွေပပျောက်စေဖို့နဲ့ ပြည့်ဝတဲ့အခွင့်အရေးတွေရဖို့ ဘယ်သူမှ တင်မပေးလိုက်တဲ့ တာဝန်တစ်ခုကို ကျွန်တော်ယူထားပြီးပြီ… ဒါကြောင့် ကျွန်တော် တာဝန်ကျေရတော့မယ်လေ…။ သတင်းသမားတစ်ယောက်အတွက် ဖက်ရှင်အကြောင်းတွေ ရေးနေရုံနဲ့တော့ တာဝန်ကြေလှပြီလို့ မထင်မိတက်တဲ့ကျွန်တော်က ပညာတွေသင်ရင်း… အချစ်ကို ချစ်တဲ့သူတွေ… လွတ်လပ်မှုကို ချစ်တဲ့သူတွေ… အနုပညာကို မြတ်နိုးသူတွေ… သစာတရားကိုအလေးထားသူတွေရဲ့ကြား သူနဲ့အနီးဆုံးတစ်နေရာမှာ အနေကြာ တော့မယ်ထင်တယ်…။
ချင်းမိုင် အာရုံဦးမှာ နှင်းမြူတွေဝေနေပြီ… အမည်နာမမသိတဲ့ အနီးအနားက တောင်ညိုညိုတွေရဲ့ အခြားတစ်ဖက်မှာ သူမရှိနေလိမ့်ဆိုတဲ့အတွေး တွေကို ကျွန်တော်မွေးမြူထားလိုက်ပါတယ်…။ ဒီလိုနဲ့ ချမ်းအေးလှတဲ့ဆောင်းညချမ်းတွေမှာ သူမကို သတိရတဲ့စာတွေကို ကွန်ပျူသေးသေးလေး တစ်လုံးရဲ့ ရှေ့မှာထိုင်ရင်း.. ရေးနေမိတယ်… ခဏနေလို့အိပ်ပျော်လို့သွားခဲ့ရင်လည်း… သူမကို ကျွန်တော့်ဆောင်းည အိမ်မက်ထဲမှာ တွေ့ရလိမ့်ဦးမယ်လေ။ ဒီလိုနဲ့ နောက်ဆုံးတွေ့ဖြစ်ခဲ့စဉ်.. ကျွန်တော်ဆွံ့အနေခဲ့တဲ့စကားလေးတစ်လုံးကို ကျွန်တော်အခု သူမကို ပြောပြလိုက်ချင် ပါတယ် အရမ်းချစ်တယ် ပရစ်တီးဒီဇင်ဘာရယ်….
အံ့ဘုန်းမြတ် (2008. DEC 18)
====================================================================
အံ့ဘုန်းမြတ် (2008.DEC 16)
အောက်တိုဘာလရဲ့ တစ်စုံတစ်ခုသော ညနေခင်းမှာ ကျွန်တော် အဲ့ဒီအရာကို စတင်တွေ့ရှိခဲ့ရတယ်။ အင်းယားကန်ဘောင်ပေါ်မှာ၊ Moon Bakery ထဲမှာ လမ်းဘေး လက်ဘက်ရည်ဆိုင်လေးထဲမှာ ရန်ကုန်မြို့ရဲ့ လူစည်ကားရာလမ်းတွပေါ်မှာ ထူးထူးခြားခြားလေးပဲ အလွန်တရာ သိမ်မွေ့လွန်း လှတယ်။ အဲ့ဒီညနေခင်းတွေထဲမှာ ရှန်ပူရနံလေးတွေပါတယ်… ဂျင်းဘောင်းဘီလေးတစ်ထည်ပါတယ်။ ဘစ်ကားမှတ်တိုင်လေး တစ်ခုပါတယ်။ ညာဘက်လက်ဖ၀ါးလေး တစ်ဖက်က ကျွန်တော့် ဘယ်ဘက်လက်မောင်းကို မျှော်လင့်ချက် အမြှင်တန်းသေး သေးနဲ့ ဆုတ်ကိုင်လို့ပေါ့….။
ကြည်အေးရဲ့ဝတ္တုစာအုပ်အချို့အကြောင်း၊ ပင်ပန်းနွမ်းနယ်နေတဲ့ အာရုံခံစားမှုတွေအကြောင်း… အမြှုပ် ကလေးတွေ တစီစီဝှေ့တက်နေတဲ့ ရွှေအိုရောင် ဖန်ခွပ်ကလေးကို ရီဝေေ၀ကြည့်ရင်း ကျွန်တော် စကားတွေပြော ခဲ့ဘူးတယ်…။ အခိုက်အတန့်ဆိုတဲ့ စကားလုံးဟာ မိနစ်ပိုင်း၊ နာရီပိုင်းလောက်ပဲ ချစ်ခွင့်ရှိခဲ့တဲ့ ချစ်သူတွေအတွက် လွန်ကဲလွန်းလှတယ်လို့ ကျွန်တော် ထင်လိုက်မိတယ်…။ ဒီလိုနဲ့ အစဉ်သင့်စောင့်နေတဲ့ ကွက်လပ်တစ်ခုထဲ ကျွန်တော်ခုန်ချပစ်လိုက်တယ်….။
