ကဗျာဆရာ၊ စာရေးဆရာ ဗန်းမော်ညိုနွဲ့ ကွယ်လွန်


ကဗျာဆရာ၊ စာရေးဆရာ ဗန်းမော်ညိုနွဲ့ ကွယ်လွန်

အံ့ဘုန်းမြတ် ၁၂ နိုဝင်ဘာ ၂၀၀၉

http://burmese.dvb.no/news.php?id=8971

ခေတ်အဆက်ဆက်မြန်မာ့နိုင်ငံရေးလောကနဲ့ စာပေလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာ ဆရာကြီးဗန်မော်ညိုနွဲ့ ဒီနေ့ ဗန်မော်မြို့ သာစည်ရပ်ကွက်ရှိ နေအိမ်မှာ မနက် ၁၀ နာရီခွဲက ကွယ်လွန်သွားပါတယ်။

ကွယ်လွန်ချိန်မှာ ဗန်းမော်ညိုနွဲ့ဟာ အသက် ၈၈ နှစ် ရှိပြီဖြစ်ပြီး အာရုံကြော အားနည်းတဲ့ရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို သူ့မိသားစုဝင်တဦးက ပြောပါတယ်။

“အခု အိမ်မှာပဲ သဂြိုလ်ဖို့ လုပ်နေပါတယ်။ ၁၄ ရက်နေ့ နေ့လည် ၁ နာရီပါ။ နာရေးကို အဘိုးရဲ့ တပည့်တွေ လာပါတယ်။ အသက် ၈၀ ကျော် ၉၀ ထဲမှာ ဆိုတော့ အာရုံကြောတွေ အားနည်းပြီး ဖြစ်တာပါ။”

ဗန်းမော်ညိုနွဲ့ ကွယ်လွန်တဲ့အပေါ် သူ့ရဲ့တပည့်လည်းဖြစ် ဗန်မော်မြို့ရဲ့ မြို့မိမြို့ဖတဦးလည်း ဖြစ်သူက

“ဘယ်လိုမှ အစားထိုးလို့ မရတဲ့ ဆရာကြီးတယောက် ဆုံးရှုံးခြင်းအတွက် ကျနော်တို့ အင်မတန်မှ ၀မ်းနည်းရပါတယ်။ ဗမာပြည်တပြည်လုံးရဲ့ သင်ရိုးညွှန်းတမ်းမှာ လက်ဖက်ရည်ကြမ်းဝိုင်းဆိုတဲ့ ကဗျာနဲ့ ဆရာရဲ့ ဂုဏ်ပုဒ်က အင်မတန် ကျော်ကြားခဲ့တဲ့ ဆရာတယောက်ဖြစ်ပါတယ်။ ကျနော်တို့ အင်မတန်မှ ၀မ်းနည်းပူဆွေး ရပါတယ်လို့ ပြောကြားလိုပါတယ်။ မြို့အနေနဲ့ သူ့ကို အောက်မေ့ဖွယ်တွေလုပ်မယ်။ မလုပ်ဘူး ဆိုတာကတော့ နောက်မှပဲ အစီအစဉ် ရှိပါလိမ့်မယ်။”

ဗန်မော်ညိုနွဲ့ကို ၁၉၂၂ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဦးစုနဲ့ ဒေါ်ရင် တို့က ဗန်မော်မြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၅ ဦးအနက် အငယ်ဆုံးသား ဖြစ်ပါတယ်။

သူဟာ ၁၉၃၉ မှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်း ဆရာအတတ်သင်ကို တက်ရောက်ခဲ့ပြီး ၁၉၄၀ မှာ ဇာတိဗန်မော်မြို့မှာ ကျောင်းဆရာအဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။ မြို့ခံတွေကြားမှာ ဆရာဦးပုထွေးလို့ လူသိများခဲ့ပါတယ်။

သူဟာ ၁၃၀၀ ပြည့်အရေးတော်ပုံ ကာလမှ စတင်ကာ ကဗျာနဲ့ စာပေတွေ စတင်ရေးသားခဲ့ပြီး ၁၉၆၈ မှာ အရုဏ်ဦးကဗျာများ စာအုပ်နဲ့ အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။ သူ့ ကဗျာတွေကို မူလတန်း၊ အထက်တန်းနဲ့ တကသိုလ်အဆင့်ဆင့်က ကျောင်းသူ ကျောင်းသားတွေအတွက် ပြဌာန်းခဲ့ပါတယ်။

သူဟာ စစ်ကြိုခေတ်၊ စစ်တွင်းကာလ၊ စစ်ပြီးခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ် ရေးရပြီးခေတ် စတဲ့ ခေတ်အဆက်ဆက်ကနေ နောက်ဆုံး မျက်မှောက်ခေတ် နိုင်ငံရေးတွေမှာ စာပေသင်ကြားတဲ့ ကျောင်းဆရာ၊ ကလောင်လက်နက်ကိုင်ဆွဲတဲ့ စာရေးဆရာ၊ ကဗျာဆရာတယောက်အနေနဲ့ ကွယ်လွန်ချိန်အထိ တက်တက် ကြွကြွဆောင်ရွက်ခဲ့သူ တဦးလည်းဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးမှာလည်း ဦးဆောင်သူအဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်၊ ဗန်မော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အနိုင်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

၂၀၀၇ သံဃာတော်တွေ ဦးဆောင်းတဲ့ ရွှေဝါရောင်လှုပ်ရှားမှုမှာလည်း သူနဲ့အတူ အဖွဲ့ချုပ်ဝင်တွေက သံဃာတော်တွေကို ပူဇော်ကန်တော့ခဲ့တာကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို အသက် ၈၅ နှစ်အရွယ်အထိခံခဲ့ရပါတယ်။

ကွယ်လွန်ချိန်အထိ ဗန်းမော်ညိုနွဲ့ကလောင်အမည်နဲ့ စာရေးသားခွင့်ကို ပိတ်ပင်ထားတာကို ခံခဲ့ရပေမယ့် ပြည်သူတွေရဲ့ နိုင်ငံရေးစိတ်ဓာတ် နိုးကြားလာစေဖို့ အသံလွှင့်ဌာနတွေကတဆင့် ကျန်းမာအခြေအနေ ဆိုးဝါးမလာခင် အချိန်အထိ ကဗျာတွေ ရွတ်ဆိုဆော်သြနေခဲ့ပါတယ်။

သူရေးသားခဲ့တဲ့ ကဗျာတွေထဲက ‘လက်ဖက်ရည်ကြမ်းဝိုင်း’ ကဗျာကို သူ့တပည့်ရင်းလည်းဖြစ် ဗန်မော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် တဦးလည်းဖြစ်တဲ့ ဦးဇော်သင်းက ဖတ်ကြားဂုဏ်ပြုပါတယ်။

http://burmese.dvb.no/news.php?id=8971

Leave a comment