ကမ္ဘာကြီးက ကျဉ်းတယ်ဆိုတာ… မုန်းတဲ့သူတွေအတွက်ပဲလေ။ ချစ်ကြတဲ့သူတွေအတွက်တော့ ကမ္ဘာကြီးဟာ ကျယ်နေဦးမှာပါပဲ။ တစ်ယောက် မျက်နှာကို တစ်ယောက်ကြည့်ရင်း ခွဲခွာခဲ့ကြတဲ့ ညချမ်းက အဖြူရောင် အငှားကားလေးတစ်ခုထဲမှာဆိုတာကိုတော့ ကျွန်တော် မှတ်မိနေ သေးရဲ့…..။
ကျွန်တော်… ဘ၀ဆုံးနေတဲ့ ကိုယ်တိုင်ခုန်ချခဲ့တဲ့ ကွက်လပ်တစ်ခုထဲကနေ မျှော်လင့်ချက်ဆိုတဲ့အရာကို ရူးသွပ်မိုက်မဲစွာနဲ့ မွေးဖွားသန့်စင်ပစ် လိုက်မိတယ်။ ဒါဟာ အိမ်မက်တွေချစ်တက်တဲ့ ကျွန်တော့်ချစ်သူအတွက် နှစ်သိမ့်စကားဆိုတဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကိုယ်က အိမ်မက်တွေထဲမှာပဲ နေထိုင်ကြီးပြင်းခဲ့ရသူမို့လို့ပါ။ အခုတော့… အလွမ်းတွေ ပန်းအဖြစ်တောင် မဖူးပွင့်နိုင်တော့ဘူး။
ဒီနေရာမှာ…ဆွယ်တော်ပန်းတွေ ပွင့်နေကြပြီလေ….။ တစ်ချိန်ကတော့ သူနဲ့ကျွန်တော် ပျဉ်းမပန်းတွေအကြောင်း တဖွဲ့တနွဲ့ဖွင့်ဆိုခဲ့ကြဘူးတယ်။ ငှက်ကလေးတွေ အော်မြည်နေကြတာကိုပဲ နှစ်ယောက်သားအတူရယ်နိုင် အောင်ကြိုးစားခဲ့ဘူးကြတယ်။ ဒါပေမယ့် အခိုက်အတန့်လေးပါပဲ… အဲ့ဒီအချိန်က ရယ်မောပျော်ရွှင်မှုတွေထဲမှာ အနိဌာရုံခံစားချက်တွေ ရှိနေခဲ့တယ်ဆိုတာ သူရော ကျွန်တော်ရော… သတိမမူမိခဲ့ကြဘူးလေ။ ဒါဟာ အချစ်ရဲ့ မာယာတွေပဲလားလို့ ကျွန်တော်သံသယရှိလာမိတယ်။
ဘာပဲဖြစ်ဖြစ်လေ…။ အားလုံးကို စွန့်လွှတ်လိုက်ရပေမယ့် သတိရခြင်းတွေကိုတော့ ကျွန်တော့်ကို သူပိုင်ဆိုင်ခွင့်ပေးခဲ့တာကိုပဲ ကျွန်တော်ကျေးဇူး တင်နေမိတယ်လေ။ ချင်မိုင်မြို့ရဲ့လမ်းမတွေပေါ်မှာလျှောက်သွားရင်း အင်းလျားကန်ဘောင်ပေါ်ကသူ့ကို သတိရမိတယ်။ ဆောင်းညချမ်းတွေ တိုင်မှာသူနွေးထွေးစွာ ဆုတ်ကိုင်ခဲ့ဘူးတဲ့ ကျွန်တော်ဘယ်ဘက်လက်မောင်းက အေးစက်လိုနေလေရဲ့…. ဒီလိုနဲ့ပဲ… အသက်ငွေ့ငွေ့သာ ရှုရှိုက်ခွင့်ရနေတဲ့ မျှော်လင့်ချက်လေးတွေနဲ့ အိပ်မက်တွေ ဆက်မက်နေမယ်ဆိုတာ ပြောပြလိုက်ကြပါဗျာ။
အံ့ဘုန်းမြတ် (2008.DEC 16)
အကိုလွမ်းသလိုညီမလဲလွမ်းတယ်။အကိုမျှော်လင့်ချက်တွေပြည့်
စုံမှာပါ။ညီမစောငိ့်နေတယ်အကို။
Posted by ဇ | December 17, 2008, 10:56 amအင်း..အစ်မလဲ လွမ်းတယ်ဟ အင်းလျားကန်ဘောင်တွေကို…သူများအတွဲလိုက်ချောင်းရတာ ပြောပါတယ်..
အလကားစတာနော်..မိုးညို့ညို့တောင်တန်းတွေ ပတ်ကာရံထားတဲ့ ချင်းမိုင်ကိုရောက်နေတော့ မင်းအလွမ်းက ပိုဆိုးတာပေါ့ ကျုံးရိုးကို သက်စေ့ ပတ်ပြေးလိုက်ဟာ ချွေးထွက်သွားရင် အလွမ်းပြေသွားလိုက်မယ်။။
နှစ်သစ်ကူးမှာ..ချစ်သူနဲ့ ပြန်ဆုံနိုင်ပါစေ
Posted by မဆုမွန် | December 18, 2008, 5:08 amဟုတ်တယ်၊ ဆုမွန်ပြောသလိုလုပ်။ ကျုံးကို ပတ်ပြေးရင်ပြေး မပြေးရင်လည်း ငါတို့နဲ့ လာသောက်ဟေ့။
သင်ကာ
Posted by Thinker | December 18, 2008, 4:19 pmako met ta’ အိပ်မက် ka MA
ZAR amyar gyi met pay hter tal akဲo အခိုက်အတန့်လေးပါပဲဆိုတဲ့… အဲ့ဒီအချိန်က ရယ်မောပျော်ရွှင်မှုတွေထဲမှာ အနိဌာရုံခံစားချက်တွေ ပြန်လည်ရှင်သန်လာပါစေ
Posted by fernando1499 | December 19, 2008, 9:59 amလက်စသတ်တော့ ဒါကြောင့် ညဉ့်နက်ထိ အွန်လိုင်းမီးလင်းနေတာကိုးးးး စောစောအိပ်မှ အိပ်မက်ထဲမှာ ကြာကြာ တွေ့ရမှာပေါ့ကွယ် :P
Posted by ခွန်မြလှိုင် | December 22, 2008, 5:01 amအရေးအသားလေးကောင်းတယ် လွမ်းစရာလေး :)
Posted by flurry | December 22, 2008, 10:21 amလွမ်းစရာကောင်းဆုံးဒီဇင်ဘာမှာပျော်စရာအကောင်းဆုံးအိပ်မက်ကိုငြိမ်းချမ်းစွာမက်နိုင်ပါစေ
Posted by ယံယံ | December 23, 2008, 7:06 ama ko
grilfri la`. a myan sone: sone se; naing par say lo……….
kyun taw la` DEC; ko lwan tal byar……………..
Posted by nayeuntkhaung | December 24, 2008, 3:21 ami know ur feel my fri. u write very nice. carry on
Posted by su kabyar | December 25, 2008, 9:15 amသူ တော်တော်အရေးကောင်း ဟိုကောင်မလေးတော့ ဖတ်ပြီး ပိုလွမ်းနေလောက်ပြီ ချစ်သူတွေ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ 
Posted by naw say | December 26, 2008, 4:43 amko….what do u mean in ur latest essay? i think u like Pyin-Ma flower only when after u met me…..ok..may be i was wrong…let it be.
Posted by mee mee | January 13, 2009, 12:50 pmကိုအံ့ဘုန်းမြတ် စာတွေ ထပ်မရေးတော့ဘူးလား….
ဝင်ဝင်ကြည့်ရတာအမောပဲ…
ဘလော့ခ်က ကောင်းတော့ ကောင်းတယ်.. ဒါပေမယ့် အရမ်းလေးနေလားလို့…
ကျေးဇူးတင်ပါတယ်…
Posted by Anyathian | March 2, 2009, 9:05 pmရေရေလည်လည် ဆွေးတယ်ဗျာ
Posted by ကြံ့ခိုင် | May 18, 2009, 11:30 am